← Chapters

ထင်ယွီ အလွန်စိတ်ပျက်မိပါတယ်

Vol. 59 Ch. 815

ထင်ယွီ အလွန်စိတ်ပျက်မိပါတယ်

Vol. 59 Ch. 815

“အသုံးမကျတဲ့ကောင်တွေ... တစ်ယောက်မှ အသုံးမကျဘူး”

မြောက်ဘက်ဧကရာဇ်မြို့ရှိ ခမ်းနားသော ရဲတိုက်တစ်ခုအတွင်း၌ သခင်လေးတစ်ယောက်က ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။ သူသည် အကြိမ်အနည်းငယ် အော်ဟစ်ပြီးသည်အထိ ဒေါသမပြေနိုင်သေးပေ။ သူက ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေသည့် ကောင်းကင်ဧကရာဇ်နှစ်ပါးကို ခြေထောက်ဖြင့် ကန်လိုက်သည်။ ထိုကောင်းကင်ဧကရာဇ်နှစ်ပါးသည် လွင့်ထွက်သွားပြီး ရဲတိုက်တစ်ခုလုံးလည်း တုန်ခါသွားလေသည်။

“သခင်လေးနီ... ကျေးဇူးပြုပြီး စိတ်လျှော့ပါ”

ကောင်းကင်ဧကရာဇ်နှစ်ပါးသည် မရှောင်ဝံ့သဖြင့် အကန်ခံလိုက်ရပြီးနောက် ပြန်လာကာ ဒူးပြန်ထောက်လိုက်ကြသည်။ ထို့နောက် သူတို့ ဦးညွှတ်ကာ ပြောလိုက်ကြ၏။

“ဒီတစ်ခေါက် ကျဆုံးရတာ ကျွန်‌တော်တို့ရဲ့ အစီအစဉ်တွေကို မကောင်းလို့မဟုတ်ပါဘူး။ စစ်ထူမျိုးနွယ်က ရုတ်တရက်ကြီး လှုပ်ရှားလာလို့ပါ။ ကျွန်တော်တို့က အပြစ်သားကျွန်းမှာ သိပ်ပြီး မလွှမ်းမိုးနိုင်ပါဘူး။ အဲ့ဒါကြောင့် ကျွန်တော်တို့ မရနိုင်တဲ့ သတင်းအချက်အလက်တွေ အများကြီး ရှိပါတယ်...”

ဝုန်း...

ထိုသခင်လေးနီမှာ ဝူနီဖြစ်သည်။ သူသည် နတ်ဆိုးတပ်မဟာကိစ္စတွင် နောက်ကွယ်မှ ကြိုးကိုင်သူပင်။ သူသည် ရှင်းပြချက်ကို ကြားသောအခါ ပို၍ပင် ဒေါသထွက်သွားပြီး အကြိမ်အနည်းငယ် ထပ်ကန်လိုက်လေသည်။ ရှင်းပြလိုက်သော ကောင်းကင်ဧကရာဇ်သည် နံရိုးများ ကျိုးသွား၏။

“ကျရှုံးတာက ရှုံးတာပဲ။ ဘာမှ ရှင်းပြနေစရာမလိုဘူး။ ခင်ဗျားတို့ ကျွန်တော့်ကို ဘယ်လိုကတိတွေ ပေးခဲ့တယ်ဆိုတာ မေ့သွားပြီလား”

ဝူနီသည် ဒေါသဖြင့် အော်လိုက်ပြီး ထိုကောင်းကင်ဧကရာဇ်ကို ထပ်ကန်လိုက်၏။ ယင်းကောင်းကင်ဧကရာဇ် သွေးအန်သွားပြီး နာကျင်တကြီး ညည်းတွားလိုက်လေသည်.

