ချမ်ဝမ်ကွမ်း၏ စွမ်းဆောင်ရည်
Vol. 59 Ch. 813
နှစ်နာရီကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် နတ်ဆိုးတပ်မဟာမှ ဓားပြတစ်ဝက်ကျော် သေဆုံးသွားခဲ့ပေပြီ။ ကျန်ရှိနေသေးသော ဓားပြထောင်ကျော်ကလည်း အားလုံးအညံ့ခံလိုက်ကြလေသည်။ အနီးနားရှိ ကျွန်းများမှ အားနည်းသော သိုင်းသမားများ၊ ဇနီးမယားများနှင့် ကလေးအနည်းငယ် အသတ်ခံလိုက်ရပြီး အသက်ရှင်ကျန်ရစ်သူများမှာ အညံ့ခံလိုက်ကြသည်။ မိုထျန်းကို စစ်ထူနူနှင့် စစ်ထူမျိုးနွယ်၏ အခြား အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်တစ်ပါးတို့က သတ်ပစ်ခဲ့ကြသည်။
အညံ့ခံခြင်း၏ ရလဒ်မှာ ကျွန်များ ဖြစ်သွားခြင်းပင်။ စစ်ထူမျိုးနွယ်က တိုက်ပွဲတွင် ဝင်ပါလိုက်ပြီဖြစ်၍ မည်သည့်အကျိုးအမြတ်မှ ပြန်မရလျှင် စစ်ထူအောင်းသည် အကြီးအကဲခန်းမကို မည်သို့ ရှင်းပြရမည်နည်း။ နတ်ဆိုးကျွန်း၏ လျှို့ဝှက်အခန်းကို ရှာတွေ့ခဲ့၏။ နတ်ဆိုးတပ်မဟာက နှစ်ပေါင်းသိန်းချီ စုဆောင်းထားခဲ့သော များစွာသော ရတနာအားလုံးကို စစ်ထူမျိုးနွယ်က ရရှိခဲ့သည်။ ဖုန်းပုရှီနှင့် အခြားသူများသည် အလွန်အားကျနေသော်လည်း တစ်ခွန်းမှ ဝင်မပြောဝံ့ကြပေ။ သူတို့သည် ဤတစ်ကြိမ်တွင် ဝေစုရမည် မဟုတ်ပေ။
တိုက်ပွဲပြင်ကို ရှင်းလင်းပြီးနောက် ကျွန်းများအားလုံးကို စုဝေး၍ ရှန်းစီကျွန်း၏ အနောက်ဘက်ရှိ စစ်ထူကျွန်းသို့ ပို့လိုက်လေသည်။ ထိုကျွန်းသည် စစ်ထူမျိုးနွယ်၏ စီးပွားရေးလုပ်ကိုင်ရာနေရာတစ်ခုဖြစ်ပြီး ကောင်းကင်မိုးကြိုးကျွန်းနှင့် ဆင်တူပေသည်။ ပင်လယ်နက်ထဲသို့သွား၍ သတ္တုကြောများကို တူးဖော်ရန် ကျွန်များစွာ လိုအပ်လေသည်။
ကောင်းကင်ကံကြမ္မာသင်္ဘောက စတင် ထွက်ခွာလိုက်၏။ သို့သော် ၎င်းသည် ရှန်းစီကျွန်းသို့ မပြန်ဘဲ လင်းလက်ကြယ်ကျွန်းသို့ သွားလိုက်၏။ စစ်ထူနူသည် ပညာရှင်သုံးထောင် ချန်ထားခဲ့၏။ သူတို့သည် ငှက်စိမ်းကုန်သည်အဖွဲ့အစည်းနှင့်အတူ လင်းလက်ကြယ်တပ်မဟာကို ရှင်းပစ်ကာ ရတနာများကို ယူကြရန် ကြံစည်ထားပေသည်။
