ကြိုးစားခြင်း
Vol. 198 Ch. 2826
ကောင်းကင်နန်းတော်အောက်ဘက်တွင် စွမ်းအားကြီးကျင့်ကြံသူတစ်စု ထွက်ပေါ်လာ၏။ ကျိဝူတောက်သည် အားလုံးကို ကြည့်လိုက်ပြီး ဆက်ပြော၏။
“ကောင်းကင်အင်ပါယာနန်းတော်မှာ ကျင့်ကြံချင်တဲ့သူတိုင်း ကောင်းကင်(၉၉)လွှာကို လာခဲ့ကြပါ။ အခုကစပြီး ကျုပ်က ကောင်းကင်အင်ပါယာနန်းတော်ကို ပြန်ဖွဲ့စည်းပြီး ကောင်းကင်ဘုံကို အုပ်ချုပ်ပါမယ်”
ဘုံခုနစ်ခုစလုံးမှ စွမ်းအားကြီး ကျင့်ကြံသူအားလုံးသည် ကျိဝူတောက်ကို ကြည့်လိုက်ကြ၏။ သူတို့တော်တော်များများသည် ကောင်းကင်ထက်သို့ ပျံတက်သွားကြသည်။ အောက်ဘက်မှ ကျင့်ကြံသူများသည် အရင်ဆုံး လှုပ်ရှားလိုက်ကြပြီး ကောင်းကင်(၉၉)လွှာသို့ ဦးတည်သွားလိုက်ကြသည်။
ထိပ်သီးပုဂ္ဂိုလ်များသည် လောလောဆယ်တွင် မလှုပ်ရှားကြသေးပေ။ သူတို့သည် ကိစ္စများကို တွက်ချက်နေပုံပေါ်လေသည်။
ကောင်းကင်လမ်းစဉ်၏အောက်ရှိ နေရာသည် အမှန်ပင် ကျင့်ကြံခြင်းအတွက် အသင့်တော်ဆုံးနေရာဖြစ်သည်။ ၎င်းသည် အင်ပါယာများ၏လမ်းစဉ် ဖြစ်သည်။
အကယ်၍ သူတို့သာ ဤအခွင့်အရေးနှင့် လွဲချော်ခဲ့လျှင် သူတို့၏ အင်ပါယာတစ်ပါးဖြစ်လာနိုင်မည့် အခွင့်အရေးသည် ပို၍ သေးငယ်သွားပေလိမ့်မည်။
ထိုအကြောင်းကို တွေးမိသောအခါ မည်သည့် စွမ်းအားကြီး ကျင့်ကြံသူသည် ဤအခွင့်အရေးကို လက်လွတ်ခံနိုင်ပါမည်နည်း။
သို့သော် သူတို့သည် အကျိုးဆက်များကိုလည်း တွေးတောစဉ်းစားရပေမည်။ အကယ်၍ သူတို့သာ ကောင်းကင်အင်ပါယာနန်းတော်နှင့် ပူးပေါင်းခဲ့လျှင် သူတို့သည် ကျိဝူတောက်၏ အမိန့်များကို နာခံရမည်ဖြစ်သည်။ အကယ်၍ ဘုံခုနစ်ခုတွင် ပရမ်းပတာအခြေအနေများ ဖြစ်လာပြီး စစ်ပွဲတစ်ခု ဖြစ်ပေါ်လာခဲ့လျှင် သူတို့သည် အမိန့်ကို မလွန်ဆန်နိုင်ဘဲ စစ်ပွဲထဲတွင် ဝင်ပါရမည်ဖြစ်သည်။ မိမိခံစားရသည့် အကျိုးများအတွက် တူညီသော တန်ရာတန်ကြေးကို ပြန်ပေးရမည်သာ။
