မမြင်ရသော ဖိအားတစ်ခု
Vol. 198 Ch. 2822
ကျိဝူတောက်သည် အမှန်ပင် ဒွန်ဟောင်တိယွမ်ကို သူ၏ ဧကရီဖြစ်လာစေလိုပေသည်။
သူသည် ကောင်းကင်အင်ပါယာ ဖြစ်လာ၍ ဒွန်ဟောင်တိယွမ်သည် သူ၏ ကောင်းကင်ဧကရီ ဖြစ်လာမည်ဖြစ်သည်။
လူများစွာသည် လူသားဘုံမှ တိဟောက်ကို အလိုလို ကြည့်မိသွားကြသည်။ ယခင်က သူ၏ လက်ထပ်ရန် ကမ်းလှမ်းချက်ကို အရှင်ဒွန်ဟောင်က ပယ်ချခဲ့သော်လည်း ယခုတွင် သူ၏မျက်နှာပေါ်တွင် မည်သည့်ခံစားချက်မှ မရှိနေပေ။ သူ မည်သည်ကို တွေးတောနေသည်ကို မည်သူမှ မခန့်မှန်းနိုင်ချေ။
ယခင်ကသာ ဖြစ်လျှင် လူသားဘုံ၏ ဆက်ခံသူသည် ကျိဝူတောက်ထက် သေချာပေါက် သာနေမည်ဖြစ်သည်။ ကောင်းကင်ဘုံသည် နိမ့်ပါးနေခဲ့ပြီး ကောင်းကင်နန်းတော်သည်လည်း ရွှေရောင်နေ့ရက်များ ကုန်ဆုံးသွားခဲ့ပြီ မဟုတ်ပါလား။ ကျိဝူတောက် အပါအဝင် ကောင်းကင်ဘုံမှ ကျင့်ကြံသူများသည် လျှို့လျှို့ဝှက်ဝှက်ဖြင့် ကျင့်ကြံနေခဲ့ကြသည်။ သူတို့သည် အဘယ်သို့ တိဟောက်နှင့် ယှဉ်ပြိုင်နိုင်ခဲ့ပါမည်နည်း။
သို့သော် လက်ရှိတွင်မူ အခြေအနေများ ကွဲပြားသွားပြီဖြစ်သည်။ ကောင်းကင်အင်ပါယာနန်းတော်၏ ကောင်းကင်အလွှာ(၉၉)လွှာတွင် ကောင်းကင်လမ်းစဉ်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ထို့အပြင် ကျိဝူတောက်သည် နဂါးကိုးကောင်သန့်စင်ချီအောက်တွင် ရပ်နေပြီး မဟာအင်ပါယာတစ်ပါး ဖြစ်လာမည့် လမ်းပေါ်သို့ ရောက်နေပြီဖြစ်သည်။ သူသည် နောက်တက်မည့် ကောင်းကင်အင်ပါယာဖြစ်နိုင်ပေသည်။
ယနေ့ခေတ်တွင်လည်း ကောင်းကင်အင်ပါယာသည် အတော်လေး လေးစားခံရပေသေးသည်။ ကောင်းကင်လမ်းစဉ် မပြိုပျက်ခင်က ကောင်းကင်အင်ပါယာဟောင်းသည် ကောင်းကင်နန်းတော်ဟောင်း၏ ဦးဆောင်သူဖြစ်ခဲ့ပြီး တပ်ဖွဲ့ရှစ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်သော ဒီဗာအိမ်တော်၏ အုပ်ချုပ်သူဖြစ်ခဲ့သည်။ ကောင်းကင်လမ်းစဉ် ပြိုပျက်ပြီးနောက်တွင်ပင် ကောင်းကင်အင်ပါယာသည် ဩဇာအာဏာကြီးသူတစ်ယောက် ဖြစ်ခဲ့သည်။
