← Chapters

ကျွန်တော် အရာအားလုံးကို ရင်းနိုင်သည်

Vol. 59 Ch. 814

ကျွန်တော် အရာအားလုံးကို ရင်းနိုင်သည်

Vol. 59 Ch. 814

ချမ်ဝမ်ကွမ်း...

ထိုအမည်မှာ မရင်းနှီးသော၊ မခံ့ညားသော အမည်တစ်ခုဖြစ်သည်။ သို့သော် ယခုတွင် ထိုအမည်သည် ရှန်းစီမြို့တစ်ခွင်လုံးတွင် ပဲ့တင်ထပ်နေပြီဖြစ်ပြီး ရှန်းစီမျိုးနွယ်စုတစ်ခုလုံးတွင် ပျံ့နှံ့နေပြီဖြစ်သည်။

မျိုးနွယ်(၁၃)ခုသည် ရှန်းစီမျိုးနွယ်စု၏ အာဏာရှင်များဖြစ်၏။ သူတို့တွင် ကောင်းကင်ကျောက်တုံးများ မရှားသဖြင့် စီပွားရေးလုပ်ငန်းများကို တန်ဖိုးမထားခဲ့ပေ။ သူတို့၏အမြင်တွင် အကြွင်းမဲ့အင်အားကသာ အုပ်စိုးနိုင်မည့် နည်းလမ်းဟု မြင်ကြသည်။ အကြွင်းမဲ့အင်အားရှိလျှင် အခြားသူများ၏ ကြွယ်ဝမှုများကို သူတို့စိတ်ကြိုက် လုယူနိုင်မည်ဖြစ်သည်။ ရှန်းစီမျိုးနွယ်စုတစ်ခုလုံးသည် သူတို့၏အပိုင်ဖြစ်သည်။ သူတို့သည် ကောင်းကင်ကျောက်တုံးများကို ဘာကြောင့်လိုမည်နည်း။

သို့သော် စစ်ထူအောင်းက စစ်ထူမျိုးနွယ်ခေါင်းဆောင် ဖြစ်လာသောအခါ အားလုံး၏ အတွေးအခေါ်ကို ပြောင်းလဲပစ်ခဲ့သည်။

စစ်ထူမျိုးနွယ်၏ ယခင်မျိုးဆက်အနည်းငယ်တွင် ကြီးမားသော ပြောင်းလဲမှုတစ်ခု ဖြစ်ခဲ့သည်။ ထိုမျိုးဆက်မှ ခေါင်းဆောင်သည် အဆုံးမဲ့ပင်လယ်နက်ရှိ ဆန်းကြယ်နယ်မြေတစ်ခုသို့ စွန့်စားသွားရောက်ခဲ့ပြီး ထိုနယ်မြေတွင်ပင် ကျဆုံးခဲ့သည်။ သူသည် နောက်တက်မည့် မျိုးနွယ်ခေါင်းဆောင်အသစ်ကိုပင် မဆုံးဖြတ်သွားနိုင်ခဲ့ပေ။ ထို့ကြောင့် စစ်ထူမျိုးနွယ်တွင် အတွင်းရေးပဋိပက္ခများ ဖြစ်လာပြီး များစွာထိခိုက်ခဲ့လေသည်။ အခြားမျိုးနွယ်ကြီးသုံးခုသည် သူတို့၏ ပဋိပက္ခများမှနေ၍ အမြတ်ထုတ်ခဲ့ပြီး စစ်ထူမျိုးနွယ်ကို ရှန်းစီကျွန်းမှ မောင်းထုတ်လုနီးပါးပင် ဖြစ်ခဲ့သည်။

