ရည်မှန်းချက်
Vol. 198 Ch. 2825
ကောင်းကင်(၉၉)လွှာရှိ ကောင်းကင်နန်းတော်အထက်တွင် ကျိဝူတောက်သည် နတ်အလင်းအောက်တွင် ရှိနေသည်။ နဂါးကိုးကောင်သန့်စင်ချီသည် သူ့ခန္ဓာကိုယ်အတွင်းသို့ ဝင်နေပြီဖြစ်ပြီး သူ၏လမ်းစည်နှင့် ပေါင်းစည်းနေပြီဟု ထင်ရသည်။ သူ့တစ်ကိုယ်လုံး ပို၍ တောက်ပလာပြီး သူသည် ကောင်းကင်နန်းတော်အထက်တွင် ဤလောက၏ အရှင်သခင်ကဲ့သို့ ရပ်နေသည်။
သူသည် ကောင်းကင်အင်ပါယာတစ်ပါး ဖြစ်ပြီး ကောင်းကင်လမ်းစဉ် လောကကြီးကို စီမံအုပ်ချုပ်ရာတွင် ကူညီပေးနိုင်လေသည်။
ကျိဝူတောက်သည် သူ၏မျက်လုံးများကို ဖွင့်လိုက်ပြီး ကောင်းကင်(၉၉)လွှာတွင် ကျင့်ကြံနေသော လူများကို ကြည့်လိုက်၏။
“နှစ်(၂၀)ကျော်တောင် ကုန်သွားခဲ့ပြီ”
သူပြောလိုက်၏။
“ကောင်းကင်ဘုံ၊ ကောင်းကင်အင်ပါယာနန်းတော်ရဲ့ ကောင်းကင်(၉၉)လွှာက လောကကြီးအတွက် ကျင့်ကြံနိုင်ဖို့ နတ်လက်ဆောင်တွေကို ချီးမြှင့်ခဲ့တယ်။ ခင်ဗျားတို့အားလုံးလည်း နှစ်(၂၀)ကျော် ကျင့်ကြံပြီးခဲ့ကြပြီ။ အခု ခင်ဗျားတို့ ထွက်သွားဖို့ အချိန်တန်ပြီမလား”
သူ့အသံသည် ကောင်းကင်(၉၉)လွှာလုံးသို့ ပျံ့နှံ့သွား၏။ လူပေါင်းများစွာသည် သူတို့၏မျက်လုံးများကို ဖွင့်လိုက်ကြပြီး ကျိဝူတောက်ကို မော့ကြည့်လိုက်ကြ၏။ ထိုအခိုက်တွင် ကျိဝူတောက်သည် ကောင်းကင်အင်ပါယာတစ်ပါး၏ ဟန်ပန်သွင်ပြင် ရှိနေပြီဖြစ်ကြောင်း သူတို့ တွေ့လိုက်ရ၏။ သူသည် ပြိုင်ဘက်ကင်းကာ ကြီးကျယ်မြင့်မြတ်ပြီး သက်ရှိအားလုံး အထက်တွင် ရပ်တည်ပေသည်။
ကျိဝူတောက်သည် နှင်ထုတ်သည့် အမိန့်ပေးကာ အားလုံးကို ထွက်သွားခိုင်းနေလေသည်။
သို့သော် ဤနေရာတွင် ပြီးပြည့်စုံသော ကောင်းကင်လမ်းစဉ် စည်းမျဉ်း ရှိပေသည်။ ထိုအရာသည် ကျင့်ကြံသူများ ဉာဏ်အလင်းပွင့်နိုင်မည့် အင်ပါယာလမ်းစဉ် အခွင့်အရေးတစ်ခု ဖြစ်သည်။ မည်သူသည် ထိုအခွင့်အရေးနှင့် လွဲချော်လိုပါမည်နည်း။ မည်သူသည် ထွက်သွားလိုပါမည်နည်း။
ထို့အပြင် ကောင်းကင်လမ်းစဉ်မှ နတ်ပစ္စည်းများသည်လည်း ဤနေရာတွင် ရှိနေသည်။ မည်သူသည် ထွက်သွားနိုင်ပါမည်နည်း။