ဤတစ်ကြိမ်တွင်မူ စစ်ထူမျိုးနွယ်သည် ရတနာအားလုံးကို ယူမည်မဟုတ်ဘဲ ဖုန်းပုရှီနှင့် အညီအမျှ ခွဲဝေမည်ဖြစ်သည်။ ဖုန်းပုရှီက ထိုအစီအစဉ်ကို ချက်ချင်း သဘောတူလိုက်သည်။ ဤတစ်ခေါက်တွင် သူတို့ကုန်သည်အဖွဲ့အစည်း၏ ကောင်းကင်ကံကြမ္မာသင်္ဘော ပြန်ပေးဆွဲခံခဲ့ရ၏။ ထို့ကြောင့် သူတို့၏ ဂုဏ်သတင်းက အောက်ဆုံးအထိ ကျဆင်းသွားခဲ့သည်။ ယခုတွင် သူတို့သည် ဓားပြတပ်မဟာလေးခုကို ဖျက်ဆီးနိုင်လိုက်ပြီဖြစ်၍ သူတို့၏ဂုဏ်သတင်းကို ပြန်ထိန်းသိမ်းနိုင်ခဲ့ပြီဖြစ်ပြီး အပြစ်သားကျွန်းမှ လူများကိုလည်း ဥပမာပြလိုက်နိုင်ပြီဖြစ်သည်။
လင်းလင်ကြယ်တပ်မဟာက ကောင်းကင်ဧကရာဇ်(၁၀,၀၀၀)ကို စေလွှတ်ခဲ့သည်။ သို့သော် သူတို့ထဲမှ တစ်ဝက်က အသတ်ခံလိုက်ရပြီး ကျန်တစ်ဝက်က ဝိညာဉ်ကျွန်များ ဖြစ်သွားကြသည်။ ထို့ကြောင့် ကျွန်းပေါ်တွင် ကောင်းကင်ဧကရာဇ်(၅၀၀၀) ဝန်းကျင်လောက်သာ ကျန်တော့ပေသည်။
ချမ်ဝမ်ကွမ်းက အစီအစဉ်တစ်ခုကို တင်ပြခဲ့၏။ ထိုအစီအစဉ်မှာ လင်းလက်ကြယ်တပ်မဟာမှ အညံ့ခံထားသူများကို တိုက်ပွဲက အဆင်ပြေချောမွေ့ခဲ့ပြီး ငှက်စိမ်းကုန်သည်အဖွဲ့အစည်းကို အောင်အောင်မြင်မြင် ရှင်းပစ်နိုင်ခဲ့ပြီဟု လင်းလက်ကြယ်တပ်မဟာဆီ သတင်းပြန်ပို့ခိုင်းရန်ဖြစ်သည်။ ထိုသတင်းထဲတွင် ရွှယ်ရှုံးက တိုက်ပွဲထဲတွင် ကံဆိုးစွာ သေသွားခဲ့ပြီဟုလည်း ထည့်ပြောရမည်ဖြစ်သည်။
တစ်ရက်ကြာပြီးနောက် ကောင်းကင်ကံကြမ္မာသင်္ဘောက လင်းလက်ကြယ်ကျွန်းအနီးသို့ ရောက်လာသောအခါ ချမ်ဝမ်ကွမ်းသည် လင်းလက်ကြယ်တပ်မဟာမှ အညံ့ခံထားသောဓားပြများအား ငှက်စိမ်းကုန်သည်အဖွဲ့အစည်း၏ ကောင်းကင်ဧကရာဇ်ထောင်ကျော်ကို ခေါ်ဆောင်သွားပြီး လင်းလက်ကြယ်ကျွန်းကို သိမ်းပိုက်ရန် စေခိုင်းလိုက်သည်။ လင်းလက်ကြယ်တပ်မဟာကလည်း အထက်ပါ သတင်းကို ရထားသဖြင့် ပြန်ရောက်လာသည့် လင်းလက်ကြယ်တပ်မဟာမှ ဓားပြများကို ကျွန်းပေါ်သို့ အလွယ်တကူ အတက်ခံလိုက်လေသည်။ သူတို့သည် ကျွန်းပေါ်သို့ ရောက်သည်နှင့် အလစ်စတင်တိုက်ခိုက်လိုက်ပြီး တပ်မှူးချုပ်နှင့် တပ်မှူးများစွာကို ရှင်းပစ်လိုက်ကြ၏။ တိုက်ပွဲက သူ့တို့အတွက် လွယ်ကူခဲ့ပေသည်။
