မိန်းမတစ်ယောက်၏ နှလုံးသားက အကောက်ကျစ်ဆုံးအရာဖြစ်သည်
Vol. 59 Ch. 818
အပြစ်သားကျွန်းက အလွန်ကြီးသော်လည်း အရှေ့ဘက် တော်ဝင်နယ်မြေနှင့် ယှဉ်လျှင် သေးလွန်းနေပေသေးသည်။ အရှေ့ဘက် တော်ဝင်နယ်မြေတွင် ဒေသ(၁၀၈)ခုရှိ၏။ အပြစ်သားကျွန်း၏ စုစုပေါင်း မြေမျက်နှာပြင်ဧရိယာသည် ဒေသတစ်ခု၏ အရွယ်အစားလောက်ပင် မရှိချေ။ ထို့ပြင် အပြစ်သားကျွန်းတစ်ခုလုံး ပေါင်းလျှင်ပင် ဧကရာဇ်ကိုးပါးမျိုးနွယ်စုထဲမှ မျိုးနွယ်တစ်ခုနှင့်ပင် ယှဉ်နိုင်မည် မဟုတ်ချေ။ နဂါးကိုးကောင် နတ်ဘုရားသုတ်သင် အစီအရင်နှင့် အဆုံးမဲ့ပင်လယ်နက်မှ မိစ္ဆာမျိုးနွယ်တို့သာ မရှိလျှင် အပြစ်သားကျွန်းသည် ယခင်ကတည်းက ပျက်သုဉ်းသွားခဲ့လောက်ပေပြီ။
ထို့ကြောင့် အပြစ်သားကျွန်းသည် ရွေးချယ်စရာမရှိဘဲ ခံစစ်ဖြင့်သာ ခုခံခဲ့ရသည်။ သူတို့သည် ပြန်တိုက်ခိုက်ရန် တစ်ခါမှပင် မတွေးခဲ့ကြပေ။ သူတို့ကြားတွင် ဆန်းကြယ်ဧကရာဇ်ကဲ့သို့ လူတစ်ယောက် ထွက်ပေါ်လာပြီး အရှေ့ဘက် တော်ဝင်နယ်မြေကို ဓားတစ်ချောင်းဖြင့် တစ်ကိုယ်တော် သိမ်းပိုက်ပစ်မှသာ သူတို့ အနိုင်ရနိုင်ပေလိမ့်မည်။ သို့သော် ထိုအရာက ဖြစ်နိုင်ပါသလော။ ကောင်းကင်ကြယ်တာရာနယ်နမိတ်၏ နှစ်သန်းချီ သက်တမ်းအတွင်း ဆန်းကြယ်ဧကရာဇ်တစ်ပါးသာ ပေါ်ပေါက်ခဲ့ဖူးပေသည်။
အပြစ်သားကျွန်းမှ မျိုးနွယ်(၁၃)ခုသည် ပြန်တိုက်ခိုက်ရန် တစ်ခါမှပင် မတွေးခဲ့ကြဘဲ မည်သို့ ခုခံရမည်၊ နဂါးကိုးကောင်း နတ်ဘုရားသုတ်သင်အစီအရင်ကို မည်သို့ တိုးမြှင့်ရမည်၊ အဆုံးမဲ့ပင်လယ်နက်မှ မိစ္ဆာမျိုးနွယ်နှင့် ဆက်ဆံရေးကို မည်သို့ခိုင်မာအောင်လုပ်ရမည်တို့ကိုသာ တွေးခဲ့ကြသည်။
အပြစ်သားကျွန်းတွင် ပုန်းအောင်းနေသော အရှေ့ဘက် တော်ဝင်နယ်မြေမှ သူလျှိုများ ရှိပေသည်။ မျိုးနွယ်(၁၃)ခုက ထိုအကြောင်းကို ကောင်းစွာသိ၏။ အရှေ့ဘက် တော်ဝင်နယ်မြေက အပြစ်သားကျွန်းကို ဖျက်ဆီးနိုင်မည့် နည်းလမ်းကို အမြဲစဉ်းစားနေကြောင်းကိုလည်း သူတို့ သိပေသည်။ အဘယ်ကြောင့်ဆိုသော် အပြစ်သားကျွန်း တစ်ရက်ပိုတည်ရှိနေလျှင် ဧကရာဇ်ကိုးပါးမျိုးနွယ်စုက တစ်ရက်ပိုအရှက်ကွဲရ၍ ဖြစ်သည်။
