← Chapters

ပျော်ရွှင်မှု

Vol. 160 Ch. 2236

ပျော်ရွှင်မှု

Vol. 160 Ch. 2236

ဝူလင်းယူသည် ဤအဆင့်ထိကောင်းလွန်လာသော်လည်း ကလေးနှစ် ယောက်ကို ကြောက်လန့်စေတုန်းပင်။ ဝူရှောင်းသောင့်သည် ငိုနေကာ ဝူချီယောင်၏ မျက်လုံးများသည် နီရဲနေသည်။

ကလေးနှစ်ယောက်ကို ကြောက်သွားစေမိသည်ကို ဝူလင်းယူမြင်သော အခါ အိပ်ရာပေါ်မှဆင်းပြီး တစ်ယောက်တစ်ဖက်စီချီကာ ပြောလိုက်သည် “ဖေဖေ ဘာမှမဖြစ်ဘူး ကြည့်လေ သမီးတို့ကိုဖက်နိုင်နေတုန်းပဲ”

“တကယ်လား” ဝူရှောင်းသောင့်၏ မျက်ရည်ဝဲနေသောမျက်လုံးများသည် သူ့ရင်ကို နာကျင်သွားစေသည်။

“ဒါပေါ့.. ဖေဖေက လိမ်မယ်ထင်လို့လား” ဝူလင်းယူသည် ကလေးနှစ် ယောက်နှင့် ပတ်သက်လာလျှင် အလွန်စိတ်ရှည်သည်။

ထိုစဉ်က ရှီမာယူယူ ကိုယ်ဝန်ရှိသည်ကိုပင် မသိခဲ့ကာ ကလေးမွေးဖွား သည့်အချိန်မတိုင်ခင်ကအထိ မတွေ့ခဲ့ရပေ။ သူတို့မွေးဖွားလာချိန်တွင် သူတို့ ကို အဖော်မပြုရသဖြင့် ကလေးနှစ်ယောက်အပေါ်တွင် အပြစ်မကင်းသလို ခံစားရသည်။

ရှီမာယူယူသည် သူ၏ဒဏ်ရာများကို စိုးရိမ်နေသည်။ ထို့ကြောင့် သူမ သွားပြီး ဝူချီယောင်ကိုချီကာ မေးလေသည် “ဒီတစ်ခေါက် ဘယ်လောက်ကြာ အောင်နေရမှားလဲ သမီးတို့ကို ဘယ်အချိန်ပြန်လာခေါ်မယ်လို့ ဦးလေးဟေးဒီးစ် ပြောသွားလဲ”

“သမီးတို့က ၆ နှစ်လည်းရှိပြီ အချိန်တစ်ခုလောက်တော့ ပြန်လာဖို့မလို ဘူးလို့ ဦးလေးဟေးဒီးစ်ပြောတယ်” ဝူရှောင်းသောင့်ပြောလေသည်။

“မေမေတို့ လက်ထပ်ပြီးမှ သားတို့ကိုပြန်လာခဲ့လို့ ဦးလေးဟေးဒီးစ်က ပြောတယ်” ဝူချီယောင်သည် ပို၍တိကျသည်။

သူတို့ သွားရဦးမည်ဖြစ်သဖြင့် ရှီမာယူယူအနည်းငယ် စိတ်အားပျက်သွား သည်။

“မေမေအားသွားရင် သားတို့နဲ့ပြန်လိုက်ခဲ့ပါလို့ ဦးလေးဟေးဒီးစ်ပြော လိုက်တယ်” ဝူချီယောင် ထပ်ပြောလေသည်။

ထိုအခါမှပင် ရှီမာယူယူ အားတက်သွားသည်။

ဝူလင်းယူနိုးလာပြီး တစ်မိသားစုလုံး ပျော်ပျော်ရွှင်ရွှင် ပြန်ဆုံကြသည်ကို ဟုန်ယွမ် မြင်သောအခါ တခြားသူများနှင့် ပြန်ထွက်မည်ပြုသည်။ ထိုအချိန်တွင် ဝူလင်းယူ၏အသံသည် အထဲမှထွက်လာသည် “ဝင်လာခဲ့”

