ကောင်းကင်ဧကရီတစ်ပါးကို တော်ကောက်ခြင်းလော
Vol. 198 Ch. 2821
ကောင်းကင်အလွှာ(၉၉)လွှာမှ ကျင့်ကြံသူများသည် အံ့အားသင့်နေကြသည်။ သို့သော် အနည်းငယ်လည်း စိတ်ပျက်နေကြသည်။
နဂါးကိုးကောင်သန့်စင်ချီသည် ကောင်းကင်ဘုံအတွက် ကောင်းကင်အင်ပါယာအသစ်တစ်ပါးကို တင်မြှောက်ရန် အထူးပြင်ဆင်ထားခြင်းဖြစ်သည်။ ကျိဝူတောက်အောက်ဘက် ကောင်းကင်နန်းတော်ထဲရှိ ကောင်းကင်ဘုံမှ ကျင့်ကြံသူများသည်လည်း နဂါးကိုးကောင်သန့်စင်ချီ၏ သန့်စင်မှုကို ခံနေရလေသည်။ သူတို့သည် ကောင်းကင်အင်ပါယာအဆင့်ကို မရနိုင်သော်လည်း ထိုသန့်စင်မှုမှနေ၍ အကျိုးကျေးဇူးများစွာ ရရှိနိုင်ပေသည်။
မဟာအင်ပါယာဖြစ်လာမည့်သူအချို့သည် လှုပ်ရှားရန် ဟန်တပြင်ပြင် ရှိနေကြ၏။ အချို့ရှေးဟောင်းအင်ပါယာများမှာမူ ရှေ့သိုပင် ခြေတစ်လှမ်းတက်လိုက်ကြပြီဖြစ်သည်။ သူတို့အားလုံးသည် နဂါးကိုးကောင်သန့်စင်ချီကို ကြည့်နေကြသည်။
နဂါးကိုးကောင်သန့်စင်ချီသည် ကောင်းကင်စည်းမျဉ်းနှင့် ရင်းမြစ်ချီကိုးပါး၏ ပေါင်းစည်းမှုမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ၎င်းချီသည် ကောင်းကင်လမ်းစဉ် စတင်မွေးဖွားလာချိန်တွင် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အကယ်၍ ကျင့်ကြံသူတစ်ယောက်သည် ထိုချီအောက်တွင် ကျင့်ကြံခဲ့ပါက ကောင်းကင်လမ်းစဉ်၏ စည်းမျဉ်းနတ်စွမ်းအားကို ကျင့်ကြံရာတွင် ပို၍ ကျွမ်းကျင်လာနိုင်သည်။ ထိုချီသည် သူတို့ အင်ပါယာများ ဖြစ်လာနိုင်ရန်အတွက် အထောက်အကူဖြစ်ပေလိမ့်မည်။
ပထမဆုံး ရှေ့သို့ ထွက်လာသူမှာ လူသားဘုံမှ မဟာအင်ပါယာဖြစ်လာမည့်သူတစ်ဦးဖြစ်သည်။ သူသည် နတ်ဘုရားတစ်ပါးကဲ့သို့ ရှိန်လောက်ဖွယ် အငွေ့အသက်ကို ထုတ်လွှတ်ကာ ကောင်းကင်ထက်သို့ ဦးတည်သွားလိုက်သည်။ သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် နတ်စွမ်းအား လှည့်ပတ်နေပြီး သူ့နောက်တွင် ဧရာမနတ်ဝင်္ကပါကြီးတစ်ခု ဖြစ်ပေါ်လာ၏။ နတ်ဝင်္ကပါအတွင်းမှနေ၍ နတ်အလင်းများ တောက်ပလာပြီး လှံများ ထွက်ပေါ်လာ၏။ လှံတစ်ချောင်းစီသည် နတ်စွမ်းအားပေါင်းစည်းမှုမှ ဖြစ်ပေါ်လာခြင်းပင်။ ၎င်းလှံများသည် တိုက်ပွဲအတွင်းတွင် မည်မျှ အသုံးဝင်မည်ကို တွေးမိသူတိုင်း တုန်လှုပ်ရှားကြသည်။
