တင်းမာသောလေထု
Vol. 161 Ch. 2251
“ဒီသတင်းကပြန့်ပြီးနေလောက်ပြီ အမေလည်းသိနေလောက်မှာ” ဝူချီ ယောင်သည် နောက်ဆုံးကျန်သည့်စွပ်ပြုတ်ကိုသောက်လိုက်သည်။
ဝူရှောင်းသောင့်သည် ပန်းကန်လုံးနှင့် စားပွဲကိုသိမ်းကာ မေးလိုက်သည် “အခု ငါတို့ဆင်းသွားကြတော့မှာလား”
ဝူချီယောင် ခေါင်းညိတ်လေသည် “အခု အဲဒီအောက်မှာ လူတွေများနေပြီ ဒီအချိန်မှာမှဆင်းသွားရင် သိပ်ပြီးအာရုံစိုက်ခံရမှာမဟုတ်ဘူး”
“ဒါဆိုလည်း သွားကြမယ်လေ” ဝူရှောင်းသောင့်သည် ပုတီးစေ့နီတစ်လုံး ကိုထုတ်ပြီး ဝိညာဉ်စွမ်းအင်ထည့်လိုက်သည်။ ထို့နောက် ထိုပုတီးစေ့ကို အတား အဆီးပေါ်သို့တင်လိုက်သည်။ ထိုအခါပုတီးစေ့သည် အနီရောင်အလင်းတန်း ထွက်လာကာ အတားအဆီးသည် ပုတီးစေ့နှင့် ထိတွေ့သည့်အပိုင်းမှစပြီး စတင်ပျောက်ကွယ်လာသည်။ အချိန်ခဏတာအတွင်းမှာပင် တစ်ခုလုံးပျောက် ကွယ်သွားလေသည်။
“ဒါက အသုံးဝင်သားပဲ” ဝူရှောင်းသောင့်သည် ပုတီးစေ့ကို သိမ်းလိုက် သည် “ငါတို့ထွက်မလာခင် ဦးလေးဟွမ်က ဒါပေးလိုက်လို့တော်သေးတယ်.. မဟုတ်ရင် ဒီအတားအဆီးကို ကိုင်တွယ်ဖို့ခက်မှာပဲ”
“အောက်ဆင်းရအောင်” ဝူချီယောင်သည် ခါးတွင်သယ်ထားသည့် တစ်စုံ တစ်ရာကိုတွန်းလိုက်ရာ အလင်းတန်းတစ်ခုသည် သူ့ဘေးပတ်ပတ်လည်တွင် ပေါ်လာပြီး ခေါင်းအစခြေအဆုံး ဝန်းပတ်လိုက်လေသည်။
ဝူရှောင်းသောင့်သည်လည်း ထိုအရာကိုတွန်းလိုက်ရာ သူတို့ကိုယ်သူတို့ ကာကွယ်ပြီးသည်နှင့် ရေထဲသို့ခုန်ဆင်းကြသည်။
ခဏအကြာတွင် ရှီမာယူယူနှင် ကျားနန်ရှင်းတို့လည်း ရောက်လာကြ သည်။ ထိုနေရာနားမှ ငါးရိုးများကိုမြင်သောအခါ သူမ၏ မျက်လုံးများတွင် ဝမ်းသာမှုများပြည့်သွားသည်။
ဒီကလေးနှစ်ယောက်ကတော့လေ... ပြန်ပေးဆွဲခံရတာတောင် အေးအေး လူလူ လုပ်နိုင်နေသေးတယ်။
“ဒီနေရာမှာ ဂူသင်္ချိုင်းရှိလိမ့်မယ်လို့ တကယ်ထင်မထားဘူး” ကျားနန်ရှင်း သက်ပြင်းချလေသည်။ သူနှင့် ယန်ကျီတို့သည် ဒဏ်ရာများသက်သာလာပြီဖြစ် ကာ ရှီမာယူယူကို နှုတ်ဆက်နေတုန်းမှာပင် ဟောကိန်းအကြောင်းသိလိုက်ရ သည်။ ဤနေရာတွင် ဂူသင်္ချိုင်းရှိနေသဖြင့် သူတို့လည်း ပါဝင်ရန်လာခြင်းဖြစ် သည်။