စွမ်းအားကြီး ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် ရှေ့ထွက်လာကြပြီး ကောင်းကင်နန်းတော်အောက်တွင် စုဝေးလိုက်ကြသည်။ သူတို့သည် ကောင်းကင်အင်ပါယာနန်းတော်တွင် ကျင့်ကြံလိုသူများဖြစ်သည်။ သူတို့တွင် အလွန်စွမ်းအားကြီးသော ကျင့်ကြံခြင်းအစွမ်းများလည်း ရှိပေသည်။ ကောင်းကင်အင်ပါယာနန်းတော်သည် ကောင်းကင်ဘုံကို အုပ်စိုး၏။ သူတို့သည် သာမန်လူများကို မလိုချင်လောက်ပေ။ သူတို့ ရွေးချယ်ခြင်း လုပ်ငန်းစဉ်တစ်ခုကို ဖြတ်ကျော်ရလောက်ပေသည်။
ထိုအချိန်တွင် ထိပ်သီးပုဂ္ဂိုလ်အချို့လည်း ရှေ့ထွက်လာကြသည်။ ကပ်ဘေးကို ဖြတ်ကျော်ပြီးသူများလည်း ထိုဘက်သို့ စတင်လျှောက်သွားလိုက်ကြ၏။ သူတို့သည် မဟာအင်ပါယာအဆင့်သို့ ရောက်နိုင်မည်ဟူသော မျှော်လင့်ချက်ရှိ၍ ကောင်းကင်လမ်းစဉ်အောက်တွင် ကျင့်ကြံနိုင်ရန် ပို၍ပင် လိုအပ်ပေသည်။
အားလုံးသည် စွမ်းအားကြီးကျင့်ကြံသူ တော်တော်များများ ထိုဘက်သို့ သွားနေကြကြောင်း တွေ့လိုက်ရ၏။ သူတို့သည် ရင်ထဲတွင် ဆွံ့အသွားကြသည်။ သို့သော် ဤအခြေအနေကိုလည်း မျှော်လင့်ထားပြီးဖြစ်သည်။
“ကျုပ်တို့ ထွက်သွားရမယ်ထင်တယ်”
ဓားဧကရာဇ်အရှင်က တီးတိုးပြောလိုက်၏။ ရီဖူရှင်းသည် စွမ်းအားကြီးပြီး ကျိဝူတောက်ထက် အင်အားမနိမ့်သော်လည်း ဤနေရာသည် ကျိဝူတောက်၏နယ်မြေ ကောင်းကင်လမ်းစဉ်အောက်တွင် ဖြစ်ပေသည်။ ကျိဝူတောက်သည် ကောင်းကင်လမ်းစဉ်ထံမှ အင်အား ငှားယူနိုင်ပေသည်။ သို့ဖြစ်လာလျှင် သူတို့ စတင်တိုက်ခိုက်ပါက ရီဖူရှင်းသည် သိသိသာသာ အရေးနိမ့်သွားနိုင်လေသည်။
သူတို့သည် “ဒီနေရာမှာ ပြီးပြည့်စုံတဲ့ ကောင်းကင်လမ်းစဉ်တစ်ခု ထွက်ပေါ်လာတာကို မဟာအင်ပါယာခြောက်ပါးက အရေးမစိုက်သင့်ဘူးလား” ဟူ၍ပင် တွေးမိလိုက်ကြသည်။
သို့သော် မဟာအင်ပါယာခြောက်ပါး ထွက်ပေါ်မလာခဲ့ပေ။ သူတို့ ရောက်မလာခြင်းမှာ ဤကောင်းကင်လမ်းစဉ်၏ တည်ရှိမှုကြောင့် ဖြစ်နေမည်လော။
“ဟုတ်တယ်...”