မျိုးနွယ်(၁၃)ခုကလည်း အရှေ့ဘက် တော်ဝင်နယ်မြေသို့ သူလျှိုများ ပို့ထားခဲ့သည်။ သို့သော် ထိုသူလျှိုများသည် အရှေ့ဘက် တော်ဝင်နယ်မြေရှိ ထင်ရှားသော သတင်းအချက်အလက်များကိုသာ ထောက်လှမ်းနိုင်ကြသည်။ သို့သော် သူတို့ ရသ၍ ထောက်လှမ်းရမည်သာ။ မဟုတ်လျှင် သူတို့သည် ဘာဖြစ်သွားကြောင်းပင် မသိလိုက်ဘဲ သေဆုံးသွားနိုင်ပေသည်။ သူတို့သည် ဆန်းကြယ်နတ်ဘုရားတောင်ပေါ်တွင် ဆန်းကြယ်နတ်ဘုရားနန်းတော် ထွက်ပေါ်လာကြောင်း၊ ကျန်းရီက ဧကရာဇ်ကိုးပါးမျိုးနွယ်စုကို မည်သို့ အရှက်ရစေခဲ့ကြောင်း၊ ဧကရာဇ်ကိုးပါးမျိုးနွယ်စုတွင် လူငယ်မျိုးဆက် ပညာရှင်များ ရှိကြောင်း စသည့် သတင်းအချက်အလက်များကို သိပေသည်။ ထိုသတင်းအချက်အလက်များမှာ ရရှိရန် လွယ်ကူသော သတင်းအချက်အလက်များ ဖြစ်သည်။
ထိုသူလျှိုများအပေါ်မှီခို၍ ဧကရာဇ်ကိုးပါးမျိုးနွယ်စုကို ပြိုလဲအောင်လုပ်လိုလျှင် အိပ်မက်မက်နေခြင်းသာ ဖြစ်ပေလိမ့်မည်။ အသေးစိတ် သတင်းအချက်အလက်များကို ထောက်လှမ်းနိုင်ရန်မှ အလွန်ခက်ပေသည်။ အရှေ့ဘက် တော်ဝင်နယ်မြေက အလွန်ကြီးလွန်းပြီး ဧကရာဇ်ကိုးပါးမျိုးနွယ်စုကလည်း ကြီးမားသောမျိုးနွယ်စုကြီးတစ်စုဖြစ်သည်။ သူတို့၏ လူအရေအတွက်သည် ထိုမျိုးနွယ်များအတွက် သွားကြားပင်ညပ်မည် မဟုတ်ပေ။
ထို့ကြောင့် ချမ်ဝမ်ကွမ်း၏ အကြံက မျိုးနွယ်(၁၃)ခုကို အလွန်အံ့အားသင့်သွားစေခဲ့ခြင်းပင်။ စစ်ထူမျိုးနွယ်မှလွဲ၍ ကျန်မျိုးနွယ်များသည် ထိုအကြံကို မယုံကြည်ခဲ့ပေ။ သို့သော် သူတို့သည် စစ်ထူမျိုးနွယ်နှင့်အတူ အကျိုးအမြတ်အချို့ ရလိုကြ၏။
ချမ်ဝမ်ကွမ်း ပြောခဲ့သလိုပင် သူတို့သာ အရှေ့ဘက် တော်ဝင်နယ်မြေတွင် အမြတ်ငွေများ ရခဲ့လျှင် ဧကရာဇ်ကိုးပါးမျိုးနွယ်စုမှလည်း အမြတ်ငွေများ ရလာနိုင်သည်။ သူတို့ အရှေ့ဘက် တော်ဝင်နယ်မြေမှနေ၍ ဆေးလုံးများ၊ ရတနာများနှင့် အသုံးအဆောင်များ ပိုမို ဝယ်ယူလာနိုင်လောက်သည်။ သို့ဆိုလျှင် မျိုးနွယ်(၁၃)ခုက ပို၍အင်အားကြီးလာနိုင်ပေသည်။ ထို့ကြောင့် ထိုအကြံကို ဆန့်ကျင်ရန် ဘာအကြောင်းရှိပါသနည်း။