“ဆင်းရအောင်” ရှီမာယူယူသည် ကလေးနှစ်ယောက်ကို စိတ်ပူသဖြင့် အရင်ခုန်ဆင်းလိုက်သည်။
သူမ ကာကွယ်ရေးအလွှာမလုပ်ရသေးဟု ကျားနန်ရှင်းသည် သူမကို သတိပေးလိုက်ချင်သော်လည်း သူမသည် အောက်ခြေသို့နစ်မြှုပ်သွားပြီဖြစ် သည်။ သူတို့သည် အလျင်အမြန်ပင် ကာကွယ်ရေးအတားအဆီးကို ပြုလုပ်ကာ ဆင်းသွားလိုက်ကြသည်။ သို့သော် သူမ အဆင်ပြေနေသည်ကို တွေ့လိုက်ရ၏။ အနီးကပ်စစ်ကြည့်လိုက်သောအခါ သူမဆီမှ တောက်ပသောအလင်းတန်း သည် အပြင်ဘက်ရေပေါ်အထိပင် ထွက်နေကြောင်း မြင်နိုင်သည်။
မျက်နှာပြင်တွင် သေးငယ်သောရေကန်တစ်ခုပေါ်လာသည်။ သို့သော် အောက်ဆင်းသွားလျှင် သူ၏ကိုယ်ပိုင်စကြာဝဠာရှိသည်ကို သိနိုင်သည်။ ရှီမာ ယူယူသည် တလက်လက်တောက်နေသော အလင်းတန်းကိုသုံးပြီး ပတ်ပတ် လည်ကို စစ်ဆေးလိုက်သည်။ သူမသည် ကျားနန်ရှင်းကို လက်ဝှေ့ယမ်းပြလိုက် ကာ သူတို့သုံးယောက်သည် ဂူဘေးသို့ကူးခတ်သွားလိုက်ကြသည်။
ရေပေါ်တွင် အလောင်းများ ပေါ်လောပေါ်နေကြပြီး ရှီမာယူယူသည် သူတို့ကို သွက်လက်စွာ ရှောင်ရှားသွားသည်။
သူမရှိနေသည့်နေရာနှင့် အလှမ်းမဝေးသောနေရာတွင် ဝူရှောင်းသောင့် နှင့် ဝူချီယောင်တို့သည် ရှေ့မှဦးဆောင်ကာ အလောင်းများကို ဂရုတစိုက် ရှောင် ရှားနေသည် “ယောင်ယောင်လေး ဒီနေရာက အရမ်းထူးဆန်းတာပဲ” ဝူရှောင်း သောင့်သည် အလောင်းများကိုရှောင်ရင်းနှင့် ဝူချီယောင်ကို မှီအောင်လိုက်လေ သည် “အောက်မှာ လူတွေအများကြီးသေသွားတာကို ငါတို့တွေ ဒီကိုရောက် တာလည်းကြာနေပြီ အဲဒါကို တစ်သံမှတောင် မကြားရဘူး”
“တကယ်ကို အရမ်းထူးဆန်းတာပဲ.. ငါ့နားမှာကပ်နေ ဝေးဝေးမသွားနဲ့” ဝူချီယောင်သည် လှည့်ပြီး သူမကိုသတိပေးလေသည်။
“သိပါပြီဟ” ဝူရှောင်းသောင့်သည် လျှောက်ပြေးမနေတော့ဘဲ သူ့အနား ကပ်လေသည်။
သူတို့နှစ်ယောက်သည် ဂူအတွင်းသို့ဝင်ရာ အတွင်းသို့စွန့်စားဝင်လေလေ အလောင်းများကို ပိုတွေ့ရလေလေဖြစ်သည်။ သူတို့သေဆုံးသွားပုံများသည် အလွန်ပင်မသတီစရာကောင်းသည်။ တစ်ခုကံကောင်းသည်မှာ ဂူအဆုံးသို့ ရောက်သောအခါ ရေထဲတွင်အလောင်းများမရှိတော့ပေ။