“ကျုပ်လည်း ရင်းမြစ်ချီကိုးပါးက ဖြစ်ပေါ်လာတဲ့ နဂါးကိုးကောင်သန့်စင်ချီရဲ့ အရသာကို မြည်းကြည့်ချင်တယ်... ကျုပ် မြည်းကြည့်လို့ရမလား”
မဟာအင်ပါယာဖြစ်လာမည့်သူသည် ကျယ်လောင်စွာ မေးလိုက်သည်။ သူ့အသံသည် ကောင်းကင်တစ်ခွင်လုံးတွင် ပဲ့တင်ထပ်သွား၏။ သို့သော် သူသည်လည်း အလွန်မျက်နှာပြောင်မတိုက်ဝံ့ပေ။ ကျိဝူတောက်သည်လည်း သူ့လို့ပင် မဟာအင်ပါယာဖြစ်လာမည့်သူတစ်ဦးဖြစ်ကြောင်း သူ အာရုံခံမိခဲ့သည်။
ထို့အပြင် ကောင်းကင်ဘုံ၌ အခြား မဟာအင်ပါယာဖြစ်လာနိုင်မည့်အဆင့်ရှိသူများလည်း ရှိပေသေးသည်။
ကျိဝူတောက်သည် ထိုသို့ပြောလိုက်သည့် မဟာအင်ပါယာဖြစ်လာမည့်သူကို ကြည့်သည်။ သူ့မျက်နှာတွင် မည်သည့်ခံစားချက်မှ မရှိပေ။ သို့သော် သူ၏မျက်လုံးများတွင် အထင်သေးသည့် အရိပ်အယောင်များရှိနေလေသည်။ သူ ပြန်ပြောလိုက်၏။
“ထွက်သွား...”
ကျင့်ကြံသူများသည် ကျိဝူတောက်၏စကားကို ကြားလိုက်ရသောအခါ အနည်းငယ် အံ့အားသင့်သွားကြသည်။ သူသည် အမြဲ သိုသိုသိပ်သိပ်နေခဲ့ပြီး နတ်ဘုရားကုန်းမြေ ထွက်ပေါ်လာတော့မှ လူရှေ့သူရှေ့တွင် လူလုံထွက်ပြခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ကောင်းကင်ဘုံသည် ကောင်းကင်နန်းတော်ဟောင်း၏ အမွေအနှစ်နယ်မြေကို ရှာတွေ့ခဲ့သည်။ ထိုစဉ်ကမှ သူသည် သူ၏ထူးချွန်သောစွမ်းအားများကို ပထမဆုံး ထုတ်ပြခဲ့ခြင်းဖြစ်သည်။
ယခုတွင် သူသည် စိတ်ကြီးဝင်လာပြီး ရှေးဟောင်းအင်ပါယာတစ်ပါးကိုပင် ထွက်သွားခိုင်းရလောက်အောင် ယုံကြည်မှုရှိလာပုံပင်။
လူသားဘုံမှ ရှေးဟောင်းအင်ပါယာဝတ်ဆင်ထားသော ငွေရောင်ဝတ်ရုံသည် လေတစ်ချက်အခတ်တွင် ဝဲလွင့်သွား၏။ ဝတ်ရုံသည် တဖျပ်ဖျပ်ခတ်သွားပြီး ထက်ရှသော ဓားတစ်ချောင်းဖြစ်လာသည်ဟု ခံစားလိုက်ရလေသည်။ သူ့ကို ဝန်းရံထားသော နတ်ရောင်ဝါသည် ပို၍ တောက်ပလာပြီး သူ့နောက်မှ နတ်ဝင်္ကပါသည် ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်အထိ ကြီးမားလာလေသည်။ များစွာသော နတ်လှံများသည် ကောင်းကင်နန်းတော်ကို ချိန်ရွယ်ထား၏။