“ကျိဝူတောက်... ဒီနေရာမှာ အင်ပါယာလမ်းစဉ် အခွင့်အရေး ရှိတယ်။ ဘုံခုနစ်ခုစလုံးက လူတွေက ဒီမှာ စုဝေးနေကြပြီ။ ပြီးတော့ ကောင်းကင်လမ်းစဉ်ကနေပြီးတော့လည်း နတ်ပစ္စည်းတွေ ကျဆင်းလာခဲ့တယ်။ ဒီနေရာက ကောင်းကင်လမ်းစဉ်က အသိစိတ်ရှိတယ်။ ကောင်းကင်လမ်းစဉ်က အခွင့်အရေးတစ်ခု ချပေးချင်နေမှတော့ အဲဒါက ကျင့်ကြံသူအကုန်လုံးကို အခွင့်အရေးပေးတာနဲ့ အတူတူပဲ။ ဒီနေရာမှာ လူတိုင်း ကျင့်ကြံနိုင်တယ်”
ထိုသို့ ပြောလိုက်သည့်အသံမှာ လူသားဘုံမှ တိဟောက်၏ အသံဖြစ်သည်။ သူ့ခန္ဓာကိုယ်ကို နတ်အလင်းက ရစ်သိုင်းထား၏။ သူသည်လည်း မဟာအင်ပါယာဖြစ်လာနိုင်မည့်အဆင့်တွင် ရှိနေသည်။
အမှန်တွင် တိဟောက်နှင့် ကျိဝူတောက်သည် အတူတူပင်။ သူသည် ဤနေရာသို့ ရောက်မလာခင်ကတည်းက မဟာအင်ပါယာဖြစ်လာနိုင်မည့်အဆင့်သို့ ရောက်ခဲ့ပြီးဖြစ်သည်။ လူသားဘိုးဘေးသည် လူသားဘုံတွင် အင်ပါယာများ၏လမ်းစဉ်တစ်ခုကို ရှာတွေ့ခဲ့ပြီး ဘုံအားလုံးမှ ကျင့်ကြံသူများကို လူသားဘုံသို့ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။
သို့သော် ထိုလမ်းစဉ်သည် ဤနေရာရှိ ကောင်းကင်လမ်းစဉ်ကို မယှဉ်နိုင်ပေ။
ကျိဝူတောက်၏ မျက်လုံးများက တိဟောက်ကို ခြေဆုံးခေါင်းဆုံးကြည့်လိုက်၏။ ထို့နောက် သူပြောလိုက်၏။
“ထင်ထားသလိုပဲ... လူတွေက ရလေလိုလေ အိုတစ္ဆေတွေပဲ။ မင်း အခုရပ်နေတာ ဘယ်နေရာမှာလည်း ဆိုတာ မမေ့နဲ့။ ဒီနေရာက ငါ့ ကောင်းကင်ဘုံရဲ့ ကောင်းကင်(၉၉)လွှာပဲ”
“အဲဒီတော့ ဘာဖြစ်လဲ”
မှော်နက်လောကမှ မဟာအင်ပါယာဖြစ်လာမည့်အဆင့် ရောက်နေသူတစ်ဦးက အရေးမစိုက်ဟန်ဖြင့် ပြောလိုက်၏။
“ဘုံတိုင်းက စွမ်းအားကြီး ကျင့်ကြံသူတွေက ဒီနေရာမှာ စုဝေးနေကြတာပဲ။ ကောင်းကင်အင်ပါယာနန်းတော်က ကျုပ်တို့ကို မောင်းထုတ်တော့မှာလား”
ယခုတွင် ထိပ်သီးအင်အားစုအားလုံးမှ စွမ်းအားကြီးကျင့်ကြံသူများသည် ဤနေရာတွင် ရှိနေသည်။ ကျိဝူတောက်သည် မည်မျှ သန်မာစေကာမူ သူသည် အားလုံးကို ထွက်သွားအောင် မောင်းထုတ်နိုင်ပါမည်လော။
အကယ်၍ မောင်းထုတ်ရာမှ ကိုယ့်ရှူးကိုယ်ပတ်လာလျှင် မည်သူက မည်သူ့ကို အနိုင်ယူမည်ကို သေချာပေါက် မပြောနိုင်ပေ။