“အရှေ့မှာ ရေအကုန်လုံးကို တန့်သွားအောင်လုပ်တဲ့ စွမ်းအားတစ်မျိုးရှိ တယ်” ဝူချီယောင် ပြောလိုက်သည်။
“ဟုတ်တယ်” ဝူရှောင်းသောင့်သည် လည်ပင်းဆန့်ကာ ကြည့်လေသည် “သတိထားရအောင်”
“အင်း ငါနဲ့အတူနေ” သူတို့နှစ်ယော်ကကို ထိုစွမ်းအားမှ ခွဲလိုက်မည်ကို စိုးသဖြင့် ဝူချီယောင်သည် ဝူရှောင်းသောင့်၏လက်ကိုဆုပ်ကိုင်လိုက်သည်။
သူတို့နှစ်ယောက်သည် အရှေ့သို့ ဂရတစိုက်တိုးသွားကာ ဂူအစွန်းသို့ ရောက်လေသည်။ သူတို့မျှော်လင့်ထားသည့် တိုက်ခိုက်မှုမှာ ရောက်မလာ သဖြင့် တစ်ယောက်လက်ကိုတစ်ယောက်ဆုပ်ကိုင်ကာ ဂူအစွန်းမှခုန်ဆင်း လိုက်ကြ၏။
ထိုနေရာ၏အောက်တွင် အလွန်ကျယ်ဝန်းပြီး နက်ရှိုင်းလှသည်။ သူတို့ ခုန်ဆင်းသည်နှင့် တစ်စုံတစ်ရာမှ အထောက်အပံ့ပေးထားသကဲ့သို့ မြေပေါ်သို့ ညင်သာစွာကျလေသည်။
ထိုနေရာသည် လဟာပြင်ကဲ့သို့ပင် အလွန်ကျယ်ဝန်းသည်။ မြေပေါ်တွင် အလောင်းများထပ်နေသည်။ တချို့မှာ လတ်ဆတ်နေတုန်းပင်။ ထိုတိုက်ပွဲမှာ မကြာသေးသည်မှာ ရှင်းလင်းလွန်းသည်။
“ဒါက အရမ်းချဲ့ကားလွန်းတာမဟုတ်ဘူးလား.. သူတို့တွေ အထဲကို တောင်မဝင်ရသေးဘူး လူတွေအများကြီးသတ်ပြီးနေပြီ.. သူတို့သာ အဲဒီမှာ ရတနာရှာတွေ့ရင် သူတို့ကိုဘယ်သူသတ်မလဲဆိုတာ ဘယ်သူသိမှာလဲ” ဝူရှောင်းသောင့်သည် နှုတ်ခမ်းတွန့်လိုက်သည်။
“သူတို့တွေ ဂူသင်္ချိုင်းအပေါက်ဝရောက်တာနဲ့ အသိဉာဏ်တွေပျောက် သွားကြတာပဲ.. အဲဒါကြောင့် ဒီဂူသင်္ချိုင်းကို လက်ဝါးကြီးအုပ်ချင်လို့ လူတိုင်းကို သတ်မှာပဲ” ဝူချီယောင်သည် ခပ်ပေါ့ပေါ့ပင်ပြောလေသည်။ “ဘယ်လိုပဲဖြစ်ဖြစ် ဒီဂူသင်္ချိုင်းက ဒီလောက်ကြီးတာဆိုတော့ အဲလူတွေ က ဘုရင်အဆင့်ကို ချိုးဖျက်ပြီး ထာဝရရှင်သန်နိုင်မယ့်အသက်ကိုရနိုင်မယ့် အသုံးဝင်တဲ့သတင်း တွေကို လိုချင်နေကြတာပဲ”
“ဖူး ဒီဂူသင်္ချိုင်းကအဲလောက်တောင် ကြီးကျယ်သွားတာလား.. သူတို့တွေ မသေမျိုးဘဝကိုရရင် ဘယ်လိုလုပ်သေတော့မှာလဲ.. ဒီလိုမျိုးဂူသင်္ချိုင်းတောင် လုပ်ခွင့်ရှိမှာမဟုတ်ဘူး.. အဲလူတွေက အကုန်ရူးနေကြတာလား” ဝူရှောင်း သောင့်သည် သူတို့ကိုလှောင်ရယ်လေသည်။