ကျန်းရီ ပြောသလိုပင် အရှုံးက အရှုံးပင်ဖြစ်သည်။ သူသည် ယခုမှ စစ်ဆင်ရေးကြီးတစ်ခုကို ပထမဆုံး ဦးဆောင်ရခြင်းဖြစ်ပြီး အပြစ်သားကျွန်းတွင် ပုန်းကွယ်နေသည့် သိုင်းပညာခန်းမမှ နယ်ရုပ်များကို အသုံးချခဲ့သည်။ ထိုအစီအစဉ်တွင် အရေးအကြီးဆုံးသူမှာ နတ်ဆိုးတပ်မဟာ၏ ခေါင်းဆောင် မိုထျန်းဖြစ်သည်။

ထို့ပြင် ဝူနီသည် ကောင်းကင်ကျောက်တုံးများစွာ အသုံးပြု၍ ပူပြင်းနေ၊ လင်းလက်ကြယ်နှင့် လဆုတ်တပ်မဟာများကို ငှားယမ်းခဲ့သေး၏။ သိုင်းပညာခန်းမသည် အပြစ်သားကျွန်းသို့ နယ်ရုပ်များပို့နိုင်ရန် အခက်အခဲများစွာကို ဖြတ်ကျော်ခဲ့ရသည်။ သို့သော် ဤစစ်ဆင်ရေးတစ်ခုဖြင့်ပင် အပြစ်သားကျွန်းရှိ သူတို့၏လူတစ်ဝက်လောက် ပေါ်သွားလုနီးပါး ဖြစ်သွားခဲ့သည်။ ယင်းက ကြီးမားသော ဆုံးရှုံးမှုတစ်ခုပင်။

သိုင်းပညာခန်းမသည် ဝူမျိုးနွယ်၏ အပိုင်ဖြစ်သော်လည်း ဝူနီက ဝူမျိုးနွယ်ကို ကိုယ်စားမပြုပေ။

ဝူမျိုးနွယ်တွင် မျိုးဆက်များစွာ၊ ပါရမီရှင်များစွာ ရှိပေသည်။ သူ၏ရှုံးနိမ့်မှုကြောင့် ဝူမျိုးနွယ်၏ အကြီးအကဲရာကျော်၏ နှလုံးသားထဲမှ သူ့အဆင့်အတန်းက များစွာလျှောကျသွားပေလိမ့်မည်။

ဝူမျိုးနွယ်၏ မျိုးနွယ်ခေါင်းဆောင် ဖြစ်လာပြီး မြောက်ဘက်ဧကရာဇ်အဖြစ် ဆက်ခံနိုင်ရန် မြောက်ဘက်ဧကရာဇ်ဝူရှန့်၏ အသိအမှတ်ပြုမှုကို လိုအပ်သလို ဝူမျိုးနွယ် အကြီးအကဲခန်းမ၏ အသိအမှတ်ပြုမှုကိုလည်း လိုအပ်ပေသည်။

အဘယ်ကြောင့် ဧကရာဇ်ကိုးပါးမျိုးနွယ်စုက နှစ်ပေါင်းသိန်းချီအောင် ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်ခဲ့ခြင်းနည်း။ အဘယ်ကြောင့် သူတို့သည် ရေရှည် စည်ပင်ဝပြောခဲ့ပြီး မနိမ့်ပါးသွားခဲ့ခြင်းနည်း။ ယင်းမှာ ပညာရှင်များကို အဆက်မပြတ် ပျိုးထောင်ပေးနိုင်သည့် သူတို့၏ များစွာသော အရင်းအမြစ်များကြောင့်သာ မဟုတ်ဘဲ မျိုးနွယ်ခေါင်းဆောင်ရာထူးနှင့် အကြီးအကဲရာထူးများကို ဆက်ခံမည်သူများကို စေ့စေ့စပ်စပ်၊ တင်းတင်းကြပ်ကြပ် ရွေးချယ်မှုကြောင့်လည်း ဖြစ်ပေသည်။