ကျိဝူတောက်သည် ထိုမဟာအင်ပါယာဖြစ်လာမည့်သူ၏ စကားများကို ကြားလိုက်သောအခါ ထိုသူကို ကြည့်လိုက်ပြီး ရုတ်တရက် ပြုံးလိုက်လေသည်။
ထိုအပြုံးသည် ခနဲ့ပြုံးနှင့် အနည်းငယ် တူပေသည်။
ကျိဝူတောက်သည် အထက်သို့ ဆက်ပျံတက်သွားပြီး ကောင်းကင်နန်းတော် ထိပ်ဖျားနေရာရှိ ကောင်းကင်တွင် ရပ်နေလိုက်သည်။ သူ့အပေါ်သို့ ကောင်းကင်ထက်မှနေ၍ နတ်အလင်း ဖြာကျလာသည်။ သူသည် ကောင်းကင်အင်ပါယာတစ်ပါးကဲ့သို့ ကျယ်လောင်စွာ အော်ပြောလိုက်၏။
“ကောင်းကင်လမ်းစဉ်က ဘယ်သူလဲဆိုတာ ခင်ဗျားတို့ သိကြရဲ့လား”
အားလုံးသည် ကျိဝူတောက်၏ စကားကို ကြားလိုက်သောအခါ မျက်မှောင်ကြုတ်သွားကြသည်။ ထိုမေးခွန်းသည် သူတို့ မေးနေခဲ့သော မေးခွန်းတစ်ခု ဖြစ်ပေသည်။
ဤကောင်းကင်လမ်းစဉ်သည် အသိစိတ်တစ်ခုရှိကြောင်း အားလုံးသိ၏။ သို့သော် ကောင်းကင်လမ်းစဉ်သည် မည်သူနည်း။
၎င်းသည် ရှေးဟောင်းကောင်းကင်လမ်းစဉ်၏ အသိစိတ်အကြွင်းအကျန်များလော သို့မဟုတ် လက်ရှိလောက၏ ဘိုးဘေးလော။ ၎င်းသည် ဤနေရာတွင် ထွက်ပေါ်လာသဖြင့် လောက၏ ဘိုးဘေးဖြစ်ဖို့များပေသည်။ သို့သော် ထိုသို့ဆိုလျှင် ကောင်းကင်လမ်းစဉ်သည် မည်သူ့ဘက်တွင် ရှိမည်နည်း။
ကောင်းကင်လမ်းစဉ်သည် သူတို့ကို ကျင့်ကြံနိုင်ရန်အတွက် နတ်ပစ္စည်းများ ချီးမြှင့်ခဲ့သဖြင့် သူတို့အားလုံးကို သတ်ဖြတ်နိုင်သည့် အဖျက်စွမ်းအားကို အောက်သို့ စေလွှတ်ကာ ဤနေရာကို ပျက်စီးသွားစေနိုင်လေသည်။
“ကောင်းကင်လမ်းစဉ်က ဘယ်သူလဲ”
တစ်စုံတစ်ယောက်က မေးလိုက်၏။ လူများစွာသည် ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။ အားလုံးသည် အဖြေကို သိလိုနေကြပေသည်။
ယခုတွင် မည်သူက လောကစည်းမျဉ်းကို တာဝန်ယူထားသနည်း။
ကျိဝူတောက်သည် မေးခွန်းကို မဖြေလိုက်ပေ။ သူ အောက်သို့ ငုံ့ကြည့်လိုက်ပြီး သူ့အကြည့်သည် ကောင်းကင်(၉၉)လွှာစလုံးကို ဖောက်ထွင်းသွားသည်။ ထိုအခိုက်တွင် ကောင်းကင်(၉၉)လွှာမှ ကျင့်ကြံသူများအားလုံးသည် ကောင်းကင်များ၏ ထိပ်ရှိ စွမ်းအားကြီးကျင့်ကြံသူကို မြင်ကြရလေသည်။