တစ်နာရီကြာပြီးနောက် တိုက်ပွဲပြီးဆုံးသွားခဲ့သည်။ ကျွန်းပေါ်ရှိ လူတစ်ဝက်လောက်က အညံ့ခံခဲ့၏။ လင်းလက်ကြယ်တပ်မဟာက ပိုင်ဆိုင်သော ရတနာများကို စစ်ဆေးသောအခါ ဖုန်းပုရှီတစ်ယောက် တိတ်တဆိတ် သက်ပြင်းချလိုက်လေသည်။ ဓားပြတပ်မဟာတစ်ခုက သူတို့၏ ကုန်သည်အဖွဲ့အစည်းထက်ပင် ချမ်းသာနေပေသည်။
ကုန်သည်အဖွဲ့အစည်းများသည် မြို့ကြီးများမှ မျိုးနွယ်ကြီးများကို လစဉ် အခွန်ကြေးများ၊ လက်ဆောင်ပဏာများ ဆက်သရပေသည်။ ဓားပြတပ်မဟာများမှာမူ မည်သည့် လက်ဆောင်ပဏာမှ ဆက်သစရာမလိုသည့်အပြင် သူတစ်ပါးပိုင်ဆိုင်သည့် အရာများကို ဓားပြတိုက်ယူနိုင်ကြသည်။ ထို့ကြောင့် နှစ်ပေါင်းသောင်းချီ၊ သိန်းချီ ဓားပြတိုက်စုဆောင်းပြီးသောအခါ သူတို့၏ ချမ်းသာကြွယ်ဝမှုက သေချာပေါက် အထင်ကြီးစရာ ဖြစ်နေမည်ဖြစ်သည်။
ငှက်စိမ်းကုန်သည်အဖွဲ့အစည်းသည် ဤတစ်ကြိမ်တွင် ဝေစုရလိုက်သဖြင့် ပို၍ပင် တက်တက်ကြွကြွ လုပ်ဆောင်လာကြသည်။
ကောင်းကင်ကံကြမ္မာသင်္ဘောက ထပ်မံ ထွက်ခွာလိုက်ပြီး ပူပြင်းနေကျွန်းသို့ ဦးတည်သွားလိုက်သည်။ လမ်းတစ်ဝက်အရောက်တွင် စစ်ထူနူက သူတို့ ပူပြင်းနေကျွန်းနှင့် လဆုတ်ကျွန်းတို့ကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သတင်းလှမ်းပို့လေသည်။ စစ်ထူမျိုးနွယ်၏ စစ်အင်အားက အလွန်ကြီးမားပေသည်။ ဓားပြတပ်မဟာများသည် စစ်ထူမျိုးနွယ်မှ လူများကို တွေ့သောအခါ တိုက်ခိုက်လိုစိတ် မရှိကြတော့ဘဲ အရှုံးပေးလိုက်ကြသည်။ အရှုံးမပေးဘဲ ထွက်ပြေးသူများမှာမူ အသတ်ခံလိုက်ကြရလေသည်။
ကောင်းကင်ကံကြမ္မာသင်္ဘော ပြန်သွားသောအခါ စစ်ထူရီရှောင်နှင့် ချမ်ဝမ်ကွမ်းတို့သည် သင်္ဘောနှင့်ပင် လိုက်လာခဲ့ကြသည်။ ကျန်းရီက အိပ်မောကျနေဆဲပင်။ တိုက်ပွဲသည် အဆုံးပိုင်းသို့ ရောက်နေပြီဖြစ်၍ သူတို့နှစ်ယောက်သည် တိုက်ပွဲအကြောင်း တင်ပြလာသည်များကိုသာ နားထောင်ရန် လိုတော့ပေသည်။