ကောင်းကင်အင်ပါယာ၏ သမီးတော် ကောင်းကင်မင်းသမီးသည် လောကအတွင်းရှိ ယောက်ျားသားများအားလုံး၏ နှလုံးသားများကို ဆွဲဆောင်နိုင်ခဲ့သော နတ်မိမယ်တစ်ပါးဖြစ်သည်။
ထိုခေတ်သည် မည်မျှ ကြီးကျယ်ခမ်းနားခဲ့သနည်း။ မကြာသေးခင်က ဖြစ်ပျက်ခဲ့သော အရာအားလုံးကြောင့် ကောင်းကင်ဘုံ၏ ရွှေရောင်နေ့ရက်များ ပြန်ရောက်လာတော့မည်ဟု အားလုံး ခံစားနေကြရသည်။
ကျိဝူတောက်သည် အင်ပါယာတစ်ပါး ဖြစ်လာတော့မည် ဖြစ်ပြီး အနာဂတ်တွင် ကောင်းကင်အင်ပါယာဟူသော ဂုဏ်ပုဒ်ကို ဆက်ခံကာ ပလ္လင်ကို ရရှိမည်ဖြစ်သည်။ သူသည် ကောင်းကင်ဘုံကို ခေတ်သစ်တစ်ခေတ်ဆီသို့ ဦးဆောင်နိုင်စွမ်း ရှိမည်လော။
တိဟောက်အတွက်မူ သူသည် ဆက်ခံသူတစ်ဦးသာဖြစ်သည်။ လူသားဘိုးဘေး ရှိနေသေးသ၍ သူသည် သာမန်ဆက်ခံသူတစ်ဦးသာ။
ထို့အပြင် လူသားဘိုးဘေးသည် အမှန်ပင် ထာဝရတည်ရှိနေမည့်ပုံပင်။
ထို့ကြောင့် လက်ရှိတိဟောက်သည် ကျိဝူတောက်နှင့် မယှဉ်နိုင်လောက်တော့ပေ။
ထိုအရာအားလုံးကို အိပ်မက်တစ်ခုကဲ့သို့သာ ခံစားရလေသည်။ ရှည်လျားသော အချိန်ကာလထဲတွင် ပြောင်းလဲမှုများစွာ ဖြစ်ပေါ်ခဲ့သည်။
ကျိဝူတောက်အပြင် ရီဖူရှင်းမှာလည်း ထင်ရှားသော ဥပမာတစ်ခုဖြစ်သည်။ သူသည် ယခင်က ကောင်းကင်ဒေသမှ အင်အားစုများ၏ အသက်ကို လိုက်၍ရန်ရှာမှုကို ခံခဲ့ရသည်။ သို့သော် ယခုတွင်မူ သူ့ကို မဟာအင်ပါယာများမှလွဲ၍ မည်သူမှ အနိုင်မယူနိုင်တော့ပေ။
သူ၏အကြည့်တစ်ချက်ဖြင့်ပင် မဟာအင်ပါဖြစ်လာမည့်သူတစ်ဦးသည် တစ်ချက်မှ လှုပ်ရှားဝံ့တော့မည် မဟုတ်ချေ။
လက်ရှိတွင် သူ့အပြင် ကျိဝူတောက်သည်လည်း ထိုသို့ လုပ်နိုင်ပေသည်။
သူက သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြီးနောက်တွင် မဟာအင်ပါယာဖြစ်လာမည့်သူတစ်ဦးမျှ တစ်ချက်ပင် မလှုပ်ရှားကြတော့ပေ။
ကျိဝူတောက်သည် နဂါးကိုးကောင်သန့်စင်ချီအောက်တွင် ဆက်ရပ်နေရင်း ထွက်သွားသော ဒွန်ဟောင်တိယွမ်ကို ကြည့်သည်။ ကောင်းကင်နှင့် မြေကြီးကို လှည့်ပတ်နေသော နဂါးကိုးကောင်သန့်စင်ချီသည် သူ့ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားသည်။ ကောင်းကင်လမ်းစဉ်သည် ၎င်းကို သူ့အတွက် ပြင်ဆင်ကာ ချီးမြှင့်လိုက်သကဲ့သို့ပင်။
