ပေါင်းစည်းတိုက်ခိုက်မှု
Vol. 59 Ch. 810
အခြေအနေက ချက်ချင်း ရှုပ်ထွေးသွားသည်။
ဝှစ်...ဝှစ်...ဝှစ်...
မိနစ်သုံးဆယ်ကြာပြီးနောက် တောင်ဘက်မှနေ၍ လူဒါဇင်အနည်းငယ်သည် သွေးအလိမ်းလိမ်းဖြင့် ပျံသန်းလာ၏။ ထို့နောက်တွင် အခြားလူများလည်း အဆက်မပြတ် ပျံသန်းလာလေသည်။ သူတို့သည် မိုးကုပ်စက်ဝိုင်းကို ကွယ်သွား၏။ ထိုလူများသည် အစီအစဉ်တကျ ပျံသန်းနေခြင်း မဟုတ်ပေ။ သူတို့၏မျက်လုံးများထဲတွင် အကြောက်တရားနှင့် ပြည့်နှက်နေကြသည်။ သူတို့၏ ခန္ဓာကိုယ်များပေါ်မှ ဒဏ်ရာများက အတုမဟုတ်နိုင်ပေ။
ဝှစ်...ဝှစ်...
အဝေးမှ ပျံသန်းလာသော အုပ်စုနှစ်စုရှိ၏။ အုပ်စုတစ်စုစီတွင် လူထောင်ချီ ပါပေသည်။ သူတို့အားလုံးက ကောင်းကင်ဧကရာဇ်များဖြစ်ပြီး သတ်ဖြတ်လိုသောအရှိန်အဝါများ ထုတ်လွှတ်နေကြသည်။ သူတို့သည် ပျံသန်းရင်း တာအိုပုံသဏ္ဌာန်အမျိုးမျိုးနှင့် စွမ်းရည်အမျိုးမျိုးကို ပစ်လွှတ်နေကြ၏။ ကောင်းကင်ထဲတွင် တိုက်ခိုက်မှုများ ပြည့်နှက်သွားပြီး နေရာအနှံ့တွင် မီးခိုးများ ထောင်းထောင်းထကာ ပရမ်းပတာ ဖြစ်နေလေသည်။
ဝုန်း...ဝုန်း...ဝုန်း...
ထွက်ပြေးနေသော လဆုတ်တပ်မဟာမှ လူများက တကွဲတပြား ဖြစ်သွား၏။ ထို့ကြောင့် တိုက်ခိုက်မှုများလည်း ပြန့်ကျဲသွားပြီး နတ်ဆိုးကျွန်းအနီးမှ ကျွန်းလေးများကို သွားရောက် ထိမှန်လေသည်။ ကျွန်းတစ်ကျွန်းက အပြင်းအထန် တုန်ခါသွားပြီး ကျွန်းပေါ်ရှိ တောင်များပြိုကျသွားကာ မြေကြီး ကွဲအက်သွားသည်။ ထို့ကြောင့် ထိုကျွန်းပေါ်တွင် ပုန်းအောင်းနေသော ကောင်းကင်ဧကရာဇ်များစွာသည် ထွက်လာရလေတော့သည်။ ထို့ကြောင့် အခြေအနေတစ်ခုလုံး ပို၍ပင် ရှုပ်ထွေးသွားသည်။
ထို့ပြင် စွမ်းအားကြီးတိုက်ခိုက်မှုများသည် မိုလုံတို့ အုပ်စုထံသို့သာ ရောက်ရှိလာ၏။ သူတို့သည် နတ်ဘုရားဒိုင်းများကို လျင်မြန်စွာ ထုတ်လိုက်ပြီး ရှောင်တိမ်းလိုက်ရ၏။ မိုလုံက ဒေါသတကြီး အော်လိုက်သည်။
“မင်းတို့အားလုံး ရပ်လိုက်ကြစမ်း... လင်းလက်ကြယ်နဲ့ ပူပြင်းနေ မင်းတို့ ရူးသွားပြီလား။ မင်းတို့ တိုက်ခိုက်တာကို မရပ်ဘူးဆိုရင် ငါတို့ အဆိုးမဆိုနဲ့နော်”
ဝှစ်...ဝှစ်...ဝှစ်...