သူ့မျက်လုံးများ ငွေရောင်ပြောင်းသွားပြိး သူ၏အတွေးလှုပ်ရှားလိုက်သောအခါ မရေမတွက်နိုင်အောင် များပြားသည့် ငွေလှံများသည် ကောင်းကင်ကို တစ်ပြိုင်တည်း ထွင်းဖောက်သွားကြလေသည်။ ကောင်းကင်ထဲတွင် ထိုးဖောက်သံများ ထွက်ပေါ်လာပြီး များစွာသော ငွေရောင်အလင်းတန်းများသည် ကောင်းကင်နန်းတော်ဆီသို့ ဦးတည်သွားလိုက်ကြသည်။ သူသည် ခမ်းနားကြီးကျယ်သော ကောင်းကင်နန်းတော်ကို တစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်လိုနေပုံပင်။
ကျိဝူတောက်သည် မျက်နှာသေနှင့်ပင် ဆက်ရှိနေပြီး ပျံဝင်လာသည့် လှံများကို တစ်ချက်ကြည့်သည်။ ချက်ချင်းပင် ကောင်းကင်နန်းတော်ရှေ့၌ ကောင်းကင်နှင့်မြေကြီးကို ထိစပ်သည်အထိ ကြီးမားသော ရွှေနတ်နံရံကြီးတစ်ခု ထွက်ပေါ်လာလေသည်။ ၎င်းပေါ်တွင် မြောက်မြားစွာသော ရွှေရောင်သင်္ကေတများကို ထွင်းထား၏။ နံရံတစ်လျှောက်တွင် ရွှေရောင်လျှပ်စီးများ ပြန့်ကျဲနေပြီး ကြောက်မက်ဖွယ်အသွင်အပြင်ကို ဆောင်နေလေသည်။
ဝုန်း...ဝုန်း...ဝုန်း...
များစွာသော ငွေလှံများသည် နံရံကို ထိတိုက်သွားကြ၏။ သို့သော် ၎င်းတို့သည် ဝါးမျိုခံရကာ ပျောက်ကွယ်သွားသကဲ့သို့ နံရံအတွင်းသို့ စုပ်ယူခံလိုက်ရသည်ကို ကြည့်ရှူနေသူများက အံ့ဩတကြီး တွေ့လိုက်ရလေသည်။
ထို့ကြောင့် မဟာအင်ပါယာဖြစ်လာမည့်သူ မျက်မှောင်ကြုတ်သွားသည်။ သူ့နောက်ရှိ နတ်ဝင်္ကပါသည် ပို၍ကြီးမားလာပြီး လှံများလည်း ပို၍ ဖြစ်ပေါ်လာ၏။ အလင်းငွေလှံများသည် ကောင်းကင်ကို ဖြောင့်ဖြောင့်တန်းတန်း ထိုးဖောက်သွားပြီး ၎င်းတို့၏ ကြီးမားသော စွမ်းအားများဖြင့် မြေပေါ်မှ လူများစွာကို ကြောက်ရွံ့သွားစေ၏။
ထို့နောက်တွင် သန်းရာချီသော နတ်လှံများသည် တစ်ပြိုင်တည်း ပျံထွက်သွားကြသည်။ ၎င်းတို့သည် ၎င်းတို့အရှေ့ရှိ အရာအားလုံးကို အမှုန့်ဖြစ်သွားစေသည်။
“ဟင်း...”
