← Chapters

ကောင်းကင်မှ ကျဆင်းလာသော အခေါင်းများ

Vol. 198 Ch. 2828

ကောင်းကင်မှ ကျဆင်းလာသော အခေါင်းများ

Vol. 198 Ch. 2828

အချိန်အတန်ကြာပြီးနောက် ရီအင်ပါယာနန်းတော်ထဲတွင် ရီဖူရှင်း၏လောကထဲ၌ ရှိနေသူမှာ သိမ်းငှက်လေးသာ မဟုတ်တော့ပေ။ ရီအင်ပါယာနန်းတော်မှ အရေးပါသောပုဂ္ဂိုလ်များသည်လည်း ရီဖူရှင်း၏လောကထဲသို့ သွား၍ ကျင့်ကြံနေကြသည်။

သိမ်းငှက်လေးအပေါ် စမ်းသပ်ခဲ့မှုသည် အောင်မြင်ခဲ့သည်။ ကောင်းကင်လမ်းစဉ်အသေးစားသည် ယခုအထိ မပြီးပြည့်စုံသေးသော်လည်း ကောင်းကင်လမ်းစဉ်ကဲ့သို့ပင် ဖြစ်နေပြီဖြစ်သည်။ ရီဖူရှင်းက ကောင်းကင်လမ်းစဉ်ဖြစ်သဖြင့် လူများ သူ့လောကထဲသို့ ကျင့်ကြံရန် ဝင်လာသောအခါ အခွင့်အရေးအချို့ကို ချီးမြှင့်ပေးနိုင်ပေသည်။

အားလုံးသည် ကြယ်တာရာလောကအသီးသီးတွင် တင်ပျဉ်ခွေထိုင်နေကြ၏။ ဤကောင်းကင်လမ်းစဉ်၏ စည်းမျဉ်းသည် သူတို့၏ ခန္ဓာကိုယ်များနှင့် ဝိညာဉ်များကို စိန်ခေါ်ကာ သူတို့ကို ဤလောက၏ စည်းမျဉ်းစွမ်းအားနှင့် အံကိုက်ဖြစ်အောင် လုပ်ပေးနေသည်။

သန့်စင်မှု ပြီးသွားသောအခါ ရီဖူရှင်းသည် အခြားသူများကို ‌သူတို့လေ့လာရန်အတွက် မတူသော စည်းမျဉ်းနတ်စွမ်းအားများ ပေးလိုက်သည်။

ဓားဧကရာဇ်အရှင်အတွက် သူ့ခန္ဓာကိုယ်ပေါ်သို့ ဓားလမ်းစဉ်စည်းမျဉ်း ကျဆင်းလာပြီး သူ့ကို ကောင်းကင်လမ်းစဉ်အသေးစား၏ စည်းမျဉ်းနတ်စွမ်းအားကို အာရုံခံစေခဲ့သည်။

သခင်ချန်သည် ကြယ်တာရာများ၏ နတ်အလင်းအောက်တွင် ကျင့်ကြံနေသည်။

တာအိုဘုန်းတော်ကြီးမူသည် နေမင်း၏ နတ်အလင်းအောက်တွင် ကျင့်ကြံနေ၏။

ရီဖူရှင်းသည် ကျင့်ကြံသူအားလုံးကို မတူသော အခွင့်အရေးအမျိုးမျိုး ပေးခဲ့သည်။ ထို့အပြင် ကောင်းကင်လမ်းစဉ်အသေးစားသည် ဆက်၍ ဆင့်ကဲပြောင်းလဲကာ ပြီးပြည့်စုံလာပြီး ကျင့်ကြံခြင်းအတွက် ပို၍ သင့်တော်လာသဖြင့် သူသည်လည်း ရီအင်ပါယာနန်းတော်မှ လူများနှင့်အတူ တိုးတက်လာလေသည်။

ဤလောကထဲ၌ ရီဖူရှင်း၏ပုံရိပ်သည် ဟင်းလင်းပြင်ထဲတွင် ထွက်ပေါ်လာ၏။ သူသည် အောက်ဘက်သို့ ငေးကြည့်သည်။ သူ့ဘေးတွင် လူတစ်ယောက်ရှိနေ၏။ ထိုသူမှာ ဟွာဂျီယူဖြစ်သည်။