နတ်ဆိုးကျွန်းပေါ်တွင် အလင်းတစ်ချက် လက်သွားပြီး မရေမတွက်နိုင်သော ကောင်းကင်ဧကရာဇ်များ ကောင်းကင်ထက်သို့ ပျံတက်သွားကြသည်။ လက်တစ်ဘက်ပြတ်နေသည့် လူတစ်ယောက်က ပျံထွက်လာပြီး ဒေါသတကြီး အော်ပြောလိုက်သည်။
“ငါက မိုထျန်းပဲ... မဆင်မခြင် ပြုမူတဲ့သူမှန်သမျှ အညှိအနှိုင်းမရှိ သတ်ပစ်ခံရမယ်။ အခုချက်ချင်း ရပ်လိုက်ကြစမ်း”
“အရှင်မိုထျန်း ကျွန်တော်တို့ကို ကယ်ပါဦး။ လင်းလက်ကြယ်နဲ့ ပူပြင်းနေ တပ်မဟာတွေက ရူးသွားကြပြီ။ သူတို့က ပူးပေါင်းပြီး ကျွန်တော်တို့ကို တိုက်ခိုက်နေတယ်။ ကျွန်တော်တို့ရဲ့ တပ်မှူးသုံးယောက်လည်း သူတို့ကြောင့် သေသွားပြီ”
“ဟုတ်ပါတယ် အရှင်မိုထျန်း... ကျွန်တော်တို့ကို လက်စားချေနိုင်ဖို့ ကူညီပေးပါ”
“အရှင် ကျွန်တော်တို့ကို ကယ်ပါဦး။ ကျွန်တော်တို့ မသေချင်သေးဘူး...”
မိုထျန်း ထွက်ပေါ်လာသည်နှင့် လဆုတ်တပ်မဟာမှ ထွက်ပြေးနေသည့် သိုင်းသမားများသည် နတ်ဆိုးကျွန်းဘက်သို့ ပျံသန်းသွားကြလေသည်။ လူများစွာသည် ကယ်တင်ရှင်တစ်ယောက်ကို တွေ့လိုက်ရသကဲ့သို့ ငိုရှိုက်လိုက်ကြ၏။ လဆုတ်တပ်မဟာမှ လူအချို့သည် ထွက်ပြေးရင်း ပြန်တိုက်ခိုက်နေကြသည်။ ထို့ကြောင့် ကောင်းကင်ထဲတွင် အလင်းတန်းများ၊ ပေါက်ကွဲမှုများနှင့် ပြည့်နှက်နေလေသည်။
“အပိုတွေ... မင်းတို့ လဆုတ်တပ်မဟာက ငါတို့ကို အရင်တိုက်ခိုက်တာ။ မူလရတနာကို ငါတို့ အရင်ရှာတွေ့တာ... မင်းတို့ကို ငါတို့လူတွေကို ရုတ်တရက်ကြီး စပြီးသတ်ဖြတ်ခဲ့တာ။ ဒီနေ့ လဆုတ်တပ်မဟာသာ ပျက်စီးမသွားဘူးဆိုရင် ငါတို့ လင်းလက်ကြယ်တပ်မဟာက ဒီကိစ္စကို ဘယ်တော့မှ အခဲကြေမှာမဟုတ်ဘူးလို့ ကျိန်ဆိုတယ်”
“သတ်ကြ... အဲ့ခွေးအုပ်စုကို သတ်ကြ”
“သတ်ကြ... လက်ထောက်တပ်မှူးချုပ်အတွက် လက်စားချေကြ”
လင်းလက်ကြယ်တပ်မဟာမှ လူများက အော်လိုက်ကြ၏။ သူတို့သည် တိုက်ခိုက်မှုများကို ရပ်မည့်ပုံ မပေါ်ပေ။ သူတို့သည် မည်သည့်အရာကိုမှ အရေးမစိုက်ဘဲ နတ်ဆိုးကျွန်းဆီသို့ တိုက်ခိုက်မှုများ ပစ်လွှတ်လိုက်ကြသည်။ သူတို့၏ မျက်လုံးများက ရဲတွတ်နေကြသည်။
“လဆုတ်တပ်မဟာ... မင်းတို့ ဒီနေ့ မူလရတနာကို ပြန်မပေးရင် မင်းတို့တစ်ယောက်မှ အသက်ရှင်ရက် ထွက်သွားနိုင်မှာ မဟုတ်ဘူး”
“အရှင်မိုထျန်း... အရှင့်ရဲ့ လူတွေကို ဖယ်လိုက်ပါ။ ဒီနေ့ ကျွန်တော်တို့ လဆုတ်တပ်မဟာက လူတွေအကုန်လုံးကို မသတ်ရမခြင်း ရပ်မှာ မဟုတ်ဘူး”
“နတ်ဆိုးတပ်မဟာကလူတွေ... ကျုပ်တို့ ခင်ဗျားတို့နဲ့ ရန်သူ မဖြစ်ချင်ဘူး။ ကျုပ်တို့က လဆုတ်တပ်မဟာက လူတွေကိုပဲ သတ်ချင်တာ”
“...”
