ရူးမိုက်သော အကြံ
Vol. 59 Ch. 817
ဧကရာဇ်ကိုးပါးမျိုးနွယ်စုသည် အပြစ်သားကျွန်းတွင် ဖြစ်ပွားနေသော ကိစ္စများကို သိပေသည်။ သို့သော် ကျန်းရီကမူ ဧကရာဇ်ကိုးပါးမျိုးနွယ်စုတွင် ဖြစ်ပွားနေသော ကိစ္စများကို မသိပေ။ စစ်ထူရီရှောင်သည်ပင် ထိုကဲ့သို့ သတင်းအချက်အလက်များကို သိနိုင်ရန် အရည်အချင်း မမီသေးချေ။ ထို့ကြောင့် ကျန်းရီသည် သူ့ကို သေလောက်အောင်မုန်းတီးနေသော မိန်းမတစ်ယောက်က ဝူနီကို အောင်မြင်စွာ နားချ၍ အပြစ်သားခန်းမ၏ သိုင်းပညာခန်းမအတွက် ခန်းမသခင်အသစ် ဖြစ်လာကြောင်းကို မသိပေ။
ကျန်းရီသည် စစ်ထူအိမ်တော်၌ နေထိုင်နေစဉ်တွင် မည်သည့်စိုးရိမ်စရာမှ မရှိသဖြင့် အချိန်ကောင်းလေးများ ရရှိခဲ့၏။ သူသည် နေ့ဘက်ပိုင်းတွင် အတွင်းအားကျင့်ကြံခြင်း၊ မှော်အတတ်များ လေ့လာခြင်းနှင့် တာအိုပုံသဏ္ဌာန်များကို ပေါင်းစည်းခြင်းတို့ ပြုလုပ်ခဲ့သည်။ ညဘက်ပိုင်းတွင်မူ ပန်းချီစွမ်းရည် လေ့ကျင့်ခဲ့ပြီး အားလုံးကို အဖော်ပြုပေးခဲ့သည်။ သူသည် အေးချမ်းပြည့်စုံသော နေ့ရက်များကို ဖြတ်သန်းနေရပေသည်။
ကျန်းရီ စိတ်မသက်မသာ ဖြစ်ရသည့် တစ်ခုတည်းသောအရာမှာ စုလောရွှယ်က အရှေ့ဘက် တော်ဝင်နယ်မြေတွင် ရှိနေသေးခြင်းသာဖြစ်သည်။ ထို့ပြင် အချိန်အတော်ကြာပြီဖြစ်သော်လည်း ရီဖျောင်ဖျောင်၏ သတင်းများကို မကြားရသေးချေ။ ကျန်းရီသည် ထိုအကြောင်းများကို တွေးမိတိုင်း စိတ်မချမ်းမသာ ဖြစ်ရလေသည်။
ပြီးခဲ့သည့် လအနည်းငယ်အတွင်း၌ ချမ်ဝမ်ကွမ်းသည် တစ်ကြိမ်သာ ပြန်လာခဲ့၏။ ချမ်ဝမ်ကွမ်းက များစွာဝိတ်ကျသွားသဖြင့် အားလုံး အံ့အားသင့်သွားရသည်။ အစက သူသည် ကီလိုဂရမ်(၁၀၀)လောက်ရှိခဲ့၏။ ယခုတွင်မူ ကီလိုဂရမ်(၈၀)လောက်သာ ရှိပေတော့မည်။ သူသည် ပင်ပန်းဟန်ပေါက်နေသော်လည်း သူ၏မျက်ဝန်းကျဉ်းများတွင် စိတ်လှုပ်ရှားမှု၊ ယုံကြည်မှုတို့ဖြင့် ပြည့်နှက်နေပြီး သူ၏ခန္ဓာကိုယ်ကလည်း အထက်စီးဆန်သည့် ဟန်ပန်ကို ဖော်ပြနေပေသည်။ ယင်းမှာ အချိန်ကြာရှည် အမိန့်ပေးခဲ့ရ၍ စွဲလာသော ဟန်ပန်ပင်။
