ခိုးပြေးခြင်း
Vol. 59 Ch. 819
ငါးလဆိုသော အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားသည်။
ရှန်းစီကျွန်းက မယုံနိုင်လောက်အောင် စည်းကားလာပြီး စစ်ထူမျိုးနွယ်ကလည်း အမြတ်အစွန်းများစွာ ရရှိခဲ့ကာ ပညာရှင်များစွာကို ဆွဲဆောင်နိုင်ခဲ့လေသည်။ ရှန်းစီမျိုးနွယ်စုမှ သာမန်သိုင်းသမားများ ရှန်းစီကျွန်းအကြောင်း ပြောသောအခါ စစ်ထူမျိုးနွယ်အကြောင်းကိုသာ ပြောကြပြီး လဲ့မျိုးနွယ်ကို လုံးဝလျစ်လျူရှုလာကြသည်အထိ သူတို့၏ ဩဇာက တိုးမြင့်လာခဲ့သည်။
နဂါးပျံကုန်သည်အဖွဲ့အစည်းကလည်း စတင် လျှို့ဝှက်လုပ်ဆောင်နေပြီဖြစ်သည်။ မျိုးနွယ်(၈)ခုသည် အောင်မြင်ခဲ့သော ကုန်သွယ်မှုအနည်းငယ်မှနေ၍ အကျိုးအမြတ်များစွာ ရရှိခဲ့၏။ ချမ်ဝမ်ကွမ်းသည်လည်း ပိုကျော်ကြားလာပြီး ဩဇာအာဏာ ကြီးမာလာလေသည်။ စစ်ထူအောင်းသည် သူတို့မျိုးနွယ်၏ ကြီးကြပ်ရေးအဖွဲ့ဝင်ကို စစ်ထူရီနျန်အဖြစ် မသိမသာ ပြောင်းလဲခဲ့သည်။ ယင်းလုပ်ရန်၏ နောက်ကွယ်မှ အဓိပ္ပာယ်က ရှင်းပေသည်။ သူက မင်္ဂလာကိစ္စကို သဘောတူလိုက်ပေပြီ။ စစ်ထူရီနျန်၏ နှလုံးသားကို ရနိုင်၊ မရနိုင်မှာမူ ချမ်ဝမ်ကွမ်း၏ စွမ်းရည်များအပေါ်တွင်သာ မူတည်ပေသည်။
ကျန်းရဲတိုက်အတွင်း၌လည်း အလွန်အေးချမ်းနေခဲ့သည်။
ဟွမ်ဖူထောင်ထျန်း၊ ကျန်းရှောင်နူနှင့် ကျန့်ဝူရွှမ်းတို့က အခန်းအောင်း ကျင့်ကြံနေကြသည်။ ယွင်ဖေးသည်လည်း ဖုန်းလန်နှင့် ချင်းယွီတို့ကို အဖော်ပြုပေးသည့်အချိန်မှလွဲ၍ ကျန်အချိန်များတွင် အကာအရံများကို လေ့လာနေခဲ့သည်။ သူမသည် စုန်းနတ်ဘုရား၏ အကာအရံတစ်ဝက်ကို လေ့လာပြီးပေပြီ။ ထို့ပြင် သူမသည် ကိုယ်ပိုင် အကာအရံကို ဖန်တီးနိုင်တော့မည်ဖြစ်သည်။ စစ်ထူရီရှောင်၏ ပြောပြချက်အရ ယွင်ဖေး၏ အကာအရံအဆင့်အတန့်သည် ဆရာအဆင့်သို့ပင် ရောက်နေပြီဖြစ်ကြောင်း သိရပေသည်။ တစ်ဆင့်ထပ်တက်နိုင်လိုက်လျှင် သူမသည် အမြင့်ဆုံးအဆင့် ဖြစ်သည့် ဆရာသခင်အဆင့်ကို ရောက်သွားတော့မည် ဖြစ်သည်။
မြေခွေးလေးက နိုးထမလာသေးပေ။ ယာ့ဇီသားရဲကလည်း တစ်နေကုန် အိပ်နေသည်က များပေသည်။ ကျန်းရီကမူ ကျင့်ကြံခြင်းအပြင် ပန်းချီပညာကိုလည်း လေ့လာခဲ့သည်။ သူ၏ နားလည်နိုင်စွမ်းက အတော်လေးကောင်း၏။ ထို့ကြောင့် သူ၏ ပန်းချီစွမ်းရည်သည် ဖုန်းလန်နှင့်ပင် ယှဉ်နိုင်လာပြီဖြစ်သည်။ ယင်းကြောင့် ဖုန်းလန်က အတော်လေး ရှက်သွားခဲ့၏။ သို့သော် သူမသည် ကျန်းရီကို ပို၍ပင် မြတ်နိုးလာသည်။ ကျန်းရီသည် အချိန်တိုအတွင်းမှာပင် သူမကဲ့သို့ ဆယ်နှစ်ကျော် လေ့ကျင့်ခဲ့သူကို မီလာခဲ့ပေသည်။