သို့သော် စစ်ထူရီရှောင်နှင့် ချမ်ဝမ်ကွမ်းတို့ သင်္ဘောပေါ်တွင် နေခဲ့ခြင်းမှာ ရည်ရွယ်ချက်ကြီးတစ်ခုကြောင့် ဖြစ်သည်။ အမှန်တွင် ငှက်စိမ်းကုန်သည်အဖွဲ့အစည်းကို လင်းလက်ကြယ်ကျွန်းအား သိမ်းပိုက်ရာတွင် ပါဝင်ခိုင်းခဲ့ခြင်းမှာ ချမ်ဝမ်ကွမ်းပေးသောအကြံဖြစ်သည်။ မဟုတ်လျှင် စစ်ထူနူနှင့် သူ့လူများဖြင့်ပင် ဓားပြတပ်မဟာသုံးခုကို ရှင်းပစ်ရန် လုံလောက်နေပြီဖြစ်သည်။ ရရှိမည့်ရတနာများကို ငှက်စိမ်းကုန်သည်အဖွဲ့အစည်းနှင့် ခွဲဝေနေစရာအကြောင်းမရှိပေ။
စစ်ထူရီရှောင်နှင့် ချမ်ဝမ်ကွမ်းတို့သည် အချိန်ရတိုင်း ဖုန်းပုရှီနှင့် စကားပြောကြ၏။ ချမ်ဝမ်ကွမ်းက ပြောင်မြောက်သော စီးပွားရေးအကြံများစွာကို ပြောပြသဖြင့် ဖုန်းပုရှီတစ်ယောက် အမြင်ကျယ်လာသည်။ သူသည် ချမ်ဝမ်ကွမ်းကိုလည်း အလွန်အထင်ကြီးလာပေသည်။ အကယ်၍ ချမ်ဝမ်ကွမ်းသာ စစ်ထူမျိုးနွယ်အတွက် အလုပ်လုပ်ပေးနေခြင်း မဟုတ်လျှင် သူသည် ချမ်ဝမ်ကွမ်းကို ငှက်စိမ်းကုန်သည်အဖွဲ့အစည်းသို့ ခေါ်နိုင်ရန် မည်သည့်အရာကိုမဆို လုပ်မည်ဖြစ်သည်။
ငါးရက်မြောက်နေ့တွင် ကျန်းရီ ပြန်သတိလည်လာ၏။ သို့သော် သူ အတော်လေး အားနည်းနေပေသေးသည်။ သူသည် ကျန့်ဝူရွှမ်း၊ ဟွမ်ဖူထောင်ထျန်းတို့နှင့် တစ်ခဏမျှ စကားပြောပြီးနောက် ပြန်အိပ်ပျော်သွား၏။ ထို့ကြောင့် ကျန့်ဝူရွှမ်းသည် ရင်ထဲတွင် အပြစ်ရှိသလိုခံစားချက်တစ်ခုကို ခံစားလိုက်ရလေသည်။
နှစ်ရက်ကြာပြီးနောက် ကျန်းရီ ထပ်မံနိုးထလာ၏။ ဤတစ်ခေါက်တွင်မူ သူ အတော်လေး ပိုကောင်းလာသည်။ သူသည် ကျန့်ဝူရွှမ်း၊ ဟွမ်ဖူထောင်ထျန်းတို့နှင့် စကားပြောပြီးနောက် လှည့်ပတ်ကြည့်လိုက်ပြီး မသင်္ကာဟန်ဖြင့် မေးလိုက်သည်။
“ဝမ်ကွမ်းရော ဘယ်မှာလဲ။ ဘာလို့ ကျွန်တော် သူ့ကို မတွေ့တာလဲ”
“သူက သင်္ဘောပေါ်မှာပါပဲ”
ဟွမ်ဖူထောင်ထျန်းက လက်မထောင်ကာ ပြောလိုက်၏။
“ကျန်းရီ... မင်းရဲ့ ညီလေးက တကယ့်ကို ပါရမီရှင်တစ်ယောက်ပဲ။ သူက ရက်ပိုင်းအတွင်းမှာပဲ ဖုန်းပုရှီကို တကယ် လှည့်ဖြားနိုင်လိုက်ပြီ။ မြို့ကို ပြန်ရောက်တဲ့အခါကျရင် ငှက်စိမ်းကုန်သည်အဖွဲ့အစည်းက သူတို့ရဲ့ နာမည်ကို စစ်ထူကုန်သည်အဖွဲ့အစည်းလို့ ပြောင်းလိမ့်မယ်”
“ဘာ...”
ကျန်းရီ အတန်ငယ် အံ့အားသင့်သွား၏။ ထို့ကြောင့် သူ စိတ်ဝင်တစား မေးလိုက်သည်။
“ဘာလို့လဲ...”