“သူတို့မှာလည်း မျှော်လင့်ချက်ရှိလို့နေမှာပေါ့.. မဟုတ်ရင် သူတို့ရဲ့ ဘဝ က အဓိပ္ပာယ်မဲ့နေမှာပေါ့”
“အမှန်ပဲ” ဝူရှောင်းသောင့်သည် သူ့စကားများကိုသဘောတူလိုက်သည် “ဒါပေမဲ့ ဘယ်တိုက်ပွဲနဲ့မှမတွေ့တာ ငါတို့တွေတကယ်ကံကောင်းတာပဲ”
သူတို့၏လက်ရှိအရည်အချင်းနှင့်ဆိုလျှင် ဤကဲ့သို့တိုက်ပွဲနှင့်ကြုံလိုက်ရ ပါက သူတို့၏အသက်ပင်ဆုံးရှုံးလိုက်ရနိုင်သည်။
သူတို့နှစ်ယောက်သည် ဂူသင်္ချိုင်းဝင်ပေါက်ရောက်ချိန်တွင် တံခါးကို တခြားတစ်ယောက်မှ ဖွင့်ထားလေသည်။ ဘေးတွင် အစောင့်နှစ်ယောက်၏ အလောင်းနှစ်လောင်းရှိလေသည်။ သူတို့၏မျက်လုံးများသည် မျက်လုံးများ ပြူးနေကာ သေဆုံးသည်အထိ မချိမဆန့်ခံစားသွားရလေသည်။ သူတို့သည် ဤနေရာအထိ ရောက်လာပြီးမှ ဝင်ရန်အခွင့်အရေးမရတော့သည်မှာ သူတို့ အတွက် လက်မခံနိုင်စရာဖြစ်နေသည်။
“ဒီလိုဂူသင်္ချိုင်းတွေမှာ စက်ယန္တရားတွေရှိတယ်လို့ ကြားဖူးတယ်.. ငါတို့ တွေ အပိုင်းပိုင်းပြတ်တော့မှာလား” ဝူရှောင်းသောင့်သည် ကြောက်ရွံ့မှုမရှိဘဲ တခစ်ခစ်ရယ်သွမ်း လေသည်။
“ယန္တရားတွေရှိရင်တောင် ရှေ့ကလူတွေကို ပစ်ပြီးနေလောက်ပြီ.. ဒီလို အချိန်မျိုးဆိုရင် အန္တရာယ်အရှိဆုံးကလူတွေပဲ” ဝူချီယောင် ပြန်ဖြေလေသည်။
“ငါတို့နှစ်ယောက်က အားနည်းတယ်.. ငါတို့ပဲ သူများတွေကိုရှုံးမှာပဲ”
ဝူချီယောင်သည် သူမကိုစိုက်ကြည့်လိုက်သည်။ သို့သော် သူမ၏ အခြေ အမြစ်မရှိသည့် ပြောဆိုနေခြင်းကို ပြန်မဖြေပေ။
သူတို့နှစ်ယောက်သည် အလောင်းများရှိသည့်ဘက်ဆီသို့ လျှောက်လာခဲ့ ကြသည်။ ထိုနေရာသို့သွားရာတွင် အလောင်းများကို ဟိုဟိုဒီဒီတွေ့ရလေ သည်။ တချို့မှာ လူအချင်းချင်းသတ်ခြင်းခံရပြီး တချို့မှာ ယန္တရားများကြောင့် သေဆုံးရလေသည်။ တခြားလူဖောက်ထားသည့်လမ်းကိုသွားခြင်းမှာ အလွန် ပင် ထက်မြက်သည့်ဆုံးဖြတ်ချက်ဖြစ်ပုံပင် “ဒီဂူသင်္ချိုင်းက နည်းနည်းထူးဆန်း တယ်” ဝူချီယောင်သည် ထိုအလောင်းများကို ကြည့်ပြီး မျက်မှောင်ကြုတ်မိ သည်။