“ရှေးခေတ်တုန်းက ကောင်းကင်လမ်းစဉ်အောက်မှာ တပ်ဖွဲ့ရှစ်ဖွဲ့ ရှိခဲ့တယ်”

ဟွာဂျီယူ ပြောလိုက်၏။

“နင့်ရဲ့ ကောင်းကင်လမ်းစဉ် ပြီးပြည့်စုံသွားရင် ရီအင်ပါယာနန်းတော်က စွမ်းအားကြီးကျင့်ကြံသူတွေက ကောင်းကင်လမ်းစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းကို အုပ်ချုပ်ရမယ့်တာဝန်ကို ယူနိုင်လိမ့်မယ်”

“မင်းလည်း အဲဒီလို တွေးတာပဲလား”

ရီဖူရှင်း ရယ်၍ မေးလိုက်သည်။ ဟွာဂျီယူ၏အတွေးသည် သူ့အတွေးနှင့်အတူတူပင် ဖြစ်သည်။ အနာဂတ်တွင် ကောင်းကင်လမ်းစဉ်သည် သူ့လူများ၏ အုပ်ချုပ်မှုကို ခံရမည်ဖြစ်သည်။

“တာအိုဘုန်းတော်ကြီးမူက နေနတ်ဘုရားအဖြစ်နဲ့ နေကို စီမံအုပ်ချုပ်‌ပေါ့”

ဟွာဂျီယူက တည်ငြိမ်စွာ ပြောလိုက်၏။ သူမသည် ထိုစကားကို ပေါ့ပေါ့တန်တန် ပြောလိုက်ခြင်း မဟုတ်ပေ။ သူမသည် အနာဂတ်အတွက် တွေးတောနေပြီဖြစ်သည်။

“သခင်ချန်က ကြယ်တာရာနတ်ဘုရားအနေနဲ့ ကြယ်တာရာတွေကို စီမံအုပ်ချုပ်နိုင်တယ်။ ဒီမွန်းနတ်ဘုရားတောင်ကုန်းက ဒီမွန်းတွေကတော့ သူတို့ရဲ့ ကိုယ်ပိုင်ဒီမွန်းမျိုးနွယ်တွေရဲ့ နတ်ဘုရားတွေ လုပ်ကြပေါ့။ ဒါပေမဲ့ ဒီမွန်းနတ်ဘုရားတွေရဲ့ မျိုးနွယ်တွေကို ဦးဆောင်အုပ်ချုပ်မယ့် တစ်ယောက်တော့ လိုလိမ့်မယ်။ အဲဒီတာဝန်ကို အစ်ကိုသုံး ယူနိုင်လောက်တယ်။ ချင်းယွမ်က အသက်လမ်းစဉ်ကို ကျင့်ကြံတာဆိုတော့ သူက အသက်နတ်ဘုရား တာဝန်ယူနိုင်တယ်။ လေးမျက်နှာရွာက လူတွေကတော့ ကောင်းကင်လမ်းစဉ်ကို ကာကွယ်နိုင်တယ်”

“ကောင်းကင်လမ်းစဉ်အသေးစားက ပြီးပြည့်စုံသွားပြီးတော့ ကောင်းကင်လမ်းစဉ်ကို အစားထိုးနိုင်လိမ့်မယ်လို့ မင်းက ဒီလောက် ယုံကြည်မှု ရှိနေပြီလား”

ရီဖူရှင်းသည် ပြုံး၍ မေးလိုက်၏။

“ဒါပေါ့...”