ကျန်းရီ အလွန်ကျေးဇူးတင်မိသွား၏။ သူသည် ချမ်ဝမ်ကွမ်း၏ အခြေအနေကို မေးနေရန်ပင် မလိုတော့ချေ။ ချမ်ဝမ်ကွမ်း၏ခန္ဓာကိုယ်မှ အရှိန်အဝါသည် သူက ကြိုးစားလုပ်ဆောင်နေပြီး တိုးတက်လာကြောင်း ပြသနေပေ၏။ ထိုမျှဆိုလျှင် လုံလောက်ပေပြီ။ ချမ်ဝမ်ကွမ်းသည် စကားများစွာ မပြောခဲ့ဘဲ ကျန်းရီနှင့် အာလာပသလ္လာပလောက်သာ ပြောသွားခဲ့သည်။ ကျန်းရီက စီးပွားရေးအကြောင်းများကို ပြောရသည်ကို မကြိုက်ကြောင်း ချမ်ဝမ်ကွမ်း သိပေသည်။ ထို့ပြင် ထိုအကြောင်းများကိုလည်း စကားတစ်ခွန်း၊ နှစ်ခွန်းလောက်ဖြင့် ရှင်းမပြနိုင်ပေ။
ဖုန်းလန်၊ ချင်းယွီနှင့် ယွင်ဖေးတို့သည် ချမ်ဝမ်ကွမ်းကို ဝိတ်ဆက်ချရန် အကြံပေးခဲ့၏။ သူသာ စစ်ထူရီနျန်၏ နှလုံးသားကို ရလိုလျှင် စွမ်းဆောင်ရည်နှင့် အောင်မြင်မှုများက အရေးပါသော်လည်း သူ၏ရုပ်သွင်ကလည်း အခါရာကျသော အရာတစ်ခုဖြစ်ပေလိမ့်မည်။ ချမ်ဝမ်ကွမ်း၏ ပင်ကိုယ်ရုပ်က မဆိုးလှသော်လည်း သူသည် ဝက်တစ်ကောင်ကဲ့သို့ ဝလွန်းနေပေသည်။ မည်သည့်မိန်းမကမှ သူ့ကို ချောသည်ဟု ထင်မည် မဟုတ်ပေ။
ချမ်ဝမ်ကွမ်းသည် ဦးညွှတ်ကာ ပြန်ထွက်သွား၏။ ကျန့်ဝူရွှမ်း၏ မျက်ဝန်းများထဲတွင် ခါးသက်မှုအရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်။ ကျန်းရီနှင့် ချမ်ဝမ်ကွမ်းတို့က တိုးတက်နေကြ၏။ သို့သော် စစ်နတ်ဘုရားမျိုးနွယ်၏ လက်ရှိဆက်ခံသူဖြစ်သော သူသည် ဗာဂျရာနယ်ပယ် ပဉ္စမအဆင့်တွင်သာ ရှိနေပေသေးသည်။ ထိုအဆင့်က ကောင်းကင်ကြယ်တာရာနယ်မြေတွင်ဆိုလျှင် အလွန်စွမ်းအားကြီးနိုင်သော်လည်း ကောင်းကင်ကြယ်တာရာနယ်နမိတ်တွင်ဆိုလျှင် ပမွှားအဆင့်သာ ဖြစ်ပေလိမ့်မည်။
ကျန်းရီသည် ကျန့်ဝူရွှမ်းတစ်ယောက် စိတ်ဓာတ်ကျနေကြောင်း အာရုံခံမိလိုက်သည်။ သို့သော် သူ မည်သည့်အကြံမှ မပေးလိုက်ပေ။ ထိုကိစ္စမျိုးအတွက် ကျန့်ဝူရွှမ်းသည် သူ့ကိုယ်သူသာ မှီခိုရမည်ဖြစ်သည်။ စစ်နတ်ဘုရားမျိုးနွယ်၏ ဆက်ခံသူက ထိုမျှ စိတ်ပျော့လိမ့်မည်မဟုတ်ဟု ကျန်းရီ ယုံကြည်ပေသည်။
