ညီအစ်ကိုများ
Vol. 59 Ch. 812
အတုအယောင် နတ်ဘုရား အသုံးအဆောင်များမှာ ကောင်းကင်ကြယ်တာရာနယ်မြေ၏ ပထမတန်းစား ရတနာများ ဖြစ်ကြပြီး ၎င်းတို့ကို ထုတ်လုပ်ရန် အခွန်ခက်ခဲပေသည်။ ဆရာသခင်အဆင့် အသုံးအဆောင် ပြုလုပ်သူများမှလွဲ၍ မည်သူမှ ၎င်းတို့ကို မထုတ်လုပ်နိုင်ချေ။ ထို့ပြင် အတုအယောင် နတ်ဘုရား အသုံးအဆောင်များကို ထုတ်လုပ်နိုင်ရန် အဖိုးတန် ကုန်ကြမ်းများ များစွာ လိုအပ်ပေသည်။ စွမ်းအားကြီး မိစ္ဆာသားရဲ သို့မဟုတ် မိစ္ဆာတစ်ကောင်၏ ဝိညာဉ်ကို ဖမ်းရန်လည်း လိုအပ်သည်။ အသုံးအဆောင် ပြုလုပ်သူများသည် ထိုဝိညာဉ်များကို အသုံးအဆောင်အတွင်း ထည့်သွင်းပြီး အသုံးအဆောင်အပေါ်တွင် စွမ်းအားကြီး အစီအရင်အကာအရံ ရေးဆွဲရလေသည်။
ကောင်းကင်ကြယ်တာရာနယ်မြေတစ်ခွင်လုံးတွင် ဆရာသခင်အဆင့် အသုံးအဆောင် ပြုလုပ်သူ ဆယ်ယောက်လောက်သာ သက်ရှိထင်ရှား ရှိတော့ပေသည်။ အပြစ်သားကျွန်းတွင်မူ တစ်ယောက်သာ ရှိပြီး ထိုတစ်ယောက်ကို ဟွမ်ဖူမျိုးနွယ်က သိမ်းသွင်းထားလေသည်။ သို့သော် ထိုသူသည် ပြီးခဲ့သောနှစ်များအတွင်း အသုံးအဆောင်များစွာ မထုတ်လုပ်ခဲ့ပေ။
မိစ္ဆာသားရဲများတွင် ထူးကဲသော မိစ္ဆာအတတ်များ ရှိပြီး မိစ္ဆာဝိညာဉ်များတွင်လည်း ဝိညာဉ်အတတ်များ ရှိကြသည်။ ၎င်းတို့၏ ဝိညာဉ်များကို အသုံးအဆောင်ဝိညာဉ်အဖြစ် ချိပ်ပိတ်နိုင်သော်လည်း ၎င်းတို့သည် အဓိကအသိစိတ် ဆုံးရှုံးသွားကြ၏။ သို့သော် ထိုဝိညာဉ်များထဲတွင် မိစ္ဆာအတတ်နှင့် ဝိညာဉ်အတတ်တို့ကို မှတ်မိသော မှတ်ဉာဏ်အချို့ ကျန်ရစ်ခဲ့ကြသည်။
အတုအယောင် နတ်ဘုရား အသုံးအဆောင်များကို ဖျက်ဆီးရန် အလွန်ခက်ခဲ၏။ အချို့အသုံးအဆောင်များအတွင်းရှိ အသုံးအဆောင်ဝိညာဉ်များမှာ နှစ်တစ်ထောင်၊ နှစ်တစ်သောင်း၊ နှစ်တစ်သိန်း သက်တမ်းရှိနေကြပြီဖြစ်သည်။ အသုံးအဆောင်ဝိညာဉ်များနှင့် အတုအယောင် နတ်ဘုရား အသုံးအဆောင်များမှာ တစ်သားတည်းဖြစ်သည်။ အကယ်၍ လူတစ်ယောက်သည် အသုံးအဆောင်ဝိညာဉ်နှင့် ဝိညာဉ်ချိတ်ဆက်နိုင်ခဲ့လျှင် အတုအယောင် နတ်ဘုရား အသုံးအဆောင်ကို အပြည့်အဝ သန့်စင်နိုင်မည်ဖြစ်ပြီး စွမ်းအားအကုန် အသုံးပြုနိုင်မည်ဖြစ်သည်။