ဟွမ်ဖူထောင်ထျန်းက လက်ဖက်ရည်အိုးကိုယူကာ ကျန်းရီအတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်ပြီးမှ ပြန်ပြောလိုက်သည်။
“ဒီရက်ပိုင်းအတွင်းမှာ ရီရှောင်နဲ့ ဝမ်ကွမ်းတို့က အဘိုးကြီးဖုန်းနဲ့ အာလာပသလ္လာပတွေ ပြောနေခဲ့ကြတယ်။ ဝမ်ကွမ်း ပြောခဲ့တဲ့ စီးပွားရေးဗျူဟာတွေက အဘိုးကြီးဖုန်းကို အံ့အားသင့်သွားစေတဲ့ပုံပဲ။ ရီရှောင်ကလည်း ဘေးကနေ လေပင့်ပေးတာပေါ့။ နောက်ဆုံးကျ အဘိုးကြီးဖုန်းတစ်ယောက် ရူးသွားပြီး ငှက်စိမ်းကုန်သည်အဖွဲ့အစည်းကို စစ်ထူမျိုးနွယ်နဲ့ ပေါင်းစည်းခွင့်ပေးဖို့ တောင်းဆိုလာရော... သူက စစ်ထူမျိုးနွယ်ရဲ့ အကြီးအကဲတစ်ယောက်ဖြစ်လာပြီး ငှက်စိမ်းကုန်သည်အဖွဲ့အစည်းကို ဝမ်ကွမ်းနဲ့အတူ စီမံခန့်ခွဲကြမှာ...”
“အဲ့ကောင်က ဒီလောက်တောင် စွမ်းဆောင်ရည်ကောင်းတယ်လား”
ကျန်းရီ အလွန်အံ့အားသင့်သွား၏။ ချမ်ဝမ်ကွမ်းသည် စီးပွားရေးနှင့်ပတ်သတ်လျှင် အလွန်စွမ်းဆောင်နိုင်ကြောင်း သူ ကောင်းစွာသိပေသည်။ သို့သော် တစ်ဘဝလုံး ကုန်သည်စီးပွားရေး လုပ်ခဲ့သည့် ဝါရင့်သဘာရင့် ဖုန်းပုရှီကို စစ်ထူမျိုးနွယ်နှင့် ပူးပေါင်းလာအောင် လှည့်ဖြားနိုင်ခဲ့ခြင်းမှာမူ အလွန် အံ့အားသင့်စရာကောင်းသည် မဟုတ်ပါလား။
ငှက်စိမ်းကုန်သည်အဖွဲ့အစည်းက ဖုန်းပုရှီတစ်ဦးတည်းပိုင်သည့် အဖွဲ့အစည်းမဟုတ်ကြောင်း အားလုံး သိပေသည်။ မျိုးနွယ်များစွာက ငှက်စိမ်းကုန်သည်အဖွဲ့အစည်းတွင် အစုအစပ် ထည့်ဝင်ထားကြသည်။ အကယ်၍ ဖုန်းပုရှီသာ အတင်းကာရော ပြုမူလိုက်လျှင် ငှက်စိမ်းကုန်သည်အဖွဲ့အစည်း မပျက်သွားနိုင်သလော။
ထို့ပြင် ငှက်စိမ်းကုန်သည်အဖွဲ့အစည်းက စစ်ထူမျိုးနွယ်နှင့် ပေါင်းစည်းလိုက်လျှင် ဖုန်းပုရှီသည် စစ်ထူမျိုးနွယ်၏ မျိုးနွယ်ဝင်တစ်ယောက် ဖြစ်လာမည်ဖြစ်သည်။ အကယ်၍ စစ်ထူမျိုးနွယ်က သူ့ကို နှပ်ချကာ ငှက်စိမ်းကုန်သည်အဖွဲ့အစည်းတစ်ခုလုံးကို မောင်ပိုင်စီးလိုက်လျှင်လည်း သူ ဘာမှပြန်လုပ်နိုင်မည် မဟုတ်ဘဲ သူ၏ကံဆိုးမှုကိုသာ အပြစ်တင်ရမည်ဖြစ်သည်။ ထို့ကြောင့် စစ်ထူမျိုးနွယ်နှင့် ပူပေါင်းရန် ဆုံးဖြတ်ခြင်းမှာ ကြီးစွာသော စွန့်စားမှုဟု ဆိုနိုင်ပေသည်။