ကျိဝူတော့သည် အေးစက်စွာ နှာမှုတ်လိုက်သည်။ သူသည် သူ့အရှေ့တွင် လက်ဝါးမြှောက်၍ ရှေ့သို့ ရိုက်ချလိုက်သည်။ ရွှေနံရံအထက်တွင် ရွှေစေတီတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။ စေတီသည် လည်ပတ်နေပြီး ၎င်း၏အလေးချိန်သည် ကောင်းကင်များကို တုန်ခါစေနေသည်။ အရာအားလုံး ရပ်တန့်သွားသည်ဟု ထင်လိုက်ရပြီး ပျံဝင်လာသော လှံများပင် နှေးကွေးသွားသည်။
“အဲဒါ ဟောင်ထျန်းစေတီပဲ”
ရှေးဟောင်အင်ပါယာအချို့သည် အံ့ဩတကြီး ရေရွတ်လိုက်ကြသည်။
ကောင်းကင်အင်ပါယာဟောင်းသည် ထိပ်တန်းလက်နက်အချို့ကို ပိုင်ဆိုင်ခဲ့သည်။ ဟောင်ထျန်းစေတီသည် ထိုထဲမှ တစ်ခုဖြစ်သည်။ ယခု သူတို့အရှေ့ရှိ စေတီသည် လက်နက်တစ်ခု မဟုတ်ပေ။ ၎င်းသည် နတ်စွမ်းအား ပေါင်းစည်းခြင်းမှ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး တိုက်ခိုက်အတတ်တစ်ခုအဖြစ် အသုံးပြုနိုင်သည်။ သို့သော် ၎င်းတွင် အားကောင်းသော ဟောင်ထျန်းအရှိန်အဝါ ပါပြီး အရာအားလုံးကို လွှမ်းမိုးနိုင်စွမ်းရှိပေသည်။
ဟောင်ထျန်းစေတီသည် ဆက်၍ ကြီးမားလာပြီး ကြောက်မက်ဖွယ် ထစ်ချုန်းသံတစ်သံနှင့်အတူ ရှေ့သို့ ပျံထွက်သွားသည်။ စေတီက ၎င်း၏စွမ်းအားကို ထုတ်ပြလိုက်သောအခါ နတ်လှံများသည် အပိုင်းပိုင်းအပြတ်ပြတ် ကျိုးပျက်ကုန်လေသည်။
လူသားဘုံမှ မဟာအင်ပါယာဖြစ်လာမည့်သူသည် ထိုမြင်ကွင်းကို မြင်လိုက်သောအခါ သူ၏မျက်နှာ အနည်းငယ် ဖြူဖျော့သွားသည်။ ထို့နောက် တစ်ပြိုင်တည်းပင် နတ်ဝင်္ကပါအတွင်း၌ ထူးကဲသော ဧရာမလှံကြီးတစ်ချောင်း ထွက်ပေါ်လာ၏။ သူသည် လှံကို သူ၏လက်များဖြင့် ကိုင်၍ ဧရာမနတ်ဘုရားတစ်ပါးအဖြစ် ပြောင်းလဲသွား၏။ ထို့နောက်တွင် သူသည် လှံဖြင့် ဟောင်ထျန်းစေတီကို တည့်တည့်မတ်မတ် ချိန်ရွယ်လိုက်သည်။
ထန်း...
နောက်ထပ် ကျယ်လောင်သောအသံတစ်သံ ထွက်ပေါ်လာပြီး လှံကြီး တုန်ခါသွားသည်။ သို့သော် ဟောင်ထျန်းစေတီသည် လည်ပတ်နေဆဲပင်။ ၎င်း၏နတ်အလင်းသည် မဟာအင်ပါယာဖြစ်လာမည့်သူကို လွှမ်းခြုံသွားပြီး သူ့ကို မခံနိုင်လောက်အောင် လေးလံသော ဖိအားတစ်ခုကို ခံစားစေလိုက်သည်။
ဝုန်း...