ကျန်းရီသည် အဆတစ်ထောင်ပိုမြန်သော ကျင့်ကြံနှုန်းဖြင့် အတွင်းအား ကျင့်ကြံခဲ့၏။ သူ၏ပဉ္စမမြောက် ကြယ်စက်လုံးက ပြောင်းလဲတော့ပေမည်။ သို့သော် သူ၏ တာအိုပုံသဏ္ဌာန်များက တိုးတက်မလာသေးသဖြင့် သူ စိတ်ပျက်နေသည်။ သူ၏ ကောင်းကင်ဖျက်မီးကမူ သိသိသာသာ တိုးတက်လာသည်။ လက်ရှိတွင် သူသည် ကောင်းကင်ကိုးဘုံ နဂါးမီးတောက်များကို စုစည်းနိုင်လာပြီဖြစ်သည်။ နောက်တစ်ဆင့်မှာ ကောင်းကင်ကိုးဘုံ ကောင်းကင်မီးတောက်များကို စုစည်းရန်ဖြစ်သည်။ ကောင်းကင်ကိုးဘုံ ကောင်းကင်မီးတောက်က မိုးကြိုးမီးကို ယှဉ်နိုင်မည်၊ မယှဉ်နိုင်မည်ကို သူ မသိပေ။ သို့သော် မီးတောက်ပုံစံက အလွန်ကွဲပြားလိမ့်မည်ကိုမူ သူသိပေသည်။ သူသည် ဤမှော်အတတ်ကြောင့် မီးဓာတ် တာအိုပုံသဏ္ဌာန်နောက်တစ်ခုဖြစ်သည့် ပေါက်ကွဲမီးတောက်ကို သိမြင်နားလည်သွားခဲ့၏။ သို့ရာတွင် ၎င်းက အဆင့်နိမ့် တာအိုပုံသဏ္ဌာန်တစ်ခုသာ ဖြစ်သည်။
ကျန်းရီသည် မီးတိမ်သံချပ်ကာနှင့် ဝိညာဉ်မချိတ်ဆက်နိုင်သေးပေ။ ထို့ပြင် အမိကမ္ဘာမြေသံချပ်ကာနှင့် မူလသံလက်နက်တို့နှင့်လည်း ဝိညာဉ်ချိတ်ဆက်၍ မရသေးချေ။ သူ ယင်းတို့နှင့် ဝိညာဉ်မချိတ်ဆက်နိုင်သဖြင့် ယင်းတို့က သာမန် အတုအယောင် နတ်ဘုရား အသုံးအဆောင်များသာ ဖြစ်နိုင်သည်။ လဲ့ချီရန်သည် ၎င်းတို့က ဝိညာဉ်ချိတ်ဆက် မူလရတနာများဖြစ်သည်ဟု လျှောက်ပြောခြင်းသာဖြစ်နိုင်သည်။ သူ သူ၏မီးနဂါးဓားကို အသုံးပြုသည်က ပိုကောင်းပေလိမ့်မည်။
ကျန်းရီသည် မီးဝိညာဉ်ပုလဲလုံးကို ထုတ်၍ စစ်ထူရီရှောင်အား မီးနဂါးဓားကို အဆင့်ဖြတ်ခိုင်းကာ ပြန်ပြင်ခိုင်းထား၏။ မီးနဂါးဓားအတွင်းမှ အကာအရံတစ်ဝက်ကျော်က ဆိုးဆိုးဝါးဝါး ထိခိုက်နေပြီဖြစ်သည်။ သူသာ ၎င်းတို့ကို ပြန်ပြင်နိုင်လျှင် မီးနဂါးဓားသည် သေချာပေါက် အဖိုးမဖြတ်နိုင်သော ရတနာတစ်ခု ဖြစ်လာပေလိမ့်မည်။
သို့သော် စိတ်မကောင်းစရာပေ။