ဟွာဂျီယူ ခေါင်းညိတ်လိုက်သည်။

“အဲဒီလိုဆိုလည်း မင်းက ဒီကောင်းကင်လမ်းစဉ်ရဲ့ ဧကရီဖြစ်လာရလိမ့်မယ်”

ရီဖူရှင်း ပြုံးကာ ပြောလိုက်၏။ ယခင်က သူ၏ မွေးစားအဖေ မျှော်လင့်ခဲ့သော အရာအားလုံးသည် ယခုတွင် လက်တစ်ကမ်းသာ လိုတော့ပေသည်။ သို့သော် သူသည် ယခုအထိ ပေါ်မလာသေးပေ။

သူ မည်သည့်နေရာတွင် ရှိနေသနည်း။ သူ မည်သည့်အရာများကို စီစဉ်နေသနည်း။

“နောက်ပြဿနာတစ်ခု ရှိသေးတယ်”

ရီဖူရှင်း ဆက်ပြောလိုက်၏။

“ဒီကောင်းကင်လမ်းစဉ်အသေးစားက အဆက်မပြတ် ဆင့်ကဲပြောင်းလဲပြီး တိုးတက်နေတယ်... ပြီးတော့ ငါ့ရဲ့ စွမ်းရည်တွေကလည်း စွမ်းအားကြီးလာတယ်ဆိုတာ ခံစားနေရတယ်။ ဒါပေမဲ့ ကောင်းကင်လမ်းစဉ်အသေးစားကို ပြီးပြည့်စုံ‌အောင် လုပ်နိုင်မယ့် နည်းလမ်းကို ငါ မသိဘူး။ ငါ အဲဒီနည်းလမ်းကို ဘယ်သူ့ဆီကမှလည်း သင်လို့ မရဘူး။ အတိတ်တုန်းက လမ်းစဉ်ကို ဖျက်ဆီးခဲ့တဲ့ ကျင့်ကြံသူတွေကလည်း ငါနဲ့ မတူတဲ့ နည်းလမ်းတွေနဲ့ ကျင့်ကြံခဲ့တာ ဖြစ်မယ်။ ငါက ထူးခြားတဲ့လမ်းတစ်ခုကို လျှောက်နေရတာပဲ။ ဒီတော့ ကောင်းကင်လမ်းစဉ်အသေးစားကို ပြီးပြည့်စုံအောင် လုပ်နိုင်မယ့် နည်းလမ်းကို ငါ အခုထိ ရှာမတွေ့သေးဘူး။ အဲဒီနည်းလမ်းကို တွေ့ဖို့ အချိန်အများကြီး ကြာနိုင်တယ်”

မဟာအင်ပါယာဖြစ်လာနိုင်မည့်အဆင့်သို့ ရောက်သွားပြီးလျှင် သေချာပေါက် မဟာအင်ပါယာတစ်ပါး ဖြစ်လာမည်ဖြစ်သည်။ အချိန်တစ်ခုသာ လိုအပ်ပေသည်။ ကောင်းကင်လမ်းစဉ် အောက်တွင် ကျင့်ကြံစေကာမူ အချိန်တစ်ခု လိုပေသေးသည်။

သို့သော် သူကတော့ မတူပေ။ သူ့တွင် သူ၏ကိုယ်ပိုင် ကောင်းကင်လမ်းစဉ်အသေးစား ရှိပေသည်။ သူသည် သူ့ကိုယ်သူ မည်သို့ ပြီးပြည့်စုံအောင် လုပ်ရမည်နည်း။

သူသည် ယခုအထိ အဖြေကို မတွေ့သေးပေ။

“နင်က အခုလို အခြေအနေတစ်ခုကိုတောင် ဖန်တီးနိုင်တယ်ဆိုတော့ အဖြေတစ်ခု ရမှာပါ”

ဟွာဂျီယူ ပြောလိုက်၏။

“အခု ကောင်းကင်လမ်းစဉ်အသေးစားကတောင် တခြားဘုံတွေအားလုံးနဲ့ ဆင်တူနေပြီ။ ဆင့်ကဲပြောင်းလဲတာက ပုံမှန်ဆိုလည်း အချိန်အများကြီး လိုအပ်တာပဲ။ ကောင်းကင်လမ်းစဉ်အသေးစားသာ နောက်ဆုံးအဆင့်ရောက်သွားရင် သာမန် မဟာအင်ပါယာတွေထက် ပိုပြီး စွမ်းအားကြီးသွားလိမ့်မယ်လို့ ငါ ခံစားရတယ်။ တခြား မဟာအင်ပါယာတွေက ယှဉ်နိုင်မှာ မဟုတ်ဘူး”

“အင်း...”