နောက်ထပ် ပေါက်ကွဲသံတစ်သံနှင့်အတူ သူ့ခန္ဓာကိုယ်သည် လွင့်ပျံထွက်သွားသည်။ နတ်ဘုရားခန္ဓာတုန်ခါသွားပြီး သူ့လက်များထဲမှ လှံကြီး ကျိုးသွားသည်။ သူသည် အောက်ဘက်သို့ ပြုတ်ကျသွားပြီး ညည်းတွားသံတစ်သံ ပြုလိုက်သည်။
သို့သော် ဟောင်ထျန်းစေတီသည်လည်း နောက်သို့ တွန်းထုတ်ခံလိုက်ရ၏။ သို့သော် ၎င်းပတ်ပတ်လည်တွင် နတ်အလင်းစီးဆင်းနေဆဲဖြစ်ပြီး သူ့အပေါ်တွင် လေးလံသော ဖိအားကို ကျရောက်စေနေဆဲဖြစ်သည်။
ကျိဝူတောက်သည် သူ့အတွေးကို လှုပ်ရှားလိုက်ပြီး ဟောင်ထျန်းစေတီကို ပြန်သိမ်းယူလိုက်သည်။ နတ်နံရံလည်း ပျောက်ကွယ်သွားသည်။ သူသည် သူ့ပြိုင်ဘက်ကို မျက်နှာသေဖြင့် ကြည့်လိုက်ပြီး ပြောလိုက်၏။
“ဒီနေရာက ကောင်းကင်ဘုံရဲ့နယ်မြေ ကောင်းကင်(၉၉)လွှာပဲ။ ခင်ဗျားကို ကောင်းကင်လမ်းစဉ်အောက်မှ ကျင့်ကြံခွင့်ပြုထားတာကိုက ခင်ဗျားကို မျက်နှာသာပေးထားတာ ဖြစ်နေပြီ။ နောက်တစ်ခါ ဒီလို လုပ်လို့ကတော့ ကျုပ် ခင်ဗျားကို သတ်ပစ်မယ်”
ကျိဝူတောက်၏ ဩဇာကြီးသော စကားသည် မဟာအင်ပါယာဖြစ်လာမည့်သူကို မျက်နှာဖြူဖပ်ဖြူရော် ဖြစ်သွားစေသည်။ အခြားကျင့်ကြံသူများသည်လည်း အလွန်အံ့အားသင့်သွားကြသည်။
သူ့ကို သတ်မည်လော။
ယခုတွင် အခြေအနေများ ကွဲပြားသွားသည့်ပုံပင်။ ယခုတွင် ရီဖူရှင်းအပြင် ကောင်းကင်အင်ပါယာ၏ ဆက်ခံသူ ကျိဝူတောက်လည်း ရှိနေပြီဖြစ်သည်။
သူသည် သူ၏အတွေးကို လှုပ်ရှားရုံဖြင့်ပင် မဟာအင်ပါယာဖြစ်လာမည့်သူတစ်ယောက်ကို သတ်ပစ်နိုင်စွမ်း ရှိပေသည်။
ရှေးဟောင်းအင်ပါယာများသည် ယနေ့ခေတ် အင်ပါယာအသစ်များကို ယှဉ်ပြိုင်နိုင်ပါမည်လော။
ယနေ့ခေတ်တွင် ရီဖူရှင်းနှင့် ကျိဝူတောက်တို့ကဲ့သို့ အင်ပါယာဖြစ်လာမည့် သူများသည် ရှေးဟောင်အင်ပါယာများထက် သေချာပေါက် ပို၍စွမ်းအားကြီးလေသည်။ အချိန်များ ပြောင်းလဲခဲ့ပေပြီ။ ယခုတွင် အင်ပါယာအဆင့်သို့ ရောက်ရန် ပို၍ပင် ခက်ခဲသည်ဖြစ်ရာ သူတို့ ထိုသို့လုပ်နိုင်ခဲ့ခြင်းသည် သူတို့က ရှေးဟောင်အင်ပါယာများထက် ပို၍စွမ်းအားကြီးကြောင်း အကောင်းဆုံး သက်သေပင်ဖြစ်သည်။