စစ်ထူမျိုးနွယ်၏ ပစ္စည်းပြုလုပ် ဆရာက မီးနဂါးဓား၏ အဆင့်ကို အကဲမဖြတ်နိုင်ခဲ့ပေ။ သူသည် ၎င်းက အနည်းဆုံး သာလွန် သူတော်စင် အသုံးအဆောင်အဆင့် ရှိလိမ့်မည်ဟုသာ ဆုံးဖြတ်နိုင်ခဲ့ပြီး ဓားအတွင်းမှ အကာအရံများကို ပြန်မပြင်နိုင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် မည်သည့် ပစ္စည်းပြုလုပ် ဆရာကမှ ၎င်းတို့ကို ယခင်က မမြင်ဖူးသောကြောင့်ပင်။
ဟွမ်ဖူမျိုးနွယ်တွင် ပစ္စည်းပြုလုပ် ဆရာသခင်တစ်ယောက် ရှိ၏။ ကံဆိုးသည်မှာ ဟွမ်ဖူထောင်ထျန်းနှင့် ဟွမ်ဖူမျိုးနွယ်က ရေနှင့်မီးလို ဖြစ်နေခြင်းပင်။ ထို့ကြောင့် ကျန်းရီ ထိုအကြောင်းကို မေ့ထားလိုက်ရသည်။ အကာအရံများကို ပြန်မပြင်နိုင်လျှင် မီးနဂါးဓား၏ တိုက်ခိုက်စွမ်းအားက အနည်းငယ် လျော့ကျသွားနိုင်၏။ သို့သော် မီးဝိညာဉ်ပုလဲက မီးနဂါးဓားဖြင့် ပေါင်းစည်းနိုင်ပေသည်။ မီးဝိညာဉ်ပုလဲထဲရှိ မီးဝိညာဉ်ကျောက်တုံးနှင့် ပုလဲ၏ ပြိုင်ဘက်ကင်း မီးပယ်စွမ်းရည်တို့က မီးနဂါးဓားသည် မည်မျှ ထူးကဲကြောင်း ကျန်းရီကို သိစေပေသည်။ ၎င်းက သေချာပေါက် သာမန် သာလွန် သူတော်စင် အသုံးအဆောင်တစ်ခု မဟုတ်ပေ။
“နှစ်ဝက်ကျော်တောင် ကုန်သွားပြီ... ငါ့ရဲ့ တာအိုပုံသဏ္ဌာန်တွေကို မပေါင်းစည်းနိုင်သေးဘူး။ ငါ အပြင်ကို လမ်းထွက်လျှောက်ရင် ကောင်းမလား။ ငါ ဆက်ပြီး ကျင့်ကြံနေလည်း တာအိုပုံသဏ္ဌာန်တွေကို ပေါင်းစည်းနိုင်လောက်မှာ မဟုတ်ဘူး”
ကျန်းရီသည် ဖျတ်ခနဲ ဧကရာဇ်နန်းတော်အပြင်သို့ ထွက်လိုက်၏။ သူသည် ခြံဝန်းထဲတွင် ဖူးပွင့်နေသော ပန်းပွင့်များကို မျက်ခုံးတွန့်၍ ကြည့်လိုက်သည်။ အချိန်ကုန်လာလေလေ၊ သူ ပို၍ စိုးရိမ်လာလေလေပင်။ သူသည် ဤနေရာတွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့သည်ဟု ခံစားနေရ၏။
ရှပ်...ရှပ်...ရှပ်...
ထိုအခိုက်တွင် အပြင်ဘက်မှ ခပ်သွက်သွက်ခြေသံများကို ကြားလိုက်ရ၏။ ကျန်းရီ ခေါင်းမော့ကြည့်လိုက်ရာ ချမ်ဝမ်ကွမ်းတစ်ယောက် စိုးရိမ်သောမျက်နှာထားဖြင့် လျှောက်ဝင်လာသည်ကို တွေ့လိုက်လေသည်။ ထို့ကြောင့် ကျန်းရီလည်း ရင်ထဲလေးသွားသည်။ မကြာသေးခင်က ချမ်ဝမ်ကွမ်းသည် အလွန် စိတ်တည်ငြိမ်လာခဲ့သည်။ ကိစ္စကြီးတစ်ခုဖြစ်ခဲ့လျှင်ပင် သူသည် ထိုကဲ့သို့ မျက်နှာထားမျိုးကို ပြမည် မဟုတ်ပေ။ ယခုတွင်မူ အလွန်ကြီးသော ကိစ္စကြီးတစ်ခု ဖြစ်ခဲ့၍လော။
“ခေါင်းဆောင်...”
