← Chapters

တားမြစ်နယ်မြေ

Vol. 161 Ch. 2242

တားမြစ်နယ်မြေ

Vol. 161 Ch. 2242

ကလေးသည် အလွန်ငယ်လှသည်တော့မဟုတ်ပေ။ အသက် ၈ နှစ် ၉ နှစ် ခန့်ဖြစ်နိုင်သည်။ သို့သော် သူ့ခန္ဓာကိုယ်ပေါ်မှရောင်ဝါနှင့် အင်္ကျီပေါ်မှတံဆိပ် သည် ရွာထဲတွင်နေသည့်လူနှင့်မတူပေ။

ကလေးသည် အစောကအလိုက်ခံရသည်ကို အံ့ဩသည့်ပုံမပေါ်သလို နောက်ပိုင်းတွင်ဖြစ်လာမည်ကိစ္စကိုလည်း စိတ်မဝင်စားသည့်ပုံဖြစ်နေပြီး အသားကျနေပုံပင်။ သို့သော် ရှီမာယူယူသည် သူ့မျက်လုံးထဲမှ သေခြင်းတရား ကို ကြောက်ရွံ့မှုကို မြင်ရတုန်းပင်ဖြစ်သည်‌။

ထိုကလေးသည် သူမကို ဦးညွှတ်လေသည် “ကျေးဇူးတင်ပါတယ်”

“မင်းက ဘယ်သူလဲ ဘာလို့ဒီကိုရောက်နေတာလဲ မင်းနောက်ကို လိုက် တဲ့လူတွေက ဘယ်သူတွေလဲ” ဝူရှောင်းသောင့် မေးလိုက်သည်။

ကလေးသည် နှုတ်ခမ်းတွန့်လေသည် “ဒီနေ့ကူညီပေးလို့ ကျေးဇူးတင်ပါ တယ်.. အနာဂတ်မှာ အခွင့်အရေးရှိရင် ကျွန်တော် သေချာပေါက် ပြန်ဆပ်မှာပါ နှုတ်ဆက်ပါတယ်” ထိုသို့ပြောပြီးနောက် သူသည် လှည့်ပြီးထွက်မည်ပြုသည်။

“ဟဲ့ ကလေး ငါတို့ကမင်းကိုကယ်ထားတာ ဒါ ဘယ်လိုအပြုအမူလဲ” ဝူရှောင်းသောင့်သည် သူ၏အင်္ကျီကိုဆွဲပြီး လွှတ်မပေးပေ။ ဒီနေရာအကြောင်း ကိုတောင်မမေးရသေးဘူး သူ့ကို ဘယ်လိုလုပ် ဒီလိုလွှတ်ပေးရမှာလဲ။

ဤနေရာသည် အလွန်ထူးဆန်းသည်။ ဝိညာဉ်သားရဲမရှိသလို လူများ လည်းမရှိပေ။ သူတို့သည် အမည်မသိသည့်တစ်စုံတစ်ရာနှင့် တွေ့မည်စိုးသဖြင့် မည်သည့်နေရာမှမသွားရဲကြပေ။ ယခု နောက်ဆုံးတွင် တစ်စုံတစ်ယောက်ကို တွေ့ရသဖြင့် သူ့ကိုမည်သို့ပြန်လွှတ်ရမည်နည်း။

ကလေး၏အင်္ကျီမှာ အဆွဲခံထားရသဖြင့် နှစ်ကြိမ်မျှရုန်းကန်လေသည်။ သို့သော် အကျိုးမရှိသဖြင့် တစ်ကိုယ်လုံးတွင် အသက်ရှူကြပ်လာကာ ဝူရှောင်း သောင့်ကို တိုက်ခိုက်ရန်လှည့်လာသည်။

ဝူရှောင်းသောင့်သည် သူ့လက်ကိုဆုပ်ကိုင်ပြီး ပြောလိုက်သည် “ကောင်လေး ကျေးဇူးကို ဘယ်လိုပြန်ဆပ်ရမလဲဆိုတာတောင် မသိဘူးလား”