ရီဖူရှင်း ခေါင်းညိတ်ကာ ပြောလိုက်၏။
“ဒီလိုဆိုမှတော့ ကျုပ်တို့ ပြန်ကျတာပေါ့။ ဒီ နတ်ဒီမွန်းပုံချပ်ကို ယူခဲ့ပါ”
သူသည် ထိုသို့ ပြောပြီးနောက် နတ်ဒီမွန်းပုံချပ် ရှိရာနေရာသို့ ကြည့်သည်။ လူများစွာသည် ၎င်းကို လေ့လာ ကျင့်ကြံနေကြဆဲဖြစ်သည်။ သို့သော် ရီဖူရှင်း ပြောလိုက်၏။
“အားလုံးပဲ.. ကောင်းကင်လမ်းစဉ်က ဒီနတ်ဒီမွန်းပုံချပ်ကို မူလဘုံကို ပေးထားတာပါ။ ကျုပ် အဲဒါကို ယူသွားပါတော့မယ်”
သူ့စကားများကို ကြားလိုက်သောအခါ လူများစွာသည် စိတ်ပျက်သွားကြသည်။ သူတို့သည် သူတို့၏ကျင့်ကြံခြင်းအခွင့်အရေးကို ဆုံးရှုံးခဲ့ပေပြီ။
ရီဖူရှင်းသည် နတ်ဒီမွန်းပုံချပ်ကို ပြန်ယူသွားတော့ပေမည်။ အခြား စွမ်းအားကြီးကျင့်ကြံသူများသည်လည်း သူတို့ နတ်ပစ္စည်းများကို ကောင်းကင်ဘုံမှ ယူသွားကြတော့မည်ဖြစ်သည်။
ဤကဲ့သို့ ကျင်ကြံခြင်း တော်ဝင်မြေ ဒုတိယတစ်ခု ရှိလာတော့မည်မဟုတ်ပေ။
ရီဖူရှင်းသည် လက်တစ်ဘက် မြှောက်၍ နတ်ဒီမွန်းပုံချပ်ကို လှမ်းယူလိုက်သည်။ မဟာနတ်စွမ်းအားတစ်ခုသည် နတ်ဒီမွန်းပုံချပ်ကို လွှမ်းခြုံသွား၏။ ထို့နောက် ၎င်းထံမှနေ၍ သန်းချီသော နတ်အလင်းတန်းများ တောက်ပလာသည်။ ၎င်းကို အလွယ်တကူ ယူသွားနိုင်မည့်ပုံ မပေါ်ပေ။
ရီဖူရှင်းသည် သူ၏စိတ်ကိုအသုံးပြု၍ ပုံချပ်တစ်ခုလုံးကို နတ်စွမ်းအားဖြင့် လွှမ်းခြုံလိုက်သည်။ ထို့နောက်တွင် သူ့၏စိတ် ထပ်မံလှုပ်ခတ်သွားပြီး နတ်ဒီမွန်းပုံချပ်သည် နေရာမှ ပျောက်ကွယ်သွားသည်။ ရီဖူရှင်းသည် ၎င်းကို သူ့လောကအတွင်းသို့ ပို့လိုက်ခြင်းပင်။
စွမ်းအားကြီးကျင့်ကြံသူများသည် ထိုမြင်ကွင်းကို မြင်လိုက်သောအခါ အံ့အားသင့်သွားကြသည်။ ရီဖူရှင်းသည် ၎င်းကို အတွေးတစ်ချက်ဖြင့် သိမ်းယူသွားသည်။
သူတို့သည် မဟာသားရဲများ၏ နတ်စွမ်းအားများကို ထပ်မံ မလေ့လာနိုင်တော့သည်မှာ နှမြောစရာပင်ဖြစ်သည်။