ထိုစဉ်က စစ်ထူမျိုးနွယ်သည် ရှန်းစီမြို့တွင် အောက်ဆုံးသို့ ရောက်နေခဲ့သည်။ သို့သော် စစ်ထူအောင်း၏ အဖေက ဦးစီးဦးဆောင် ပြုခဲ့ပြီး မျိုးနွယ်၏ ဩဇာအာဏာအချို့ကို ပြန်ရယူခဲ့သည်။ သို့သော် သူတို့သည် အောက်ခြေနားတွင်သာ ရှိခဲ့သေးသည်။ စစ်ထူအောင်းက မျိုးနွယ်ခေါင်းဆောင်ဖြစ်လာသောအခါတွင်မူ သူသည် မျိုးနွယ်၏ စီးပွားရေးလုပ်ငန်းများကို လျင်မြန်စွာ တိုးတက်လာအောင် လုပ်ဆောင်ခဲ့ပြီး လေလံအိမ်နှင့် အခြားစီးပွားရေးလုပ်ငန်းသစ်များကိုလည်း တည်ထောင်ခဲ့သည်။ ထို့ကြောင့် စစ်ထူမျိုးနွယ်သည် နှစ်အနည်းငယ်အတွင်းမှာပင် ကောင်းကင်ကျောက်တုံးများ ကြွယ်ဝလာခဲ့သည်။

ကျန်မျိုးနွယ်ကြီးသုံးခုက အထင်သေးဟန်ဖြင့် နှာခေါင်းရှုံ့ခဲ့ကြပြီး စစ်ထူမျိုးနွယ်သည် လမ်းမှားသို့ လိုက်သွားပြီဟု ထင်ခဲ့ကြ၏။ စစ်ထူမျိုးနွယ်က ပညာရှင်များကို ပျိုးထောင်နိုင်ရန် မကြိုးစားကြသဖြင့် အခြေမခိုင်ဟု သူတို့ ယုံကြည်ခဲ့ကြသည်။

သို့သော် စစ်ထူအောင်းက ထိုမျိုးနွယ်ကြီးသုံးခုကို အလုပ်ဖြင့် သက်သေပြခဲ့လေသည်။ စစ်ထူမျိုးနွယ်သည် ကောင်းကင်ကျောက်တုံးများစွာ ပိုင်ဆိုင်လာသောအခါ ပညာရှင်များကို လျှို့ဝှက်စုဆောင်းခဲ့ပြီး အခြားမျိုးနွယ်များစွာကိုလည်း ငွေဖြင့် သိမ်းပိုက်ခဲ့သည်။ ထို့ကြောင့် စစ်ထူမျိုးနွယ်၏ ဩဇာအာဏာက အဆက်မပြတ် အင်အားကြီးလာခဲ့သည်။ နှစ်ပေါင်းဒါဇင်အနည်းငယ်အတွင်းမှာပင် စစ်ထူမျိုးနွယ်သည် ရှန်းစီမြို့၏ ဒုတိယမျိုးနွယ်ဖြစ်လာသည်။ လဲ့မျိုးနွယ်အကြီးအကဲ ပိုင်ဆိုင်ထားသော ကောင်းကင်ကိုပင် ဆန့်ကျင်နိုင်သည့် စွမ်းရည်ကြောင့်သာ မဟုတ်လျှင် စစ်ထူမျိုးနွယ်သည် သေချာပေါက် ရှန်းစီမြို့၏ ပထမမျိုးနွယ် ဖြစ်နေလောက်ပြီဖြစ်သည်။

မျိုးနွယ်ကြီးသုံးခုသည် နောက်ဆုံးတွင် နားလည်သွားပေပြီ။ အခြားမျိုးနွယ်လေးများသည် သူတို့ကို ကပ်ကြ၏။ သို့သော် ထိုမျိုးနွယ်လေးများသည် ရန်ရှာခံရမည်ကို ကြောက်၍သာ သူတို့ကို ကပ်ကြခြင်းဖြစ်ပြီး သူတို့၏ ဂုတ်သွေးစုပ်မှုကို ခံကြရလေသည်။ စစ်ထူမျိုးနွယ်မှာမူ ထိုမျိုးနွယ်လေးများနှင့် အကျိုးတူစီးပွားရေးများ ပူးပေါင်းလုပ်ဆောင်သဖြင့် အတူတကွ အကျိုးအမြတ်ရကြသည်။ သူတို့သည် အေးအတူ၊ ပူအမျှ ပူးပေါင်းထားကြသည့်သဘောမျိုးပင်။

