ဒီအဖွဲ့မှူးက ဒီရှန်းစီမျိုးနွယ်စုမှာ ဆက်နေတော့မှာ မဟုတ်ဘူး
Vol. 59 Ch. 821
အစ်မကြီးဆည်းလည်းက တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ခေါင်းမော့လိုက်သည်။ သို့သော် ပဝါချုံထားသဖြင့် သူမ၏မျက်နှာကို ခပ်ရေးရေးသာ မြင်ရပေသည်။ ကျန်းရီက ကောင်းကင်စိတ်အာရုံကိုသုံး၍ မစစ်ဆေးလိုက်ပေ။ သို့သော် သူ၏ အမြင်က အခြားသူများထက် ပိုကောင်းသဖြင့် အစ်မကြီးဆည်းလည်းက အတော်လေး ပိန်ကျသွားကြောင်း သူမြင်လိုက်ရသည်။ သူမ၏မျက်လုံးများက ဖျော့တော့နေပြီး မည်သည့်အလင်းမှ ရှိမနေပေ။ သူမက ကျန်းရီကို ကြည့်ကာ နှုတ်ဆက်လိုက်သည်။
“အဖွဲ့မှူးကျန်း... မတွေ့ရတာတောင် အတော်ကြာခဲ့ပြီပဲ”
“အဖွဲ့မှူးကျန်းတဲ့လား...”
ကျန်းရီ၏ နှုတ်ခမ်းစွန်းများ တွန့်သွား၏။ သူတို့ အလွန်ရင်းနှီးသည်ကိုပင် အစ်မကြီးဆည်းလည်းက သူ့ကို အဖွဲ့မှူးကျန်းဟု ခေါ်လိုက်သည်လော။ ကျန်းရီသည် သူမ၏ချောင်ကျသွားသော မျက်နှာလေးကို မြင်လိုက်သောအခါ ရင်ထဲတွင် အတန်ငယ် နာသွား၏။ အစ်မကြီးဆည်းလည်း ဘာဖြစ်ခဲ့ခြင်းနည်း။ မည်သည့်အရာက သူမကို ဤသို့ ဖြစ်သွားစေခြင်းနည်း။
ကျန်းရီသည် အချိန်အတော်ကြာ စိုက်ကြည့်နေပြီးမှ ပြန်ပြောလိုက်သည်။
“အစ်မကြီးဆည်းလည်း... ကျွန်တော်တို့ နှစ်ယောက်တည်း စကားပြောလို့ရမလား”
“မရဘူး...”
လဲ့ချီရန်က ဝင်ဖြေလိုက်သည်။
“ကျန်းရီ... ချီလင်းက ငါနဲ့ စေ့စပ်ထားတဲ့သူပဲ။ မင်း ကိုယ့်ကိုယ်ကိုယ် ထိန်းပါ”
ကျန်းရီက လဲ့ချီရန်ကို လျစ်လျူရှုလိုက်ပြီး အစ်မကြီးဆည်းလည်းကိုသာ စိုက်ကြည့်ကာ သူမ၏အဖြေကို စောင့်ဆိုင်းနေလေသည်။
သို့သော် အစ်မကြီးဆည်းလည်း၏ အဖြေက ကျန်းရီကို စိတ်ပျက်သွားစေ၏။
“အဖွဲ့မှူးကျန်း ပြောစရာရှိရင် ဒီနေရာမှာပဲ ပြောလို့ရပါတယ်”
“အာ...”