ချမ်ဝမ်ကွမ်းက အောင်အောင်မြင်မြင် ဝိတ်ချနိုင်ခဲ့ပြီဖြစ်သည်။ သူသည် အတန်ငယ် ခပ်ဖိုင့်ဖိုင့် ဖြစ်နေသေးသော်လည်း လက်ခံနိုင်လောက်သော အနေအထားတွင် ရှိပေသည်။ သူက ခြေလှမ်းကျဲကြီးများဖြင့် လျှောက်ဝင်လာပြီး အဝေးမှနေ၍ အသံပို့လွှတ်လိုက်သည်။
“ကျုပ်တို့ အစောကပဲ သတင်းတစ်ခု ရတယ်။ လဲ့ချီရန်က နန်ကုန်းမျိုးနွယ်ကိုသွားပြီး မင်္ဂလာကိစ္စ သွားကမ်းလှမ်းတယ်တဲ့... သူက အစ်မကြီးဆည်းလည်းကို လက်ထပ်ချင်နေတာ။ နန်ကုန်းယွင်ရီက အဲ့ကိစ္စကို သဘောတူလိုက်ပြီလို့ ပြောတယ်”
“ဘာ...”
မိုးချုန်းသံကဲ့သို့ အော်သံကြီး ထွက်ပေါ်လာသည်။ ကျန်းရီ၏ မျက်နှာထား ပြောင်းလဲသွား၏။ သူသည် နားမလည်နိုင်သော မျက်ဝန်းများဖြင့် အေးစက်စက် ပြန်ပြောလိုက်၏။
“အစ်မကြီးဆည်းလည်းက မုဆိုးမ မဟုတ်ဘူးလား။ ပြီးတော့ လဲ့ချီရန်က ချွီမျိုးနွယ်က သခင်မလေးနဲ့ လက်ထပ်ထားပြီးပြီ မဟုတ်လား။ နန်ကုန်းယွင်ရီက ဘာလို့ ဒီကိစ္စကို သဘောတူရတာလဲ”
ချမ်ဝမ်ကွမ်းက ကျန်းရီဘေးသို့ လျှောက်လာပြီး ညှိုးငယ်စွာ ပြောလိုက်သည်။
“သူက မုဆိုးမမို့လို့ ဒီလိုကိစ္စဖြစ်လာတာပဲ။ အဲ့ဒါကြောင့် လဲ့ချီရန် အစ်မကြီးဆည်းလည်းကို သူ့ရဲ့ ကိုယ်လုပ်တော်အဖြစ် လက်ထပ်နိုင်တာ။ မျိုးနွယ်နှစ်ခုက လက်ထပ်မင်္ဂလာကနေပြီး မဟာမိတ်ဖွဲ့ဖို့ ကြိုးစားနေတယ်ဆိုတာ ထင်ရှားတယ်”
လက်ရှိတွင် စစ်ထူမျိုးနွယ်၏ ဩဇာအာဏာက တိုးတက်နေသည်။ ထို့ပြင် မျိုးနွယ်(၈)ခုပူးပေါင်းကာ လဲ့မျိုးနွယ်ကိုပင် ဖိနှိပ်ထားနိုင်နေသည်။ ဟွမ်ဖူမျိုးနွယ်ကလည်း ထိုမျိုးနွယ်(၈)ခုဖြင့် ပူးပေါင်းခဲ့သည်။ ထို့ကြောင့် လဲ့မျိုးနွယ်သည် နန်ကုန်းမျိုးနွယ်နှင့်သာ မဟာမိတ်ဖွဲ့နိုင်တော့မည်ဖြစ်သည်။ နန်ကုန်းယွင်ရီက ခက်ထန်၍ ရှေးရိုးစွဲဆန်သူတစ်ယောက် ဖြစ်သော်လည်း မျိုးနွယ်အတွက်ဆိုလျှင် အရာအားလုံးကို ရင်းနိုင်ပေသည်။ ဤမင်္ဂလာကိစ္စသည် ဟွမ်ဖူထောင်ထျန်းနှင့် လဲ့စစ်ဟန်တို့၏ စေ့စပ်မှုနှင့် တူ၏။ ဟွမ်ဖူချီသည် လဲ့ထင်ဝေကို အရိုးစွဲအောင် မုန်းသော်လည်း လဲ့စစ်ဟန်က ဟွမ်ဖူထောင်ထျန်းကို သဘောကျနေခဲ့သည်။ ထို့ကြောင့် ဟွမ်ဖူချီသည် မျိုးနွယ်အတွက် စေ့စပ်မှုကို သဘောတူခဲ့ခြင်းဖြစ်သည်။ လဲ့မျိုးနွယ်က နံပါတ်(၁)မျိုးနွယ် မဟုတ်ပါလား။