အခြား အင်ပါယာအဆင့် အင်အားစုများမှ ထိပ်သီးပုဂ္ဂိုလ်များသည် ရီဖူရှင်း၏ လုပ်ရပ်ကို စတင် တုပလုပ်လာကြပြီး သူတို့၏ နတ်ပစ္စည်းများကို သိမ်းယူလာကြသည်။ ကျိဝူတောက်သည် သူတို့ကို ကောင်းကင်(၉၉)လွှာမှ ထွက်သွားရန် မောင်းထုတ်ခြင်းသာဖြစ်သည်။ သို့သော် သူတို့ နတ်ပစ္စည်းများကို ယူသွားသည်ကိုမူ မတားဆီးခဲ့ပေ။
ကောင်းကင်လမ်းစဉ်သည် နတ်ပစ္စည်းများကို ချီးမြှင့်ခဲ့ခြင်းဖြစ်သဖြင့် ၎င်းတို့သည် ကောင်းကင်လမ်းစဉ်၏ အသိစိတ်နှင့် ဆက်ဆိုင်ပေသည်။ ကျိဝူတောက်သည်ပင် ၎င်း၏ဆန္ဒကို မဆန့်ကျင့်နိုင်လောက်ပေ။
နတ်ပစ္စည်းများသည် မဟာအင်ပါယာဖြစ်လာမည့်သူများ၏ သိမ်းယူမှုကို ခံလိုက်ရပြီး တစ်ခုပြီးတစ်ခု ပျောက်ကွယ်လာလေသည်။ သူတို့သည် ၎င်းတို့ကို ပြန်ယူသွားကာ ကျင့်ကြံရန် ပြင်ဆင်ထားကြသည်။ သူတို့သည် ကောင်းကင်လမ်းစဉ်အောက်တွင် ကျိဝူတောက်နှင့် တိုက်ရိုက် မတိုက်ခိုက်လိုကြောင်း ထင်ရှား၏။ နတ်ပစ္စည်းတစ်ခုကို ရခဲ့ခြင်းသည်ပင် အတော်လေး ကောင်းနေပြီဖြစ်သည်။
ရီအင်ပါယာနန်းတော်မှ လူများသည် အတူတကွ စုဝေးလိုက်ကြပြီး ရီဖူရှင်းနှင့်အတူ ထွက်သွားရန် အဆင့်သင့်ဖြစ်နေကြပေပြီ။ သူတို့သည် နှစ်ပေါင်း(၂၀)ကျော် ကျင့်ကြံပြီးနောက်တွင် အကျိုးများစွာ ရရှိခဲ့ပေသည်။ အားလုံး၏ ကျင့်ကြံခြင်းအဆင့် တိုးတက်ခဲ့သည်။ ထွက်သွားရခြင်းမှာ နှမြောစရာကောင်းသော်လည်း ဤအရာသည် တစ်ခုတည်းသော အင်ပါယာများ၏လမ်းစဉ် မဟုတ်ဟု ရီအင်ပါယာနန်းတော်မှ လူများက ယုံကြည်ပေသည်။
ရီဖူရှင်းသည် မဟာအင်ပါယာအဆင့်သို့ သေချာပေါက် တက်လှမ်းနိုင်မည်ဖြစ်သည်။ ထိုအခါ ရီဖူရှင်းသည် သူတို့အတွက် လမ်းစဉ်တစ်ခုကို ဖန်တီးပေးပေလိမ့်မည်။ ထို့ကြောင့် ရီအင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် အနာဂတ်အတွက် မစိုးရိမ်ကြပေ။ သို့ကြောင့်လည်း သူတို့သည် ပို၍ တည်ငြိမ်နေကြခြင်းဖြစ်သည်။
“ယူချင်း၊ ချင်းယောင်... ငါ အခု သွားတော့မယ်”
ရီဖူရှင်းသည် ယူချင်းနှင့် ရီချင်းယောင်တို့ နှစ်ယောက်ကို ကြည့်၍ ပြောလိုက်၏။
“ကောင်းပြီ...”
ယူချင်း ခေါင်းညိတ်လိုက်ပြီး နောက်ထပ် ဘာမှ မပြောတော့ပေ။
“ဟုတ်ကဲ့...”