“ကျေးဇူးကိုဘယ်လိုပြန်ဆပ်ရမလဲဆိုတာ မသိရင် ခင်ဗျားတို့ကို ထားခဲ့ မှာမဟုတ်ဘူး” ထိုကောင်လေးသည် အေးစက်စွာပြောလေသည် “ကျွန်တော့် နောက်လိုက်ရင် အန္တရာယ်များတယ်.. ခင်ဗျားတို့ကို ဝင်မပါစေချင်ဘူး”

“ယို့.. ကောင်လေးက တော်တော်ဒေါသထွက်တတ်တာပဲ” ဝူရှောင်း သောင့်သည် သူ့ကိုလွှတ်လိုက်သည်။ “မင်းက ဒီလောက်ငယ်တာ.. မင်းဘေးမှာ ကိုယ်ရံတော်လည်းမရှိဘူး.. လူတွေကလည်း မင်းနောက်ကိုလိုက်နေကြတယ်.. ဒီကနေ အသက်ရှင်လျက်ပြန်သွားနိုင်မှာလား.. မင်း ဒီအတိုင်းသွားလိုက်ရင် သေလမ်းရှာတာပဲမဟုတ်ဘူးလား”

“ကျွန်တော်…” ထိုကောင်လေးသည် နှုတ်ခမ်းကိုက်လိုက်သည် “ဒီကနေ အသက်ရှင်လျက်ထွက်သွားနိုင်မယ်ဆိုရင် အချိန်တစ်ခုလောက် အန္တရာယ်ရှိ တော့မှာမဟုတ်ဘူး”

“ဒါဆို ဒီကနေ အသက်ရှင်လျက်ထွက်သွားနိုင်တယ်ပေါ့” ဝူချီယောင် မေးလိုက်သည်။

ထိုကောင်လေးသည် နှုတ်ဆိတ်သွားပြီး ဘာမှပြန်မဖြေပေ။

ဒီကနေ အသက်ရှင်လျက်ထွက်သွားမှာလား။ သူတစ်ယောက်တည်းနဲ့ ဖြစ်နိုင်ပါ့မလား။

“မင်းနာမည်ဘယ်သူလဲ” ရှီမာယူယူ မေးလိုက်သည်။

“ကျားနန်တန့်”

“ကျားနန်…” ရှီမာယူယူသည် ငုံ့ကာ သူ့အင်္ကျီကိုပြန်ဆန့်ပေးလိုက်ပြီး အင်္ကျီထောင့်မှ သစ်ရွက်ပုံတံဆိပ်ကို ကြည့်ပြီးမေးလိုက်သည် “မင်း ကျားနန် ရှင်းကိုသိလား”

“ကျွန်တော့်အစ်ကိုကြီးကို သိတာလား” ကျားနန်တန့်သည် ခေါင်းမော့ ကာ သူမကို တအံ့တဩကြည့်ပြီးနောက် ခြေနှစ်လှမ်းနောက်ဆုတ်ကာ ခုခံ ကာကွယ်လေသည် “ခင်ဗျား ဘယ်သူလဲ ခင်ဗျားကလည်း ကျွန်တော့်နောက်ကို ဖမ်းဖို့လာတာလား” ဝူရှောင်းသောင့်သည် သူ့ခေါင်းကိုပုတ်လိုက်သည် “မင်းက အတာလား.. ငါတို့က မင်းကိုဖမ်းဖို့လာတာဆို.. ခုနက ဘာလို့မင်းကိုကယ်နေ ဦးမှာလဲ”

ရှီမာယူယူသည် သူ သတိထားနေသည်ကို သိသည်။ သို့သော် ကလေး သည် ကလေးဖြစ်နေသဖြင့် သူမ မေးလိုက်သည်နှင့် သူ အရာအားလုံးကို ထုတ် ပြောလေသည်။

“ငါက သူနဲ့ဂိုဏ်းအတူတူပဲ” သူမ ရှင်းပြလေသည် “အဲဒါကြောင့် ကြောက်ဖို့မလိုဘူး”

ကျားနန်တန့်သည် သူမကို အတန်ကြာအောင် စိုက်ကြည့်ပြီး ရုတ်တရက် ဆိုသလို အလင်းပေါက်သွားသည် “ခင်ဗျားက ရှီမာယူယူပဲ ဟုတ်တယ်မလား”

ရှီမာယူယူသည် မျက်ခုံးများကို ပင့်တင်လိုက်သည် “မင်းက ငါ့ကိုသိ တယ်လား”