လဲ့မျိုးနွယ်၊ နန်ကုန်းမျိုးနွယ်၊ လုမျိုးနွယ်နှင့် အခြားမျိုးနွယ်နှစ်ခုက ထိုအကြံကို ပြင်းပြင်းထန်ထန့် ကန့်ကွက်သည်။ စစ်ထူမျိုးနွယ်က မဖြစ်နိုင်သည်ကို လုပ်ရန် ကြိုးစားနေခြင်းဟု သူတို့ ခံစားရပေသည်။ အဆုံးမဲ့ပင်လယ်နက်နှင့် အပြစ်သားကျွန်းမှ ရတနာများကို အရှေ့ဘက် တော်ဝင်နယ်မြေသို့ ပို့ဆောင်ခြင်းသည် ရန်သူများကို အကျိုးအမြတ်ရအောင် လုပ်နေခြင်း မဟုတ်လော။
မျိုးနွယ်(၁၃)ခုသာ အရှေ့ဘက် တော်ဝင်နယ်မြေနှင့် ရေရှည်ကုန်သွယ်မည်ဆိုလျှင် သူလျှိုများက အပြစ်သားကျွန်းသို့ ပို၍အလွယ်တကူ ဝင်လာနိုင်မည် မဟုတ်လော။ ထိုသို့ဖြစ်လာလျှင် သူတို့က ရန်သူနယ်မြေအတွင်းသို့ မဝင်နိုင်သေးခင်မှာပင် ဧကရာဇ်ကိုးပါးမျိုးနွယ်စုက သူတို့၏နယ်မြေအတွင်းသို့ ဝင်လာပေလိမ့်မည်။ လဲ့မျိုးနွယ်သည် ကျန်းရီနှင့် ချမ်ဝမ်ကွမ်းတို့က အရှေ့ဘက် တော်ဝင်နယ်မြေက စေလွှတ်လိုက်သော သူလျှိုများ ဖြစ်နေမလားဟူ၍ပင် လျှို့ဝှက်စုံစမ်းခဲ့သေးသည်။
သို့သော် မျိုးနွယ်များသည် ထိုစွပ်စွဲမှုကို မယုံကြပေ။ ကျန်းရီနှင့် ဧကရာဇ်ကိုးပါးမျိုးနွယ်စုအကြားတွင် နက်ရှိုင်းသော ရန်ငြိုးတစ်ခု ရှိနေသည် မဟုတ်ပါလော။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုက ကျန်းရီကို ရှန်းစီမြို့ထဲတွင် လုပ်ကြံရန်အတွက် လူများပင် စေလွှတ်ခဲ့သေးသည်။ လဲ့မျိုးနွယ်အကြီးအကဲသာ ဝင်မကယ်ပေးခဲ့လျှင် ကျန်းရီ သေပြီးလောက်နေပေပြီ။
ထို့ပြင် ချမ်ဝမ်ကွမ်းသည် အပြစ်သားကျွန်း၏ မိုးကြိုးကျောက်တုံးများကဲ့သို့ အရေးပါသော ပစ္စည်းများနှင့် အဆုံးမဲ့ပင်လယ်နက်၏ ထူးဆန်းသောရတနာများကို အရှေ့ဘက် တော်ဝင်နယ်မြေကို ရောင်းမည် မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောခဲ့သည်။ ထို့ပြင် သူသည် မျိုးနွယ်(၈)ခုမှ မျိုးနွယ်ဝင်များပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့တစ်ဖွဲ့ကိုပင် ဖွဲ့စည်းခဲ့သည်။ ကြီးကြပ်ရေးအဖွဲ့မှ အဖွဲ့ဝင်များက နှစ်စဉ် ပြောင်းလဲမည်ဖြစ်သည်။ ထိုအဖွဲ့တွင် ပါဝင်ရမည့်သူများကို မျိုးနွယ်(၈)ခုက ရွေးချယ်ဆုံးဖြတ်နိုင်၏။ ထို့ကြောင့် လဲ့မျိုးနွယ်၊ နန်ကုန်းမျိုးနွယ်၊ လုမျိုးနွယ်နှင့် အခြားမျိုးနွယ်နှစ်ခုတို့သည် ဝေဖန်၍ မရတော့ပေ။ သို့ဖြင့် နဂါးပျံကုန်သည်အဖွဲ့အစည်းကို တရားဝင် တည်ထောင်လိုက်နိုင်လေသည်။