ရီချင်းယောင်သည်လည်း ရီဖူရှင်းဘက်သို့ ခေါင်းညိတ်ပြ၍ ပြောလိုက်၏။ ထို့နောက်တွင် ရီဖူရှင်းသည် ရီအင်ပါယာနန်းတော်မှ ကျင့်ကြံသူများကို ဦးဆောင်၍ အရင်ဆုံး ထွက်ခွာသွားလေတော့သည်။ သူတို့သည် အလွန် တည်ငြိမ်စွာ ထွက်သွားခဲ့သည်။ ဤနေရာသည် သူတို့နှင့် မသက်ဆိုင်ပေ။ ဤနေရာသည် ကောင်းကင်ဘုံ၏နယ်မြေ ဖြစ်ပေသည်။
ရီဖူရှင်းတို့ အုပ်စု ထွက်သွားပြီးနောက်တွင် အခြားဘုံများမှ ကျင့်ကြံသူများသည်လည်း အသီးသီး ထွက်သွားကြလေသည်။ သို့သော် စွမ်းအားကြီးပုဂ္ဂိုလ် အများအပြား ကျန်ခဲ့ပေသည်။ ထို့အပြင် ကျန်နေခဲ့လိုသည့် မဟာအင်ပါယာဖြစ်လာမည့်သူ အချို့လည်း ရှိပေသည်။ သူတို့သည် ကောင်းကင်လမ်းစဉ်အောက်တွင် ဆက်၍ ကျင့်ကြံလိုနေကြ၏။ သို့သော် သူတို့ ထိုသို့လုပ်ရန် ဆန္ဒရှိနေသည်လော သို့မဟုတ် အခြားရွေးချယ်စရာ မရှိတော့၍လော ဟူသည်ကိုတော့ ရှင်းရှင်းလင်းလင်း မသိရပေ။
ကျိဝူတောက်သည် သူတို့အားလုံးကို ထိန်းချုပ်နိုင်ပါမည်လော။
သို့သော် ယခုလောလောဆယ်တွင် ထိုကိစ္စများသည် ရီဖူရှင်းနှင့် မည်သို့မှ မသက်ဆိုင်ပေ။
*****
ရီဖူရှင်းတို့အုပ်စု နတ်ဘုရားကုန်းမြေပေါ်ရှိ ရီအင်ပါယာနန်းတော်သို့ ပြန်ရောက်လာသောအခါ ရီဖူရှင်းသည် နတ်ဒီမွန်းပုံချပ်ကို ထုတ်လိုက်ပြီး ရီအင်ပါယာနန်းတော်အထက်တွင် မျောနေစေလိုက်သည်။ ရီအင်ပါယာနန်းတော်မှ ကျင့်ကြံသူအားလုံးသည် ၎င်းကို လေ့လာကျင့်ကြံနိုင်ပေသည်။
မူလက ဒီမွန်းနတ်ဘုရားတောင်ကုန်းမှ ဖြစ်သော ဒီမွန်းကလန်မှ ကျင့်ကြံသူများသည် နတ်ဒီမွန်းပုံချပ်အတွင်းမှ အရှိန်အဝါများကို အာရုံခံမိလိုက်သောအခါ စိတ်လှုပ်ရှားသွားကြသည်။ ၎င်းတို့သည် သူတို့အတွက် မဟာနတ်ပစ္စည်းတစ်ခုဖြစ်ပြီး စစ်မှန်သော ရတနာတစ်ခု ဖြစ်ပေသည်။
“အစ်ကိုသုံး... အခုကစပြီး ဒီနတ်ဒီမွန်းပုံချပ်ကို အစ်ကို ပိုင်သွားပြီ”
ရီဖူရှင်းက ဂူတုံးလျှိုကို ပြောလိုက်၏။
“ကောင်းပြီ...”
ဂူတုံးလျှို ပြောလိုက်၏။ သူသည် အတွန့်တက်မနေတော့ဘဲ ၎င်းကို လက်ခံလိုက်လေသည်။
ရီဖူရှင်းသည် ထိုနေရာမှ ထွက်လာလိုက်ပြီး ရီအင်ပါယာနန်းတော်၏ ကောင်းကင်လှေကားဆီသို့ လာခဲ့လိုက်သည်။ သူသည် မဟာစံအိမ်ရှေ့တွင် ရပ်၍ ရီအင်ပါယာနန်းတော်တစ်ခွင်လုံးကို ငေးကြည့်လိုက်၏။
“သိမ်းငှက်လေး...”