“ခင်ဗျားက တကယ်ပဲရှီမာယူယူလား” ကျားနန်တန့်၏မျက်နှာပေါ်တွင် ပျော်ရွှင်မှုများအရောင်လက်သွားသည် “အစ်ကိုကြီးက သူစာလေ့လာတဲ့နေရာ မှာ သူငယ်ချင်းကောင်းရှိတယ်လို့ အစ်ကိုပြောခဲ့တယ်.. သူမက နတ်ဘုံကိုလာ မယ်လို့လည်း ပြောခဲ့တယ်.. အစ်ကိုကြီးတောင် ချီးကျူးနေခဲ့သေးတာ.. ခင်ဗျား က တစ်ဦးတည်းသော မိန်းကလေးပဲ.. အဲဒါခင်ဗျားပဲဆိုတာသေချာတယ်”

“မင်းနဲ့ မင်းအစ်ကိုကြီးက ဆက်ဆံရေးကောင်းကြလား၊ ဘာလို့ အလိုက် ခံနေရတာလဲ၊ ကျားနန်ရှင်းရော.. ဒီနေရာကဘယ်နေရာလဲ” ဝူရှောင်းသောင့် သည် မေးခွန်းများဆက်တိုက်မေးလေသည်။

“အစ်ကိုကြီးက ကျွန်တော်မွေးကတည်းက ကျွန်တော့်ကိုထိန်းပေးခဲ့တာ.. ဒီတစ်ခေါက် သူကအလုပ်ကိစ္စလေးရှိလို့ ထွက်သွားတယ်.. သူ အန္တရာယ်ဖြစ်နေ တယ်လို့ကြားလို့ ဒီကိုလာခေါ်လာတာ.. ရန်သူတွေကြားထဲမှာ ပိတ်မိသွားမယ် လို့ထင်မထားဘူး.. ကျွန်တော့်နောက်ကိုလိုက်တဲ့သူကိုတော့ ဘယ်သူလဲဆိုတာ မသိဘူး”

“မင်းမှာ ရန်သူအများကြီးရှိတာလား”

“အစ်ကိုကြီးကို မကြိုက်တဲ့လူတွေ အများကြီးရှိတယ်.. အစ်ကိုကြီးနဲ့ ကျွန်တော့်ဆက်ဆံရေးကို သိကြတော့ အကုန်လုံး ကျွန်တော့်နောက်ကိုလိုက် ကြတာ” ကျားနန်တန့်သည် သည်တစ်ခေါက် အချိန်မှားသွားသည်ကို တိုးညင်း စွာပြောလိုက်သည်။

သူ့ဆီသို့ လူအများအပြား ရောက်လာမည်ကို သိသဖြင့် သည်တစ်ကြိမ် တွင် သူသည် စနစ်တကျပြင်ဆင်မှုမရှိဘဲ အမြန်ပင်လူများကိုခေါ်လာခဲ့သည်။

ရှီမာယူယူသည် အပြစ်တင်ရမည့်နေရာမဟုတ်သဖြင့် သူ့ကိုအပြစ်မတင် ပေ။ ပြီးနောက် မေးလေသည် “ဒီနေရာက ဘယ်နေရာလဲဆိုတာသိလား.. ငါတို့တွေ ဒီမှာလျှောက်နေတာကြာပြီ ပြီးတော့.. ဝိညာဉ်သားရဲတစ်ကောင် လူ တစ်ယောက်မှကို မမြင်မိဘူး ဘာလို့လဲဆိုတာသိလား”

“ဒါကတားမြစ်နယ်မြေလေ၊ ဒီနေရာကလူတွေအကုန်လုံးကို မောင်းထုတ် ထားတာ.. သူတို့ကိုတွေ့သွားတာနဲ့ သေမှာပဲ” ကျားနန်တန့်ပြောလေသည်။ သူ့တွင်ရွေးချယ်စရာမရှိသဖြင့် သူ့ကိုယ်ရံတော်များကို ဤနေရာသို့ ခေါ်မလာ ခဲ့ရပေ။