ရီဖူရှင်း ခေါင်းညိတ်လိုက်၏။

“ငါလည်း အဲဒီလိုပဲ တွေးတယ်။ အဲဒါကို ပြီးပြည့်စုံအောင် လုပ်ဖို့ လွယ်မှာ မဟုတ်ဘူး... ဒါပေမဲ့ အဲဒါ ပြီးပြည့်စုံသွားရင်လည်း အဲဒါက တခြားအရာအားလုံးရဲ့ အထက်ကို ရောက်သွားပြီး သာမန် မဟာအင်ပါယာတွေထက် စွမ်းအားပိုကြီးသွားလိမ့်မယ်”

“ဒါပေမဲ့ ငါ စိုးရိမ်တာက ငါ့ရဲ့လမ်းစဉ် မပြီးပြည့်စုံခင် ရှေးဟောင်းအင်ပါယာတွေက သူတို့ရဲ့လမ်းစဉ်ကို ပြီးပြည့်စုံအောင် လုပ်နိုင်သွားပြီး မဟာအင်ပါယာအဆင့်ကို ရောက်သွားမှာကိုပဲ”

ရီဖူရှင်း ပြောလိုက်၏။ ထိုရှေးဟောင်းအင်ပါယာများသည် ကျင့်ကြံခြင်းလမ်းစဉ်ကို တစ်ဖန်ပြန်လည် လျှောက်လှမ်းရသည် မဟုတ်ပါလား။

ယခုတွင် သူတို့သည် ထိုကဲ့သို့သော အခွင့်အရေးတစ်ခုကို ရခဲ့ပြီးဖြစ်သည်။

သူတို့ အင်ပါယာအဆင့်သို့ ရောက်ရန် လိုအပ်သည့်အချိန်သည် သူ့ထက် တိုပေလိမ့်မည်။ သူတို့သည် သူ့အရင် အင်ပါယာအဆင့်သို့ ရောက်သွားနိုင်ပေသည်။

*****

ရီဖူရှင်း တွေးထားသည့်အရာသည် အမှန်ပင် ဖြစ်လာလေသည်။ ထိုရှေးဟောင်းအင်ပါယာများသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက မဟာအင်ပါယာများ ဖြစ်ခဲ့ဖူးသည်။ သူတို့ မဟာအင်ပါယာဖြစ်လာနိုင်မည့်အဆင့်သို့ ရောက်သွားပြီးနောက်တွင် မဟာအင်ပါယာအဆင့်သို့ ရောက်နိုင်ရန် မခဲယဉ်းတော့ချေ။

ကောင်းကင်ဒေသ၏ ရှေးဟောင်းနတ်ဘုရားကလန်များမှ ရှေးဟောင်းအင်ပါယာများသည် မဟာအင်ပါယာဖြစ်လာနိုင်မည့်အဆင့်သို့ အရင်ဆုံး ရောက်သွားသူများဖြစ်သည်။

ရီအင်ပါယာနန်းတော်ထဲတွင် ကျင့်ကြံနေသော ရီဖူရှင်းသည် ကျင့်ကြံရင်းတန်းလန်း နှောင့်ယှက်ခံခဲ့ရသည်။

အပြင်လောကမှနေ၍ လွန်စွာ တုန်လှုပ်ဖွယ်ကောင်းသော သတင်းတစ်ခု ရောက်လာပေသည်။ ထိုသတင်းသည် ရီအင်ပါယာနန်း‌တော်အတွက် သတင်းဆိုးပေ။

ထိုနေ့က ကောင်းကင်ဘုံတွင် ကျိဝူတောက်သည် အားလုံးကို ထွက်သွားစေခဲ့သည်။ ကောင်းကင်အင်ပါယာနန်းတော်နှင့် ပူးပေါင်းမည့်သူများသာ ကျင့်ကြံရန် ကျန်ခဲ့နိုင်ပေသည်။ သို့သော် ထို့နောက်တွင် သူသည် မဟာအင်ပါယာဖြစ်လာမည့်သူတစ်စုနှင့် အကျိုးတူ ပူးပေါင်းခဲ့သည်။