ကျိဝူတောက် အကြည့်လွှဲလိုက်ပြီး သူ၏မျက်လုံးများကို ပိတ်လိုက်၏။ သူသည် ကောင်းကင်ထက်တွင် ရပ်နေပြီး နတ်အလင်းအောက်တွင် နေ,နေလိုက်သည်။ ကောင်းကင်စည်းမျဉ်းနှင့် ရင်းမြစ်ချီကိုးပါးတို့၏ ပေါင်းစည်းမှုမှ ဖြစ်ပေါ်လာသော နဂါးကိုးကောင်သန့်စင်ချီသည် သူ့ခန္ဓာကိုယ်ကို လှည့်ပတ်နေပြီး သူ့ကိုယ်တွင်းသို့ စီးဝင်နေသည်။ အံ့အားသင့်ဖွယ် နတ်အလင်းသည် လူများကို သူတို့သည် ယခုတွင် ကောင်းကင်အင်ပါယာအား မိတ်ဆက်မှုကို ကြည့်နေရခြင်းဖြစ်ကြောင်း သဘောပေါက်သွားစေ၏။
“နဂါးကိုးကောင်သန့်စင်ချီက အဲဒီလောက် စွမ်းအားကြီးတာလား”
ရီဖူရှင်းသည် ထိုချီမှာ အတော်ထူးကဲကြောင်း အာရုံခံနိုင်သော်လည်း ထိုချီအကြောင်းကို သိပ်မသိပေ။ ထို့ကြောင့် သူသည် သူ့ဘေးတွင် ရပ်နေသော အနောက်အင်ပါယာကို ထိုမေးခွန်းမေးလိုက်ခြင်းဖြစ်သည်။
“ဒီဗာအိမ်တော်ရဲ့ ခေါင်းဆောင် ထိန်းချုပ်တဲ့ အဓိကနတ်စွမ်းအားက ကောင်းကင်အင်ပါယာပဲ သုံးနိုင်တဲ့ နတ်စွမ်းအားပဲ။ အဲဒီနတ်စွမ်းအားကို သုံးနိုင်တဲ့သူက ကောင်းကင်တွေရဲ့ အုပ်စိုးသူပဲ”
အနောက်အင်ပါယာက ပြန်ပြောလိုက်၏။
“ဒဏ္ဍာရီတွေက ပြောကြတာတော့ နဂါးကိုးကောင်သန့်စင်ချီကို ရင်းမြစ်ချီကိုးပါးက ဖန်တီးထားတာတဲ့။ ရင်းမြစ်ချီကိုးပါးဆိုတာ ကောင်းကင်လမ်းစဉ်နဲ့ တစ်ချိန်တည်း ဖြစ်တည်လာခဲ့တာပဲ။ ရင်းမြစ်ချီကိုးပါးကို ဓာတ်ကိုးပါးလို့လည်း ခေါ်တယ်... အဲဒါက ရွှမ်၊ ယွမ်၊ ရှစ်ဆိုတဲ့ ချီသုံးပါးကနေ ဖြစ်လာတာ။ အဲဒီချီသုံးပါးက လောကကြီး စတင်ဖြစ်တည်လာကတည်းက ရှိနေတာပဲ။ အဲဒီချီသုံးပါးက နောက်ထပ် ချီသုံးပါးကို ဖန်တီးခဲ့တယ်... နောက်ဆုံး ချီကိုးပါးအထိ ဖြစ်လာတဲ့အထိပေါ့။ ချီကိုးပါးက လမ်းစဉ်အားလုံးရဲ့ ရင်းမြစ်ပဲ... ပြီးတော့ နဂါးကိုးကောင်သန့်စင်ချီက ကောင်းကင်လမ်းစဉ်နဲ့ ချီကိုးပါး ပေါင်းစည်းတာကနေ ဖြစ်ပေါ်လာတာပဲ။ အဲဒါကြောင့် ကောင်းကင်အင်ပါယာက နဂါးကိုးကောင်သန့်စင်ချီရဲ့ စွမ်းအားနဲ့ လမ်းစဉ်အားလုံးကို ထိန်းချုပ်နိုင်တာပဲ။ သူ့ကို ဓာတ်ကြီးငါးပါးစွမ်းအားတွေနဲ့ ယင်၊ယန်စွမ်းအားတွေက မထိခိုက်စေနိုင်ဘူး။ အဲဒါကြောင့် တခြားမဟာအင်ပါယာတွေက နဂါးကိုးကောင်သန့်စင်ချီကို ထိန်းချုပ်နိုင်တဲ့ မဟာအင်ပါယာတစ်ပါးအောက်မှာ လက်အောက်ခံခဲ့ရတာပဲ။ သူတို့က သူ့အတွက် ပြိုင်ဘက် မဟုတ်ကြဘူး”