ကျိဝူတောက်သည် နဂါးကိုးကောင်သန့်စင်ချီအောက်တွင် ဆက်ရပ်နေ၏။ သူ့ပတ်ပတ်လည်တွင် နတ်စွမ်းအား ထွက်ပေါ်လာပြီး နဂါးကိုးကောင်သန့်စင်ချီကို သူ့ခန္ဓာကိုယ်အတွင်းသို့ ဝင်သွားစေ၏။ တစ်ချိန်တည်းမှာပင် သူသည် ကောင်းကင်ဒေသမှ ကျင့်ကြံသူများ ရှိနေသောနေရာသို့ ကြည့်လိုက်ပြီး ပြောလိုက်၏။
“မင်းသမီးတိယွမ် ကျုပ်နဲ့အတူ လာကျင့်ကြံပါ”
ကျင့်ကြံသူများအားလုံးသည် ထိုစကားကြောင့် အံ့အားသင့်သွားကြသည်။
ကျိဝူတောက်သည် အခြားကျင့်ကြံသူများအားလုံးကို မောင်းထုတ်ခဲ့သည်။ သို့သော် ယခုတွင် သူသည် ကောင်းကင်ဒေသမှ မင်းသမီးဒွန်ဟောင်တိယွမ်ကို သူနှင့်အတူ လာရောက်ကျင့်ကြံရန် ဖိတ်ခေါ်နေလေသည်။
ယခုတွင် နတ်တောင်ကုန်းသည် ကောင်းကင်ဒေသနှင့် သက်ဆိုင်ကြောင်း အတည်ပြုပြီးပြီဖြစ်သည်။ ဘုံခုနစ်ခုသည် သက်ဆိုင်ရာ နတ်ပစ္စည်းတစ်ခုစီကို ရရှိခဲ့ပေပြီ။
အတိတ်တွင် လူသားဘုံသည် ကောင်းကင်ဒေသနှင့် လပ်ထပ်ထိမ်းမြားကာ မဟာမိတ်ဖွဲ့လိုခဲ့သည်။ သို့သော် သူတို့ကို အရှင်ဒွန်ဟောင်က ငြင်းလိုက်သည်။ ကျိဝူတောက်သည် မည်သည့်ရည်ရွယ်ချက်ကြောင့် ယခုကဲ့သို့ လုပ်နေခြင်းနည်း။
သူသည် ဒွန်ဟောင်တိယွမ်အပေါ် စိတ်ဝင်စားနေခြင်းလော။
လက်ရှိလောကတွင် ဒွန်ဟောင်တိယွမ်သည် အမှန်ပင် မျက်စိကျဖွယ်အကောင်းဆုံး မိန်းမပျိုတစ်ယောက်ဖြစ်သည်။
သို့သော် အင်ပါယာအဆင့်အင်အားစုများမှ ကျင့်ကြံသူများသည် ကျိဝူတောက်၏လုပ်ရပ်ကို မအံ့ဩကြပေ။ သူတို့သည် ထိုကိစ္စကို မျှော်လင့်ထားပြီးဖြစ်သည်။
“မလိုပါဘူး...”
သို့သော် ဒွန်ဟောင်တိယွမ်က သူ၏ကမ်းလှမ်းချက်ကို ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။
“ကျုပ် ကောင်းကင်အင်ပါယာဖြစ်လာရင် မင်းသမီးက ကောင်းကင်ဧကရီဖြစ်လာမှာပဲ”
ကျိဝူတောက် ဆက်ပြောလိုက်၏။ ကျင့်ကြံသူများသည် ထပ်မံ အံ့အားသင့်သွားကြသည်။
ဒွန်ဟောင်တိယွမ်သည် သူ့ကို ဆက်၍ လျစ်လျူရှုလိုက်ပြီး နတ်တောင်ကုန်းဘက်သို့ ထွက်သွားသည်။ ကောင်းကင်ဒေသသည် နတ်တောင်ကုန်းကို သူတို့ပိုင်သည့်အရာအဖြစ် လက်ခံခဲ့ပြီဖြစ်သည်။
***