ပူပြင်းနေတပ်မဟာမှ အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ် တပ်မှူးများကလည်း အော်ပြောလိုက်သည်။ တပ်မဟာမှ ကျန်လူများသည်လည်း အဆက်မပြတ် ဆဲဆိုကြိမ်းမောင်းလိုက်ကြသည်။ နေရာတစ်ခုလုံးတွင် ဒေါသတကြီး အော်ဟစ်သံများ။ တိုက်ခိုက်မှုများမှ ပေါက်ကွဲသံများနှင့် ပြည့်နှက်နေလေသည်။ ထိုအသံများက ဘဲအကောင်သန်းချီ အော်နေသော အသံများကဲ့သို့ပင်။ ထို့ကြောင့် နတ်ဆိုးတပ်မဟာမှ လူများ ခေါင်းကိုက်လာသည်။ မိုထျန်း၏ အမိန့်မရလျှင် မည်သူမှ မလှုပ်ရှားဝံ့ပေ။ ထို့ကြောင့် သူတို့သည် ရွေးချယ်စရာမရှိတော့ဘဲ တိုက်ခိုက်မှုများကို ရှောင်တိမ်းလိုက်ရတော့သည်။
“အခုချက်ချင်း ရပ်လိုက်ကြစမ်း။ နတ်ဆိုးတပ်မဟာ... ငါ့ရဲ့ အမိန့်ကို နားထောင်ကြ.. နတ်ဆိုးကျွန်းကို တိုက်ခိုက်တဲ့သူ ဘယ်သူ့ကိုမဆို အညှိအနှိုင်းမရှိ သတ်ပစ်ကြ”
မိုထျန်းသည် ဒေါသကြောင့် တဆတ်ဆတ်တုန်နေ၏။ ထိုလူတစ်စုကြောင့် နတ်ဆိုးကျွန်းက လုံးဝ ပရမ်းပတာ ဖြစ်နေရပေသည်။ ပရမ်းပတာတိုက်ခိုက်မှုများကြောင့် သူတို့ဘက်မှ လူအချို့ပင် သေဆုံးသွားခဲ့ရသည်။ ကျွန်းပေါ်တွင် သူတို့၏ မိန်းမများနှင့် ကလေးများ ရှိသည်။ အရေးကြီးသော နေရာများကို စွမ်းအားကြီးအကာအရံများနှင့် ကာကွယ်ထားသော်လည်း မိမိ၏ကျွန်း အတိုက်ခိုက်ခံနေရသည်ကို မြင်နေရသဖြင့် မိုထျန်းတစ်ယောက် မည်သို့ဒေါသမထွက်ဘဲနေမည်နည်း။
“သေကြစမ်း...”
မိုလုံသည် လင်းလက်ကြယ်တပ်မဟာမှ လူများက မဆင်မခြင် တိုက်ခိုက်တော့မည်ကို တွေ့လိုက်သောအခါ ဒေါသူပုန်ထသွားလေသည်။ သူသည် ဧရာမလှံကြီးကို ပြန်သိမ်းလိုက်ပြီး အနက်ရောင်လင်းလေးတစ်လက်ကို ထုတ်လိုက်လေသည်။ လေးပေါ်တွင် မည်သည့် မြားမှ မရှိပေ။ သို့သော် သူသည် လက်ထဲသို့ အတွင်းအားထည့်၍ လေးကြိုးကိုဆွဲလိုက်ရာ အနက်ရောင်အတွင်းအားက အနက်ရောင်မြားတစ်ချောင်းအဖြစ် စုစည်းသွားလေသည်။ ထိုမြားသည် အလင်းတန်းတစ်ခုကဲ့သို့ တိုက်ခိုက်တော့မည့်လူထံ ပျံဝင်သွားသည်။ မြား၏အလျင်က အလွန်မြန်လှသဖြင့် ထိုလူသည် တုံ့ပင် မတုံ့ပြန်နိုင်ခဲ့ချေ။ အနက်ရောင်အတွင်းအားမြားက လင်းလက်ကြယ်တပ်မဟာမှ လူကို ထိမှန်သွားသောအခါ ထိုသူ၏နတ်ဘုရားဒိုင်း ပျက်စီးသွားပြီး သူ၏ခန္ဓာကိုယ်က အမှုန်အမွှားများအဖြစ် ပြောင်းလဲသွားလေသည်။
“မင်းတို့ မဆင်မခြင် လုပ်ရဲကြသေးလား။ သေကြစမ်း...”
