← Chapters

ဘဝပေးရန်သူ

Vol. 59 Ch. 816

ဘဝပေးရန်သူ

Vol. 59 Ch. 816

ဟန်ဆောင်ခြင်းလော။

ဝူနီ၏မျက်လုံးများထဲတွင် ဒေါသအရိပ်အယောင်တစ်ချက် လက်သွားသည်။ သူသည် ကျီထင်ယွီ၏ စကားများနှင့် သူမ၏မျက်ဝန်းများထဲမှ နက်ရှိုင်းသော အထင်သေးမှုအရိပ်အယောင်ကြောင့် မှင်တက်သွား၏။ သူ လက်ကို ဒေါသတကြီး ယမ်းလိုက်ရာ ကျီထင်ယွီ၏ သေးသွယ်သောခန္ဓာကိုယ်လေးက နံရံနှင့် ပြင်းထန်စွာ သွားဆောင့်လေသည်။ သို့သော် ကျီထင်ယွီသည် မည်သည့်အတွင်းအားမှ မထုတ်လိုက်ပေ။ သူမ၏ခန္ဓာကိုယ်သည် နံရံနှင့် ရိုက်သွားပြီးနောက် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ သူမက ပါးစပ်ဖွင့်၍ သွေးအန်လိုက်သည်။ ထို့နောက်တွင် သူမသည် သေရန် ပြင်ဆင်ထားပုံဖြင့် မျက်စိများ မှိတ်လိုက်ပြီး အရေးမစိုက်သော မျက်နှာထား ထားလိုက်လေသည်။

“မင်းက သေချင်နေမှာတော့ မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့”

ဝူနီ၏ခြေထောက်ပေါ်တွင် အတွင်းအား တောက်ပလာသည်။ သူသည် ဖျတ်ခနဲ ခြေထောက်မကာ ကျီထင်ယွီ၏ ခေါင်းကို အားဖြင့် ဖိချေပစ်ရန် လုပ်လိုက်သည်။ သူသည် ကျီထင်ယွီကို စူးစူးဝါးဝါး စိုက်ကြည့်နေ၏။ သို့သော် ကျီထင်ယွီက လှုပ်ပင်မလှုပ်ချေ။ သူမ၏ခန္ဓာကိုယ်သည်လည်း အနည်းငယ်ပင် တုန်ယင်မနေပေ။

ဝုန်း...

နောက်ဆုံးအခိုက်အတန့်တွင် ဝူနီသည် သူ၏ခြေထောက်ကို ဘေးသို့အနည်းငယ် ရွှေ့လိုက်ပြီး ကျောက်ကြမ်းပြင်ကို ဖိဆောင့်ချလိုက်လေသည်။ ကျီထင်ယွီက လှုပ်ပင်မလှုပ်ခဲ့သဖြင့် သူ၏မျက်လုံးများထဲတွင် အံ့အားသင့်မှုများနှင့် ပြည့်နှက်သွားသည်။ သူမသည် အမှန်ပင် သေရန် ပြင်ဆင်ထားခြင်းပင်။ ဟန်ဆောင်နေသည့် အရိပ်အယောင် မရှိပေ။

“ဟွန်း...”

ဝူနီသည် အေးစက်စက်နှာမှုတ်လိုက်ကာ ကျီထင်ယွီကိုကြည့်၍ ပြောလိုက်သည်။

“ကျီထင်ယွီ... ငါ မင်းကို အချိန်(၁၅)မိနစ်ပေးမယ်။ အဲ့အချိန်အတွင်းမှာ မင်း ငါ့ကို လက်ခံလာအောင် မပြောနိုင်ဘူးဆိုရင် ငါ့မှာ ကာမစိတ်ကြွဆေး တစ်ပုလင်းရှိတယ်... အဲ့ဆေးကို သောက်လိုက်ရင် အပျိုစင်တစ်ယောက်တောင် မိန်းမပျက်အဖြစ် ပြောင်းလဲသွားမှာပဲ။ အဲ့အချိန်ကျရင် ငါ မင်းကို မြောက်ဘက်ဧကရာဇ်ရဲ့ စစ်တန်းလျားဆီကို ပို့လိုက်မယ်။ အဲ့မှာ တပ်သားတွေ သန်းနဲ့ချီပြီရှိတယ်...”