ဟုန်ယွမ်သည် တခြားသူများနှင့် ဝင်လာကြသည်။ အားလုံး၏ အာရုံမှာ ကလေးနှစ်ယောက်ဆီသို့ ရောက်နေကြသည်။ သူတို့သည် ဝူလင်းယူနှင့် ရှီမာယူယူတို့မှ မွေးလာသည့် ကလေးနှစ်ယောက်ကို အလွန်သိချင်နေကြ သည်။

“ဒါကရှောင်းသောင့်နဲ့ ချီယောင်လေ.. ငါတို့လူသားလောကမှာရှိတုန်းက မွေးတဲ့ ငါနဲ့ရှီမာယူယူတို့ရဲ့ ကလေးတွေပဲ အမွှာတွေ”

သူတို့သည် အမွှာဟုဆိုသော်ငြား တစ်ယောက်သည် အဖေနှင့်တူပြီး တစ် ယောက်မှာ အမေနှစ်တူသည်။ အလွန်ပင်အံ့ဩဖွယ်ကောင်းသည်။

ရှီမာယူယူ နှုတ်ခမ်းဆူလိုက်သည်။ အမွှာမိန်းကလေးနှင့် ယောက်ျားလေး တို့ တူနေလျှင် ထိုအရာကသာထူးဆန်းနေလိမ့်မည်။ သို့သော် ထပ်တူကျသည့် အမွှာနှင့် ညီအစ်ကိုအမွှာတို့ကြားမှ ကွာခြားချက်ကို သူတို့နားမလည်ပေ။

“မင်းသားနဲ့မင်းသမီးတို့ကို နှုတ်ဆက်ပါတယ်” အားလုံးသည် ကလေးနှစ် ယောက်ကို ဦးညွှတ်ကြလေသည်။

“ထကြပါ” ဝူချီယောင်သည် ပျာယာခတ်သွားခြင်းမရှိဘဲ လက်ကိုဝှေ့ ယမ်းကာ ခပ်သာသာပင်ပြောလိုက်သည်။

သူသည် အမှန်တကယ်ပင် မင်းသားတစ်ပါးအသွင်ရှိသည်။

ဝူရှောင်းသောင့်သည် သူမ၏မိခင်ကို လိုက်တုကာ နှုတ်ခမ်းဆူလေသည်။ သူတို့ မရဏာလောကတွင်ရှိစဉ်က ဤကဲ့သို့မြင်ကွင်းမျိုးကို အကြိမ်ပေါင်းများ စွာ ကြုံတွေ့ခဲ့ရသည်။ အခုလူတွေအများကြီးမှမရှိတာ ဘယ်လိုလုပ် ပျာယာ ခတ်သွားမလဲ။

ကလေးနှစ်ယောက်မှာ တည်ငြိမ်နေသဖြင့် ထိုလူများကို ပို၍အံ့အားသင့် စေသည်။ သူတို့သည် ငယ်ငယ်ရွယ်ရွယ်နှင့်ပင် ဤကဲ့သို့ခံနိုင်ရည်ရှိကြသည်။ တစ်ချက်ကြည့်လိုက်သည်နှင့် သူတို့ကို သာမန်လူမှပျိုးထောင်ထားခြင်းမဟုတ် သည်ကို သိနိုင်သည် “အစောက မင်းသားနဲ့မင်းသမီးကိုမမြင်မိပါဘူး သူတို့က ဒီကိုဘယ်လိုရောက်လာကြတာလဲ” ဟုန်ယွမ်သည် တိုက်ရိုက်ပင်မေးလိုက်၏။ သို့သော် ထိုမေးခွန်းသည် အားလုံး၏စိတ်ထဲတွင်တွေးနေသည့် မေးခွန်းပင်ဖြစ် သည်။

“သူတို့က မွေးကတည်းက မရဏာလောကမှာနေခဲ့တာ.. အခုမရဏာ လောကနေ တိုက်ရိုက်လာခဲ့ကြတာပဲ” ရှီမာယူယူ ပြောလိုက်သည်။