“လက်ထပ်ပေးပြီး မဟာမိတ်ဖွဲ့တယ်ဆိုတာ သောက်ပေါက်ကရပဲ”
ကျန်းရီ၏မျက်လုံးများထဲတွင် အေးစက်စက် အလင်းတန်းများ တောက်ပလာသည်။ သူ့ခန္ဓာကိုယ်မှနေ၍လည်း သတ်ဖြတ်လိုသော အငွေ့အသက်များ ထွက်ပေါ်လာသည်။ သူက လှောင်ပြုံး ပြုံး၍ ပြောလိုက်၏။
“လဲ့ချီရန်က ငါ့ကို လက်စားချေဖို့ ကြိုးစားနေတာ။ သူက ငါ မခံချင်ဖြစ်အောင် အစ်မကြီးဆည်းလည်းကို လက်ထပ်ယူချင်နေတာ။ သူက ငါနဲ့အစ်မကြီးဆည်းလည်းတို့ကြားက ပတ်သတ်မှုကို စုံးစမ်းခဲ့ပုံရတယ်”
ချမ်ဝမ်ကွမ်းက နားထင်ကို ဖျစ်၍ သက်ပြင်းချလိုက်သည်။
“ခေါင်းဆောင် စိတ်မပူပါနဲ့။ အခု သူတို့က စေ့စပ်ပြီးရုံပဲ ရှိပါသေးတယ်... လက်မထပ်ရသေးပါဘူး။ သေချာပေါက် ဒီကိစ္စကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတချို့ ရှိမှာပါ။ အရင်တုန်းက အစ်မကြီးဆည်းလည်းက လုမျိုးနွယ်က သခင်လေးနဲ လက်ထပ်ခဲ့တာမလား။ သူ လုမျိုးနွယ်ကို မရောက်ခင်မှာဘဲ လုမျိုးနွယ်ရဲ့ သခင်လေးက ဆန်းကြယ်နယ်မြေတစ်ခုကို စိန်ခေါ်ဖို့ ကြိုးစားရင်း သေသွားတာပဲ။ အဲ့ဒါကြောင့် သူက မျိုးနွယ်ရိုးရာအရ ခုနစ်နှစ် မုဆိုးမဘဝနဲ့ နေရမှာ။ ခုနစ်နှစ်ပြည့်ဖို့ တစ်နှစ်လိုပါသေးတယ်”
“တစ်နှစ်လား...”
ကျန်းရီ ခေါင်းညိတ်လိုက်သည်။ သို့သော် သူသည် စိုးရိမ်သော လေသံဖြင့် မေးလိုက်သည်။
“တခြား ဘာနည်းလမ်းတွေ ရှိသေးလဲ။ ဒီကိစ္စက နန်ကုန်းမျိုးနွယ်ရဲ့ ကိစ္စပဲ.. ငါတို့ ဝင်ရှုပ်လို့ မရဘူး။ ငါတို့ သူ့ကို ခိုးပြေးရမယ်လို့တော့ မပြောနဲ့နော်။ နန်ကုန်းမျိုးနွယ်မှာ ပညာရှင်တွေ အများကြီးရှိတယ်။ ငါတို့ သူ့ကို ခိုးပြေးနိုင်လိုက်ရင်တောင် အပြစ်သားကျွန်းက ထွက်ပြေးမှ လွတ်နိုင်လိမ့်မယ်။ ငါကတော့ အပြစ်သားကျွန်းက ထွက်ပြေးရလည်း အဆင်ပြေပါတယ်... ဒါပေမဲ့ မင်းရဲ့ အနာဂတ် ပျက်စီးသွားလိမ့်မယ်”
“ဟူး...ဟူး...”