အတုအယောင် နတ်ဘုရား အသုံးအဆောင်များနှင့် ဝိညာဉ်ချိတ်ဆက်နိုင်ရန်မှာ သာမန်လူများ မလုပ်နိုင်သော ကိစ္စပင်။ သမိုင်းတစ်လျှောက်တွင် ထူးခြားသော ပါရမီရှင်အချို့ကသာ အတုအယောင် နတ်ဘုရား အသုံးအဆောင်များ၏ အသုံးအဆောင်ဝိညာဉ်များနှင့် ချိတ်ဆက်နိုင်ခဲ့ပြီး လူသားနှင့်ဓား ပေါင်းစည်းခြင်း အခြေအနေနှင့် အခြားအလားတူအခြေအနေများကို ဝင်ရောက်နိုင်ခဲ့သည်။
အတုအယောင် နတ်ဘုရား အသုံးအဆောင်နှင့် ပေါင်းစည်းနိုင်သွားပြီးလျှင် အသုံးအဆောင်သည် မိမိ၏ခန္ဓာကိုယ်နှင့် တစ်သားတည်းဖြစ်သွားမည်ဖြစ်သည်။ အသုံးအဆောင်၏ စွမ်းအားကလည်း ပိုတိုးလာပေလိမ့်မည်။ ထို့ပြင် အသုံးအဆောင်ဝိညာဉ်၏ စွမ်းရည်ကိုလည်း သုံးနိုင်လာမည်ဖြစ်သည်။ တစ်နည်းဆိုရလျှင် လူသားတစ်ယောက်သည် မိစ္ဆာသားရဲများ၏ မိစ္ဆာအတတ်များ သို့မဟုတ် မိစ္ဆာဝိညာဉ်များ၏ ဝိညာဉ်အတတ်များကို ထုတ်လွှတ်လာနိုင်မည်ဖြစ်သည်။
အတုအယောင် နတ်ဘုရား အသုံးအဆောင်နှင့် ဝိညာဉ်ချိတ်ဆက်နိုင်ရန်မှာ အလွန်ခက်ကြောင်း လူတိုင်းသိ၏။ ကျန်းရီသည် နည်းလမ်းပေါင်းစုံ သုံးခဲ့သော်လည်း မီးတိမ်သံချပ်ကာနှင့် ဝိညာဉ်မချိတ်ဆက်နိုင်သေးပေ။ အတုအယောင် နတ်ဘုရား အသုံးအဆောင်နှင့် ပြီးပြည့်စုံသော လိုက်ဖက်ညီမှုရရန်မှာ ပို၍ပင် ခက်ပေလိမ့်မည်။ သို့သော် ရှန်းစီမျိုးနွယ်စု၏ ဟွမ်ဖူမျိုးနွယ်မှ ဟွမ်ဖူထောင်ထျန်းက အပြစ်သားကျွန်းတွင် ပထမဆုံး ဝိညာဉ်ချိတ်ဆက်နိုင်ခဲ့ပြီဖြစ်သည်။ သို့သော် အရှေ့ဘက် တော်ဝင်နယ်မြေတွင်လည်း ထိုသို့ဝိညာဉ်ချိတ်ဆက်နိုင်ခဲ့သူ အနည်းငယ် ရှိလောက်ပေသည်။
ထို့ကြောင့် ဟွမ်ဖူထောင်ထျန်း လူသားနှင့်ဓား ပေါင်းစည်းခြင်းကို ထုတ်သုံးလိုက်သောအခါ လူတိုင်း အံ့အားသင့်သွားကြခြင်းဖြစ်သည်။ ထို့ပြင် သူသည် နတ်ဆိုးတပ်မဟာ၏ ဒုတိယအဆင့်ရှိသူကို ဓားချက်တစ်ချက်ဖြင့် သတ်လိုက်ရာ ဓားပြများက ပို၍ပင် အံ့ဩသွားကြသည်။ စစ်သည်များမှာ စစ်သူကြီး၏ ဇွဲသတ္တိဖြစ်ပြီး စစ်သူကြီးမှာ စစ်သည်များ၏ စိတ်ဝိညာဉ်ဖြစ်သည်။ စစ်သူကြီး ကျဆုံးသွားလျှင် စစ်သည်များစွာက ကြောက်ရွံ့တုန်လှုပ်သွားမည်ဖြစ်သည်။
ဝှစ်...ဝှစ်...