“ဟားဟားဟား...”

ကျီထင်ယွီက ရယ်လိုက်ပြီး ထရပ်လိုက်၏။ သူမသည် သူမ၏နှုတ်ခမ်းစွန်းမှ သွေးများကို သိမ်မွေ့စွာ သုတ်လိုက်ပြီး ဝူနီကို အရေးမစိုက်ဟန်ဖြင့် ကြည့်လိုက်သည်။

“ရှင် ရင်ထဲထိသွားတာလား။ ကြည့်ရတာ ရှင့်မှာ ရည်မှန်းချက်နည်းနည်း ရှိသေးတဲ့ပုံပဲ။ ရှင် ဒုတိယ ဆန်းကြယ်ဧကရာဇ်ဖြစ်လာချင်လား။ သခင်လေးဝူနီ...ရှင် ဆန်းကြယ်ဧကရာဇ် ဖြစ်မလာသေးခင် အရင်ဆုံး မြောက်ဘက်ဧကရာဇ်ဖြစ်လာချင်တယ်ဆိုရင် ရှင့်ရဲ့ အဲ့စိတ်ဓာတ်ကို အရင်ပြင်ဖို့ လိုအပ်တယ်။ ဆန်းကြယ်ဧကရာဇ် ဒါမှမဟုတ် ရှင့်ရဲ့အဘိုးဆိုရင် အားလုံးက အထင်သေးမယ့် အဲ့လို ညစ်ပတ်တဲ့နည်းလမ်းတစ်ခုကို သုံးမှာလား။ စိတ်ဓာတ်က လူတစ်ယောက်ရဲ့ အမြင်ကျယ်မှုကို ကိုယ်စားပြုတယ်။ စိတ်ဓာတ်လည်းမကောင်း၊ အမြင်လည်းမကျယ်ဘူးဆိုရင် မျိုးဆက်သစ် မြောက်ဘက်ဧကရာဇ် ဖြစ်လာနိုင်မှာ မဟုတ်ဘူး”

ဝူနီ၏ မျက်နှာထား ပြောင်းလဲသွား၏။ သူ၏မျက်လုံးများထဲတွင် ဒေါသခိုးများ ထပ်မံ တောက်လောင်လာသည်။ သို့သော် ဤတစ်ကြိမ်တွင် သူ စိတ်လိုက်မာန်ပါ မလုပ်လိုက်ပေ။ ထိုအစား သူက အေးစက်စက် ပြန်ပြောလိုက်သည်။

“ဆက်ပြော...”

“အရမ်းကောင်းတယ်... ရှင်က ဒေါသထွက်နေပေမယ့် ဒီတစ်ခေါက် စိတ်လိုက်မာန်ပါ မလုပ်လိုက်ဘူး။ အဲ့ဒါက ရှင်က ရှင့်ရဲ့ခံစားချက်ကို ထိန်းချုပ်နိုင်တယ်ဆိုတာကို ပြတယ်”

ကျီထင်ယွီက စနောက်လိုက်ပြီး ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်လိုက်သည်။

“တကယ်လို့ ရှင် မြောက်ဘက်ဧကရာဇ် ဖြစ်လာချင်တယ်ဆိုရင် ရှင့်အဘိုးနဲ့အဖေဆီက အသိအမှတ်ပြုမှု လိုအပ်သလို အကြီးအကဲခန်းမက အဘိုးကြီးတွေရဲ့ စမ်းသက်ချက်တွေကိုလည်း အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်ဖို့လည်းလိုအပ်တယ်။ သူတို့က နတ်ဆိုးကျွန်းမှာဖြစ်သွားတဲ့ ကိစ္စကိုလည်း ထည့်တွက်မှာပဲ။ ဒါပေမဲ့ ရှင် ရှုံးနိမ့်ပြီးတဲ့နောက် ဘာဆက်လုပ်တယ်ဆိုတာကိုလည်း သူတို့ ထည့်တွက်ကြလိမ့်မယ်...”