နဂါးပျံကုန်သည်အဖွဲ့အစည်းကို တည်ထောင်ပြီးသောအခါ စစ်ထူအောင်းသည် လဝက်ခန့် မအိပ်နိုင်ခဲ့ပေ။
ဤကုန်သည်အဖွဲ့အစည်းသည် သာမန်ကုန်သည်အဖွဲ့အစည်းတစ်ခုမဟုတ်ပေ။ ယင်းက ပိုက်ဆံရှာရန် တစ်ခုတည်းအတွက်လည်း မဟုတ်ပေ။ ထိုအဖွဲ့အစည်းက မဟာမိတ်တစ်ခုဖြစ်သည်။ ဤကုန်သည်အဖွဲ့အစည်းသည် စစ်ထူမျိုးနွယ်ကို ခေါင်းဆောင်တင်၍ မျိုးနွယ်(၈)ခု ပူးပေါင်းထားသော အဖွဲ့အစည်းပင်။ အကယ်၍ ဤကုန်သည်အဖွဲ့အစည်းကသာ အကျိုးအမြတ်များ မပြတ်ရခဲ့လျှင် မျိုးနွယ်(၈)ခုသည် ပို၍ ပို၍ အင်အားကြီးလာမည်ဖြစ်သည်။ ကျန်မျိုးနွယ်(၇)ခုက စစ်ထူမျိုးနွယ်နှင့် စုစုစည်းစည်း နေရမည်ဖြစ်သည်။ လဲ့မျိုးနွယ်က မည်မျှ အင်အားကြီးပါစေ အဓိကမျိုးနွယ်(၈)ခုနှင့် မယှဉ်နိုင်ပေ။
ချမ်ဝမ်ကွမ်းသည် ငါးနှစ်အတွင်း စစ်ထူမျိုးနွယ်ကို နံပါတ်(၁)မျိုးနွယ် ဖြစ်လာအောင် လုပ်ပေးမည်ဟု ပြောခဲ့ဖူး၏။ ယင်းက အပြောသက်သက်သာ မဟုတ်ပေ။
အရေးအကြီးဆုံးအချက်မှာ ချမ်ဝမ်းကွမ်းက ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေခြင်းဖြစ်သဖြင့် မည်သူကမှ မဝေဖန်နိုင်ဖြစ်နေခြင်းပင်။ လဲ့မျိုးနွယ်က မကျေနပ်လျှင်လည်း ဘာမှ လုပ်နိုင်မည် မဟုတ်ပေ။ လဲ့မျိုးနွယ်သည် မျိုးနွယ်(၈)ခုနှင့် ယှဉ်ဝံ့ပါမည်လော။ လဲ့မျိုးနွယ်အကြီးအကဲက အမှန်ပင် အနိုင်ယူ၍မရနိုင်သူတစ်ယောက် ဟုတ်ပါသလော။
စီးပွားရေးလောကသည် စစ်မြေပြင်တစ်ခုကဲ့သို့ပင်။ ချမ်ဝမ်ကွမ်းသည် လျှို့ဝှက်နည်းရော ပေါ်တင်နည်းပါ အသုံးပြုနိုင်ပေသည်။ သူက အဆင်ပြေသည့် နည်းလမ်းများကို အသုံးပြု၍ အောင်မြင်အောင် လုပ်မည်ဖြစ်သည်။ လက်ရှိတွင် ချမ်ဝမ်ကွမ်းသည် စွမ်းဆောင်ရည်ကောင်းသူတစ်ယောက်အဖြစ် အသိအမှတ်ပြုခံလာရပြီဖြစ်၍ မည်သူမှ သူ့ကို လျှော့မတွက်ဝံ့တော့ပေ။ သူသည် မျိုးနွယ်(၈)ခုလုံး၏ ဂုဏ်သရေရှိဧည့်သည်တော်တစ်ယောက် ဖြစ်လာပေပြီ။ သူ၏အဆင့်အတန်းက ကျန်းရီထက်ပင် မြင့်လာပြီဖြစ်သည်။ ထို့ကြောင့် သူ ငိုရမလို၊ ရယ်ရမလို ဖြစ်နေသည်။ ကြီးကြပ်ရေးအဖွဲ့၏ အဖွဲ့ဝင်များထဲတွင် မျိုးနွယ်(၄)ခုမှ အလှပဆုံး သခင်မလေးများပါ၏။ သူမတို့သည် တစ်နေကုန် ချမ်ဝမ်ကွမ်းကို ကပ်နေကြသည်။ သူမတို့သည် ချမ်ဝမ်ကွမ်းကို ကူညီနေခြင်းဟု ဆိုသော်လည်း သူမတို့၏ ရည်ရွယ်ချက်အစစ်အမှန်ကို လူတိုင်းသိပေသည်။