မဟာအင်ပါယာဖြစ်လာမည့်သူများစွာသည် ကျင့်ကြံရန်အတွက် ကောင်းကင်(၉၉)လွှာတွင် နေခဲ့ကြသည်။

ထိုသူတို့ထဲတွင် အရှင်ဟောင်ထျန်းလည်း ပါဝင်ပေသည်။ အရှင်ဟောင်ထျန်းသည် ကောင်းကင်(၉၉)လွှာတွင် ကျင့်ကြံရင်း သူ၏မဟာလမ်းစဉ်ကို ပြီးပြည့်စုံအောင် လုပ်နိုင်ခဲ့ပြီး အင်ပါယာအဆင့်သို့ ရောက်သွားခဲ့သည်။

သတင်းအရ ကောင်းကင်လမ်းစဉ်သည် စိတ်အားတက်ဖွယ် မြင်ကွင်းတစ်ခုကို ဖြစ်စေခဲ့သည်ဟု သိရ၏။ မဟာအင်ပါယာ၏ နတ်အလင်းသည် ကောင်းကင်(၉၉)လွှာလုံးကို လွှမ်းခြုံထားပြီး မရေမတွက်နိုင်အောင် များပြားသော ကျင့်ကြံသူများအပေါ် အလင်းပေးခဲ့လေသည်။

လောကထဲတွင် အင်ပါယာအသစ်တစ်ပါး မွေးဖွားလာပေပြီ။

ထိုသတင်းသည် လောကတစ်ခွင်လုံးတွင် အလွန်လျင်မြန်စွာ ပျံ့နှံ့သွားပြီး နေရာအနှံ့သို့ ရောက်ရှိသွားသည်။

လက်ရှိတွင် ဘုံခုနစ်ခုနှင့် နတ်ဘုရားကုန်းမြေသည် ထိုအကြောင်းကိုသာ ပြောဆိုဆွေးနွေးနေကြသည်။

အင်ပါယာခြောက်ပါးအပြင် ယခုတွင် ခုနစ်ပါးမြောက် မဟာအင်ပါယာတစ်ပါး ထွက်ပေါ်လာပြီဖြစ်သည်။ ထိုသတင်းသည် တုန်လှုပ်ဖွယ် သတင်းပင်။

အရှင်ဟောင်ထျန်းသည် ရှေးခေတ်မှ မဟာအင်ပါယာတစ်ပါးဖြစ်သည်။ သူသည် အတိတ်တွင် မည်မျှ စွမ်းအားကြီးခဲ့ကြောင်း မည်သူမျှ မသိသော်လည်း သူ့အမည်သည် လွန်စွာ ကြီးကျယ်ပေသည်။ သူ အင်ပါယာဖြစ်လာသောအခါ လောကကြီးသည် ထူးဆန်းသည့်အဖြစ်အပျက်တစ်ခုကို ဖြစ်စေခဲ့သည်။ ကောင်းကင်လမ်းစဉ်သည် တုံ့ပြန်ခဲ့ပြီး ကောင်းကင်(၉၉)လွှာမှ ကျင့်ကြံသူများအားလုံးသည် နတ်အရှိန်အဝါကို ခံစားခဲ့ရသည်။ သူတို့သည် သူ့အ‌ပေါ် ကြည်ညိုလေးစားစိတ်များ ဖြစ်ခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် အားလုံးသည် အခြားတစ်ခုကို တွေးမိသွားခဲ့ကြ၏။

အစောက ကောင်းကင်(၉၉)လွှာတွင် ရီဖူရှင်းသည် လွန်စွာ လွှမ်းမိုးနိုင်ခဲ့ပြီး စွမ်းအားကြီး ကျင့်ကြံသူအားလုံးကို ရှိန်သွားအောင် တစ်ကိုယ်တော် လုပ်နိုင်ခဲ့သည်။ ရီဖူရှင်းသည် မဟာအင်ပါယာအဆင့်သို့ ရောက်သွားပြီး ပြိုင်ဘက်ကင်းပုဂ္ဂိုလ်တစ်ဦး ဖြစ်လာလိမ့်မည်ဟု သူတို့အားလုံး ယုံကြည်ခဲ့ကြသည်။ သူသည် အရှင်ဒွန်ဟောင်နှင့် တိုက်ခိုက်ရလောက်သည်၊ သို့မဟုတ် သူသည် အရှင်ဒွန်ဟောင်ကိုပင် နန်းချပစ်နိုင်လောက်သည်ဟု သူတို့ ထင်ခဲ့ကြသည်။