ကျန်းရီသည် အခန်းအတွင် လျှောက်ဝင်သွားလိုက်ပြီး ဆက်ကျင့်ကြံလိုက်၏။ မကြာသေးခင်က သူ၏ပဉ္စမမြောက် ကြယ်စက်လုံးသည် တစ်ဝက်ပြည့်သွားခဲ့၏။ ၎င်းက နှစ်ဝက်အတွင်း ပြောင်းလဲသွားလိမ့်မည်ဟု သူ ခန့်မှန်းထားသည်။ နဂါးညှိုးရော်မြက်ပင်က သူ၏ခန္ဓာကိုယ်ဖွဲ့စည်းပုံကို ပြောင်းလဲလိုက်ပြီးနောက် သူသည် အတွင်းအားကျင့်ကြံစဉ်တွင် မည်သည့် အဟန့်အတားနှင့်မှ မကြုံရတော့ချေ။ အကယ်၍ ကြယ်စက်လုံးများကို တစ်လုံးပြီးတစ်လုံး ပြောင်းလဲနိုင်လျှင် ကြက်စက်လုံးကိုးလုံးစလုံးကို ပြောင်းလဲပြီးသွားသောအခါ သူသည် လူတော်တော်များများကို အတွင်းအားသက်သက်ဖြင့်ပင် အနိုင်ယူနိုင်လာမည်ဖြစ်၏။ သူ၏တာအိုပုံသဏ္ဌာန်များ မတိုးတက်လာလျှင်ပင် ပြဿနာရှိတော့မည် မဟုတ်ပေ။
ကျန်းရီသည် တာအိုပုံသဏ္ဌာန်ပေါင်းစည်းရာတွင် တိုးတက်မှုမရှိသဖြင့် အတန်ငယ် ဒေါသထွက်နေသည်။ ကောင်းကင်ဖျက်မီးက အတန်ငယ် တိုးတက်လာသော်လည်း မီးတိမ်သံချပ်ကာက မည်သည့် ဝိညာဉ်ချိတ်ဆက်မှု လက္ခဏာမှ မပြသေးပေ။ သူ ကြယ်တာရာစွမ်းအားကို သုံး၍ ကြိုးစားကြည့်သေးသော်လည်း မအောင်မြင်ချေ။
ကျန်းရီတွင် အမိကမ္ဘာမြေသံချပ်ကာနှင့် မူလသံလက်နက်တို့လည်း ရှိသေး၏။ သူသည် ၎င်းတို့ကို ကြိုးစားသန့်စင်သော်လည်း မည်သည့်ဝိညာဉ်ချိတ်ဆက်မှုမှ မပြုလုပ်နိုင်ခဲ့ပေ။ ထို့ကြောင့် သူ ဟွမ်ဖူထောင်ထျန်းကို အကြံတောင်းခဲ့၏။ သို့သော် ဟွမ်ဖူထောင်ထျန်းက ဝိညာဉ်ချိတ်ဆက်မှုမှာ ကံတရားပေါ်တွင် မူတည်သည်ဟု ပြန်ပြောခဲ့သည်။ ချိတ်ဆက်နိုင်ရန် ပုံသေနည်းလမ်းဟူ၍ မရှိပေ။ သို့ဖြစ်၍ ကျန်းရီသည် ရွေးချယ်စရာ မရှိတော့ဘဲ ထိုကိစ္စကို ခဏဘေးဖယ်ထားလိုက်ရသည်။
ပြီးခဲ့သော လအနည်းငယ်အတွင်း၌ ကျန်းရီသည် လစဉ်ထွက်ပေါ်လာသည့် နတ်ဘုရားငိုကြွေးသံမှနေ၍ ဝိညာဉ်ဓား တစ်ဒါဇင်ကျော် ရခဲ့၏။ ယခင်တိုက်ပွဲများတွင် ဆုံးရှုံးသွားခဲ့သည်များကို နှုတ်လိုက်လျှင် ယခု သူ့တွင် ဝိညာဉ်ဓား အချောင်းသုံးဆယ်ကျော် ရှိပေသည်။ ထို့ပြင် သူသည် နတ်ဘုရားအသံ ကောင်းကင်အတတ်ကိုလည်း မကြာခဏ လေ့လာခဲ့၏။ သို့သော် ထိုအတတ်ကို သိမြင်နားလည်ခဲ့သည်မှာပင် အတော်ကံကောင်းသည်ဟု ဆိုနိုင်နေပြီဖြစ်၍ ပိုမြင့်သော အဆင့်ကိုရောက်အောင် လုပ်နိုင်မှာ လွန်စွာ ခက်ခဲပေသည်။