“ဧကရာဇ်ကိုးပါးမျိုးနွယ်စုရဲ့ မျိုးဆက်တွေက ရှုံးနိမ့်မှုတွေကို လက်ခံနိုင်ကြတယ်။ ဒါပေမဲ့ ဇွဲမရှိတာကိုတော့ လက်မခံနိုင်ကြဘူး။ သခင်လေးဝူနီ... ရှင်က ရှုံးနိမ့်သွားတော့ လက်အောက်ငယ်သားတွေကို ရိုက်နှက်တယ်။ ခုနကပဲ ရှင်က ကျွန်မကို ရက်ရက်စက်စက် သတ်ချင်ခဲ့သေးတယ်။ တကယ်လို့ အကြီးအကဲခန်းမကသာ ဒီအကြောင်းကို သိသွားရင် သူတို့ ဘာတွေးကြမလဲ။ ကိုယ့်အရှုံးကိုကိုယ် ရင်မဆိုင်နိုင်ဘဲ သူများတွေအပေါ် ဒေါသပုံချတတ်တဲ့ လူတစ်ယောက်ကို သူတို့ ယုံကြည်ကြပါ့မလား။ အဲ့လူကရော သူတို့ရဲ့ ယုံကြည်မှုနဲ့ ထိုက်တန်ပါ့မလား။ ရှင့်ရဲ့အဘိုးက ကိစ္စတစ်ခုခုမှာ ရှုံးနိမ့်သွားရင် ဝူမျိုးနွယ်က လူတွေကို သတ်ပစ်လား။ သူက သူ့ရဲ့ လက်အောက်ငယ်သားတွေကို သတ်ပစ်လား။ တကယ်လို့ သူသာ အဲ့လိုလုပ်ရင် မျိုးနွယ်ကလူတွေက သူ့ကို ဘယ်လက်ခံကြမှာလဲ... မျိုးနွယ်လည်း အရင်ကတည်းက ပျက်စီးသွားလောက်ပြီ။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုက အကြီးအကဲတွေနဲ့ ခေါင်းဆောင်တွေက ရှုံးနိမ့်မှုတွေကို ဘယ်လို ရင်ဆိုင်ကြလဲဆိုတဲ့ သတင်းအချက်အလက်တွေကို ရှင် ကြည့်ကြည့်သင့်တယ်”

ဤတစ်ကြိမ်တွင် ကျီထင်ယွီ၏ စကားလုံးများက လေးနက်မှုများဖြင့် ပြည့်နှက်နေ၏။ ထို့ကြောင့် ဝူနီလည်း လေးနက်မှုကို ခံစားလိုက်ရသည်။ သူ ခေတ္တမျှ တွေးလိုက်ပြီး ခေါင်းညိတ်ကာ ပြောလိုက်လေသည်။

“ကောင်းပြီ... ငါ ခုနက ပြောခဲ့တဲ့ စကားကို ပြန်ရုတ်သိမ်းတယ်။ မင်း ငါ့ကို လက်ခံလာအောင် မပြောနိုင်ရင် မင်းကို ဂုဏ်သိက္ခာရှိရှိ သေခိုင်းမယ်”

“ကောင်းပါပြီ...”

ကျီထင်ယွီက ခပ်သဲ့သဲ့ ပြုံးလိုက်၏။ သူမ၏အပြုံးက ပန်းပွင့်တစ်ရာ ဖူးပွင့်လာသလိုမျိုးပင်။ ထို့ကြောင့် ဝူနီ၏ မျက်လုံးများ တောက်ပသွားသည်။ သူမက သိမ်သိမ်မွေ့မွေ့ ပြုံး၍ ပြောလိုက်သည်။