သူတို့၏ စိတ်များထဲတွင် တူညီသောအတွေးတစ်ခု ပေါ်လာကြ၏။ ကောင်းကင်အင်ပါယာ ပြန်လာတော့ပေမည်။ ကောင်းကင်ဘုံနှင့် သက်ဆိုင်ခဲ့သည်ခေတ် ပြန်ရောက်လာတော့ပေမည်။
“ခင်ဗျားတို့ ကောင်းကင်အင်ပါယာနန်းတော်မှ ကျင့်ကြံချင်ပြီး ကောင်းကင်အင်ပါယာနန်းတော်ရဲ့ အဖွဲ့ဝင်တွေ ဖြစ်လာချင်ရင်တော့ ကောင်းကင်(၉၉)လွှာမှာ ဆက်နေခဲ့ပြီး ကောင်းကင်လမ်းစဉ်ကို လေ့လာလို့ ရပါတယ်”
ကျိဝူတောက် ပြောလိုက်၏။ သူ့အသံသည် ကောင်းကင်(၉၉)လွှာစလုံးကို တုန်ခါသွားစေသည်။
“ကောင်းကင်အင်ပါယာနန်းတော်က နှစ်ပေါင်းများစွာ ပုန်းကွယ်နေခဲ့တာပဲ။ အခု ကျုပ်တို့က ကောင်းကင်အင်ပါယာနန်းတော်နဲ့ ပူးပေါင်းမယ့် ကျင့်ကြံသူတွေကို တရားဝင် စုဆောင်းနေပြီ။ ဒါပေမဲ့ ကျုပ် အားလုံးကို သတိပေးထားရမယ်။ ကောင်းကင်အင်ပါယာနန်းတော်နဲ့ ပူးပေါင်းတဲ့ ကျင့်ကြံသူတိုင်း ကျုပ်တို့ရဲ့ စည်းမျဉ်းတွေနဲ့ အုပ်ချုပ်တာကို ခံရမယ်... ပြီးတော့ ကောင်းကင်အင်ပါယာနန်းတော်ရဲ့ အမိန့်တွေကို နာခံရမယ်။ ကျင့်ကြံခြင်းအရင်းအမြစ်တွေကိုလည်း သုံးချင်တယ်.. အမိန့်လည်း မနာခံချင်ဘူးဆိုတဲ့ သူတွေကိုတော့... သစ္စာဖောက်တွေ၊ ပုန်ကုန်သူတွေက ကောင်းကင်ဘုံရဲ့ စည်းမျဉ်းတွေနဲ့ အပြစ်ပေးခံရမယ်ဆိုတာကို သတိပေးထားချင်တယ်”
ကျိဝူတောက် ပြောနေစဉ်တွင် သူ့အနောက်တွင် စွမ်းအားကြီးကျင့်ကြံသူတစ်စု ထွက်ပေါ်လာ၏။ သူတို့သည် လေထဲတွင် ရပ်နေကြသည်။ သူတို့အားလုံးသည် ကောင်းကင်ဘုံမှ စွမ်းအားကြီးကျင့်ကြံသူများဖြစ်သည်။ လောကကြီးက ယခင်က မြင်ခဲ့ဖူးသော အဖြူနှင့်အနက်ကောင်းကင်အရှင်များ၊ ကောင်းကင်ဘုရင်လေးပါးနှင့် ကြယ်တာရာသခင်ကိုးပါးတို့ အပြင် အခြား စွမ်းအားကြီးပုဂ္ဂိုလ်များလည်း ပါပေသည်။ ထိုထဲတွင် လွန်စွာအဆင့်အတန်းမြင့်သော စွမ်းအားကြီးပုဂ္ဂိုလ်များနှင့် မဟာအင်ပါယာဖြစ်လာမည့်သူများ ပါ၏။ သူတို့သည် အဖြူနှင့်အနက်ကောင်းကင်အရှင်များ၏ အထက်တွင် ရှိပေသည်။