“တားမြစ်နယ်မြေဟုတ်လား.. ဘယ်လိုတားမြစ်နယ်မြေလဲ” ဝူချီယောင် မေးလိုက်သည်။

“ငမ်းငမ်းတက်နန်းတော်ရဲ့ တားမြစ်နယ်မြေလေ မသိဘူးလား” ကျားနန် တန့်သည် ပြောပြီးနောက် လွဲနေသည်ကို ခံစားလိုက်ရသည်။ သူသည် နောက် စေ့ကိုထိပြီး ပြောလိုက်သည် “ခင်ဗျားက အခုမှနတ်ဘုံကို‌ရောက်ဖူးတာဆို တော့ မသိတာသဘာဝပါပဲ.. ဘာလဲ.. ငမ်းငမ်းတက်နန်းတော်ကလူတွေက ဒီနေရာကို သူတို့ရဲ့တားမြစ်နယ်မြေအဖြစ်လုပ်ထားပြီး ဒီကလူတွေနဲ့ သားရဲ တွေကို မောင်းထုတ်ထားတာ.. လူတွေကို ဒီနေရာဝင်ခွင့်ပေးမထားဘူး.. သူတို့ တွေ့သွားရင် ငမ်းငမ်းတက်နန်းတော်လိုက်တာခံရမှာ”

“ငမ်းငမ်းတက်နန်းတော်ဟုတ်လား အရမ်းအားကောင်းတာလား” ဝူရှောင်းသောင့် မေးလိုက်သည်။

“ဒါပေါ့ သူတို့က နတ်ဘုံမှာ အားအကောင်းဆုံးအင်အားစုပဲ.. ဘာလို့လဲ ဆိုတော့ သူတို့မှာ ထောင်ထင့်(၁)ရှိတယ်.. သူတို့ကအရမ်းအားကောင်းတယ်” ငမ်းငမ်းတက်နန်းတော်၏ နည်းလမ်းကိုတွေးတောရင်း သူ မည်သို့ရောက်လာ သည်ကို တွေးကြည့်ရာ ထိတ်လန့်တုန်လှုပ်သွားလေသည်။

ငမ်းငမ်းတက်နန်းတော်ဟုတ်လား။ ရှီမာယူယူသည် မျက်ခုံးများကို ပင့်တင်မိသည်။ သူမမှတ်မိတာသာ မှန်လျှင် ထောင့်ထင်သည့် ရှေးဟောင်း သားရဲလေးကောင်မှ တစ်ကောင်ဖြစ်သည်။ သို့သော် သူတို့သည် ဘေးကပ်ဆိုး  လေးပါး (၂) ဖြစ်သည့် နာမည်ဆိုးနှင့်ကျော်ကြားသော သားရဲများဖြစ်သည် မဟုတ်ပါလား။  ကြက်သွေးရောင်မီးတောက်နှင့် တခြားသူများသည် အံ့ဖွယ် သားရဲများ ဖြစ်သည်။ သူတို့လေးကောင်ကို ဒဏ်ရာရစေပြီး သတ်နိုင်သည်မှာ သားရဲ လေးကောင်သာရှိသည်။ ငမ်းငမ်းတက်နန်းတော်က အစကတည်းက ဒီကိစ္စမှာ ပါနေတာလား။

“ထောင်ထင့်ဟုတ်လား.. ဒီနတ်ဘုံမှာ ချုံချီ(၃)၊ ထုံတု(၄)နဲ့ ဟွန့်ဒွန်(၅) လား” ဝူရှောင်းသောင့်သည် သိချင်စိတ်ဖြင့်မေးလေသည်။

“ဟုတ်တယ် အခု နတ်ဘုံကို နန်းတော် ၄ ခုက အုပ်စိုးထားတယ်လို့ ပြော လို့ရတယ်.. ထောင်ထင့်ရဲ့ ငမ်းငမ်းတက်နန်းတော်၊ ချုံချီရဲ့သွေးဆာနန်းတော်၊ ထုံတုရဲ့ ခေါင်းမာနန်းတော်၊ ဟွန့်ဒွန်ရဲ့ အကျော်အမော်နန်းတော်ပဲ.. သူတို့ အကုန်လုံးက အရမ်းအားကောင်းကြတယ်.. ကျွန်တော်တို့ ဒီမှာရောက်နေတာ သာသိရင် သေချာပေါက် အသက်ရှင်နိုင်မှာမဟုတ်ဘူး သွားကြမယ်” ကျားနန် တန့်သည် စိတ်လှုပ်ရှားစွာဖြင့် ပြောလေသည်။