“ဘာများထူးဆန်းလို့လဲ”
“ဒီထဲမှာ ယန္တရားနည်းတယ်လို့ မခံစားရဘူးလား” ဝူချီယောင် မေးလိုက် သည်။
သူတို့သည် တခြားသူများ၏အနောက်မှ လိုက်ခဲ့ကြသော်လည်း အသက် မဝင်သေးသည့် ယန္တရားတစ်ခုမှမရှိနိုင်ပေ။ ရှေ့မှသွားနှင့်သူများသည် အား ကောင်းကြသည်။ သို့သော် ထိုယန္တရားအားလုံးကို မဖျက်ဆီးနိုင်ခဲ့ကြပေ။
ဝူရှောင်းသောင့်သည် ထူးဆန်းသည်ဟု ခံစားရသည် “ခုနက ငါတို့တွေ လမ်းခွဆုံကို မြင်ခဲ့ကြတယ်မလား.. ငါတို့တွေ ကံကောင်းလို့ ဘေးကင်းတဲ့လမ်း ကို ရွေးမိလို့နေမှာပေါ့.. ဘယ်လိုပဲဖြစ်ဖြစ် ငါတို့တွေ ဒီအထိတောင်လျှောက် လာကြပြီးပြီ.. ဒီမှာရပ်လိုက်တော့မလို့လား”
ဝူရှောင်းသောင့် ပြောသည်မှာမှန်သည်။ သူတို့သည် ဤနေရာအထိ လျှောက်လာနှင့်ပြီးကြလေပြီ။ လမ်းတစ်ဝက်နှင့် လက်မလျော့နိုင်ပေ။ သူတို့ နှစ်ယောက်သည် ရှေ့ဆက်လျှောက်ကြသည်။ ပြီးနောက် လမ်းတစ်လျှောက် တွင် လမ်းခွဆုံများကို တွေ့ရလေသည်။ အကြိမ်တိုင်းတွင် သူတို့သည် သူတို့၏ ကိုယ်ပိုင်အလိုလိုသိစိတ်ကိုမှီခိုပြီး လမ်းကိုရွေးခဲ့ကြသည်။ ရှောင်းသောင့်ပြော သလိုဖြစ်နေ၍လားမသိပေ။ သူတို့သည် ကံအလွန်ကောင်းကြသည်။ သည်လို နှင့်.. သူတို့၏ခရီးစဉ်တစ်လျှောက်တွင် အန္တရာယ်များသည့် အခြေအနေနှင့် မတွေ့ခဲ့ရပေ။
ဝူချီယောင်သည် နံရံကို ခေတ္တမျှစိုက်ကြည့်ပြီး မသင်္ကာစရာအစက်ကို တွေ့သည်နှင့် နှိပ်လိုက်သည်။ ကျောက်ခန်းတစ်ခန်း ပေါ်လာကာ အထဲတွင် ခေါင်းတလားတစ်ခုရှိသည်ကို ဝူရှောင်းသောင့် မြင်လိုက်ရသည်။ လူသုံးလေး ယောက်ရှိနေသည်ကိုလည်း တွေ့လိုက်ရသည်။
သူတို့ ရုတ်တရက်ပေါ်လာခြင်းကြောင့် ကျောက်အခန်းမှ မူလက ရန်လို သည့် လေထုသည် ငြိမ်ကျသွားလေသည်။ ဝူရှောင်းသောင့်သည် ထိုလူများကို အကဲခတ်ကြည့်သည်။ သူတို့သည် အထွတ်အထိပ်အဆင့်တွင် ကျွမ်းကျင်သော လူများဖြစ်ကြသည်။ တစ်ယောက်သည် သူတို့ကိုဖမ်းသော အဘိုးကြီးဖြစ်၏။ တစ်ယောက်ချင်းစီသည် ဒဏ်ရာရထားကြကာ အပြင်တွင်ဒဏ်ရာရခဲ့ကြသည် လား သို့မဟုတ် ဤနေရာတွင် တိုက်ခိုက်ခဲ့ကြသည်လား မသိရပေ။
***