စီးပွားရေးလုပ်ငန်းများ ပိုတိုးချဲ့နိုင်လေလေ၊ စစ်ထူမျိုးနွယ်က လူများများ ပိုသိမ်းသွင်းလာနိုင်လေလေဖြစ်သည်။ အခြားမျိုးနွယ်ကြီးသုံးခုမှာမူ ထိုလူများကို သိမ်းသွင်းနိုင်လျှင်လည်း အသုံးချစရာ စီးပွားရေးလုပ်ငန်းများ မရှိသဖြင့် သူတို့ကို အလကားတင်ကျွေးထားရသလို ဖြစ်နေပေလိမ့်မည်။

ထို့ကြောင့် ဤနှစ်များအတွင်း၌ မျိုးနွယ်ကြီးသုံးခုသည်လည်း စစ်ထူမျိုးနွယ်၏ လမ်းစဉ်ကိုလိုက်ကာ စီးပွားရေးလုပ်ငန်းများကို အရေးထား လုပ်ကိုင်လာကြသည်။ ဥပမာအားဖြင့် လဲ့မျိုးနွယ်၏ ယှဉ်ပြိုင်ကွင်းသည် ယခုတွင် မြို့၏ အကြီးဆုံးလောင်းကစားကွင်း ဖြစ်နေပေပြီ။ ရှေးရိုးဆန်သော နန်ကုန်းယွင်ရီသည်ပင် နန်ကုန်းမျိုးနွယ်၏ ဆန်းကြယ်နယ်မြေကို ကောင်းကင်ကျောက်တုံးများ အကျိုးအမြတ်ရရန် အများပြည်သူကို အသုံးပြုခွင့် ပေးခဲ့သည်။

သို့သော် စစ်ထူအောင်းက စီးပွားရေးလုပ်ငန်းများကို နှစ်ပေါင်းဒါဇင်ကျော် လုပ်ကိုင်လာခဲ့သည်ဖြစ်ရာ မျိုးနွယ်ကြီးသုံးခုသည် စစ်ထူမျိုးနွယ်ကို အချိန်တိုအတွင်း အမီမလိုက်နိုင်ပေ။ စစ်ထူမျိုးနွယ်၏ စီးပွားရေးလုပ်ငန်းများက ကျန်မျိုးနွယ်ကြီးသုံးခုကို သူတို့က စစ်ထူမျိုးနွယ်လောက် မတော်ကြောင်း ဝန်ခံသွားစေသည်။ ယခုတွင် ငှက်စိမ်းကုန်သည်အဖွဲ့အစည်းက စစ်ထူမျိုးနွယ်နှင့် ပေါင်းစည်းတော့မည်ဖြစ်ရာ စစ်ထူမျိုးနွယ်သည် ရှန်းစီမျိုးနွယ်စုတွင် နံပါတ်(၁) စီးပွားရေးလုပ်ငန်းစုတစ်ခု ဖြစ်လာတော့ပေမည်။

စစ်ထူမျိုးနွယ်တွင် စီးပွားရေးလုပ်ငန်းများစွာ ရှိ၏။ ဧရာမရှန်းစီမြို့ရှိ စီးပွားရေးလုပ်ငန်းများ၏ သုံးပုံတစ်ပုံကို စစ်ထူမျိုးနွယ်က ထိန်းချုပ်ထားသည်။

ယခုတွင် ထိုစီးပွားရေးလုပ်ငန်းအားလုံးကို စီမံခန့်ခွဲရန် လူတစ်ယောက်၏ လက်ထဲသို့ လွှဲပေးတော့မည်လော။ ထို့ပြင် ထိုလူက စစ်ထူမျိုးနွယ်ဝင်တစ်ယောက်ပင် မဟုတ်ဘဲ အညတရတစ်ယောက်သာဖြစ်သည်။ သူ့ကို ကျန်းရီ၏ ညီနောင်ဟူ၍သာ သိကြပေသည်။