ချမ်ဝမ်ကွမ်းက သက်ပြင်းရှည်တစ်ချက် ချလိုက်သည်။ သူသည် ထိုသတင်းကို ရလာကတည်းက ကျန်းရီ မည်သို့တုံ့ပြန်မည်ဖြစ်ကြောင်း သိထားပြီးဖြစ်သည်။ ကျန်းရီက သံယောဇဉ်ကြီးသူတစ်ယောက်ဖြစ်သည်။ အစ်မကြီးဆည်းလည်းသည် ကျန်းရီအတွက် အစ်မအရင်းတစ်ယောက်ကဲ့သို့ပင်။ ထို့ပြင် သူမသည် သူတို့ကို များစွာကူညီပေးခဲ့သည်။ ကျန်းရီအနေဖြင့် သူမ မီးတွင်းထဲသို့ ကူကယ်ရာမဲ့စွာ လျှောက်သွားရမည်ကို ထိုင်ကြည့်နေနိုင်မည် မဟုတ်ပေ။
ဤအတောအတွင်း၌ လဲ့ချီရန်သည် အလွန်သိုသိုသိပ်သိပ် ရှိနေခဲ့၏။ သူသည် အခန်းအောင်းကာ လဲ့မျိုးနွယ်အတွင်းမှာပင် နေနေခဲ့သည်။ သူက ကျန်းရီနှင့် ချမ်ဝမ်ကွမ်းကိုလည်း ပြဿနာမရှာခဲ့ပေ။ သို့သော် ခြေချောင်းများကို သုံး၍ စဉ်းစားလျှင်ပင် ယခုကိစ္စမှာ သူက ကျန်းရီကို လက်စားချေရန် လုပ်ခြင်းဖြစ်ကြောင်း သိနိုင်ပေသည်။ မဟုတ်လျှင် သူသည် အဘယ်ကြောင့် နန်ကုန်းမျိုးနွယ်ရှိ သခင်မလေးများစွာထဲကမှ မုဆိုးမဖြစ်သော အစ်မကြီးဆည်းလည်းကို ရွေးချယ်မည်နည်း။ မုဆိုးမတစ်ယောက်သည် ဂုဏ်သတင်းကောင်းသူတစ်ယောက် မဟုတ်ပေ။
လဲ့ချီရန်သာ အစ်မကြီးဆည်းလည်းကို လက်ထပ်နိုင်လိုက်လျှင် ကျန်းရီကို ပါးရိုက်လိုက်သလို ဖြစ်သွားပေလိမ့်မည်။ သူမသာ သူ၏ကိုယ်လုပ်တော် ဖြစ်သွားလျှင် လဲ့ချီရန်သည် သူမကို စိတ်ကြိုက် ကစားမည်ဖြစ်သည်။ ထို့ပြင် ကျန်းရီကြောင့် ဖြစ်ရသော ဒေါသများကို အစ်မကြီးဆည်းလည်းအပေါ်တွင် ပုံချမည်ဖြစ်သည်။
ကျန်းရီသည် ထိုသို့တွေးမိသောအခါ အလွန်ဒေါသ ထွက်သွားသည်။ ထို့နောက် သူသည် ခြံဝန်းအတွင်း လူးလားခေါက်တုန့် လျှောက်ကာ ဤကိစ္စကို ဖြေရှင်းနိုင်မည့် နည်းလမ်းကို တွေးနေလိုက်လေသည်။ နေ့တစ်ဝက်ကြာပြီးနောက် သူက ခေါင်းမော့၍ ချမ်ဝမ်ကွမ်းကို ပြောလိုက်သည်။
“ဝမ်ကွမ်း... ငါနဲ့ အစ်မကြီးဆည်းလည်းနဲ့ တွေ့ခွင့်ရနိုင်မယ့် နည်းလမ်းတစ်ခုလောက် စဉ်းစားစမ်းကွာ”
“အဲ့ဒါက...”