မိုထျန်းကလည်း ဒေါသထွက်နေသည်။ သူ့လက်ထဲတွင် လေးလံသောဓားတစ်ချောင်း ထွက်ပေါ်လာ၏။ သူသည် ထိုဓားဖြင့် ဦးတည်ရာတစ်ဘက်သို့ ပြင်းထန်စွာ ခုတ်ချလိုက်သည်။ သူ၏ဓားက မည်သည့် အတွင်းအား၊ မည်သည့် တာအိုပုံသဏ္ဌာန်တိုက်ခိုက်မှုများမှ မထုတ်လွှတ်လိုက်ပေ။ သို့သော် ဓားမှနေ၍ မမြင်နိုင်သော ပုံသဏ္ဌာန်မဲ့ လှိုင်းဂယက်များ ထွက်လာသည်ဟု ခံစားလိုက်ရသည်။ လှိုင်းဂယက်များက လျင်မြန်စွာ ပျံထွက်သွားပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် လင်းလက်ကြယ်တပ်မဟာမှ လူဆယ်ယောက်ကို လွှမ်းခြုံသွားလေသည်။
မည်သည့် ပေါက်ကွဲမှုမှ ဖြစ်ပေါ်မလာပေ။ ထို့ပြင် လင်းလက်ကြယ်တပ်မဟာမှ ကောင်းကင်ဧကရာဇ်များ၏ နတ်ဘုရားဒိုင်းများလည်း ပျက်စီးမသွားချေ။ သို့သော် ထူးဆန်းစွာပင် သူတို့၏မျက်လုံးများ အနက်ရောင်ပြောင်းသွားပြီး သူတို့၏ခန္ဓာကိုယ်များ အတန်ငယ် တုန်ခါသွားကြသည်။ ထို့နောက်တွင် သူတို့၏ နတ်ဘုရားဒိုင်းများက အလိုလို ပျောက်ကွယ်သွားကာ သူတို့၏ခန္ဓာကိုယ်များသည် အသက်ကင်းမဲ့စွာ ပြုတ်ကျသွားကြသည်။
“ဝိညာဉ်ချွေ ဓားလှိုင်းဂယက်”
လူတစ်ယောက် ရေရွတ်လိုက်၏။
ဝိညာဉ်ချွေ ဓားလှိုင်းဂယက်သည် မိုထျန်း၏ ကျော်ကြားသော စွမ်းရည်တစ်ခုဖြစ်သည်။ ၎င်းက စိတ်ဝိညာဉ် တိုက်ခိုက်မှုတစ်ခုပင်။ မိုထျန်းသည် လက်တစ်ဘက်ပြတ်နေသော်လည်း သူ၏ စိတ်ဝိညာဉ် တိုက်ခိုက်မှုက ရှန်းစီပင်လယ်မှ ဓားပြများအားလုံးထဲတွင် စွမ်းအားအကြီးဆုံးဖြစ်သည်။ အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်များပင် ထိုတိုက်ခိုက်မှုကို ခံနိုင်မည် မဟုတ်ချေ။ သူတို့သည် တစ်ချက်တည်းဖြင့် သေဆုံးသွားမည်ဖြစ်သည်။ ၎င်းက လွန်စွာ ကြောက်မက်ဖွယ်ကောင်းပေသည်
“ကြောက်စရာပဲ”
ကျန်းရီသည် ကောင်းကင်ကံကြမ္မာသင်္ဘောထဲမှနေ၍ စိုးထိတ်သွား၏။ သူသည် မိုထျန်း၏ တိုက်ခိုက်မှုကို ရှင်းရှင်းလင်းလင်း အာရုံခံလိုက်နိုင်သည်။ ထိုတိုက်ခိုက်မှုကြောင့် သေသွားသူများထဲတွင် အဆင့်မြင့် ကောင်းကင်ဧကရာဇ်နှစ်ပါးနှင့် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်တစ်ပါး ပါသွားပေသည်။
“ဦးလေးသုံး... မိုထျန်း... ခင်ဗျားက ကျုပ်ရဲ့ ဦးလေးသုံးကို သတ်ရဲတယ်ပေါ့လေ။ ကျုပ် ခင်ဗျားကို သတ်မယ်”
“မိုထျန်းက လဆုတ်တပ်မဟာနဲ့ ပူးပေါင်းသွားပြီ၊ သတ်ကြ...”