ရီဖူရှင်းသည် တိတ်တဆိတ် နားထောင်နေပြီး ခေါင်းညိတ်လိုက်သည်။ သူသည် နဂါးကိုးကောင်သန့်စင်ချီ၏ မူလဇစ်မြစ်ကို နားလည်သွားပြီဖြစ်သည်။
၎င်း၏ မူလဇစ်မြစ်သည် အမှန်ပင် ထူးကဲပေသည်။ ၎င်းကို ကောင်းကင်ဘုံ၏ ဆက်ခံသူ ကျိဝူတောက်အား ချီးမြှင့်လိုက်သည်ဆိုသော အချက်သည် အဓိပ္ပာယ်တစ်စုံတစ်ခု ရှိရပေမည်။
လက်ရှိ အခြေအနေများအရ ကျိဝူတောက်သည် အနာဂတ်တွင် ရှိန်လောက်ဖွယ် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာနိုင်ပေသည်။
ယင်၊ယန်စွမ်းအားနှင့် ဓာတ်ကြီးငါးပါးစွမ်းအားများပင် သူ့ကို ထိခိုက်အောင် မလုပ်နိုင်ပေ။ သူ့ကို ထိခိုက်အောင် လုပ်နိုင်မည့် စွမ်းအားသည် စွမ်းအားအကြီးဆုံး မဟာအင်ပါယာများသာ အသုံးပြုနိုင်သည့် အလွန်ထူးခြားသော စွမ်းအားဖြစ်ပေလိမ့်မည်။
ထိုအဆင့်တွင် ထူးကဲသည့်ပုဂ္ဂိုလ်အချို့ ရှိပေလိမ့်မည်။ နတ်ဘုရားခေတ်ရောက်လာပြီးနောက်တွင် အလွန်စွမ်းအားကြီးသော မဟာအင်ပါယာများ ထွက်ပေါ်လာလောက်ပေသည်။ ထိုအထဲတွင် လက်ရှိ မဟာအင်ပါယာခြောက်ပါးလည်း ပါမည်ဖြစ်သည်။ သူတို့အားလုံးသည် စွမ်းအားကြီးသော ကျင့်ကြံသူများဖြစ်သည်။ ထို့ကြောင့် ရီဖူရှင်းသည် အထူးကဲဆုံး နတ်စွမ်းအားများနှင့် မဟာအတတ်များအပေါ် ဉာဏ်အလင်းပွင့်ရန် ကြိုးစားခဲ့သည်။
အားလုံးသည် ဆက်၍ ကျင့်ကြံနေကြသည်။ ဤ သုံးနှစ်စောင့်ခဲ့ရမှုသည် အားလုံးအတွက် စိတ်ပျက်စရာဖြစ်ခဲ့သည်။ သို့သော် သူတို့သည် ကောင်းကင်အင်ပါယာအသစ် မွေးဖွားလာသည်ကို မြင်နိုင်ခဲ့ကြသည်။
ယခုတွင် အခွင့်အရေးတစ်ခုသာ ကျန်တော့ပေသည်။ သို့မဟုတ် အခွင့်အရေးတစ်ခုမှ မကျန်တော့သည်လည်း ဖြစ်နိုင်လေသည်။
ကောင်းကင်လမ်းစဉ်သည် မူလဘုံအတွက် နတ်ပစ္စည်းတစ်ခုကို ချီးမြှင့်မည်လော။