ထို့ကြောင့် ကျန်းရီသည် တွေးတောစဉ်းစားပြီးနောက် လုပ်ရိုးလုပ်စဉ်အတိုင်း ဆက်လုပ်လိုက်ပြီး အတွင်းအားနှင့် ကောင်းကင်ဖျက်မီးတို့ကို ဆက်ကျင့်ကြံလိုက်သည်။ သူ၏ ပဉ္စမမြောက် ကြယ်စက်လုံး ပြောင်းလဲသွားမှ ထိုအကြောင်းကို ဆက်စဉ်းစားမည်ဟု သူ ဆုံးဖြတ်လိုက်လေသည်။
***
လက်တလောတွင် ရှန်းစီမြို့သည် အတော်လေး အေးချမ်းနေ၏။ လူအားလုံး စိတ်ပါလက်ပါ ဆွေးနွေးနေခဲ့သော တစ်ခုတည်းသောအရာမှာ စစ်ထူကုန်သည်အဖွဲ့အစည်း တည်ထောင်မှု ဖြစ်သည်။
ငှက်စိမ်းကုန်သည်အဖွဲ့အစည်းသည် စစ်ထူကုန်သည်အဖွဲ့အစည်းနှင့် ပေါင်းစည်းပြီးနောက် စစ်ထူမျိုးနွယ်က ငှက်စိမ်းကုန်သည်အဖွဲ့အစည်းအောက်ရှိ စီးပွားရေးလုပ်ငန်းအားလုံးကို သိမ်းပိုက်လိုက်သည်။ ကောင်းကင်ကံကြမ္မာသင်္ဘောအားလုံးတွင် စစ်ထူမျိုးနွယ်၏အလံကို ထူလာကြသည်။ သင်္ဘောစီးနင်းခက တစ်ဝက်လျော့ကျသွားပြီး ကောင်းကင်ကံကြမ္မာသင်္ဘောများက နှစ်ဆတိုးလာသည်။
စစ်ထူမျိုးနွယ်၏ စစ်ရေးအင်အားနှင့် ဓားပြတပ်မဟာလေးခုကို ဖျက်ဆီးထားသည့် ဥပမာကြောင့် စစ်ထူမျိုးနွယ်၏ ကောင်းကင်ကံကြမ္မာသင်္ဘောများက အကြွင်းမဲ့လုံခြုံနေပေသည်။ စစ်ထူမျိုးနွယ်သည် ဓားပြအဖွဲ့အစည်းများကို ဆက်ကြေးပေးရန် မလိုပေ။ ထို့ကြောင့် သင်္ဘောစီးနင်းခကို လျော့ပေးလိုက်သော်လည်း အမြတ်က ပုံမှန်ဖြစ်နေပေသည်။
ထို့ပြင် စစ်ထူမျိုးနွယ်က ကြေညာမှုတစ်ခုလည်း ပြုလုပ်ခဲ့သည်။ စစ်ထူမျိုးနွယ်၏ ကောင်းကင်ကံကြမ္မာသင်္ဘောကို စီးနင်းသူများသည် ရှန်းစီမြို့သို့ ဝင်ရန် ကောင်းကင်ကျောက်တုံးများ ပေးစရာမလိုပေ။ တစ်နည်းဆိုရလျှင် ရှန်းစီမြို့အတွင်းသို့ ဝင်နိုင်ရန် ပေးရသည့် ကောင်းကင်ကျောက်တုံးများကို စစ်ထူမျိုးနွယ်က ပေးပေးမည်ဖြစ်သည်။
ထိုသတင်း ပျံ့နှံ့သွားသောအခါ ရှန်းစီမျိုးနွယ်စုတစ်ခွင်လုံး အုတ်အုတ်ကျွက်ကျွက် ဖြစ်သွားလေသည်။ သူတို့သည် စစ်ထူမျိုးနွယ်က ရူးသွားပြီဟု ထင်ကြ၏။ စစ်ထူမျိုးနွယ်သည် သင်္ဘောစီးနင်းခကို တစ်ဝက်လျော့ချလိုက်သည့်အပြင် ယခုတွင် မြို့ဝင်ကြေးကိုလည်း ပေးပေးမည်လော။ ယင်းက ဓားပြများကို ရှန်းစီမြို့အတွင်း အလကားဝင်ခွင့် ပေးလိုက်ခြင်းပင်မဟုတ်လော။