ဒေါသတကြီး အော်လိုက်သံတစ်သံ ထွက်ပေါ်လာသည်။ လင်းလက်ကြယ်တပ်မဟာမှ သိုင်းသမားတစ်ယောက်သည် အပြင်းအထန် တိုက်ခိုက်လိုက်၏။ အနီးမှ လူဒါဇင်ကျော်သည်လည်း ဒေါသထွက်သွားပြီး အရူးများကဲ့သို့ တိုက်ခိုက်မှုများ ပစ်လွှတ်လိုက်ကြသည်။ သူတို့သည် မူလက လဆုတ်တပ်မဟာကိုသာ ပစ်မှတ်ထားနေခြင်းဖြစ်သော်လည်း ယခုတွင် မည်းမည်းမြင်ရာ တိုက်ခိုက်နေပြီဖြစ်သည်။ သူတို့သည် အရူးများကဲ့သို့ တိုက်ခိုက်နေကြလေသည်။ ကောင်းကင်တွင် တိုက်ခိုက်မှုများ ဖုံးလွှမ်းနေပြီး အခြေအနေက လုံးဝရှုပ်ထွေးသွားပေသည်။
ပူပြင်းနေတပ်မဟာကလည်း မဆင်မခြင် စတင်တိုက်ခိုက်လာသည်။ မိုထျန်းနှင့်မိုလုံတို့ သွေးအန်မိမလိုပင် ဖြစ်သွားသည်။ အဘယ်ကြောင့်ဆိုသော် လဆုတ်တပ်မဟာကလည်း မဆင်မခြင် စတင်တိုက်ခိုက်လာသောကြောင့်ပင်။ လဆုတ်တပ်မဟာမှ ပညာရှင် ဒါဇင်ကျော်သည် မိုထျန်းနှင့် မိုလုံတို့ကို တိုက်ခိုက်လိုက်ကြသည်။ သူတို့နှစ်ယောက်သည် အလွန်ကြောက်ရွံသွားသဖြင့် ခန္ဓာကိုယ်ဆတ်ခနဲတုန်သွားပြီး လျင်မြန်စွာ ရှောင်လိုက်ကြသည်။ သူတို့နှစ်ယောက်က စွမ်းအားကြီးသော်လည်း သူတို့၏နတ်ဘုရားဒိုင်းများသည် လူဒါဇင်ကျော်၏ တိုက်ခိုက်မှုများကို ခံနိုင်မည် မဟုတ်ပေ။
ဝှစ်...ဝှစ်...ဝှစ်...
ဝုန်း...ဝုန်း...ဝုန်း...
“အား...အား...”
နတ်ဆိုးကျွန်း၏ ကောင်းကင်ထက်တွင် တိုက်ခိုက်မှုအမျိုးမျိုးဖြင့် ပြည့်နှက်နေ၏။ ထို့ကြောင့် ကောင်းကင် စုတ်ပြဲသွားပြီး ပင်လယ်ရေများ လှိုင်းထလာသည်။ အလင်းတန်းများကလည်း မကြာခဏဆိုသလို နတ်ဆိုးကျွန်းကို ထိမှန်နေ၏။ သို့ကြောင့် ကျွန်းပေါ်တွင် ပရမ်းပတာ ဖြစ်နေလေသည်။ အားနည်းသော သိုင်းသမားများ၊ အမျိုးသမီးများနှင့် ကလေးများက ထွက်ပြေးကြ၏။ ထိုမြင်ကွင်းသည် ကမ္ဘာပျက်နေသည့် မြင်ကွင်းကဲ့သို့ပင်။
ရွှီး...