ကျန်းရီက ရှန်းစီမြို့တွင် အလွန်ကျော်ကြားကြောင်းကို သံသယဖြစ်စရာ မရှိချေ။ ကျန်းရီ၏အလားအလာကလည်း စစ်ထူမျိုးနွယ်က မျက်စိကျလောက်သော အလားအလာမျိုးဖြစ်သည်။ ထို့ကြောင့် စစ်ထူမျိုးနွယ်က ကျန်းရီကို သိမ်းသွင်းနိုင်ရန် ကြိုးစားခြင်းမှာ သဘာဝကျပေသည်။ သို့သော် စစ်ထူမျိုးနွယ်၏ အကြီးအကဲ(၁၀၈)ဦးလုံးကို ကျော်၍ စီပွားရေးလုပ်ငန်းအားလုံးကို ချမ်ဝမ်ကွမ်းအား စီမံခန့်ခွဲခိုင်းခြင်းမှာ အံ့အားသင့်စရာ ကောင်းလှသည်။

စစ်ထူအောင်းတစ်ယောက် ရူးသွားပြီဟု လူတိုင်း တွေးနေကြသည်။ ထိုသို့တွေးသူများထဲတွင် ကျန်းရီနှင့် ဟွမ်ဖူထောင်ထျန်းလည်း ပါ၏။

ကျန်းရီနှင့် ဟွမ်ဖူထောင်ထျန်းတို့သည် ကျန်းရဲတိုက်ထဲတွင် ထိုင်ကာ စစ်ထူရီရှောင်ကို မယုံနိုင်သော မျက်နှာထားများဖြင့် ကြည့်နေကြပြီး သူ ထိုမေးခွန်အား ပြန်ဖြေမည့်ကို စောင့်ဆိုင်းနေကြ၏။ ယနေ့တွင် ချမ်ဝမ်ကွမ်း ရှိမနေပေ။ သူ့တွင် လုပ်စရာကိစ္စများစွာ ရှိ၏။ သူတို့အားလုံး ချမ်ဝမ်ကွမ်းကို နောက်လအနည်းငယ်အတွင်း တွေ့ရဖို့ပင် မသေချာပေ။

“ရှင်းရှင်းလေးပါ”

စစ်ထူရီရှောင်က လက်ဆန့်၍ ပြောလိုက်၏။

“ဝမ်ကွမ်းက ဉာဏ်ကြီးရှင်တစ်ယောက်ပဲ။ အစ်ကို၊ အဖေနဲ့ ဥက္ကဋ္ဌဖုန်းတို့အားလုံး အဲ့ဒါကို သဘောတူကြတယ်။ သူ့ကိုသာ အချိန်ငါးနှစ်ပေးလိုက်ရင် စစ်ထူမျိုးနွယ်ရဲ့ ပိုင်ဆိုင်မှုတွေက ဆတိုး တိုးပွားလာမှာပဲ။ စစ်ထူမျိုးနွယ်ကလည်း ရှန်းစီမျိုးနွယ်စုမှာ နံပါတ်(၁)မျိုးနွယ် ဖြစ်လာလိမ့်မယ်”

“အာ...”

အားလုံး မှင်တက်သွားကြ၏။ ချင်းယွီက တောက်ပသော မျက်လုံးလေးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ မေးလိုက်သည်။

“အဲ့ဖက်တီးပုတ်က အဲ့လောက်တောင် တော်တာလား”

“ဟုတ်တယ်”