ဤရက်ပိုင်းအတွင်းတွင် စစ်ထူရီရှောင်နှင့် ချမ်ဝမ်ကွမ်းတို့သည် ကျန်းရီကို တစ်ခေါက်သာ လာတွေ့ခဲ့သည်။ သူတို့သည် အလျင်လိုနေကြသဖြင့် ကျန်းရီက အကျိုးအကြောင်း အစုံအလင် မမေးနိုင်သေးခင်မှာပင် ပြန်သွားကြလေသည်။
နောက်ပိုင်းတွင် ချမ်ဝမ်ကွမ်းနှင့် စစ်ထူရီရှောင်တို့သည် အချိန်ပြည့် ပျောက်နေလေတော့သည်။ သူတို့ နောက်ဆုံးတစ်ခေါက် လာတွေ့ချိန်တွင် ကျန်းရီသည် အတော်လေး ပြန်ကောင်းလာပြီဖြစ်သည်။ သူတို့သည် ကျန်းရီနှင့် ခေတ္တမျှ စကားပြောပြီးနောက် ခပ်သုတ်သုတ် ပြန်ထွက်သွားကြသည်။ ထို့နောက်တွင် သူတို့သည် ရှန်းစီမြို့သို့ ရောက်သည်အထိ ပြန်မပေါ်လာကြတော့ပေ။
ရှန်းစီပင်လယ်တွင် ဖြစ်ပျက်ခဲ့သော ကိစ္စများအကြောင်းသည် ရှန်းစီမျိုးနွယ်စုတစ်ခွင်လုံးတွင် ပျံ့နှံ့နေပြီဖြစ်၍ ရှန်းစီမြို့တစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်နေပေသည်။ မရေမတွက်နိုင်သော ဓားပြတပ်မဟာများသည် မျိုးနွယ်ကြီးလေးခုက ဓားပြတပ်မဟာအားလုံးကို ရှင်းပစ်တော့မည်ဟု ထင်ကြသဖြင့် အမှန်ပင် ကြောက်ဒူးတုန်နေကြလေသည်။
နှစ်ရက်ကြာပြီးနောက် စစ်ထူအောင်းက ဓားစာခံများအကြားတွင် စစ်ထူမျိုးနွယ်၏ အရေးကြီးသော မျိုးဆက်နှစ်ယောက် ပါခဲ့ကြောင်း ကြေညာလိုက်သည်။ ထို့ပြင် သူတို့ စုံစမ်းမှုများ ပြုလုပ်ပြီးသောအခါ နတ်ဆိုးတပ်မဟာတွင် အရှေ့ဘက် တော်ဝင်နယ်မြေမှ သူလျှိုများ ရှိနေကြောင်းလည်း သိခဲ့ရသည်ဟု ပြောခဲ့သည်။ ထို့ကြောင့် သူတို့က လူအချို့စေလွှတ်၍ ထိုဓားပြတပ်မဟာကို ရှင်းပစ်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းပြလိုက်လေသည်။
မည်သူမှ ထိုရှင်းလင်းချက်ကို မယုံပေ။ လူအများကြားတွင် ပျံ့နှံ့နေသော အခြားသတင်းတစ်ခု ရှိပေသည်။ ဓားစာခံများအကြားမှ အထူးလူနှစ်ယောက်မှာ ကျန်းရီ၏ မိတ်ဆွေများဖြစ်သည်ဟုသော သတင်ပင်။ စစ်ထူအောင်းက သူ၏ စစ်သည်များ စေလွှတ်ခဲ့ခြင်းမှာ ကျန်းရီကြောင့်သာ ဖြစ်သည်။
ထိုသတင်းက စစ်ထူမျိုးနွယ်၏ ကြေညာရှင်းလင်းချက်ထက်ပို၍ ယုံချင်စရာ ကောင်းပေသည်။
ထို့ကြောင့် ရှန်းစီမြို့မှ လူများသည် ကျန်းရီကို ပို၍လေးစားလာကြ၏။ ယခုတွင် သူသည် စစ်ထူအောင်းအား စစ်ထူမျိုးနွယ်၏ ပညာရှင်တစ်ဝက်ကို စေလွှတ်အောင် လုပ်နိုင်ခဲ့သူ ဖြစ်နေပြီ မဟုတ်ပါလား။ ကျန်မျိုးနွယ်ခေါင်းဆောင်သုံးယောက်က မလှုပ်ရှားကြသော်လည်း စစ်ထူအောင်း၏ အသိအမှတ်ပြုမှုကို ရထားလျှင်ပင် လုံလောက်နေပြီဖြစ်သည်။