ဝူလင်းယူသည် အနည်းငယ် အံ့အားသင့်သွားသည်။

ရှီမာယူယူသည် သူ့ကိုကြည့်ပြီး အဆင်ပြေသည်ဟု ညွှန်ပြလေသည်။ ယခုအချိန်တွင် ဟေးဒီးစ်သည် မရဏာလောကမှကိစ္စများကို ပွင့်လင်းမြင်သာ စွာလုပ်ဆောင်နေပြီဖြစ်သည်။ သူ ကလေးနှစ်ယောက်ကို ဤကဲ့သို့ အသာ တကြည်ပို့လိုက်သည်မှာ ထိုအရာသည် သူ့ကိုအနှောင့်အယှက်မဖြစ်သည်မှာ သေချာသည်။

ဟုန်ယွမ်သည် မျက်ခုံးများကို ပင့်တင်လိုက်သသည်။ သူသည် မရဏာ လောကအကြောင်းသိသည်။ သို့သော် ကလေးနှစ်ယောက်သည် မရဏာလော ကနှင့် ဆက်ဆံရေးကောင်းလိမ့်မည်ဟုထင်မထားပေ။

သူတို့သည် တခြားလောကတွင် ကြီးပြင်းလာခဲ့ကြသည်။ သူသည် ဝူလင်းယူ၏ အချစ်ရေးအကြောင်းသိသည်။ ဆိုလိုသည်မှာ သူနှင့် ဟေးဒီးစ်တို့ ကြားမှ ဆက်ဆံရေးသည်လည်း မရှင်းလင်းလှပေ။ သို့သော် သူ ထပ်မမေးတော့ ပေ။

“ကိစ္စတွေ ဘယ်လိုနေလဲ” ဝူလင်းယူ မေးလိုက်သည်။

“လုပ်စရာတွေ အများကြီးရှိပါသေးတယ် ဒါပေမဲ့ အကုန်လုံးက အရှင့် ကျန်းမာရေးကိုစိတ်ပူနေကြလို့ ကျုပ်တို့လာကြည့်တာပါ.. အရှင် အဆင်ပြေပြီ ဆိုတော့ ပြန်ပြီးကိုယ့်အလုပ်ကိုယ် သွားလုပ်လိုက်ပါမယ်” ဟုန်ယွမ် ပြန်ဖြေ၏။

“ကြိုးစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” ဝူလင်းယူသည် ခေါင်းညိတ်ပြရာ ဟုန်ယွမ်သည် အားလုံးကို ဦးဆောင်ထွက်သွားလေသည်။

မကြာမီတွင် ဝူလင်းယူနှင့် ရှီမာယူယူတို့တွင် ကလေးနှစ်ယောက်ရှိသည့် သတင်းသည် ပြန့်သွားတော့သည်။

မိုလော့သေဆုံးပြီးနောက် နတ်ဆိုးလောကတွင် ကိုင်တွယ်ရမည့်ကိစ္စ များစွာရှိလေသည်။ ဝူလင်းယူနိုးလာပြီး နေ့တစ်ဝက်ကြာသည့်အချိန်၌ သူထွက် သွားပြီး နှစ်ရက်မျှပြန်မလာပေ။ ဝူရှောင်းသောင့်နှင့် ဝူချီယောင်တို့ကို ရှီမာယူ ယူအဖော်ပြုပေးပြီး သားရဲများစွာနှင့်လည်း ကစားနေကြရာ သူတို့၏ဖခင်ကို ပင် မတွေးမိကြပေ။

နှစ်ရက်ကြာပြီးနောက် ဝူလင်းယူသည် နန်းတော်သို့ပြန်လာရာ ဝူရှောင်း သောင့်သည် သူ့ဆီသို့ပြေးသွားသော်လည်း လဲကျသွားသည်ကို မြင်လိုက်ရ၏။ သူသည် သူမဆီသို့ ခြေနှစ်လှမ်းဖြင့် ရောက်အောင်လျှောက်သွားပြီး သူမကိုချီ ကာ နူးညံ့စွာပြောလေသည် “လဲတာနာသွားသေးလား”