စစ်သူကြီးက မစွမ်းဆောင်နိုင်လျှင် စစ်တပ်အားလုံး ဒုက္ခခံစားရမည်ဖြစ်သည်။

အကြီးအကဲများနှင့် မျိုးနွယ်ခေါင်းဆောင်တို့သည် အဆုံးစွန်အာဏာကို ပိုင်ဆိုင်ပေသည်။ အကယ်၍ ထိုသူများကသာ အမှားလုပ်တတ်သည့် အသုံးမကျသူများဖြစ်နေလျှင် မျိုးနွယ်သည် ထာဝရပျက်သုဉ်းသွားပေလိမ့်မည်။

ဝူနီ၏အဖေသည် ဝူမျိုးနွယ်၏ လက်ရှိ‌ခေါင်းဆောင်ဖြစ်သည်။ သူ၏အဘိုးမှာမူ မြောက်ဘက်ဧကရာဇ်ဝူရှန့်ဖြစ်သည်။ ထို့ကြောင့် သူ၏ပါရမီက မဆိုးပေ။ သူသည် အပြစ်သားကျွန်းမှ ကိစ္စများကို တာဝန်ယူရန် အခွင့်အရေးပေးခံရ၏။ ယင်းက သူ့အတွက် အခွင့်အရေးဖြစ်သလို စမ်းသပ်ချက်တစ်ခုလည်းဖြစ်သည်။ ယခုစစ်ဆင်ရေးက ဝူနီတာဝန်ယူရသည့် ပထမဆုံး စစ်ဆင်ရေးကြီးတစ်ခုဖြစ်သည်။ သူသည် အရင်းအမြစ်များစွာ အသုံးပြုခဲ့၏။ သို့သော် သူ ရှုံးနိမ့်ခဲ့လေသည်။ အကြီးအကဲခန်းမက လုပ်ဆောင်ချက်ကို ကြည့်မည်မဟုတ်ဘဲ ရလဒ်ကိုသာ ကြည့်မည်ဖြစ်သည်။

ရှုံးနိမ့်မှုမှာ ရှုံးနိမ့်မှုပင်။ ရှုံးနိမ့်မှု၏ အရင်းကိုစစ်လိုက်လျှင်လည်း ဝူနီ၏ အသုံးမကျမှုကြောင့်သာ ဖြစ်ကြောင်း တွေ့ရပေလိမ့်မည်။

ဤတစ်ခေါက် ရှုံးနိမ့်မှုက ဝူမျိုးနွယ်အတွက် မပြောပလောက်ပေ။ သို့သော် ဝူနီက ထိုကဲ့သို့ ကိစ္စလေးကိုပင် မကိုင်တွယ်နိုင်ခဲ့လျှင် သူတို့သည် သူ့အား အရေးကြီးသောကိစ္စများကို မည်သို့ ကိုင်တွယ်ခွင့် ပေးနိုင်မည်နည်း။ သူတို့သည် ဝူမျိုးနွယ်ကို သူ့လက်ထဲသို့ မည်သို့ လွှဲပေးနိုင်မည်နည်း။

ထို့ကြောင့် ဝူနီက ဒေါသူပုန်ထနေခြင်းပင်။ သူသည် ထိုအကြံကိုပေးခဲ့သူနှစ်ယောက်ကို သတ်ပစ်လိုစိတ်ပင် ပေါက်နေလေသည်။

ဝူနီသာ သူ့ရင်ထဲမှ ဒေါသကို မဖြေရလျှင် ခံစားချက်ကောင်းလာမည်မဟုတ်ကြောင်း ကျန်ကောင်းကင်ဧကရာဇ်က သိ၏။ ထို့ကြောင့် ကောင်းကင်ဧကရာဇ်သည် ‌တောက်ပသော မျက်ဝန်းများဖြင့် ခပ်သွက်သွက် ပြောလိုက်လေသည်။