ထိုအချက်မှာ အမှန်ပင်ဖြစ်သည်။
စစ်ထူမျိုးနွယ်၏ ကောင်းကင်ကံကြမ္မာသင်္ဘောများက အကြွင်းမဲ့လုံခြုံပြီး ဈေးလည်းသက်သာသလို မြို့တွင်းသို့လည်း အလကားဝင်ခွင့်ရသဖြင့် မရေမတွက်နိုင်သော ဓားပြများသည် ကောင်းကင်ကံကြမ္မာသင်္ဘောကို စီးကာ ရှန်းစီမြို့တွင်းသို့ ဝင်လာကြည့်ကြလေသည်။ အခြားအရာများကို ထည့်မတွက်လျှင်ပင် ရှန်းစီမြို့တွင်းသို့ ဝင်နိုင်ခြင်းကပင် ဂုဏ်ယူစရာတစ်ခု ဖြစ်နေပြီ မဟုတ်ပါလော။ ထို့ပြင် ရှန်းစီကျွန်းပေါ်မှ မိုးမြေအတွင်းအားက အံ့ဩစရာကောင်းလောက်အောင် သိပ်သည်း၏။ ကောင်းကင်ကံကြမ္မာသင်္ဘောပေါ်တွင် ကျင့်ကြံခြင်းက အပြင်ဘက်တွင် ကျင့်ကြံခြင်းထက် ပို၍ လျင်မြန်ပေသည်။
ထို့ကြောင့် စစ်ထူမျိုးနွယ်၏ ကောင်းကင်ကံကြမ္မာသင်္ဘော စီးပွားရေးက အလွန်ကောင်းနေခဲ့၏။ ကောင်းကင်ကံကြမ္မာသင်္ဘော စီးနင်းလိုသူများ များပြားလွန်းလှသဖြင့် ကြိုတင် တန်းစီကြရလေသည်။
ရှန်းစီမြို့ထဲသို့ ရောက်လာသူတိုင်းသည် တစ်ခုခု အရောင်းအဝယ် လုပ်ကြမည် မဟုတ်လော။ လူအားလုံးသည် စစ်ထူမျိုးနွယ်၏ ရက်ရောမှုကို တွေ့မြင်သဖြင့် စစ်ထူကုန်သည်အဖွဲ့အစည်းကို ယုံကြည်ကြသည်။ ရလဒ်အနေဖြင့် စစ်ထူကုန်သည်အဖွဲ့အသည်းသည် အရောင်းအဝယ်လုပ်ငန်းတွင် အဆအနည်းငယ် ပိုမြတ်လာပေသည်။
ထို့ပြင် စစ်ထူမျိုးနွယ်၏ ကုန်သည်အဖွဲ့အစည်းသည် အခြားဗျူဟာများစွာလည်း သုံးခဲ့၏။ သူတို့သည် လစဉ်ကျင်းပသော ‘ကျေးဇူးတော်နေ့’ကဲ့သို့ နေ့ရက်လေးများ သတ်မှတ်ခဲ့သည်။ ထိုနေ့ရက်များတွင် စစ်ထူကုန်သည်အဖွဲ့အစည်းက သူတို့၏ ပစ္စည်းများကို ဈေးတစ်ဝက်လျှော့၍ ရောင်းချသည်။ အခြားဥပမာတစ်ခုမှာ စစ်ထူကုန်သည်အဖွဲ့အစည်းတွင် စစ်ထူဘဏ် ထွက်ပေါ်လာခြင်းပင်။ စစ်ထူဘဏ်တွင် လူတိုင်း ကောင်းကင်ကျောက်တုံးများနှင့် ရတနာများ အပ်နိုင်သည်။ စစ်ထူမျိုးနွယ်က ဘဏ်အသုံးပြုသူကို