ကျိဝူတောက် ပြောခဲ့သလိုပင် ကောင်းကင်ဘုံသည် နှစ်ပေါင်းများစွာ အင်အားနည်းခဲ့သည်။ သူတို့သည် ကျင့်ကြံရန်အတွက် သူတို့ကိုယ်သူတို့ လောကကြီးနှင့် သီးခြားခွဲနေခဲ့ပြီး လောကထဲတွင် လူလုံးထွက်ပြခဲလေသည်။ သူတို့သည် ဘုံခုနစ်ခုမှ ကိစ္စများကို အရေးမစိုက်ကြဘဲ ကျင့်ကြံခြင်းတွင်သာ အာရုံစိုက်ခဲ့ကြသည်။
ထို သိုသိုသိပ်သိပ်နေမှုသည် ယနေ့အထိ ရာစုနှစ်အနည်းငယ် ကြာခဲ့သည်။ ကောင်းကင်အင်ပါယာနန်းတော်တွင် ကောင်းကင်လမ်းစဉ် ထွက်ပေါ်လာခဲ့ပြီး ၎င်းသည် အခွင့်အရေးတစ်ခုကို ချီးမြှင့်ခဲ့ပြီး နတ်ပစ္စည်းများကို ပေးခဲ့သည်။ ကျိဝူတောက်သည် မဟာအင်ပါယာဖြစ်လာနိုင်မည့်အဆင့်သို့ ရောက်ခဲ့သည်။ သူသည် မဟာအင်ပါယာအဆင့်သို့ ရောက်ကာ ကောင်းကင်အင်ပါယာတစ်ပါး ဖြစ်လာတော့မည်ဖြစ်သည်။
ကောင်းကင်ဘုံသည် နောက်ဆုံးတွင် ပြန်ဦးမော့လာပြီး လွှမ်းမိုးနိုင်သည့် အရှင်သခင်ဖြစ်လာစေရန် ဘုံခုနစ်ခုနှင့် ယှဉ်နိုင်လာပြီဖြစ်သည်။
သမိုင်းကြောင်းများထဲတွင် ကောင်းကင်ဘုံသည် အမြဲတမ်း လောက၏ ထိပ်တန်းဘုံတစ်ခုဖြစ်ခဲ့ပြီး ကောင်းကင်များ၏ အထွတ်အထိပ်တွင် ရပ်တည်နိုင်ခဲ့သည်။
ကျိဝူတောက်သည် ကောင်းကင်ဘုံ၏ ဂုဏ်ရှိန်ဂုဏ်ဝါ ပြန်တောက်ပလာအောင် လုပ်ဆောင်ရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။ သူသည် မဟာအင်ပါယာအဆင့်သို့ တက်လှမ်းကာ ကောင်းကင်အင်ပါယာဖြစ်လာပြီး ကောင်းကင်ဘုံကို ရွှေရောင်ခေတ်သစ်တစ်ခုသို့ ဦးဆောင်သွား၍ ကောင်းကင်လမ်းစဉ်အတွက် လောကစည်းမျဉ်းကို စီမံပေးမည်ဖြစ်သည်။
မူလဘုံအပါအဝင် ဘုံခုနစ်ခုသည် ကောင်းကင်ဘုံ၏ အမိန့်များကို နာခံရပေလိမ့်မည်။
ယခုတွင် ကောင်းကင်အင်ပါယာနန်းတော် ပထမဆုံး လုပ်ရန် လိုသည့်ကိစ္စမှာ ကျင့်ကြံသူအင်အားကို တိုးမြှင့်ရန်ဖြစ်ပြီး လောကမှ ကျင့်ကြံသူများကို ကောင်းကင်အင်ပါယာနန်းတော်နှင့် ပူးပေါင်းအောင် ဆွဲဆောင်ရန်ဖြစ်သည်။ ကောင်းကင်လမ်းစဉ်တည်ရှိမှုနှင့် နတ်ပစ္စည်းများကို ပေါင်းလိုက်လျှင် လူပေါင်းများစွာသည် ကောင်းကင်အင်ပါယာနန်းတော်နှင့် ပူးပေါင်းလိုလိမ့်မည်ဟု သူယုံကြည်၏။
သူသည် သစ္စာဖောက်များအတွက်လည်း မစိုးရိမ်ပေ။ သူသည် မဟာအင်ပါယာဖြစ်လာနိုင်မည့်သူတစ်ဦး ဖြစ်နေပြီဖြစ်ပြီး မကြာခင်တွင် ကောင်းကင်အင်ပါယာအဆင့်သို့ တက်လှမ်းနိုင်တော့မည်ဖြစ်သည်။