ဤနေရာရှိ လူအများစု မှင်တက်သွားကြ၏။ သို့သော် လဆုတ်၊ လင်းလက်ကြယ်နှင့် ပူပြင်းနေတပ်မဟာများမှ လူများကမူ များစွာ အရေးမစိုက်ပေ။ သူတို့သည် ဝိညာဉ်ကျွန်းများ ဖြစ်နေပေပြီ။ သူတို့၏ဆရာသခင်က သူတို့အား နတ်ဆိုးတပ်မဟာကို တိုက်ခိုက်ရန် အမိန့်ပေးထားပြီးပေပြီ။ ထို့ကြောင့် သူတို့သည် အပါးမခိုဝံ့ကြပေ။ လူထောင်ကျော်သည် ဓားပြများ မှင်တက်နေသည်ကို အခွင့်ကောင်းယူ၍ တိုက်ခိုက်လိုက်ကြရာ ဓားပြနှစ်ထောင် သေဆုံးသွားလေသည်။
“သတ်ကြ...”
စစ်ထူနူနှင့် သူ့အုပ်စုက လျင်မြန်စွာ ရောက်ရှိလာ၏။ သို့သော် တိုက်ပွဲပြင်က ရှုပ်ထွေးနေသဖြင့် မည်သူမှ အခြားအုပ်စုများကို မဆင်မခြင် မတိုက်ခိုက်ဝံ့ပေ။ ထို့ကြောင့် အားလုံးသည် အစုအသေးလေးများခွဲ၍ စတင် တိုက်ခိုက်ကြ၏။ ငှက်စိမ်းကုန်သည်အဖွဲ့အစည်းမှ လူများလည်း ရောက်ရှိလာသည်။ နေရာအနှံ့တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး စက္ကန့်မလပ် သေဆုံးမှုများ ဖြစ်နေပေသည်။
စစ်ထူရီရှောင်၊ ချမ်ဝမ်ကွမ်း၊ ဖုန်းပုရှီနှင့် အခြားသူများကလည်း ကောင်းကင်ကံကြမ္မာသင်္ဘော၏ ကုန်းပတ်ပေါ်သို့ ထွက်လာပြီး တိုက်ပွဲကို ကြည့်ရှုနေကြသည်။ သူတို့ဘက်က စစ်သည်အရေအတွက်က ရန်သူအရေအတွက်ထက် အဆပေါင်းများစွာ ပိုများပေသည်။ ထို့ကြောင့် ဤတိုက်ပွဲ၏ ရလဒ်က သေချာနေပြီဖြစ်သည်။ သူတို့ စိတ်အေးလက်အေးဖြင့် တိုက်ပွဲကို ကြည့်ရှုနိုင်ပေသည်။
ရွှီး...
ချမ်ဝမ်ကွမ်း၏ တံဆိပ်ပြားက လင်းလက်လာ၏။ သူက ၎င်းကို တစ်ချက်ကြည့်လိုက်ပြီး ဝမ်းသာအားရ ပြောလိုက်သည်။
“သူတို့ကို ကယ်လာခဲ့ပြီ။ ဓားစာခံအယောက်တစ်ရာပဲ အသတ်ခံလိုက်ရတယ်။ အစ်ကိုဝူရွှမ်းနဲ့ ယွင်ဖေးတို့ အဆင်ပြေတယ်”
“ဟူး...”