တံဆိပ်ပြားတစ်ခုပေး၏။ ထိုလူကိုယ်တိုင် သို့မဟုတ် ထိုလူ၏ တိုက်ရိုက်မျိုးဆက်များသာ ဘဏ်တွင်အပ်ထားသော ကောင်းကင်ကျောက်တုံးနှင့် ရတနာများကို ပြန်ထုတ်ယူနိုင်သည်။ ထို့ပြင် ဘဏ်တွင် ကောင်းကင်ကျောက်တုံးများနှင့် ရတနာများ အပ်လျှင် အတိုးများစွာ ရနိုင်ပေသည်။
စစ်ထူဘဏ် ထွက်ပေါ်လာသောအခါ ဓားပြများ ရူးသွပ်သွားကြသည်။
ဓားပြများသည် မြို့ပြင်တွင် ရှိနေလျှင် အချိန်မရွေး သေဆုံးသွားနိုင်၏။ သူတို့တွင် ကောင်းကင်ကျောက်တုံးများနှင့် ရတနာများ မည်မျှ ရှိသည်ဖြစ်စေ မလုံခြုံပေ။ ၎င်းတို့က အခြားသူတစ်ယောက်၏ ပိုင်ဆိုင်မှုများ ဖြစ်သွားနိုင်သည်။ သို့သော် သူတို့သာ သူတို့၏ ကောင်းကင်ကျောက်တုံးများနှင့် ရတနာများကို စစ်ထူဘဏ်တွင် အပ်ထားပါက သူတို့ အသတ်ခံလိုက်ရလျှင်ပင် သူတို့၏တိုက်ရိုက်မျိုးဆက်များက ၎င်းတို့ကို ပြန်ရနိုင်ပေသေးသည်။ ထို့ပြင် အတိုးလည်း ရှိသေး၏။ ယင်းက သူတို့ကို လုံးဝဆွဲဆောင်နိုင်ခဲ့သောအချက်ပင်။
လူအချို့ကမူ စစ်ထူမျိုးနွယ်က သူတို့၏ ကောင်းကင်ကျောက်တုံးများနှင့် ရတနာများကို လိမ်ညာယူခြင်းဖြစ်မည်ဟု သံသယဖြစ်ခဲ့ကြသည်။ သို့သော် သူတို့တွင် အခြားရွေးချယ်စရာလည်း မရှိပေ။ ကောလာဟလအသေးလေးအချို့ ပျံ့နှံ့သွားပြီးနောက်တွင် လူများစွာသည် စစ်ထူမျိုးနွယ်ကို ယုံကြည်ရန် ရွေးချယ်ခဲ့ကြ၏။
စစ်ထူအောင်းက ကုန်သည်အဖွဲ့အစည်းအရှေ့တွင် စစ်ထူမျိုးနွယ် ဖျက်ဆီးခံလိုက်ရသည်မှ လွဲ၍ စစ်ထူဘဏ်ကို မည်သည့်အခါတွင်မှ ပိတ်မည်မဟုတ်ကြောင့် နတ်ဘုရားသွေးသစ္စာဆိုခဲ့သည်ဟူသော ကောလာဟလလေးများ ပွထနေပေသည်။ ထို့ပြင် စစ်ထူမျိုးနွယ် တည်ရှိခဲ့သည်မှာ နှစ်ပေါင်း(၇၀၀,၀၀၀)ကျော် ရှိပြီဖြစ်ပြီး သူတို့သည် ရှန်းစီမျိုးနွယ်စုမှ မျိုးနွယ်ကြီးတစ်ခုဖြစ်သဖြင့် ကတိဖျက်လိမ့်မည် မဟုတ်ဟူသော ကောလာဟလများ၊ စစ်ထူမျိုးနွယ်၏ အင်အားကြီး အကြီးအကဲအိုကြီးသုံးယောက်က ကိုယ်တိုင် ကတိပေးခဲ့သည်ဟူသော ကောလာဟလများလည်း ပျံ့နှံ့နေပေသည်။