ရီဖူရှင်း ခေါ်လိုက်သည်။ ရုတ်ခြည်းပင် သိမ်းငှက်လေးသည် အဝေးတွင် ၎င်း၏ အတောင်များကို ခတ်လိုက်ပြီး လျှပ်တစ်ပြက်အတွင်း ရီဖူရှင်းအရှေ့တွင် ထွက်ပေါ်လာလေသည်။
“ဆရာ... ဘာကိစ္စရှိလို့ပါလဲ”
“ငါနဲ့ လိုက်ခဲ့”
ရီဖူရှင်းသည် နောက်လှည့်၍ ကျင့်ကြံခြင်းနန်းတော်သို့ သွားလိုက်သည်။ သိမ်းငှက်လေးသည် ရီဖူရှင်းနောက်မှ လိုက်သွားသည်။
“ထိုင်...”
ရီဖူရှင်းက တစ်နေရာကို ညွှန်ပြလိုက်ပြီး သိမ်းငှက်လေးက ရီဖူရှင်းကို နားမလည်နိုင်ဟန်ဖြင့် ကြည့်၍ ထိုင်လိုက်သည်။
ထို့နောက်တွင် ရီဖူရှင်းမှာလည်း သိမ်းငှက်လေးနှင့် မျက်နှာချင်းဆိုင်တွင် တင်ပျဉ်ခွေထိုင်လိုက်၏။ သူသည် သိမ်းငှက်လေးကို ကြည့်လိုက်ပြီး သူ၏စိတ်ကို ဖွင့်လိုက်သည်။ ရုတ်ခြည်းပင် သိမ်းငှက်လေးသည် ရီဖူရှင်း တွေးနေသည်ကို နားလည်သွားတော့သည်။ သူ့မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများ ထွက်ပေါ်လာ၏။ သူသည် ဤအရာကို များစွာ မျှော်လင့်နေသကဲ့သို့ပင်။
ရီဖူရှင်း၏ ခန္ဓာကိုယ်မှနေ၍ နတ်စွမ်းအားတစ်တန်းထွက်ပေါ်လာပြီး သိမ်းငှက်လေး၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။ ထို့နောက်တွင် သူ၏ အတွေးကို လှုပ်ရှားလိုက်ရာ သိမ်းငှက်လေး၏ ဧရာမခန္ဓာကိုယ်ကြီးသည် နေရာမှ ပျောက်ကွယ်သွားသည်။
ရီဖူရှင်း၏ခန္ဓာကိုယ်အတွင်းရှိ လောကအတွင်း၌ အကန့်အသတ်မဲ့ ဟင်းလင်းပြင်တစ်ခု ရှိပေသည်။ သိမ်းငှက်လေးသည် ဟင်းလင်းပြင်ထဲတွင် ထွက်ပေါ်လာ၏။ သူသည် သူ၏အတောင်များကို ခတ်လိုက်ပြီး လောကကြီးကို သူ့မျက်လုံးများနှင့် ကြည့်ရှုလေ့လာလိုက်သည်။ ဤလောကသည် ဆရာ၏ လောကလော။ ၎င်းသည် ပြီးပြည့်စုံသော စကြဝဠာတစ်ခုနှင့် တူပေသည်။
ဝှီး...
သိမ်းငှက်လေးသည် သူ၏အတောင်များကို ခတ်လိုက်ပြီး လေပြင်းတစ်ချက် ဖန်တီးလိုက်သည်။ သူသည် ဟင်းလင်းပြင်ထဲသို့ ပျံသန်းသွားလိုက်၏။ အကန့်အသတ်မဲ့ စကြဝဠာသည် နက်ရှိုင်းသည်ဟု ထင်ရပြီး သိမ်းငှက်လေးအတွက် ဆန်းကြယ်နေသည်။
“လုပ်နိုင်တယ်...”
ရီဖူရှင်း၏ စိတ်ထဲတွင် အတွေးတစ်ခု ထွက်ပေါ်လာ၏။ ယခင်က သူ၏ “ကောင်းကင်လမ်းစဉ်အသေးစား” သည် ပြီးပြည့်စုံပြီးသွားလျှင် ကောင်းကင်ဘုံကဲ့သို့ ဖြစ်လာမည်လောဟု သူတွေးတောခဲ့သည်။
သို့သော် ၎င်းသည် ယခုကဲ့သို့ မပြီးပြည့်စုံသေးလျှင် မည်သို့ ဖြစ်မည်နည်း။
***