သူ တရားဝင် နန်းတက်လျှင် သူ့နောက်သို့ လိုက်မည့် သူများ များလာမည်ဖြစ်သည်။ သူ့ကို ဆန့်ကျင်သူများကတော့ သေရပေမည်။ သူ့ကို သစ္စာဖောက်ဝံ့သူများသည် ချွင်းချက်မရှိ အသတ်ခံရမည်ဖြစ်သည်။
ကောင်းကင်(၉၉)လွှာရှိ မရေမတွက်နိုင်အောင် များပြားသော လူများသည် ကျိဝူတောက်ကို မော့ကြည့်လိုက်ကြသည်။ ခေတ်သစ်တစ်ခု စတင်ပေတော့မည်။ နတ်ဘုရားခေတ်၏အစသည် ကောင်းကင်ဘုံ၏ ပြန်ဦးမော့လာမှုနှင့် တစ်ပြိုင်တည်း ဖြစ်မည်လော။
နတ်ဘုရားခေတ်တွင် ကောင်းကင်ဘုံ၏ ကောင်းကင်နန်းတော်က မည်သို့ မပါဘဲ နေမည်နည်း။
နောက်ဆုံးတွင် ကျိဝူတောက်၏ ရည်မှန်းချက် ပေါ်လာခဲ့ပေပြီ။
“ကျုပ်တို့ ကောင်းကင်အင်ပါယာနန်းတော်နဲ့ ဘယ်လို ပူးပေါင်းရမှာလဲ”
အကြီးအကဲတစ်ဦးက မေးလိုက်၏။ ထို့နောက်တွင် ကောင်းကင်(၉၉)လွှာမှ လူပေါင်းများစွာသည် တစ်ယောက်ပြီးတစ်ယောက် ပြောလာကြလေတော့သည်။ သူတို့အားလုံးသည် ကွဲပြားသော ဘုံများတွင် ကျင့်ကြံခဲ့သည်။ သို့သော် လူများစွာသည် အင်ပါယာအဆင့် အင်အားစုများ၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင် မရှိပေ။ သူတို့သည် သူတို့၏ကံကြမ္မာကို သူတို့ဘာသာ ဆုံးဖြတ်နိုင်ပေသည်။
ယခုတွင် ကောင်းကင်ဘုံ၏ တိုးတက်လာမှုကို မတားနိုင်တော့ပေ။ ကျိဝူတောက်သည် မဟာအင်ပါယာခြောက်ပါးကို ဂရုမစိုက်သည့်အပြင် သူ့နောက်တွင် ကောင်းကင်လမ်းစဉ် ရှိနေသဖြင့် လူများသည် ကျင့်ကြံရေးအတွက် ကောင်းကင်အင်ပါယာနန်းတော်နှင့် ပူးပေါင်းရန် ဝန်မလေးကြချေ။
သူတို့သည် ကောင်းကင်အင်ပါယာနန်းတော်၏ အနာဂတ်ကို မြင်ခဲ့ပြီးဖြစ်သည်။ ၎င်း၏ တိုးတက်မှုသည် အရေးပါပေသည်။
ရီဖူရှင်းမှာလည်း ကျိဝူတောက်ကို မော့ကြည့်သည်။ ထိုသူသည်လည်း ဉာဏ်ကောင်းကာ ထူးကဲသော ပါရမီရှင်တစ်ဦး ဖြစ်ပေသည်။ သူသည် နှစ်ပေါင်းများစွာ သိုသိုသိပ်သိပ်နေခဲ့သည်။ သို့သော် ယနေ့တွင် သူသည် ဆက်၍ ပုန်းကွယ်မနေတော့ပေ။ သူသည် ဆက်၍ ပုန်းကွယ်နေရန် မလိုတော့ခြင်း ဖြစ်နိုင်ပေသည်။
***