“ကလေးတစ်ယောက်ရဲ့ အကြီးမားဆုံး ကောင်းကွက်က သူ့ကို သင်ကြားပေးလို့ ရနိုင်သေးတာပဲ။ ဘယ်သူမှ ပြီးပြည့်စုံနေတာ မဟုတ်ပါဘူး။ လူတစ်ယောက်က ကိုယ့်ရဲ့ အားနည်းချက်တွေကို ဖြည့်နိုင်၊ ပြင်နိုင်မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် တိုးတက်လာအောင် လုပ်နိုင်မှာပဲ။ အဲ့အကြီးအကဲအိုကြီးတွေ၊ ရှင့်ရဲ့အဖေနဲ့ အဘိုးတို့ကလည်း ငယ်ရွယ်စဉ်က အမှားတွေ လုပ်ဖူးခဲ့တာပဲမလား။ ရှုံးနိမ့်မှုက ဘာကိုမှ ကိုယ်စားမပြုဘူး။ ရှုံးနိမ့်ပြီးသွားတဲ့နောက် ပြန်ပြီး အောင်မြင်လာအောင် လုပ်နိုင်တာကမှ ပိုအရေးကြီးတာ။ နတ်ဆိုးကျွန်းရဲ့ တိုက်ပွဲအစီအစဉ်ကို ကျွန်မ အကြံပေးခဲ့တာပါ။ ဒါပေမဲ့ အဲ့ငတုံးနှစ်ယောက်က ကျွန်မရဲ့ အစီအစဉ်တွေအတိုင်း မလုပ်ခဲ့ကြဘူး။ ဒီစစ်ဆင်ရေးမှာ ကျွန်မသာ ဦးဆောင်ခဲ့ရင် ကျန်းရီက သေချာပေါက် သေနေလောက်ပြီ”

“ဟွန်း...”

ဝူနီက အေးစက်စက် ရယ်လိုက်၏။

“လူတိုင်းကတော့ လေလုံးထွားတတ်တာပဲ။ စစ်ထူမျိုးနွယ်က သူတို့ရဲ့ တပ်သားတွေကို ပို့လိုက်တာကွ။ ဓားပြတပ်မဟာလေးခုက အဲ့တပ်သားတွေကို ရှင်းပစ်နိုင်မှာလား။ ငါတို့ ရှန်းစီပင်လယ်က ထိပ်တန်းဓားပြတပ်မဟာဆယ်ခုစလုံးကို သုံးခဲ့ရင်တောင် စစ်ထူမျိုးနွယ်ရဲ့ ဟင်းလင်းပြင်ပြောင်းရွှေ့ခြင်းနဲ့ ရင်ဆိုင်ရရင် မရှုမလှ ရှုံးသွားကြဦးမှာပဲ”

“မှားတယ်...”

ကျီထင်ယွီက ပြုံး၍ ခေါင်းခါလိုက်သည်။

“သခင်‌လေးဝူနီ... ဦးဆောင်ညွှန်ကြားတဲ့သူက ကျွန်မသာဆိုရင် စစ်ထူမျိုးနွယ်က သူတို့ရဲ့ တပ်သားတွေကို စေလွှတ်နိုင်မယ့် အခွင့်အရေးတောင် ရမှာ မဟုတ်ဘူး။ သူတို့ အဲ့လို လုပ်ရဲမှာ မဟုတ်ဘူး။ တကယ်လို့ ကျွန်မတို့ကသာ လဲ့မျိုးနွယ်နဲ့ လုမျိုးနွယ်က ပူးပေါင်းပြီး စစ်ထူမျိုးနွယ်ကို ရှန်းစီကျွန်းအပြင်ဘက် ထွက်လာအောင် လုပ်နေတယ်ဆိုတဲ့ ကောလာဟလတစ်ခုကို ဖြန့်လိုက်မယ်ဆိုရင် စစ်ထူမျိုးနွယ်က သူတို့ရဲ့ တပ်သာတွေကို ရှန်းစီကျွန်းအပြင်ကို စေလွှတ်ရဲပါဦးမလား။ စစ်ထူအောင်းက သတ္တိရှိလို့ သူ့တပ်သားတွေကို စေလွှတ်ချင်တယ်ဆိုရင်တောင် စစ်ထူမျိုးနွယ်ရဲ့ အကြီးအကဲခန်းမက အဲ့ကိစ္စကို သဘောတူပါ့မလား...”