စစ်ထူရီရှောင်က သက်ပြင်းသဲ့သဲ့ ချလိုက်ပြီး တိုက်ပွဲပြင်ကို ခေတ္တမျှကြည့်လိုက်၏။ ထို့နောက် သူသည် တိုက်ပွဲကို ဆက်မကြည့်တော့ဘဲ ကျန်းရီကို သတင်းကောင်း ပြောရန် ချမ်ဝမ်ကွမ်းနှင့်အတူ သင်္ဘောအခန်းအတွင်းသို့ ပြန်သွားလိုက်၏။
သို့သော် ကျန်းရီက အခန်းထဲတွင် ရုတ်တရက် ယိမ်းထိုးကာ လဲပြိုကျသွားပြီး သတိမေ့နေလိမ့်မည်ဟု မည်သူထင်ခဲ့မိမည်နည်း။ သူသည် ကျန့်ဝူရွှမ်းနှင့် ယွင်ဖေးတို့၏ အခြေအနေကို အာရုံခံမိခဲ့ပြီးဖြစ်သည်။ သူသည် ရန်သူဘက်တွင် မည်သည့်စစ်ကူမှ မရှိတော့ဘဲ နတ်ဆိုးတပ်မဟာကလည်း သေချာပေါက် ပျက်သုဉ်းတော့မည်ဖြစ်ကြောင်း သေချာသွားသောအခါ စိတ်လျှော့ချလိုက်ခြင်းပင်။
“ခေါင်းဆောင်...”
“ညီလေးကျန်း...”
ချမ်ဝမ်ကွမ်းနှင့် စစ်ထူရီရှောင်တို့က ကျန်းရီကို လျင်မြန်စွာ ထူပွေ့လိုက်လေသည်။ ချမ်ဝမ်ကွမ်းက ကျန်းရီကို အိပ်ရာဆီသို့ သယ်သွားပြီး ကျန်းရီ၏ ခန္ဓာကိုယ်ကို စစ်ဆေးလိုက်၏။ ကျန်းရီက နွမ်းနယ်လွန်းသဖြင့် သတိမေ့သွားရုံသာဖြစ်ကြောင်း အတည်ပြုပြီးသွားမှ သူတို့ စိတ်သက်သာရာရသွားကြသည်။
ဝုန်း...ဝုန်း...ဝုန်း...
တိုက်ပွဲက ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေသည်။ နှစ်ဘက်စလုံးတွင် အကျအဆုံးများ ရှိပေသည်။ နတ်ဆိုးတပ်မဟာသည် ရှောင်လွှဲ၍ မရနိုင်သော သေခြင်းတရားနှင့် ရင်ဆိုင်နေသည်ကိုပင် အစွမ်းကုန် ပြန်တိုက်ခိုက်နေ၏။ သူတို့သည် သေရမည်ဆိုလျှင်လည်း ရန်သူများကို သူတို့နှင့်အတူ သေရွာသို့ အပါခေါ်သွားမည်ဟု သန္နိဋ္ဌာန်ချထားခြင်းပင်။ ထို့ကြောင့် သူတို့က အလွန်ခက်ထန်နေကြသည်။ သို့သော် သူတို့ မည်မျှ ခက်ထန်စေကာမူ တစ်ဘက်မှ ကောင်းကင်ဧကရာဇ်အရေအတွက်က သူတို့ဘက်မှ အရေအတွက်ထက် သုံးဆကျော် ပိုများပေသည်။ သုံးယောက်တစ်ယောက် တိုက်ခိုက်နေရသော အခြေအနေတွင် တိုက်ခိုက်စွမ်းအား တူညီလျှင်ပင် တိုက်ပွဲ၏ ရလဒ်က သိသာနေပြီဖြစ်သည်။
ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်နေပြီး နာကျင်တကြီး အော်ဟစ်သံများကလည်း ပဲ့တင်ထပ်နေလေသည်။ ကောင်းကင်သည်လည်း ပြန်ကောင်းလာလိုက်၊ ထပ်မံစုတ်ပြဲသွားလိုက်နှင့် ဖြစ်နေသည်။ ပင်လယ်ပြင်တွင်လည်း လှိုင်းတံပိုးထန်နေပြီး ကျွန်းများ ပျက်စီးသွားကြသည်။ နတ်ဆိုးတပ်မဟာမှ အင်အားနည်းသော သိုင်းသမားများသည် အစုလိုက်အပြုံလိုက် အသတ်ခံလိုက်ရ၏။ မိန်းမများ၊ ကလေးများပင် မကျန် အသတ်ခံလိုက်ရပေသည်။
ဓားပြများသာ ပြန်မတိုက်ခိုက်လျှင် သို့မဟုတ် အညံ့ခံလျှင် အသက်ရှင်နိုင်ရန် အခွင့်အရေး ရှိပေလိမ့်မည်။ သို့သော် သူတို့သည် ပြန်တိုက်ခိုက်ကာ ထွက်ပြေးနေကြသဖြင့် အညှာအတာမရှိ သတ်ဖြတ်ခံရတော့မည်ဖြစ်သည်။
တိုက်ပွဲများတွင် သနားငဲ့ညှာမှု မရှိပေ။ မိမိအသေခံမည်လော၊ ရန်သူကို သတ်မည်လောကိုသာ ဆုံးဖြတ်ရမည်ဖြစ်သည်။ အပြစ်သားကျွန်းသည် အလွန်ရက်စက်ကြမ်းတမ်းသော နေရာဖြစ်သည်။ ဤနေရာမှ လူအားလုံးသည် သွေးအေးသူများ ဖြစ်ကြသည်။ တိုက်ပွဲ စပြီဆိုသည်နှင့် သေချာပေါက် လူများ သေဆုံးကြမည်ဖြစ်သည်။
ဖုန်း...ဖုန်း...ဖုန်း...
ကောင်းကင်ကံကြမ္မာသင်္ဘောအောက်ရှိ ပင်လယ်ရေပြင်က ပေါက်ကွဲသွား၏။ အနက်ရောင်သံချပ်ကာ ဝတ်ဆင်ထားသော ကောင်းကင်ဧကရာဇ်တစ်စုသည် လူထောင်ကျော်နှင့်အတူ ပျံတက်လာ၏။ ထိုလူထောင်ကျော်သည် ကောင်းကင်ကံကြမ္မာသင်္ဘောကို မြင်လိုက်သောအခါ ဝမ်းသာ သွားကြသည်။ ထိုလူများထဲမှ စုံတွဲတစ်တွဲသည် သင်္ဘောဦးပိုင်းတွင် ရပ်နေသော ချမ်ဝမ်ကွမ်းကို မြင်လိုက်သောအခါ မျက်လုံးထဲတွင် မျက်ရည်ပူများ ပြည့်တက်လာလေသည်။
“အစ်ကိုဝူရွှမ်း၊ အစ်မယွင်ဖေး...”
ချမ်ဝမ်ကွမ်း၏ ဝဖိုင့်သော ခန္ဓာကိုယ်ကြီး တုန်ရင်သွား၏။ သူသည် စိတ်လှုပ်တရှား လက်ဝှေ့ယမ်း ပြလိုက်၏။ စစ်ထူရီရှောင်နှင့်အတူ တိုက်ပွဲကို ပြင်ဆင်နေခဲ့စဉ်က ရှိခဲ့သည့် သူ၏ တည်ငြိမ်မှုနှင့် စစ်သူကြီးတစ်ယောက်ကဲ့သို့ ဟန်ပန်များအားလုံး ပျောက်ကွယ်သွားပေပြီ။ ကျန့်ဝူရွှမ်းနှင့် ယွင်ဖေးတို့ ပျံတက်လာကြ၏။ ကျန့်ဝူရွှမ်းက ဝမ်းသာအားရ ပြောလိုက်သည်။
“ဝမ်ကွမ်း... မင်းက ဘာလို့ ဒီမှာ ရှိနေရတာလဲ”
“ဟဲဟဲ...”