“သခင်လေးနီ... ကျေးဇူးပြုပြီး ဒေါသကို လျှော့ပါ။ ဒီကိစ္စကို အကြံပေးခဲ့တာ ကျွန်တော်တို့ မဟုတ်ပါဘူး.. မိန်းမပျက် တစ်ယောက်က ပေးခဲ့တာပါ။ တကယ်လို့ သခင်လေးနီက ဒေါသဖြေချင်တယ်ဆိုရင် ကျွန်တော်တို့ သူ့ကို ဒီကိုခေါ်လာခဲ့ပါမယ်။ သခင်လေး သူ့ကို သေတဲ့အထိ နှိပ်စက်ပြီး ရင်ထဲက ဒေါသကို ဖြေလို့ရပါတယ်။ အဲ့မိန်းမပျက်က အကြီးအကဲဟယ်ရဲ့ မွေးစားမြေးမပါ။ သူက တမင် သခင်လေးကို ထောင်ချောက်ဆင်တာပါ”

“အကြီးအကဲဟယ်လား”

ဝူနီ မျက်မှောင်ကြုတ်လိုက်၏။ သူသည် ထိုအကြီးအကဲဟယ်ကိုသိ၏။ အကြီးအကဲဟယ်သည် အခြားမျိုးရိုးမှဖြစ်ပြီး ဝူနီနှင့် အဖွဲ့အတူပေ။ အကြီးအကဲဟယ်၏ မြေးမက သူ့ကို တမင် ထောင်ချောက်ဆင်ခြင်းလော။

ဝူနီက လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။

“သူ့ကို ဒီနေရာကို ခေါ်လိုက်ခဲ့”

“ဟုတ်ကဲ့ပါ”

ကောင်းကင်ဧကရာဇ်နှစ်ပါးသည် ချက်ချင်း ထရပ်လိုက်ကြပြီး အံကြိတ်ကာ အပြင်သို့ ထွက်သွားကြ၏။ ထိုအကြံကို အမှန်ပင် သူတို့ ပေးခဲ့ခြင်း မဟုတ်ပေ။ ထို့ပြင် သူတို့သည် ဝူနီ၏ဒေါသကို သူတို့အစား ခံမည့်သူကို ရှာလိုနေပေသည်။

ဝုန်း...ဝုန်း...ဝုန်း...

ဝူနီသည် ထိုနှစ်ယောက် ထွက်သွားပြီးနောက်တွင် အခန်းထဲရှိ ပစ္စည်းများကို ပစ်ပေါက်ရိုက်ခွဲလိုက်သည်။ အစေခံမလေးများသည် ကြောက်လွန်းလှသဖြင့် အသက်ပင် ပြင်းပြင်းမရှူဝံ့ကြချေ။ သူမတို့သည် ဝူနီက သူ၏ဒေါသကို သူမတို့အပေါ် ပုံချမည်ကို ကြောက်ရွံ့နေကြသည်။

ရှပ်...ရှပ်...ရှပ်

မကြာမီမှာပင် ကောင်းကင်ဧကရာဇ်နှစ်ပါးသည် အဝါရောင်ဝတ်စုံ ဝတ်ဆင်ထားသော မိန်းမပျိုတစ်ယောက်ကို ခေါ်ဆောင်လာလေသည်။ ထိုမိန်းမပျို အခန်းထဲသို့ ဝင်လာသောအခါ အခန်းက တောက်ပသွားသည်ဟုပင် ထင်လိုက်ရ၏။ ဝူနီ၏မျက်လုံးများ အရောင်တောက်သွား၏။ ဝူမျိုးနွယ်တွင် ထိုကဲ့သို့ လှပသည့် မိန်းမပျိုတစ်ယောက် ရှိနေလိမ့်မည်ဟု သူမထင်ခဲ့ပေ။