“မျိုးနွယ်(၁၃)ခုက တစ်ဘက်တည်းကဆိုပေမယ့် ဘာလို့ မျိုးနွယ်ကြီးလေးခုကပဲ ရှန်းစီကျွန်းကို သိမ်းပိုက်ထားရတာလဲ။ ဘာလို့ ကျန်တဲ့မျိုးနွယ်ကိုးခုက ကျွန်းဆွယ်ကြီးကိုးခုမှာ သွားနေနေရတာလဲ။ ကျန်းရီက လုလင်းကို သတ်ခဲ့တယ်... လုမျိုးနွယ်ကို အရှက်ရစေခဲ့တယ်။ ဒါပေမဲ့ စစ်ထူမျိုးနွယ်က ကျန်းရီကို ကာကွယ်ပေးဖို့ ရွေးချယ်ခဲ့တယ်။ လုမျိုးနွယ်က အဲ့ကိစ္စအတွက် ဘာမကျေနပ်ချက်မှမရှိဘူးလို့ ရှင် ပြောရဲလား။ ပြီးတော့ လဲ့ထင်ဝေရဲ့ ခွင့်ပြုချက်သာ မရရင် လဲ့ချီရန်က ကျန်းရီကို ရှန်းစီရင်ပြင်မှာ တားရဲမယ်လို့ ရှင်ထင်လား...”

“ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်းမှာ စစ်ထူမျိုးနွယ်ရဲ့ လွှမ်းမိုးနိုင်စွမ်းက အဆက်မပြတ် တိုးတက်လာခဲ့တယ်။ အခုဆို သူတို့က လဲ့မျိုးနွယ်ကိုတောင် ကျော်နိုင်လာတော့မယ်။ စစ်ထူမျိုးနွယ်က သူတို့ရဲ့မျိုးနွယ်ကို ကျော်သွားမှာကို လဲ့ထင်ဝေက ကျေနပ်နေမယ်လို့ ရှင်ထင်လား။ အဲ့ဒါကြောင့် အစောက ပြောခဲ့တဲ့ ကောလာဟလသာ ပျံ့နှံ့သွားရင် လဲ့မျိုးနွယ်နဲ လုမျိုးနွယ်က တကယ် အဲ့လိုလုပ်ချင်စိတ်ရှိရှိ၊ မရှိရှိ စစ်ထူအောင်းက လှုပ်ရှားရဲရင်တောင် အကြီးအကဲခန်းမက လှုပ်ရှားရဲမှာ မဟုတ်ဘူး။ အဲ့အခါကျ ကျန်းရီက နတ်ဆိုးကျွန်းကို တစ်ယောက်တည်း သွားရလိမ့်မယ်။ တပ်မဟာလေးခုက ကျန်းရီတစ်ယောက်တည်းကို ဘယ်လိုလုပ် ရှင်းမပစ်နိုင်ရမှာလဲ”

ကျီထင်ယွီပြောသွားသော စကားအခွန်းတိုင်းသည် ကျောက်မျက်ရတနာများကဲ့သို့ပင်။ ဝူနီတစ်ယောက် ဆွံ့အသွားသည်။ သူမ စကားပြောနေစဉ်တွင် သူမ၏ပုလဲမျက်ဝန်းတစ်စုံထဲတွင် ပရိယာယ်ဗျူဟာများနှင့် ပြည့်နှက်နေပေသည်။ ထိုဉာဏ်ပညာအရိပ်အယောင်က လူတစ်ယောက်အား သူမကို သံသယမရှိ ယုံကြည်သွားစေနိုင်၏။ ဝူနီသည် သူမ၏စကားများကို နားထောင်ရင်း ခေါင်းကိုက်လာ၏။ သူသည် ပရိယာယ်ဗျူဟာအပိုင်းတွင် ပညာရှင်တစ်ယောက် မဟုတ်ပေ။ သို့သော် ထိုမိန်းမသာ ဦးဆောင်လျှင် ထိုကိစ္စက အောင်မြင်နိုင်သည်ဟုတော့ သူ ခံစားနေရလေသည်။