ချမ်ဝမ်ကွမ်း ချီတုံချတုံ ဖြစ်သွား၏။ ခေတ္တကြာပြီးနောက် သူ ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ကောင်းပြီ.. သဘက်ခါကျရင် ရီရှောင်ရဲ့ မွေးနေ့ပဲ။ ကျုပ် နန်ကုန်းမုယွီနဲ့ အစ်မကြီးဆည်းလည်းတို့ကို ကျုပ်ရဲ့နာမည်၊ ရီရှောင်၊ ရီနျန်နဲ့ ခေါင်းဆောင်တို့နဲ့ နာမည်တွေကိုသုံးပြီး ဖိတ်လိုက်မယ်။ နန်ကုန်းမျိုးနွယ်က ကျုပ်တို့ရဲ့ ရည်ရွယ်ချက်တွေကို နားလည်လောက်မှာပါ။ သူတို့က ကျုပ်တို့ကို မျက်နှာသာ မပေးဘူးဆိုရင် နောက်ကျရင် ကျုပ်လည်း နန်ကုန်းမုယွီကို ဘာမျက်နှာသာမှ ပေးမှာ မဟုတ်ဘူး”
“အင်း...”
ကျန်းရီ ခေါင်းညိတ်လိုက်၏။ သို့သော် သူ့တွင် မည်သည့်မျှော်လင့်ချက်မှ မရှိပေ။ နန်ကုန်းမုယွီသည် သူ နန်ကုန်းမျိုးနွယ်သို့သွား၍ အစ်မကြီးဆည်းလည်းနှင့် တွေ့ခွင့်တောင်းခဲ့စဉ်က သူ့ကို မည်သည့်မျက်နှာသာမှ မပေးခဲ့ချေ။
“ခေါင်းဆောင်... မလောပါနဲ့”
ချမ်ဝမ်ကွမ်းက ခပ်လေးလေး ပြောလိုက်သည်။
“ကျုပ် နန်ကုန်းမျိုးနွယ်နဲ့ စီပွားရေး အပေးအယူတစ်ခု လုပ်နိုင်မလားဆိုတာ ကြည့်ပါဦးမယ်။ ဘယ်လိုမှ အဆင်မပြေရင်လည်း ခေါင်းဆောင် သူ့ကို ခိုးပြေးနိုင်အောင် ကျုပ် စီစဉ်ပေးပါမယ်။ အဆိုးဆုံးမှ ကျုပ်တို့ လောကကြီးထဲ ဆက်ပြီး လျှောက်သွားနေရုံပါပဲ”
“ငါ အဲ့လိုမျိုး ဘယ်လိုလုပ် လုပ်နိုင်မှာလဲ”
ကျန်းရီ တုန်လှုပ်သွားသည်။ အကယ်၍ ဤကိစ္စတွင် ချမ်ဝမ်ကွမ်းပါ ပါလာလျှင် လဲ့မျိုးနွယ်နှင့် စစ်ထူမျိုးနွယ်တို့ စစ်ဖြစ်သွားပေလိမ့်မည်။ ဤအတောအတွင်း ချမ်ဝမ်ကွမ်း ကြိုးစားထားမှုများအားလုံး အချည်းနှီးဖြစ်သွားမည်ဖြစ်သည်။ ထို့ပြင် သူသည် စစ်ထူရီနျန်နှင့်လည်း လက်ထပ်နိုင်တော့မည် မဟုတ်ပေ။
ချမ်ဝမ်ကွမ်းက အမှုမထားသော ဟန်ပန်ဖြင့် ကျန်းရီ၏ ပခုံးကို ပုတ်လိုက်သည်။
“ခေါင်းဆောင်... ခေါင်းဆောင် ကျုပ်အတွက် စိုးရိမ်ဖို့ မလိုပါဘူး။ ရီနျန်ကသာ ကျုပ်ကို တကယ်သဘောကျရင် သူ ကျုပ်နဲ့အတူ လိုက်လာမှာပဲ။ သူက ကျုပ်နောက်ကို မလိုက်ချင်ဘူးဆိုရင်လည်း အဲ့လို မိန်းမတစ်ယောက်ကို ရတော့ရော ဘာလုပ်ရမှာလဲ။ ဘယ်တုန်းက ယောက်ျားတစ်ယောက်က မိန်းမ မရမှာကို စိုးရိမ်ဖို့လိုသွားတာလဲ...”
***