မည်သူမှ မသိပေ။ နောက်သုံးနှစ်ကြာပြီးမှသာ သိရပေမည်။
သို့သော် ယခင်က သုံးနှစ်နှင့် နှိုင်းယှဉ်လျှင် ဤသုံးနှစ်တွင် ကောင်းကင်အလွှာ(၉၉)လွှာမှ ကျင့်ကြံသူများသည် စိတ်မလှုပ်ရှားကြပေ။ သူတို့သည် ရီဖူရှင်း မည်မျှ စွမ်းအားကြီးကြောင်း သိနေသဖြင့် အကယ်၍ ကောင်းကင်လမ်းစဉ်က မူလဘုံအတွက် နတ်ပစ္စည်းတစ်ခု ချီးမြှင့်ခဲ့လျှင်ပင် မည်သူသည် သူ့ထံမှ လုယူနိုင်ပါမည်နည်း။
၎င်းပစ္စည်းကို ရီဖူရှင်းက တင်းတင်းကျပ်ကျပ် ကာကွယ်ထားလောက်ပေသည်။ သူသည် ရီအင်ပါယာနန်းတော်မှ ကျင့်ကြံသူများကို အခြားနတ်ပစ္စည်းများ အနီးတွင် ကျင့်ကြံစေခဲ့သော်လည်း အကယ်၍ မူလဘုံကသာ ကိုယ်ပိုင်နတ်ပစ္စည်းတစ်ခု ရခဲ့လျှင် သူသည် မည်သူ့ကိုမှ ထိုသို့ ရက်ရောလိမ့်မည် မဟုတ်ပေ။
ရီဖူရှင်းကိုယ်တိုင်ပင် များစွာ မျှော်လင့်မထားချေ။ သူသည် သူ၏ “ကောင်းကင်လမ်းစဉ်အသေးစား” ကို တိုးတက်လာအောင် လုပ်ခဲ့ပြီးဖြစ်သည်။ သူ့ကို နတ်ပစ္စည်းတစ်ခု ပေးခဲ့လျှင်ပင် သူ့အတွက် များစွာကွဲပြားမည် မဟုတ်ပေ။ သူ မည်သည်ကိုမှ မရခဲ့လျှင်လည်း သူစိတ်ရှိမည်မဟုတ်ချေ။ သူသည် တည်တည်ငြိမ်ငြိမ်ဖြင့် ဆက်ကျင့်ကြံနေမည်ဖြစ်သည်။
သူသည် သူ၏ ကောင်းကင်လမ်းစဉ်အသေးစားကို ကောင်းကင်လမ်းစဉ်အစစ်အမှန် ဖြစ်လာစေရန် ပြီးပြည့်စုံအောင် လုပ်ရမည်ဖြစ်သည်။ သို့ဆိုလျှင် သူသည် မဟာအင်ပါယာတစ်ပါး ဖြစ်လာနိုင်ပေမည်။
ရီဖူရှင်းသည် ဆက်၍ ကျင့်ကြံနေလိုက်၏။ အခြားသူများလည်း ဆက်ကျင့်ကြံနေကြသည်။ ကောင်းကင်လမ်းစဉ်သည် အခြားနတ်ပစ္စည်းများ ထပ်မံ မချီးမြှင့်တော့လျှင်လည်း ကောင်းကင်အလွှာ(၉၉)လွှာသည် ကျင့်ကြံခြင်းအတွက် အရေးပါသောနေရာတစ်ခု ဖြစ်နေသေးပေသည်။ ဤနေရာတွင် ကောင်းကင်လမ်းစဉ်နှင့် အင်ပါယာများ၏လမ်းစဉ် ရှိပေသည်။
ဒွန်ဟောင်တိယွမ်သည် နတ်တောင်ကုန်းရှိရာနေရာသို့ လျှောက်သွား၏။ သူမအပြင် ဒွန်ဟောင်အင်ပါယာနန်းတော်မှ ကျင့်ကြံသူများစွာသည်လည်း နတ်တောင်ကုန်းဆီသို့ သွားလိုက်သည်။
သူမသည် တောင်ကုန်းပေါ်သို့ တက်သွားပြီး မျက်လုံးများမှိတ်ကာ တိတ်တဆိတ် တရားထိုင်နေလိုက်၏။