“ဘယ်လိုထွက်ရမလဲဆိုတာသိလား” ရှီမာယူယူ မေးလိုက်သည်။

ကျားနန်တန့်သည် ရှက်သွားကာ လေသံဖြင့် ပြောလေသည် “ဒီနေရာကို ကိုယ်ရံတော်တွေက အလောတကြီးခေါ်လာခဲ့တာ.. ဘယ်လောက် ဝေးဝေး ပြေးလာခဲ့လဲဆိုတာ မသိတော့ဘူး.. တစ်ခါသုံးဖြတ်လမ်းအစီအရင်ကိုသုံးခဲ့ သေးတယ် အဲဒါကြောင့် လက်ရှိတည်နေရာကိုမသိဘူး”

ရှီမာယူယူနှင့် တခြားသူများ ဆွံ့အမိကြသည်။ သူ အရင်ကပြောခဲ့သည် ကိုကြည့်ပြီး သူတို့သည် အလွန်စိတ်ပူပန်လာသည်။ သူသွားတတ်လိမ့်မည်ဟု သူတို့ထင်ထားကြသည်။

“အခုကနှင်းဖုံးနေပြီ” ရှီမာယူယူ သက်ပြင်းချလေသည် “မင်းတို့ ဘယ် ဘက်ကနေလာလဲဆိုတာ သိလား”

“မသိဘူး” ကျားနန်သည် ခေါင်းခါလေသည်။

“မင်းတို့ ဝင်လာတုန်းက မနက်လား နေ့လယ်လား.. နေကအရှေ့မှာလား အနောက်မှာလား”

သူမ ထိုမေးခွန်းကို မေးသည့်အခါ ကျားနန်တန့်သည် နားလည်သွားကာ ပြန်ဖြေလေသည် “ကျွန်တော်တို့ဝင်လာတုန်းက နေဝင်နေပြီ.. ဒါပေမဲ့ ဆက်တိုက်အရှေ့ကိုပြေးရင်းနဲ့ နေကအနောက်ကနေ ဝင်သွားတာကို မှတ်မိ တယ်”

“အဲဒီတော့ မင်းက အနောက်ကနေ အရှေ့ကိုပြေးလာတာပဲ” ရှီမာယူယူ သည် နေကိုမော့ကြည့်လိုက်သည် “ဒါဆိုရင် အနောက်ဘက်ကိုသွားရအောင် ကံကောင်းပြီးထွက်ရင်ထွက်လို့ရမှာ”

“အမေ ငမ်းငမ်းတက်နန်းတော်က ဒီနေရာကို ဘာလို့တားမြစ်နယ်မြေ အဖြစ် ဘာလို့သတ်မှတ်တယ်လို့ထင်လဲ.. အဲအထဲမှာရတနာများရှိလို့လား” ဝူရှောင်းသောင့်သည် ရှေ့တိုးကာ ရှီမာယူယူ၏ လက်ကိုဆုပ်ကိုင်ပြီး ပျော်ရွှင်စွာ ဖြင့် မေးလေသည်။

(၁) ထောင်ထင့် - အစားကြူးသည့်သားရဲ

(၂) ဘေးကပ်ဆိုးလေးပါး - (pin yin - စီရှုံး) တရုတ်ဒဏ္ဍာရီတွင်ရှိခဲ့ပြီး

ရက်စက် ကြမ်းကြုတ်သည့် သတ္တဝါလေးပါးနှင့် ကြင်နာတတ်သော သတ္တဝါလေးပါးတို့သည် ရန်ဘက်များဖြစ်ကြသည်။

(၃) ချုံချီ - လူသားစားသည့် အလွန်ကြီးမားသည့်သတ္တဝါ

(၄) ထုံတု - မဆင်မခြင်ပြုမူတတ်ပြီး ခေါင်းမာသည့်သတ္တဝါ

(၅) ဟွန်ဒွန့် - ခြေလေးဘက်နှင့် မျက်နှာမရှိသည့် အတောင်ပံပါသော အဝါရောင်သတ္တဝါ

***

All Chapters