***
“ချမ်ဝမ်ကွမ်းကလား။ အဲ့ဖက်တီးပုတ်က ဒီလောက် စွမ်းဆောင်နိုင်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ ဒီတစ်ခါတော့ ငါ လူအကဲခတ် မှားသွားပြီပဲ။ အဲ့ကောင်က တကယ်ကို ပါရမီပါတယ်”
မြောက်ဘက်ဧကရာဇ်မြို့၏ ဝူရဲတိုက်ရှိ အပြစ်သားခန်းမထဲတွင် ကျီထင်ယွီသည် နောက်ဆုံးရ သတင်းအချက်အလက်များကို ဖတ်ရှုနေ၏။ သူမ၏ နှစ်လိုဖွယ်မျက်နှာလေးတွင် ချီးကျူးသည့်အရိပ်အယောင်ဖြင့် ပြည့်နှက်နေပေသည်။ သူမသည် ထိုဖက်တီးအပေါ် အမြင်အချို့ ရှိခဲ့၏။ ထိုဖက်တီးက ချမ်မျိုးနွယ်၏ မျိုးနွယ်ခေါင်းဆောင်ငယ်တစ်ယောက် ဖြစ်ပြီး ကျန်းရီ၏ သစ္စာအရှိဆုံး ညီငယ်လေးဖြစ်သည်။
သတင်းစုံစမ်းရန် ဝူမျိုးနွယ်ဝင်များစွာကို စေလွှတ်လိုက်သော်လည်း သူတို့ ပြန်ပို့လိုက်သော သတင်းအချက်အလက်များမှာ အကြမ်းဖျင်းမျှသာဖြစ်သည်။ နဂါးပျံကုန်သည်အဖွဲ့အစည်းနှင့် ပတ်သတ်သော သတင်းအချက်အလက်များကို မသိရသေးပေ။ ချမ်ဝမ်ကွမ်းက လက်ရှိတွင် အလွန်ကျော်ကြားနေပြီး စစ်ထူမျိုးနွယ်ကို ကောင်းကင်ကျောက်တုံးများစွာ ရရှိအောင် ကူညီပေးနေကြောင်းကိုသာ သူမ သိရသည်။ ယခုတွင် ချမ်ဝမ်ကွမ်း၏ အဆင့်အတန်းက အလွန်မြင့်နေပြီဖြစ်သည်။
ဝူနီသည် သီးခြားနေနေခဲ့ပြီး စားသောက်ပွဲ ဖိတ်ကြားမှုများအားလုံးကို ငြင်းပယ်ခဲ့၏။ သူသည် ကျင့်ကြံခြင်း သို့မဟုတ် အပြစ်သားခန်းမရှိ သတင်းအချက်အလက်များကို ဖတ်ရှုခြင်းတို့ဖြင့်သာ အချိန်ကုန်ဆုံးခဲ့သည်။ ယင်းက ကျီထင်ယွီ၏ အကြံပင်။ ကျရှုံးသွားသည့်နေရာမှ ပြန်တက်ရပေမည်။ သူ ပြန်တက်နိုင်၊ မတက်နိုင်က အရေးမပါပေ။ ကြိုးစားနေကြောင်းကိုမူ ပြသရမည်ဖြစ်သည်။ သူသည် ပြီးခဲ့သော ရက်များတွင် အပြစ်သားခန်းမ၌ ဒူးထောက်နေခဲ့သည်။ ယင်းက အကြီးအကဲခန်းမ၏ မကျေနပ်မှုကို အောက်ဆုံးအထိ လျော့ကျသွားစေခဲ့သည်။
ဝူနီသည် ကျီထင်ယွီ၏ အံ့အားသင့်သောအသံကို ကြားလိုက်သောအခါ မျက်မှောင်ကြုတ်၍ ပြောလိုက်၏။
“ကျီထင်ယွီ မင်းက ရယ်နိုင်သေးတယ်ပေါ့လေ။ ချမ်ဝမ်ကွမ်းက ပိုကောင်းကောင်း လုပ်နိုင်လာလေလေ၊ ကျန်းရီက ပိုလုံခြုံလာလေလေပဲ။ အဲ့ဒါဆို ငါတို့ သူ့ကို သတ်နိုင်ဖို့ ပိုခက်သွားလိမ့်မယ်...”