ထိုကောလာဟလများကို ဖြန့်ခိုင်းခဲ့သူမှာ ချမ်ဝမ်ကွမ်းဖြစ်ကြောင်းကို ခန့်မှန်းနေစရာပင် လိုမည် မထင်ပေ။ စစ်ထူမျိုးနွယ်၏ ကောင်းကင်ကံကြမ္မာသင်္ဘောနှင့် အခြားစီးပွားရေးဗျူဟာအားလုံးမှာ သူ၏အကြံများဖြစ်သည်။ လူများစွာသည် စစ်ထူဘဏ်တွင် ကောင်းကင်ကျောက်တုံးများနှင့် ရတနာများ အပ်နှံခြင်း၊ ပြန်လည်ထုတ်ယူခြင်းတို့ ပြုလုပ်ခဲ့ပြီး မည်သည့်ပြဿနာနှင့်မှ မကြုံရသောအခါ ရှန်းစီမျိုးနွယ်စု၏ လူများစွာက စစ်ထူဘဏ်ကို လက်ခံလာကြလေသည်။
ချမ်ဝမ်ကွမ်းသည် လအနည်းငယ်အတွင်းမှာပင် စစ်ထူကုန်သည်အဖွဲ့အစည်းကို အမြတ်အစွန်းများစွာ ရစေခဲ့သည်။ ထို့ကြောင့် သူသည် စစ်ထူမျိုနွယ်တွင် အခြေခိုင်သွားပြီဖြစ်သည်။ ရှန်းစီမျိုးနွယ်စုတစ်ခွင်လုံးတွင် ချမ်ဝမ်ကွမ်း၏အမည်က ထပ်မံ ပဲ့တင်ထပ်သွားလေသည်။
ပို၍ပင် အံ့အားသင့်ဖွယ်ကောင်းသော ကိစ္စတစ်ခုလည်း ရှိပေသေးသည်။ ချမ်ဝမ်ကွမ်းသည် တစ်လအတွင်းမှာပင် မျိုးနွယ်(၁၃)ခုမှ (၈)ခုကို အောင်အောင်မြင်မြင် စည်းရုံးနိုင်ခဲ့ပြီး ကုန်သည်အဖွဲ့အစည်းအသစ်တစ်ခု တည်ထောင်ရန် အတူတကွ ပြင်ဆင်လုပ်ဆောင်နေပေပြီ။ ဤကုန်သည်အဖွဲ့အစည်းအသစ်၏ ပစ်မှတ်မှာ အရှေ့ဘက် တော်ဝင်နယ်မြေဖြစ်သည်။
တစ်နည်းဆိုရလျှင် ချမ်ဝမ်ကွမ်းသည် ရှန်းစီမျိုးနွယ်စုတွင် အမြတ်လုံလုံလောက်လောက် မရနိုင်ဟု ခံစားခဲ့ရခြင်းပင်။ သူသည် အရှေ့ဘက် တော်ဝင်နယ်မြေမှနေ၍ အမြတ်များ လိုချင်ပေသည်။ အမြတ်အစွန်းများ ရလာလျှင် သူတို့သည် အရှေ့ဘက် တော်ဝင်နယ်မြေမှ အတုအယောင် နတ်ဘုရား အသုံးအဆောင်များကို ဝယ်ပြီး ပညာရှင်များကို ပိုများများ သိမ်းသွင်းကြမည်ဖြစ်သည်။ နောက်ပိုင်းတွင် သူတို့သည် အရှေ့ဘက် တော်ဝင်နယ်မြေရှိ ဧကရာဇ်ကိုးပါးမျိုးနွယ်စုကိုပင် ပြိုလဲသွားအောင် လုပ်ကြမည်ဖြစ်သည်။ ထိုအခါ မျိုးနွယ်(၁၃)ခုသည် အရှေ့ဘက် တော်ဝင်နယ်မြေတွင် အခြေချနိုင်ကာ ကောင်းကင်ကြယ်တာရာနယ်နမိတ်ကို သိမ်းပိုက်အုပ်စိုးနိုင်ပေလိမ့်မည်။
ထိုအကြံက အလွန်ရူးသွပ်သော အကြံတစ်ခုပင်။ သို့သော် မျိုးနွယ်(၈)ခုက ချမ်ဝမ်ကွမ်းနှင့်အတူ ရူးသွပ်ခဲ့လေသည်။
***