ကျီထင်ယွီက ဝူနီကို အလေးနက်ကြည့်လိုက်ပြီး ဆက်ပြောလိုက်သည်။

“တကယ်လို့ စစ်ထူမျိုးနွယ်က တပ်သားတွေ စေလွှတ်လိုက်ပြီး လဲ့မျိုးနွယ်နဲ့ လုမျိုးနွယ်က ဘာမှ မလှုပ်ရှားခဲ့ရင်လည်း ကျွန်မတို့ ကျန်းရီကို ရှင်းပစ်နိုင်မယ့် အခွင့်အရေး ရှိဦးမှာပဲ။ ဒီတစ်ခေါက် ရည်ရွယ်ချက်က ငှက်စိမ်းကုန်သည်အဖွဲ့အစည်းနဲ့ စစ်ထူမျိုးနွယ်ကို ရှင်းပစ်ဖို့ မဟုတ်ဘူး။ လူတစ်ယောက်ကို သတ်ဖို့ပဲ။ ကျွန်မတို့သာ ကျန်းရီကို သတ်နိုင်ခဲ့ရင် တပ်မဟာလေးခုစလုံး ရှင်းပစ်ခံလိုက်ရရင်တောင် ကျွန်မတို့ရဲ့ ရည်ရွယ်ချက်က အောင်မြင်သွားမှာပဲ။ သခင်လေးမှာ ‌အောင်မြင်နိုင်တဲ့ အခွင့်အရေး ရှိခဲ့တယ်...”

“ဒါပေမဲ့ ဘာလို့ ရှင်က တပ်မဟာလေးခုကို နတ်ဆိုးကျွန်းမှာ မစောင့်ခိုင်းထားတာလဲ။ အဲ့ဒါဆို ကျန်းရီရောက်လာတာနဲ့ သူတို့က ပူးပေါင်းပြီး သူ့ကို သတ်ပစ်လိုက်လို့ရတယ်မလား။ တပ်မဟာလေးခုပေါင်းလိုက်ရင် ကောင်းကင်ဧကရာဇ်(၅၀,၀၀၀)ကျော်နဲ့ အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ် ရာကျော်ရှိတယ်။ ပညာရှင်တွေက ကျန်းရီကို ကာကွယ်ပေးနေတယ်ဆိုလည်း ဘာဖြစ်သေးလဲ။ ရှင်က ကျွန်မထက် ပိုနားလည်မှာပါ.. တကယ်လို့ အဲ့လိုတိုက်ပွဲကြီးတစ်ပွဲ ဖြစ်လာရင် ကျန်းရီမပြောနဲ့ အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်တွေတောင် အလွယ်လေး သေသွားနိုင်တယ်ဆိုတာ”

ဝူနီ လုံးဝ အံ့အားသင့်နေ၏။ သူ တံတွေးမျိုချလိုက်ပြီး မေးလိုက်သည်။

“မင်း... မင်းက ဘာလို့ ဒီကိစ္စကို ဒီလောက် ရှင်းရှင်းလင်းလင်း နားလည်နေရတာလဲ။ အပြစ်သားခန်းမမှာ မင်းရဲ့ အဆင့်အတန်းက ဘာလဲ”

“အဟင်း...”

ကျီထင်ယွီက ခေါင်းခါလိုက်ပြီး ခပ်သဲ့သဲ့ ပြုံးလိုက်သည်။

“ကျွန်မက အပြစ်သားခန်းမမှာ အညတရတစ်ယောက်ပါပဲ။ အပြစ်သားကျွန်းမှာ ဖြစ်နေတဲ့ ကိစ္စတွေကို နားလည်နေရတာက ကျန်းရီက ကျွန်မရဲ့ ရန်သူတော်ကြီး ဖြစ်နေလို့ပဲ။ ကျွန်မသာ သူ့ကို မသတ်နိုင်ရင် တစ်နေ့ကျ သူက အရှေ့ဘက် တော်ဝင်နယ်မြေကို ပြန်လာပြီး ကျွန်မကို သတ်လိမ့်မယ်ဆိုတာ ကျွန်မ ခိုင်ခိုင်မာမာ ယုံကြည်တယ်”

“မင်းမှာ ကျန်းရီနဲ ရန်ငြိုးရှိတာလား”

ဝူနီ အတန်ငယ် အံ့ဩသွား၏။ သို့သော် သူ ချက်ချင်း သဘောပေါက်သွား၏။

“အို့...ဟုတ်သားပဲ။ မင်းကလည်း ကောင်းကင်ကြယ်တာရာနယ်မြေက လာခဲ့တာမလား။ ကောင်းကင်ကြယ်တာရာနယ်မြေရဲ့ ခန်းမခွဲကို ကျန်းရီက ဖျက်ဆီးပစ်လိုက်တာမလား”