စစ်ထူရီရှောင်က ခေါင်းတဆတ်ဆတ်ညိတ်ကာ ပြောလိုက်သည်။

“ညီမတို့က ဒါကို မသိလောက်ပေမယ့် ပြီးခဲ့တဲ့ သုံးလအတွင်းမှာ ဝမ်ကွမ်းက အစ်ကိုတို့မျိုးနွယ်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို စီမံခန့်ခွဲနေခဲ့တာ။ အဲ့စီးပွားရေးလုပ်ငန်းတွေက အစတုန်းက စည်းစနစ်မကျဖြစ်နေခဲ့ပေမယ့် သူက လဝက်အတွင်းမှာပဲ စနစ်တကျဖြစ်သွားအောင် လုပ်နိုင်ခဲ့တယ်။ သုံးလကြာပြီးတော့ အမြတ်က သုံးဆတိုးသွားခဲ့တယ်။ နတ်ဆိုးကျွန်းကို တိုက်ခိုက်တုန်းကလည်း အဖေက အစ်ကို့ကို လူနည်းနည်း လွှဲပေးခဲ့တယ်မလား။ နောက်ပိုင်းကိစ္စတွေအကုန်လုံးကို အစ်ကိုနဲ့ ဝမ်ကွမ်းတို့ အစီအစဉ်ဆွဲကြတာပဲ။ အစ်ကို ပြောရမှာတော့ ရှက်ပါတယ်... အမှန်တော့ အစ်ကိုက ဘာမှတောင် မလုပ်ခဲ့ရပါဘူး။ အစ်ကို ဘာမှ မညွှန်ကြားရသေးခင်မှာပဲ ဝမ်ကွမ်းက အကုန်လုပ်ပြီးသွားပြီ။ တိုက်ပွဲ ချောချောမောမောနဲ့ ပြီးသွားတာ ညီလေးကျန်းရဲ့ စွမ်းဆောင်ရည်တွေကြောင့် အများကြီးပါတယ်ဆိုပေမယ့် ဝမ်ကွမ်းကလည်း ဒုတိယလိုက်လိမ့်မယ်...”

“တကယ်တော့ အဲ့ဒါတွေက အရေးအကြီးဆုံး မဟုတ်သေးဘူး... အရေးအကြီးဆုံးက ငှက်စိမ်းကုန်သည်အဖွဲ့အစည်းပဲ။ သူတို့က ရှန်းစီမြို့ရဲ့ အကြီးဆုံးကုန်သည်အဖွဲ့အစည်းသုံးခုထဲက တစ်ခုဆိုတော့ မြို့ရဲ့စီးပွားရေးတွေကို နှစ်တစ်သောင်းလောက် လက်ဝါးကြီးအုပ်ထားနိုင်ခဲ့တာ။ အဲ့ကုန်သည်အဖွဲ့အစည်းမှာ အစုအစပ်ပါဝင်တဲ့ မျိုးနွယ်ဆယ်ခုရှိတယ်။ တခြားမျိုးနွယ်တစ်ရာကျော်လောက်ကလည်း အဲ့ကုန်သည်အဖွဲ့အစည်းကို စိတ်ဝင်စားနေကြတယ်။ ဒါပေမဲ့ ဝမ်ကွမ်းက ဆယ်ရက်လောက်အတွင်းမှာ အားလုံးကို စည်းရုံးနိုင်ခဲ့တယ်။ ဖုန်းပုရှီကတောင် လိုလိုချင်ချင်နဲ့ ဝမ်ကွမ်းကို ဥက္ကဋ္ဌရာထူးပေးပြီး သူက ဝမ်ကွမ်းရဲ့ လက်ထောက်အဖြစ် လုပ်မယ်တဲ့။ အစ်ကို့ရဲ့ အဖေ လေးစားရတဲ့၊ စီးပွားရေးလောကမှာ နှစ်ပေါင်း(၇၀)လောက် ကျင်လည်လာတဲ့ သူ့လို ဝါရင့်ကုန်သည်တစ်ယောက်တောင် ဝမ်ကွမ်းရဲ့ လက်ထောက် ဖြစ်ချင်နေတယ်။ အဲ့တော့ အစ်ကို မင်းတို့ကို မေးမယ်... ဝမ်ကွမ်းကို မယုံနိုင်လောက်တဲ့ အကြောင်း ဘာရှိသလဲ”