ကျန်းရီနှင့် အခြားသူများ စစ်ထူမျိုးနွယ်သို့ ပြန်ရောက်လာသောအခါ စစ်ထူအောင်းသည် စစ်ထူမျိုးနွယ်မှ အကြီးအကဲများကို ဦးဆောင်၍ ကျန်းရီကို ကိုယ်တိုင် ကြိုဆိုခဲ့လေသည်။ ထို့ကြောင့် ကျန်းရီ၏ အဆင့်အတန်းကို ထပ်မံ၍ သက်သေပြလိုက်သလို ဖြစ်သွားပေသည်။
မကြာခင်မှာပင် ငှက်စိမ်းကုန်သည်အဖွဲ့အစည်းကလည်း မြို့ထဲမှ လူများကို ပို၍ပင် အံ့အားသင့်သွားစေမည့် ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့လေသည်။ ဖုန်းပုရှီသည် စစ်ထူရီရှောင်၊ ချမ်ဝမ်ကွမ်းတို့နှင့် ဆွေးနွေးပြီးသွားပြီး ငှက်စိမ်းကုန်သည်အဖွဲ့အစည်းမှ အရေးအကြီးဆုံး အကြီးအကဲ (၁၃)ဦးကို အောင်အောင်မြင်မြင် နားချနိုင်ခဲ့သည်။ မနက်ဖြန်တွင် ငှက်စိမ်းကုန်သည်အဖွဲ့အစည်းသည် စစ်ထူမျိုးနွယ်နှင့် တရားဝင် ပေါင်းစည်းမည်ဖြစ်သည်။
ထိုသတင်း ပျံ့နှံ့သွားသောအခါ ကျန်မျိုးနွယ်ကြီးသုံးခုစလုံး တုန်လှုပ်သွားကြ၏။ ငှက်စိမ်းကုန်သည်အဖွဲ့အစည်းသည် ရှန်းစီမြို့ရှိ အကြီးဆုံးကုန်သည်အဖွဲ့အစည်းသုံးခုထဲမှ တစ်ခုဖြစ်သည်။ ကုန်သည်အဖွဲ့အစည်းများက စစ်ရေးတွင် မျိုးနွယ်(၁၃)ခုနှင့် ယှဉ်နိုင်လောက်အောင် အင်အားမကြီးသော်လည်း သူတို့၏ စီးပွားရေးစွမ်းဆောင်ရည်မှာ ရှန်းစီမျိုးနွယ်စုတွင် ထိပ်တန်းငါးဆင့်အတွင်း ဝင်ပေသည်။ အကယ်၍ ငှက်စိမ်းကုန်သည်အဖွဲ့အစည်းသာ စစ်ထူမျိုးနွယ်နှင့် ပူးပေါင်းလိုက်လျှင် စစ်ထူမျိုးနွယ်၏ ဩဇာအာဏာက များစွာတိုးပွားသွားမည်ဖြစ်သည်။ သူတို့၏ စီးပွားရေးလုပ်ငန်းများက ရှန်းစီမျိုးနွယ်စုတစ်ခုလုံးကို လုံးဝလက်ဝါးကြီးအုပ်သွားနိုင်ပေသည်။
သုံးရက်မြောက်နေ့တွင် စစ်ထူမျိုးနွယ်က နောက်ထပ် သတင်းတစ်ခုကို ကြေညာခဲ့၏။ ထိုသတင်းကလည်း မရေမတွက်နိုင်သော လူများကို အံ့အားသင့်သွားစေခဲ့ပေသည်။ စစ်ထူအောင်းက စစ်ထူမျိုးနွယ်၏ အကြီးအကဲ(၁၀၈)ဦးစလုံးကို ဖိအားပေးခဲ့ကာ ချမ်ဝမ်ကွမ်းကို စစ်ထူမျိုးနွယ်ကုန်သွယ်ခန်းမ၏ သခင်အဖြစ် ခန့်အပ်ခဲ့ပြီး စစ်ထူမျိုးနွယ်၏ စီးပွားရေးကိစ္စအားလုံးကို စီမံခန့်ခွဲပိုင်ခွင့် ပေးခဲ့လေသည်။
***