“မနာဘူး.. ဦးလေးဟေးဒီးစ်က သမီးကိုပေးထားတဲ့ ရတနာတစ်ခုရှိတယ် အဲဒါက မနာဘူး” ဝူရှောင်းသောင့်သည် သူမ၏ဖခင်ကိုဖက်ပြီး ဂုဏ်ယူစွာဖြင့် ပြောလေသည်။

ဝူလင်းယူသည် မျက်ခုံများကို ပင့်လိုက်သည်။ ဝူချီယောင်သည် အနောက် မှထွက်လာပြီး ရှင်းပြလေသည် “ဦးလေးဟေးဒီးစ်က သူမအတွက် သံချပ်ကာ လုပ်ပေးထားတယ်.. အဲဒါကိုသူမဝတ်ထားတာလေ.. သူမ လဲကျတာနဲ့ ဝိညာဉ် အတားအဆီးက အလိုလိုအသက်ဝင်လာတာ.. ဒါပေမဲ့ ပါးလွန်းတော့ ဘယ်သူမှ မတွေ့ရဘူး”

“ဦးလေးဟေးဒီးစ်က သမီးအတွက်ကိုယ်တိုင်လုပ်ပေးတာလား”

“ဟုတ်တယ် ဟုတ်တယ် ဦးလေးဟေးဒီးစ်က သမီးအတွက်လုပ်ပေးတာ သူလုပ်တာကို သမီးကြည့်ပေမဲ့ ဘာမှနားမလည်ဘူး” ဝူရှောင်းသောင့်သည် ခေါင်းညိတ်ပြီးပြောလေသည် “အဲဒီရှုပ်ယှက်ခတ်နေတဲ့ ပစ္စည်းတွေကြောင့် သမီး မျက်လုံးတောင်နာသွားသေးတယ်”

“အဲဒါတွေကို သွားယူဖို့လုပ်ရင်းနဲ့ လဲကျသွားသေးတယ်လေ” ဝူချီယောင် သည် သူမ၏ အကြောင်းကို ဖော်လေသည်။

“ဝူချီယောင် ငါ နင့်ကိုရိုက်မယ်” ဝူရှောင်းသောင့်သည် အနည်းငယ်ရှက်ရွံ့ သွားကာ သူမ၏လျှို့ဝှက်ချက် အဖော်ခံလိုက်ရသည့်အတွက် ဝမ်းနည်းသွား သည်။ သူမသည် သူမ၏လက်ကလေးကို လက်ဝှေ့ယမ်းလိုက်သည်။

သူတို့သည် ဆယ်ကျော်သက်အရွယ်တွင် စတင်ကျင့်ကြံပါက သာမန် ကလေးများမဟုတ်နိုင်တော့ပေ။ ဟေးဒီးစ်နှင့်နေသောအခါ သူတို့သည် ၂ နှစ် သားအရွယ်ကပင်စတင်ခဲ့သည်။ ဝူရှောင်းသောင့်၏ အားအင်သည် သခင် တစ် ယောက်ဟုပင် တွေးလိုံရကာ ဝူချီယောင်နှင့် သိပ်မကွာလှပေ။

သို့သော် ထိုကိစ္စနှင့်မဆိုပေ။ သူသည် ယောက်ျားလေးဖြစ်ပြီး သူမကို ကာကွယ်ရမည်ဖြစ်သည်။ သူ အားနည်းလျှင် ကာကွယ်ရမည်ဖြစ်သည်။

ရှီမာယူယူသည် ဘေးတွင်ရပ်ပြီး ကလေးနှစ်ယောက်ကို ကြည့်နေသည်။ သူမ၏မျက်လုံးထဲတွင် ကွယ်ဝှက်နေသော အပြုံးရှိလေသည်။ ဝူလင်းယူသည် ဝူချီယောင်ကိုပါ ကောက်ချီပြီး သူမဆီသို့လျှောက်သွားလေသည်။