ငှက်စိမ်းကုန်သည်အဖွဲ့အစည်း၏ ကောင်းကင်ကံကြမ္မာသင်္ဘောတွင် အကာအရံအလွှာ လင်းလက်လာ၏။ ထို့နောက် သင်္ဘောသည် တိုက်ခိုက်မှုများကို ရှောင်ရန် မိုင်ဆယ်သန်းအကွာသို့ တိတ်တဆိတ် ပျံသန်းသွားလိုက်သည်။ သင်္ဘောပေါ်မှ လူအားလုံးသည် သူတို့၏နတ်ဘုရားဒိုင်းများကို ထုတ်ထားကာ အသင့်စောင့်ဆိုင်းနေကြသည်။ သူတို့သည် စစ်ထူရီရှောင်၏အမိန့်ကို စောင့်နေခြင်းပင်။
“ကျန့်ဝူရွှမ်းနဲ့ ယွင်ဖေးတို့က နတ်ဆိုးကျွန်းရဲ့ မြောက်ဘက်က တောင်ကြားတစ်ခုထဲမှာပဲ။ လျှို့ဝှက်အဖွဲ့ကို အခု လှုပ်ရှားခိုင်းလိုက်တော့”
ကျန်းရီက ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး အော်ပြောလိုက်သည်။ ချမ်ဝမ်ကွမ်းသည် စစ်ထူရီရှောင်၏ အမိန့်ကိုပင် စောင့်မနေတော့ဘဲ ချက်ချင်း သတင်းပို့လိုက်လေသည်။ အခြေအနေက ပရမ်းပတာဖြစ်နေပြီးဖြစ်၍ အားလုံး စိတ်လှုပ်ရှားသွားကြသည်။ နတ်ဆိုးကျွန်းပေါ်မှ အကာအရံများစွာက ဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။ ထို့ကြောင့် ကျန်းရီသည် ကျန့်ဝူရွှမ်းနှင့် အခြားဓားစာခံများကို အောင်အောင်မြင်မြင် ရှာတွေ့သွားခြင်းပင်။ ယခုတွင် အောင်မြင်မှုသည် လျှို့ဝှက်အဖွဲ့၏ စွမ်းဆောင်ရည်ပေါ်တွင်သာ မူတည်သွားပြီဖြစ်သည်။
ရွှီး...
ခေတ္တကြာပြီးနောက် ချမ်ဝမ်ကွမ်း၏ တံဆိပ်ပြားက လင်းလက်လာ၏။ ချမ်ဝမ်ကွမ်းသည် တံဆိပ်ပြားကိုကြည့်ကာ အော်ပြောလိုက်သည်။
“သခင်လေးရီရှောင်... လျှို့ဝှက်အဖွဲ့က ပစ်မှတ်နေရာကို ရောက်ပါပြီ၊ သူတို့ စတိုက်ခိုက်နေကြပြီ”
“ကောင်းပြီ...”
စစ်ထူရီရှောင် အော်ပြောလိုက်သည်။
“ဝမ်ကွမ်း... ဦးလေးနူကို လှုပ်ရှားတော့လို့ သတင်းပို့လိုက်။ ဥက္ကဋ္ဌဖုန်းလည်း လှုပ်ရှားပါတော့”
ဝှစ်...
အမိန့်ဆုံးသွားသည်နှင့် စောင့်ရသည်ကို ငြီးငွေ့နေသော ဟွမ်ဖူထောင်ထျန်းသည် ခက်ထန်သော နဂါးတစ်ကောင်ကဲ့သို့ နတ်ဆိုးကျွန်းထံ ချက်ချင်း ပျံသန်းသွားလိုက်လေသည်။ ဖုန်းပုရှီကလည်း ကျယ်လောင်စွာ အော်ပြောလိုက်၏။
“အားလုံးပဲ..တိုက်ခိုက်ကြ။ နတ်ဆိုးကျွန်းပေါ်မှာ အသက်ရှင်ကျန်တဲ့သူ မရှိစေနဲ့”
ဝှစ်...ဝှစ်...ဝှစ်...
ကောင်းကင်ကံကြမ္မာသင်္ဘောပေါ်မှ အခန်းများ၏ တံခါးများ ပွင့်သွားပြီး ပညာရှင်များစွာ ပျံထွက်သွားကြသည်။ ကောင်းကင်ကို အမှောင်ဖုံးသွား၏။ သူတို့အားလုံးသည် အလင်းတန်းများအဖြစ် ပြောင်းလဲသွားကာ နတ်ဆိုးကျွန်းဘက်သို့ ပျံသန်းသွားကြလေသည်။
စစ်ထူရီရှောင်ကလည်း အော်ပြောလိုက်သည်။
“ပူပြင်းနေ၊ လင်းလက်ကြယ်နဲ့ လဆုတ်တပ်မဟာတို့ နားထောင်ကြ... ပေါင်းစည်းတိုက်ခိုက်မှုစတင်...”
***