မိန်းမပျိုသည် အသက်နှစ်ဆယ်အရွယ်ဖြစ်ပြီး နှင်းကဲ့သို့ ဖြူစင်သော အသားအရေရှိ၏။ သူမ၏ ရုပ်ရည်က ကျက်သရေရှိပြီး လှပပေသည်။ သူမ၏ အဝါရောင်ဝတ်စုံကလည်း သူမကို ကျော့ရှင်းနေစေ၏။ ထိုမိန်းမပျို၏ အထင်ရှားဆုံး အရာမှာ ကြည်လင်တောက်ပသော မျက်ဝန်းများပင်။ ထိုပုလဲလုံးများကဲ့သို့ မျက်ဝန်းတစ်စုံသည် အရာအားလုံးကို ဖောက်မြင်နိုင်သကဲ့သို့ပင်။ ဝူနီသည် သူမနှင့် အကြည့်စုံသွားသောအခါ သူ၏လျှို့ဝှက်ချက်အားလုံးကို သူမက သိသွားသည်ဟု အမှန်ပင် ခံစားလိုက်ရလေသည်။

မိန်းမပျိုက ခါးမတ်မတ်ရပ်ကာ ဝူနီကို ပြုံး၍ ကြည့်လိုက်၏။ ထို့နောက် သူမသည် အတန်ငယ် ဦးညွှတ်လိုက်ပြီး တေးသီငှက်လေးတစ်ကောင်၏ အသံကဲ့သို့သော အသံဖြင့် ပြောလိုက်လေသည်။

“ကျီထင်ယွီ သခင်လေးကို နှုတ်ခွန်းဆက်ပါတယ်...”

“ကျီထင်ယွီ...”

ဝူနီ မျက်မှောင်ကြုတ်လိုက်၏။ သူသည် ထိုအမည်ကို ရင်းနှီးနေသော်လည်း ထိုအခိုက်တွင် မမှတ်မိနိုင်ဖြစ်နေသည်။ သူသည် သူ၏ ကိုယ်ရေးအစေခံမ‌လေးကို ကြည့်လိုက်၏။ သို့သော် အစေခံမလေးက ထိုအခိုက်တွင် မှင်တက်နေ၏။ သို့သော် ချက်ချင်းပင် သူမက သူ့ထံ အသံပို့လွှတ်လိုက်လေသည်။

“သခင်လေး... သူက အရင်တုန်းကလည်း သခင်လေးကို တွေ့ခွင့်တောင်းခဲ့ဖူးတယ်ထင်တယ်။ သူက ကောင်းကင်ကြယ်တာရာနယ်မြေက ခန်းမခွဲက သူတော်စင်မလေးလို့ ပြောကြတယ်။ သူက ကျန်းရီကို ရှင်းပစ်နိုင်ဖို့ သခင်လေးကို ကူညီချင်နေတယ်တဲ့။ ဒါပေမဲ့ အဲ့တုန်းက သခင်လေး သူနဲ့ မတွေ့ခဲ့ဘူး”

“ထပ်ပြီးတော့ ကျန်းရီပဲလား...”

ဝူနီ၏မျက်လုံးများ အေးစက်သွား၏။ သူ၏ရင်ထဲတွင်မူ အကြောင်းပြချက်မရှိ ပူလောင်လာလေသည်။ သူက ကျီထင်ယွီကိုကြည့်ကာ မေးလိုက်သည်။

“နတ်ဆိုးကျွန်းက တိုက်ပွဲအစီအစဉ်ကို မင်း အကြံပေးတာလား”

ကျီထင်ယွီက အရေးမစိုက်သော မျက်နှာထားဖြင့် ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်ပါတယ်... ထင်ယွီ အကြံပေးလိုက်တာပါ”

“ကောင်းတယ်...”