“ဒီတစ်ခေါက်က ဘာလို့ပြန်လာတာလဲ.. အလုပ်တွေပြီးသွားပြီလား” ရှီမာယူယူသည် ပြုံးပြီး ဝူချီယောင်ကို ‌ယူချီလိုက်၏။

ဝူလင်းယူသည် ခေါင်းခါလိုက်သည် “မင်းတို့အားလုံးကို လာကြည့်တာ လေ”

“ဖေဖေ သမီးတို့ကိုတွေ့ဖို့နဲ့ ပြန်လာဖို့မလိုပါဘူး” ဝူရှောင်းသောင့်သည် အလေးအနက်ပင်ပြောလေသည်။

“ဘာလို့လဲ ဖေဖေ့ကိုမလွမ်းဘူးလား” ဝူလင်းယူ၏ ဝမ်းနည်းနေသော မျက်နှာထားသည် ဟန်မဆောင်နိုင်တော့ပေ။

“မဟုတ်ဘူးလေ ဖေဖေသာ အလုပ်စောစောပြီးရင် မေမေ့ကို စောစော လက်ထပ်လို့ရတာပေါ့” ဝူရှောင်းသောင့်သည် လေးနက်စွာပြောလေသည်။

ဝူလင်းယူသည် လက်ဆန့်ထုတ်ပြီး သူမ၏နှာခေါင်းလေးကို ဖျစ်ညှစ်ကာ ပြုံးပြီးပြောလိုက်သည် “အဲဒါကိုဘယ်သူပြောတာလဲ”

“ဟိန်းသံလေးတို့ပြောတာပဲ.. ဖေဖေနဲ့မေမေက မင်္ဂလာပွဲမလုပ်ရသေး တော့ အလုပ်တွေပြီးရင် မင်္ဂလာပွဲလုပ်မယ်လို့ သူတို့ပြောကြတာ.. ပြီးတော့ မေမေ့ကိုလက်မထပ်ရင် သူမရဲ့ဂုဏ်သိက္ခာကို ဖျက်ဆီးပစ်တာပဲတဲ.. အဲဒါ ကြောင့် ဖေဖေ အလုပ်လုပ်မယ်ဆိုရင် မြန်မြန်လုပ်.. ပြီးတာနဲ့ လူသားလောက ကိုပြန်ပြီး လက်ထပ်ကြလေ”

ရှီမာယူယူ၏ နှုတ်ခမ်းမှာတွန့်ကွေးသွားသည်။ အဲကောင်တွေက သူမကို ဒီလိုပြောထားတယ်ပေါ့။

နောက်ဆုံးတွင် ဝူလင်းယူသည် သူတို့နှင့် နေ့တစ်ဝက်ကြာအောင်နေပေး ပြီး ထွက်သွားလေသည်။

ကျန်အချိန်များမှာ ခါတိုင်းလိုပင်ဖြစ်သည်။

နှစ်တစ်ဝက်ကြာပြီးနောက် ၁၀ ရက်ကြာမျှပေါ်မလာခဲ့သည့် ဝူလင်းယူ သည် သူတို့ဘေးသို့ပြန်လာပြီး ပြုံးကာပြောလိုက်သည် “ကိုယ်ဒီကကိစ္စတွေ ပြီးခါနီးပြီ လူသားလောကကို ပြန်ရအောင်”

ဝူရှောင်းသောင့်သည် ငယ်သေးသော်လည်း ထိုအဓိပ္ပာယ်ကို သူမ နားလည်သည်။  သူမသည် ထိုစကားကြားသောအခါ ခေတ္တမျှ မှင်တက်သွားပြီး နောက်မှ ထခုန်လေသည် “ကောင်းလိုက်တာ နောက်ဆုံးတော့ လူသားလောက ကိုပြန်ရတော့မယ် ဖေဖေနဲ့ မေမေတို့ မင်္ဂလာဆောင်တော့မယ် အာ…”

သူမ ခုန်သည်မှာ မြင့်သွားသဖြင့် ခြေထောက်ကျိုးသွားလေသည်။

***

All Chapters