ကျီထင်ယွီက ခပ်ဖွဖွ ရယ်လိုက်ပြီး ခေါင်းခါလိုက်၏။
“သခင်လေးနီ... ကျွန်မတို့က ရန်သူကို မျှမျှတတ ရင်ဆိုင်ရမှာ။ ရန်သူကို လေးတောင်လေးစားရဦးမယ်။ ချမ်ဝမ်ကွမ်းက တကယ့်ကို ပါရမီရှင်တစ်ယောက်ပဲ... အဲ့ဒါကို ကျွန်မတို့ ဝန်ခံသင့်တယ်။ ကျွန်မတို့သာ ရန်သူကို မှန်မှန်ကန်ကန် မကြည့်နိုင်ဘူးဆိုရင် ဘယ်လိုလုပ် မှန်မှန်ကန်ကန် သုံးသပ်နိုင်မှာလဲ။ ရန်သူရဲ့ ပြစ်ချက်၊ အားနည်းချက်ကို ဘယ်လို ရှာနိုင်မှာလဲ။ ရန်သူရဲ့ အားနည်းချက်ကို တွေ့မှ တစ်ချက်တည်းနဲ့ အလဲထိုးနိုင်မှာပေါ့”
ဝူနီက အလေးအနက် နားထောင်ခဲ့၏။ သူ့တွင် ထိုကောင်းကွက်တစ်ခု ရှိသည်ကိုတော့ ဝန်ခံရပေမည်။ ကျီထင်ယွီ၏ စကားဆုံးသွားသောအခါ သူက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“မင်း ပြောတာမှန်ပါတယ်။ ငါက အမုန်းတရားကြောင့် အမြင်ကွယ်နေခဲ့တာပဲ။ ငါတို့ တကယ်ပဲ ရန်သူကို မှန်မှန်ကန်ကန် ကြည့်ရမယ်”
“သခင်လေးနီက လမ်းမှန်အတိုင်း တိုးတက်လာပြီပဲ။ ရှင့်ရဲ့အဖေ မြောက်ဘက်ဘုရင်သာ အစောက စကားကို ကြားလိုက်ရင် တော်တော်ပျော်သွားမှာပဲ”
ကျီထင်ယွီက ထရပ်ကာ ပြုံးလိုက်သည်။
“တကယ်တော့ ကျွန်မတို့အတွက် ချမ်ဝမ်ကွမ်းနဲ့ ကျန်းရီကို သတ်ဖို့က လွယ်ပါတယ်။ ချမ်ဝမ်ကွမ်းက ပိုကောင်းကောင်းလုပ်နိုင်လေလေ သူနဲ့ကျန်းရီတို့ ပိုအန္တရာယ်များလာလေလေပဲ။ အဲ့ဒါကြောင့်... ကျွန်မ သူတို့ကို အလွယ်လေးသတ်ဖို့ ကောက်ကျစ်တဲ့နည်းလမ်းတွေ သုံးနိုင်တယ်”
ဝူနီသည် မျက်လုံးအရောင်လက်သွားပြီး မေးလိုက်သည်။
“ဘာကောက်ကျစ်တဲ့နည်းလမ်းတွေလဲ”
ကျီထင်ယွီက အနောက်ဘက်ကိုကြည့်ကာ ပြောလိုက်သည်။
“ချမ်ဝမ်ကွမ်းရဲ့ အဖေနဲ့ မျိုးနွယ်တူတွေက ကောင်းကင်ကြယ်တာရာနယ်မြေမှာရှိတယ်။ ကျွန်မတို့ သူတို့ကို ဖမ်းပြီး ချမ်ဝမ်ကွမ်းကို ကျန်းရီကို သစ္စာဖောက်အောင် ဖိအားပေးနိုင်တယ်။ ချမ်ဝမ်ကွမ်းသာ သစ္စာဖောက်လိုက်ရင် စစ်ထူမျိုးနွယ်က သူတို့ကို သတ်ပစ်မှာပဲ။ အင်း... အဲ့ဒါက အရံအစီအစဉ်ပါ”
“မရလောက်ဘူး...”