စစ်ထူရီရှောင်၏စကား ဆုံးသွားသောအခါ အားလုံး တိတ်ဆိတ်သွားကြသည်။ ကျန်းရီနှင့် ကျန့်ဝူရွှမ်းတို့သည် တစ်ယောက်ကိုတစ်ယောက် ဂုဏ်ယူမှုဖြင့် ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ကြည့်လိုက်ကြသည်။ သူတို့၏ ညီလေးက အလွန်စွမ်းဆောင်နိုင်နေပေသည်။ ထို့ပြင် လူများစွာကလည်း သူ့ကို အထင်ကြီးလေးစားနေကြသည်။ ထို့ကြောင့် သူတို့ သူ့အတွက် အမှန်ပင် ဂုဏ်ယူနေကြ၏။

ကျန်းရီ၏ မျက်လုံးများ နှစ်ကြိမ် အရောင်လက်သွား၏။ ထို့နောက် သူသည် စစ်ထူရီရှောင်ကိုကြည့်ကာ အလေးအနက် ပြောလိုက်၏။

“ဝမ်ကွမ်းက ကျင့်ကြံရတာကို မကြိုက်ဘူး... စီးပွားရေးကိုပဲ စိတ်ဝင်စားတာ။ စစ်ထူမျိုးနွယ်က ဒီလိုမျိုး သူ့ရဲ့ အရည်အချင်းတွေကို ထုတ်ပြနိုင်မယ့်အခွင့်အရေးပေးတာ သူ့ရဲ့ ကံကောင်းမှုပဲ။ ဦးလေးစစ်ထူနဲ့ အစ်ကိုရီရှောင်တို့ပဲ ဒီလောက် ရဲတင်းနိုင်ကြတာပါ။ ဝမ်ကွမ်းရဲ့ တစ်ခုတည်းသော ပြစ်ချက်က အဝလွန်နေတာပဲ။ သူ စစ်ထူမျိုးနွယ်မှာ အိမ်လို့ခေါ်နိုင်မယ့် နေရာတစ်ခုကို ရှာတွေ့နိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ပြီးတော့ ကျွန်တော်က အစ်ကိုရီရှောင်နဲ့ ဘဝတစ်သက်စာ ညီနောင်တွေ ဖြစ်ချင်ပါတယ်။ ဝမ်ကွမ်းအတွက်ဆို ကျွန်တော် အရာအားလုံးကို ရင်းနိုင်ပါတယ်”

ကျန်းရီ၏ နောက်ဆုံးစကားက စစ်ထူရီရှောင်ကို ကြက်သီးထသွားစေသည်။

ကျန်းရီက အရိပ်အမြွက်သာ ပြောခြင်းဖြစ်သော်လည်း ဉာဏ်‌ကောင်းသော စစ်ထူရီရှောင်က မည်သို့နားမလည်ဘဲ နေမည်နည်း။ ကျန်းရီအတွက် စစ်ထူမျိုးနွယ်အတွင်း ဝင်ရန် မဖြစ်နိုင်ပေ။ ထိုအကြောင်းကို စစ်ထူရီရှောင် ရှင်းရှင်းလင်းလင်း သိ၏။ ကျန်းရီက အရာအားလုံးကို ရင်းနိုင်သည် ပြောလိုက်သောအခါ သူ ဆိုလိုသည်မှာ ကောင်းကင်နားလည်သိမြင်ခြင်းအတတ်ဖြစ်ကြောင်း ထင်ရှားပေသည်။

တစ်နည်းဆိုရလျှင် ကျန်းရီသည် သူ၏ရပ်တည်ချက်ကို ပြသခဲ့ခြင်းပင်။ စစ်ထူမျိုးနွယ်ကသာ စစ်ထူရီနျန်ကို ချမ်ဝမ်ကွမ်းနှင့် ပေးစားလျှင် သူသည် ကောင်းကင်နားလည်သိမြင်ခြင်းအတတ်ကို မင်္ဂလာလက်ဖွဲ့အဖြစ် စစ်ထူမျိုးနွယ်ကို ပေးမည်ဖြစ်သည်။