ဖုန်းပုရှီက သက်ပြင်းချကာ ခေါင်းယမ်း၍ ပြောလိုက်သည်။
“သခင်လေးရီရှောင်နဲ့ သခင်လေးချမ်တို့ကြောင့်သာ မဟုတ်ရင် မင်းတို့ ဘယ်လိုလုပ် ဒီလောက်လွယ်လွယ် လွတ်လာနိုင်မှာလဲ။ ပြီးတော့... တကယ်လို့ သခင်လေးကျန်းသာ မရှိရင် မင်းတို့ ဒီအန္တရာယ်ကနေ ရှင်သန်နိုင်မှာ မဟုတ်ဘူး”
“သခင်လေးကျန်း... ကျန်းရီလား”
ကျန့်ဝူရွှမ်း တုန်ယင်သွား၏။ ယွင်ဖေးသည်လည်း မျက်ရည်များ စီးကျလာသည်။ ထိုစုံတွဲသည် ဤတစ်ကြိမ်တွင် သူတို့ သေချာပေါက် သေတော့မည်ဟု ထင်ခဲ့သည်။ တစ်ယောက်ယောက်က သူတို့ကို အမှန်ပင် လာကယ်လိမ့်မည်ဟု သူတို့ မမျှော်လင့်ခဲ့ပေ။ သို့သော် သူတို့ လွတ်လာချင်းချင်း ချမ်ဝမ်ကွမ်းကို တွေ့ခဲ့ရသည်။ ထို့ပြင် ကျန်းရီပင် ဤနေရာတွင် ရှိနေသည်လော။
“ကျေးဇူးအများကြီးတင်ပါတယ် သခင်လေးရီရှောင်နဲ့ သခင်လေးချမ်... ကျွန်တော်တို့ရဲ့ အသက်ကို ကယ်တင်ပေးခဲ့တဲ့ အရှင်အားလုံးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်”
ဓားစာခံများက လက်ဆုပ်ကာ ဦးညွှတ်လိုက်သည်။ ထို့နောက် သူတို့သည် တိုက်ပွဲပြင်ကို ကြည့်လိုက်ကြ၏။ တိုက်ပွဲထဲတွင် ကောင်းကင်ဧကရာဇ်များစွာ ရှိနေသဖြင့် ထိုမြင်ကွင်းက အလွန်တုန်လှုပ်ဖွယ်ကောင်းနေပေသည်။ ထိုကောင်းကင်ဧကရာဇ်များသည် သူတို့ကို ကယ်ရန် လာခဲ့ခြင်းလော။
စစ်ထူရီရှောင်သည် ကျန့်ဝူရွှမ်းနှင့် ယွင်ဖေးတို့က ဦးညွှတ်တော့မည်ကို မြင်လိုက်သောအခါ ခပ်သွက်သွက်လျှောက်သွားလိုက်ပြီး ကျန့်ဝူရွှမ်း၏လက်ကိုကိုင်ကာ ပြောလိုက်လေသည်။
“ညီလေးကျန့်... ညီလေးက ကျန်းရီနဲ့ ညီအစ်ကိုဆိုရင် ဒီစစ်ထူရီရှောင်နဲ့လည်း ညီအစ်ကိုပဲပေါ့။ ရိုးရိုးသားသား ပြောရရင်... ဒီတစ်ခေါက် အစ်ကိုတို့ ရောက်လာတာက ညီလေးတို့နှစ်ယောက်ကို ကယ်တင်ဖို့ပဲ။ တကယ်လို့ ညီလေးတို့ ကျေးဇူးတင်ချင်တယ်ဆိုရင် ကျန်းရီကိုပဲ ကျေးဇူးတင်လိုက်ပါ။ သူ့ကြောင့်သာ မဟုတ်ရင် အစ်ကို့ရဲ့ အဖေက ဒီလောက်စစ်သည်တွေအများကြီး စေလွှတ်လိုက်မှာ မဟုတ်ဘူး”
“အာ...”