“ဟုတ်ပါတယ်။

ကျီထင်ယွီက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ကျန်းရီက ကျွန်မရဲ့ ဘဝပေးရန်သူပဲ။ လက်ရှိမှာ ကျွန်မရဲ့အကြီးမားဆုံးဆန္ဒက ကျန်းရီကို သတ်နိုင်ဖို့ပဲ။ သခင်လေးနီ တကယ်လို့ ရှင် ကျွန်မကို ယုံရင် ကျန်းရီကို သုံးနှစ်အတွင်း သတ်ပစ်နိုင်မယ့် ဗျူဟာတစ်ခု ကျွန်မ ရှင့်ကို ပေးနိုင်တယ်။ ဆယ်နှစ်အတွင်းမှာ ကျွန်မ ရှင့်ကို ဝူမျိုးနွယ်ခေါင်းဆောင် ဖြစ်လာအောင် ကူညီပေးနိုင်တယ်။ နှစ်ငါးဆယ်အတွင်းမှာ ဝူမျိုးနွယ်က ကောင်းကင်ကြယ်တာရာနယ်မြေတစ်ခုလုံးကို သိမ်းပိုက်နိုင်ဖို့ ကူညီပေးနိုင်တယ်”

“ဟင်းဟင်း...”

ဝူနီက ခါးသက်သက် ပြုံးလိုက်သည်။

“အဲ့လို လက်တွေ့မကျတဲ့ ကိစ္စတွေကို မပြောဘဲ ကျန်းရီကိုပဲ အာရုံစိုက်ရအောင်။ မင်း သူ့ကို ဘယ်လို သတ်မှာလဲ။ ငါတို့က သိုင်းပညာခန်းမရဲ့ နယ်ရုပ်တစ်ဝက်လောက်ကို ပေါ်သွားအောင် လုပ်လိုက်မိပြီ။ စစ်ထူမျိုးနွယ်က ငါတို့ရဲ့ လူတွေကို သေချာပေါက် ဖိနှိပ်မှာပဲ။ ပြီးတော့... ဒီရှုံးနိမ့်မှုကြောင့် ငါ မျိုးနွယ်ရဲ့ အင်အားစုတွေကို ထပ်သုံးနိုင်ဖို့ ခက်သွားပြီ”

“သုံးစရာမလိုပါဘူး...”

ကျီထင်ယွီ၏ မျက်လုံးများ လင်းလက်သွားသည်။ ထိုအခိုက်တွင် သာမန်လူများသည် သူမကို စေ့စေ့ပင် ကြည့်ဝံ့မည် မဟုတ်ချေ။ ထို့နောက် သူမက ယုံကြည်မှုရှိသော လေသံဖြင့် ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

“တကယ်လို့ သခင်လေးဝူနီကသာ ကျွန်မကို အာဏာပေးမယ်ဆိုရင် မျိုးနွယ်ရဲ့ အင်အားစုတွေကို မသုံးဘဲ ကျန်းရီကို အလွယ်လေး ရှင်းပစ်နိုင်ပါတယ်”

“ကောင်းပြီ”

ဝူနီသည် ကျီထင်ယွီကို ယုံကြည်လက်ခံသွားပုံပင်။ သူက လက်ယမ်း၍ ပြောလိုက်သည်။

“ငါ စွန့်စားကြည့်မယ်။ ကျီထင်ယွီ မင်း ငါ့ကို စိတ်မပျက်စေဖို့ ငါ မျှော်လင့်ပါတယ်။ မဟုတ်ရင်တော့ ငါတို့ နှစ်ယောက်စလုံး ဘဝပျက်သွားမှာပဲ”

“စိတ်မပျက်စေရပါဘူး”

ကျီထင်ယွီက ခပ်သဲ့သဲ့ ပြုံးလိုက်သည်။ သူမသည် ပြတင်းပေါက်ကို ဖြတ်၍ အဝေးသို့ ကြည့်လိုက်၏။ သူမသည် တစ်ကိုယ်စာသာ ကြားနိုင်သော လေသံဖြင့် ရေရွတ်လိုက်သည်။

“ငါ ကျီထင်ယွီက ဧကရီဖြစ်လာမယ့် မိန်းမတစ်ယောက်ပဲ။ ဘယ်လိုလုပ် ဘဝပျက်နိုင်မှာလဲ...”

***

All Chapters