စစ်ထူမျိုးနွယ်တွင် ဟင်းလင်းပြင်ပြောင်းရွှေ့ခြင်းအတတ်ရှိ၏။ အကယ်၍ သူတို့သာ ၎င်းကို ကောင်းကင်နားလည်သိမြင်ခြင်းအတတ်နှင့် တွဲဖက်အသုံးပြုနိုင်လျှင် ကျားကို အတောင်ပံတပ်ပေးလိုက်သလို ဖြစ်သွားပေလိမ့်မည်။ ထိုအခါ သူတို့၏ ရည်မှန်းချက်ဖြစ်သော နံပါတ်(၁)မျိုးနွယ်ဖြစ်လာရန် ကိစ္စမှာ သေချာပေါက် အောင်မြင်သွားပေလိမ့်မည်။ အနာဂတ်တွင် စစ်ထူမျိုးနွယ်သည် သူတို့ ရှင်းပစ်လိုသူတိုင်းကို ရှင်းပစ်လာနိုင်မည်ဖြစ်သည်။

စစ်ထူရီရှောင်က ခါးသက်သက်ပြုံးလိုက်ပြီး လက်ဆုပ်ကာ ပြန်ပြောလိုက်သည်။

“အစ်ကိုကလည်း ညီ‌လေးကျန်းနဲ့ ဘဝတစ်သက်လုံး ညီနောင်ဖြစ်ချင်ပါတယ်။ တခြားကိစ္စအတွက်ကတော့ အဖေနဲ့ အကြီးအကဲတွေရဲ့ သဘောထားကို မေးရဦးမယ်။ ပြီးတော့ ဝမ်ကွမ်းကိုယ်တိုင်ကလည်း အစ်ကို့ ညီမရဲ့ နှလုံးသားကို အရယူနိုင်အောင် ကြိုးစားရမယ်မလား။ အဲ့အချိန်ကျတော့မှ သေချာဆွေးနွေးကြတာပေါ့။ လောလောဆယ် အဲ့ကိစ္စကို မပြောပဲ နေကြရအောင်။ အစ်ကိုတို့ ညီလေးဝမ်ကွမ်းအတွက် ခွက်ချင်းတိုက်ကြမလား”

ဤကိစ္စကို အလျင်လို၍မရကြောင်း ကျန်းရီလည်း သိပေသည်။ ယင်းက ချမ်ဝမ်ကွမ်း၏ စွမ်းဆောင်ရည်အပေါ်တွင် မူတည်ပေသည်။ ထို့ကြောင့် သူသည် လှိုက်လှိုက်လှဲလှဲရယ်ကာ ထရပ်လိုက်၏။

“အစ်ကိုဝူရွှမ်းနဲ့ ယွင်ဖေးတို့ ပြန်ရောက်လာတာကလည်း အောင်ပွဲခံရမယ့်ကိစ္စတစ်ခုပဲ။ ဒီနေ့ ကျွန်တော်တို့ မမူးမချင်း မရပ်ဘူး”

ဖုန်းလန်၊ ချင်းယွီနှင့် ယွင်ဖေးတို့သည် တစ်ယောက်ကိုတစ်ယောက် စိုးရိမ်ဟန်ဖြင့် ကြည့်လိုက်ကြသည်။ ချမ်ဝမ်ကွမ်း၏ စွမ်းဆောင်ရည်က စစ်ထူအောင်းနှင့် အခြားသူများ၏ ခွင့်ပြုချက်ကို ရနိုင်လောက်အောင် ကောင်းနိုင်ပေသည်။ သို့သော် သူ့အတွက် စစ်ထူရီနျန်၏ နှလုံးသားကို ရနိုင်ရန်မှာ ခက်ခဲလောက်သည် မဟုတ်ပါလား။ အဘယ်ကြောင့် ထိုဖက်တီးသည် အလွန်ရုပ်ဆိုးရသနည်း။

***

All Chapters