ကျန့်ဝူရွှမ်းနှင့် ယွင်ဖေးတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့၏မျက်နှာများပေါ်တွင် အံ့ဩသောအရိပ်အယောင်များဖြင့် ပြည့်နှက်နေ၏။ သူတို့သည် ကျန်းရီတစ်ယောက် ရှန်းစီမြို့တွင် အဆင်ပြေနေသည်ဆိုသော ကောလာဟလအချို့ကို ကြားခဲ့သော်လည်း ဤမျှ အခြေအနေကောင်းနေလိမ့်မည်ဟု မမျှော်လင့်ခဲ့ချေ။ သူတို့ကို ကယ်တင်ရန်အတွက် ကောင်းကင်ဧကရာဇ်(၃၀,၀၀၀)ကျော်ကို သုံးခဲ့သည်လော။ သူတို့သည် သာမန်သိုင်းသမား(၃၀,၀၀၀)မဟုတ်ပေ။ ကောင်းကင်ဧကရာဇ်(၃၀,၀၀၀)ဖြစ်သည်။ အချို့ဆိုလျှင် စွမ်းအားကြီးလွန်းသဖြင့် မသေမျိုးများဟူ၍ပင် ထင်ရလေသည်။ နှစ်နှစ်အတွင်းမှာပင် ကျန်းရီ၏ စွမ်းဆောင်နိုင်စွမ်းက ဤမျှ တိုးတက်လာသည်လော။
ယွင်ဖေးက လှည့်ပတ်ကြည့်လိုက်ပြီး ကျန်းရီကို မတွေ့သဖြင့် ချမ်ဝမ်ကွမ်းကို မေးလိုက်သည်။
“ဝမ်ကွမ်း... စစ်သေနာပတိချုပ်က ဘယ်မှာလဲ”
“အိပ်နေတယ်”
ချမ်ဝမ်ကွမ်းက ခါးသက်သက်ရယ်ကာ ပြောလိုက်သည်။
“ဒီတိုက်ပွဲအတွက် ခေါင်းဆောင်က ကောင်းကင်နားလည်သိမြင်ခြင်းကို ဆက်တိုက်သုံးခဲ့ရတာ။ အဲ့ဒါကြောင့် ပင်ပန်းပြီး သတိလစ်သွားတာပါ။ ဒါပေမဲ့ ပြဿနာကြီးမဟုတ်ဘူး... ခဏလောက် အနားယူပြီးရင် သူ ပြန်ကောင်းလာမှာပါ”
“အာ...”
ကျန့်ဝူရွှမ်းနှင့် ယွင်ဖေးတို့သည် အလွန် ရင်ထဲထိသွား၏။ ညီအစ်ကိုဆိုသည်မှာ အဘယ်နည်း။ ညီအစ်ကိုဆိုသည်မှာ သေရည်အတူတူသောက်သူ သို့မဟုတ် ပခုံးဖက်၍ ဆောင်ကြာမြိုင်အတူတူသွားသူများကို ဆိုလိုခြင်းမဟုတ်ပေ။ တစ်ဦးဒုက္ခရောက်နေစဉ်တွင် တစ်ဦးက နည်းပေါင်းစုံဖြင့် အသက်စွန့် ကူညီသူများကသာ ညီအစ်ကိုအစစ်အမှန်များဖြစ်ပေသည်။
ကျန်းရီနှင့် ယှဉ်လျှင် ကျန့်ဝူရွှမ်း၏အင်အားက အလွန်နည်းပါး၏။ ယွင်ဖေးဆိုလျှင် ပို၍ပင် အားနည်းသေးသည်။ သူတို့နှစ်ယောက်သည် ကျန်းရီအတွက် မည်သည့်တန်ဖိုးမှ မရှိပေ။ သို့သော် ဤတစ်ကြိမ်တွင် ကျန်းရီသည် စစ်ထူမျိုးနွယ်ကို ဤကဲ့သို့ စစ်သည်များစွာ စေလွှတ်ပေးရန် တောင်းဆိုခဲ့၏။ သူသည် စစ်ထူမျိုးနွယ်အပေါ်တွင် ကြီးမားသော ကျေးဇူးကြွေး တင်သွားပြီဖြစ်သည်။ သို့ရာတွင် သူ မတုံ့ဆိုင်းခဲ့ပေ။ အဘယ်ကြောင့်ဆိုသော ကျန့်ဝူရွှမ်းက သူ၏ ညီအစ်ကိုဖြစ်ပြီး ယွင်ဖေးက သူ၏ မရီးဖြစ်သောကြောင့်ပင်။
ကျန်းရီ ကျန့်ဝူရွှမ်းတို့ကို လာရောက် ကယ်တင်ခဲ့ခြင်းမှာ အထက်ပါအကြောင်းကြောင့်သာ ဖြစ်ပေသည်။
***