လောကကြီးသည် ခန့်မှန်း၍မရဘဲ အလွန်လျင်မြန်စွာ ပြောင်းလဲသွားလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားကြပေ။

အရှင်ဟောင်ထျန်းသည် ပြီးပြည့်စုံစွာ ပြန်လာနိုင်ခဲ့ပြီဖြစ်ပြီး အင်ပါယာအဆင့်သို့ ရောက်သွားခဲ့သည်။ သူသည် မည်သို့ ရီဖူရှင်းကို ဆက်အသက်ရှင်ခွင့် ပြုမည်နည်း။

ခေတ်တစ်ခေတ်ကို လှုပ်ခတ်စေခဲ့သော ထိုပါရမီရှင်သည် အသည်းအသန်အခြေအနေတစ်ခုနှင့် ထပ်မံ ရင်ဆိုင်ရပေပြီ။ သူသည် အရှင်ဟောင်ထျန်း၏လက်ထဲတွင် သေသွားနိုင်ပေသည်။ သူသည် မဟာအင်ပါယာအဆင့်သို့ပင် မရောက်နိုင်လောက်တော့ချေ။

ရီဖူရှင်းသည် ထိုသတင်းကို ကြားလိုက်ရသောအခါ ရီအင်ပါယာနန်းတော်သည် မဟာရန်သူတစ်ယောက်နှင့် ရင်ဆိုင်နေရပြီဖြစ်ကြောင်း သိလိုက်သည်။ စွမ်းအားကြီးကျင့်ကြံသူများသည် ရီအင်ပါယာနန်း‌တော်၏ အနီးပတ်ဝန်းကျင်နေရာများသို့ တဖွဲဖွဲ ရောက်လာကြသည်။ အချို့သည် ရီအင်ပါယာနန်းတော်၏ လှုပ်ရှားမှုများကိုပင် လျှို့ဝှက်ထောက်လှမ်းခဲ့လေသည်။

ထိုနေ့တွင် ရီအင်ပါယာနန်းတော်အပြင်ဘက်ရှိ ကောင်းကင်ထက်မှနေ၍ နတ်အလင်းတန်းများ ဖြာကျလာသည်။ လူပေါင်းများစွာသည် မော့ကြည့်လိုက်ကြပြီး ဖြာကျလာသော နတ်အလင်းများကို အံ့ဩတကြီး ကြည့်လိုက်ကြသည်။

မဟာအင်ပါယာ လာပြီလော။

ထို့နောက်တွင် စွမ်းအားကြီးကျင့်ကြံသူအားလုံး၏ အံ့အားသင့်နေသောအကြည့်များအောက်မှာပင် နတ်အလင်းတန်းများကြားမှနေ၍ ရွှေရောင်ပစ္စည်းများစွာ ကျဆင်းလာလေသည်။ ၎င်းတို့သည် ရီအင်ပါယာနန်းတော်ဆီသို့ ကျဆင်းလာခြင်းဖြစ်ပြီး ရီအင်ပါယာနန်းတော်အထက်ရှိ အာကာပြင်တွင် ဆင်းသက်သွားကြသည်။

“အခေါင်းတွေ...”

ကောင်းကင်မှနေ၍  ရွှေရောင်အခေါင်းများ ကျဆင်းလာကာ ရီအင်ပါယာနန်းတော်အထက်ရှိ အာကာပြင်တွင် ဆင်းသက်သွားကြ၏။ ၎င်းတို့သည် အရပ်မျက်နှာအနှံ့တွင် ရှိနေသည်။

အန္တရာယ်ကို ရှောင်၍ မရတော့ချေ။

***

All Chapters