ဝူနီက ရက်စက်သည့်အပြုံးတစ်ချက် ပြုံးလိုက်ပြီး လက်ဝှေ့ယမ်းလိုက်၏။

“မင်းတို့အားလုံး သွားနိုင်ပြီ”

“နားလည်ပါပြီ”

ကောင်းကင်ဧကရာဇ်နှစ်ယောက်က စိတ်အေးသွားဟန် သက်ပြင်းသဲ့သဲ့ ချလိုက်ပြီး ခပ်သုတ်သုတ် ထွက်သွားကြလေသည်။ အစေခံမလေးများကလည်း ဦးညွှတ်ကာ ထွက်သွားကြသည်။ သို့သော် သူမတို့သည် ကျီထင်ယွီကို သနားသောမျက်ဝန်းများဖြင့် ကြည့်သွားကြ၏။ ထိုအစေခံမလေးများသည် ဝူနီက ရူးသွပ်သွားလျှင် တဏှာရူးတစ်ယောက် ဖြစ်သွားကြောင်း ရှင်းရှင်းလင်းလင်း သိထားပေသည်။

ရွှီ...

အားလုံး ထွက်သွားပြီးနောက် ခန်းမ၏ အကာအရံ နိုးလာ၏။ သို့သော် ကျီထင်ယွီက မျက်နှာထား ပြောင်းမသွားပေ။ သူမသည် လက်နှစ်ဘက်ကို ဘေးတွင်ချ၍ မားမားမတ်မတ်ရပ်ကာ ဝူနီကို အဝေးမှနေ၍ ကြည့်နေလေသည်။

ဝှစ်...

ဝူနီသည် လှစ်ခနဲ အနားရောက်လာပြီး ကျိဝူယွီကို လည်ပင်းညှစ်လိုက်လေသည်။ ထို့နောက် သူသည် သူမကို လေထဲသို့ မမြှောက်လိုက်ပြီး အေးစက်စက်မျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်သည်။

“ပြောစမ်း... မင်းက ဘာလို့ ဒီသခင်လေးကို ထောင်ချောက်ဆင်ရတာလဲ။ တစ်ခွန်းလောက် လိမ်ပြောရင်ကို ဒီသခင်လေးက မင်း လူဖြစ်ရတာ နောင်တရသွားအောင် လုပ်ပစ်လိုက်မယ်”

ကျီထင်ယွီသည် လည်ပင်းညှစ်ခံထားရသဖြင့် အတန်ငယ် မွန်းကြပ်နေသည်။ ထို့ကြောင့် သူမ၏မျက်နှာလေးက နီရဲလာ၏။ သို့သော် သူမ၏မျက်ဝန်းများထဲတွင် တုန်လှုပ်သည့် အရိပ်အယောင်တစ်ခုပင် ရှိမနေပေ။ သူမက အလွန်တည်ငြိမ်နေပေသည်။ ထို့နောက် သူမသည် အားတင်း၍ ပါးစပ်ဟကာ ပြောလိုက်သည်။

“ကျော်ကြားတဲ့ သခင်လေးဝူနီက ဒီလောက်တောင် သဘောထားသေးသိမ်တယ်လား။ ထင်ယွီ အရမ်းစိတ်ပျက်မိပါတယ်။ အစက ကျွန်မတွေးထားတာက အရည်အချင်းရှိတဲ့ အုပ်ချုပ်သူတစ်ယောက်ကို လောကကြီးကို အုပ်စိုးနိုင်ပြီး မျိုးဆက်သစ် ဆန်းကြယ်ဧကရာဇ်တစ်ပါး ဖြစ်လာနိုင် ကူညီပေးဖို့ပဲ... ဒါပေမဲ့ ကျွန်မ မှားသွားတဲ့ပုံပဲ။ သခင်လေးဝူနီ... ရှင် ကျွန်မကို သတ်ချင်တယ်ဆိုရင်လည်း သတ်လိုက်ပါ။ ဒီအဆင့်အတန်းနိမ့်တဲ့ မိန်းမက ရှင့်ကို အထင်သေးတာကို မခံပါနဲ့”

***

All Chapters