လူများစွာသည် သူမကို ကြည့်သည်။ ပထမဆုံး လူသားဘုံသည် လက်ထပ်ရန် ကမ်းလှမ်းခဲ့သည်။ ထို့နောက်တွင် ကျိဝူတောက်သည် သူမကို သူ၏ ဧကရီ ဖြစ်လာစေလိုနေသည်။ ဤနေရာတွင် အခြားအမျိုးသမီးဖြစ်ပါမူ သူမသည် ဂုဏ်ရှိသည်ဟု ခံစားမိပေလိမ့်မည်။ သို့သော် သူမသည် အရှင်ဒွန်ဟောင်၏ တစ်ဦးတည်းသော သမီးတော် ဒွန်ဟောင်တိယွမ်ဖြစ်သည်။ သူမအနေဖြင့် ထိုကမ်းလှမ်းမှုများသည် သူမကို စော်ကားခြင်းဖြစ်သည်ဟုသာ တွေးလောက်ပေသည်။
လက်ရှိတွင် သူမသည်လည်း ဖိအားများစွာကို ရင်ဆိုင်နေရနိုင်၏။
အရှင်ဒွန်ဟောင်၏ အင်ပါယာကံကြမ္မာနှစ်(၅၀၀)သည် ပြည့်ခါနီးလာပြီဖြစ်သည်။ သို့ဆိုလျှင် ရီဖူရှင်းသည် မကြာခင်တွင် မဟာအင်ပါယာတစ်ပါး ဖြစ်လာမည်ဟူသော အဓိပ္ပာယ်လော။
အကယ်၍ ရီဖူရှင်းက အင်ပါယာတစ်ပါး ဖြစ်မလာခဲ့လျှင် အခြားမည်သူမှ အရှင်ဒွန်ဟောင်၏ အင်ပါယာကံကြမ္မာကို နှောင့်ယှက်နိုင်မည် မဟုတ်ပေ။
ဖိအားခံစားနေရသူမှာ ဒွန်ဟောင်တိယွမ် တစ်ယောက်တည်း မဟုတ်ပေ။ ယူချင်းသည်လည်း သူ့လက်ထဲတွင် နတ်ဆိုးလောက၏ ကံကြမ္မာကို ကိုင်ထားရပေသည်။ တိဟောက်သည်လည်း အခက်အခဲ၊ အဟန့်အတားများစွာကို ဖြတ်ကျော်ခဲ့ရပြီဖြစ်သည်။ အရှင်ရှာမင်သည် ရီချင်းယောင်နှင့် တိုက်ခိုက်ရဦးမည်။ ယန်ကွေ့ရီနှင့် တုကူးဝူရှဲ့သည် မျိုးဆက်သစ်များနှင့် ယှဉ်ပြိုင်ရမည်။ အချို့သည် သူတို့ကို ကျော်တက်သွားပြီဖြစ်သည်။ ထို့အပြင် သူတို့၏ အင်ပါယာအဆင့်ကို ပြန်ရတော့မည့် ရှေးဟောင်းအင်ပါယာများစွာလည်း ပြန်ရှင်သန်လာခဲ့သည်။ ထို့ကြောင့် နတ်ဘုရားတစ်ဝက်စာရင်းတွင် ရှိနေရုံမျှဖြင့် မလုံလောက်တော့ပေ။
လူများစွာသည် အကြောင်းအချို့ကြောင့် ဖိအားကို အနည်းနှင့်အများဆိုသလို ခံစားနေကြရလေသည်။
ကောင်းကင်လမ်းစဉ် ထွက်ပေါ်လာမှုသည် ကျင့်ကြံခြင်းလောကကို ရှေးခေတ်ကကဲ့သို့ ရွှေရောင်နေ့ရက်များဆီ ပြန်ရောက်သွားစေမည်ဖြစ်သည်။ ထို့အပြင် နတ်ဘုရားခေတ်၏ အစသည် ပရမ်းပတာအချိန်တစ်ခုကို အစပြုမည်ဖြစ်သည်။
ထိုပရမ်းပတာခေတ်တွင် မည်သို့သော ဇာတ်လမ်းများ ဖြစ်ပေါ်လာမည်နည်း။
***