ဝူနီက ပြတ်ပြတ်သားသား လက်ခါ၍ ပြောလိုက်သည်။
“အပြစ်က မိသားစုဝင်တွေမှာရှိတာ မဟုတ်ဘူး။ အဲ့ဒါက ဧကရာဇ်ကိုးပါးမျိုးနွယ်စုရဲ့ မျိုးနွယ်စည်းမျဉ်းတွေပဲ။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုက တိုက်ခိုက်ရမယ်ဆိုရင် ဂုဏ်သိက္ခာရှိရှိပဲ တိုက်ခိုက်တယ်။ မဟုတ်လို့ အဲ့သတင်းသာ ပျံ့နှံ့သွားရင် ငါတို့ဝူမျိုးနွယ်က လူအားလုံးရဲ့ ရန်သူတွေ ဖြစ်သွားမှာပဲ”
ကျီထင်ယွီက ခေါင်းညိတ်ကာ နူးနူးညံ့ညံ့ ပြောလိုက်သည်။
“အဲ့ဒါကြောင့် အဲ့ဒါက အရံအစီအစဉ်လို့ ကျွန်မ ပြောတာပေါ့။ ဒါပေမဲ့ အဲ့ဒါက အကောင်းဆုံး အစီအစဉ်ပဲ။ သခင်လေးက သဘောမတူမှတော့ ကျွန်မတို့ သင့်တော်တဲ့အစီအစဉ်ကိုပဲ သုံးကြတာပေါ့။ ဒါပေမဲ့ အဲ့ဒါက အချိန်နည်းနည်းတော့ လိုလိမ့်မယ်”
“အချိန်က ပြဿနာမဟုတ်ပါဘူး။ ငါ ဒီတိုက်ပွဲကို မှန်ကန်တဲ့နည်းလမ်းနဲ့ နိုင်ဖို့လိုတာ”
ဝူနီက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“မကြာသေးခင်တုန်းက ငါက အောင်မြင်မှုကိုပဲ သည်းကြီးမည်းကြီး လိုချင်နေခဲ့တယ်ဆိုတာ သဘောပေါက်သွားခဲ့တယ်။ ငါ့ရဲ့ စိတ်က လုံလောက်အောင် မတည်ငြိမ်သေးဘူး။ ငါ အချိန်တစ်ခုလောက် အခန်းအောင်းပြီး စိတ်နှစ် ကျင့်ကြံဖို့ ပြင်ဆင်ထားတယ်။ အပြစ်သားခန်းမက ကိစ္စတွေကို မင်းကိုပဲ အပြည့်အဝ လွှဲပေးထားလိုက်မယ်”
“ကောင်းတယ်”
ကျီထင်ယွီက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“သခင်လေးနီက တကယ်ကို မြန်မြန်တိုးတက်လာတာပဲ။ အချိန်ကျလာရင် ရှင်က မျိုးဆက်သစ် မြောက်ဘက်ဧကရာဇ်ဖြစ်လာလိမ့်မယ်လို့ ကျွန်မ ပြောရဲတယ်။ ရှင် စိတ်မပူပါနဲ့။ နှစ်နှစ်အတွင်းမှာ ကျွန်မ အပြစ်သားကျွန်းကို ပြောင်းပြန်လှန်ပစ်မှာပါ။ ကျန်းရီနဲ့ ချမ်ဝမ်ကွမ်းတို့လည်း သေချာပေါက် သေရမှာပါ... သူတို့အတွက် မြှုပ်စရာနေရာတောင် မရှိစေရဘူး”
ဝူနီသည် ကျီထင်ယွီ၏ မျက်လုံးများကို ကြည့်မိသောအခါ ကျောစိမ့်သွား၏။ သူ ဆိုရိုးတစ်ခုကို ရုတ်တရက် အမှတ်ရသွားသည်။ မိန်းမတစ်ယောက်၏ နှလုံးသားက အကောက်ကျစ်ဆုံးအရာဖြစ်သည်။
***