ချမ်ဝမ်ကွမ်းနှင့် ဖုန်းလန်တို့သည် တစ်ယောက်ကိုတစ်ယောက် အံ့အားသင့်သော မျက်နှာထားများဖြင့် ကြည့်လိုက်ကြ၏။ အစ်မကြီးဆည်းလည်းက ဤနေ့ပွဲကို လဲ့ချီရန်နှင့်အတူ တက်သည်ကိုက ထူးဆန်းနေပြီဖြစ်သည်။ ထို့ပြင် သူမတို့သည် အတူတူပင် ထိုင်နေကြသည်။ ယခု သူမ ကျန်းရီကို ဆက်ဆံနေပုံက အလွန်ထူးဆန်းနေ၏။ သူတို့၏အမြင်တွင် အစ်မကြီးဆည်းလည်းက ထိုသို့သော လူတစ်ယောက် မဟုတ်ပေ။
“အဲ့ဒါဆိုလည်း ကောင်းပြီလေ”
ကျန်းရီက ခေါင်းတဆတ်ဆတ်ညိတ်လိုက်ပြီး ပြတ်သားသော အသံဖြင့် ပြောလိုက်သည်။
“အစ်မကြီးဆည်းလည်း... အစ်မ ထွက်သွားတုန်းက ကျွန်တော် ပြောခဲ့တဲ့စကားကို မှတ်မိသေးလား။ အဲ့စကားတွေက ထာဝရ တည်နေမှာပဲ”
အစ်မကြီးဆည်းလည်း ထွက်မသွားခင်က ကျန်းရီသည် အပြင်တွင် သူမ အန္တရာယ်ဖြင့် ကြုံပါက သူ့ကို ချက်ချင်းလာရှန်ရန် ပြောခဲ့၏။ နဂါးကိုးကောင်း နတ်ဘုရားသုတ်သင်အစီအရင်သာ ကာမထားလျှင် သူသည် အစ်မကြီးဆည်းလည်းကို ခေါ်ကာ ထွက်ပြေးသွားမည်ဖြစ်သည်။ သူမနောက်ကို မည်သူ လိုက်လာပါစေ သူ ဂရုစိုက်မည် မဟုတ်ပေ။
အစ်မကြီးဆည်းလည်း၏ ခန္ဓာကိုယ်လေး တုန်ယင်သွား၏။ သို့သော် သူမ ခေါင်းငုံ့ကာ ပြန်ဖြေလိုက်သည်။
“အဖွဲ့မှူးကျန်းက ဘာပြောခဲ့တာပါလဲ။ ချီလင်း အဲ့ဒါကို မေ့သွားပါပြီ။ အခု ချီလင်း အဆင်ပြေပါတယ်။ အဖွဲ့မှူးကျန်း အခုလို ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
ကျန်းရီ တိတ်သွားပြီး အစ်မကြီးဆည်းလည်းထံမှ အကြည့်လွှဲလိုက်သည်။ သူမ၏စကားများက အမှန်လော၊ သူမ အခက်တွေ့နေ၍ ထိုသို့ ပြောခြင်းလောက အရေးမကြီးပေ။ သူမ စကားဆက်ပြောနေရလျှင် ပို၍စိတ်ညစ်ရမည်ဖြစ်သည်။ ထို့ကြောင့် သူ ရွေးချယ်စရာ မရှိတော့ဘဲ တိတ်တဆိတ်သာ နေလိုက်လေသည်။
“ဟားဟားဟား...”
လဲ့ချီရန်က တိုက်ပွဲတစ်ပွဲကို နိုင်လိုက်သဖြင့် စိတ်တက်ကြွနေသကဲ့သို့ ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။ သူသည် အစ်မကြီးဆည်းလည်းအတွင် သေရည်တစ်ခွက် ကိုယ်တိုင်ငှဲ့ပေးလိုက်ပြီး စစ်ထူရီရှောင်ကိုကြည့်ကာ ပြောလိုက်သည်။
“လာပါ... ချီလင်း ငါတို့ ရီရှောင်အတွက် ခွက်မြှောက်ကြစို့။ ဒီနေ့က ရီရှောင်ရဲ့ မွေးနေ့မလား”
အစ်မကြီးဆည်းလည်းသည် တုံ့ဆိုင်းဆိုင်းဖြင့် ခွက်မြှောက်လိုက်ပြီး လဲ့ချီရန်နှင့်အတူ အိမ်ရှင်ထိုင်ခုံတွင် ထိုင်နေသော စစ်ထူရီရှောင်ကို ဂုဏ်ပြုလိုက်သည်။ သူတို့သည် လိုက်ဖက်ညီသည့်ပုံစံ ပေါက်နေသဖြင့် ကျန်းရီနှင့် အခြားသူများ၏ မျက်လုံးများထဲတွင် ဒေါသခိုးများ တောက်လောင်လာလေသည်။ အစ်မကြီးဆည်းလည်းက ထိုသို့ပြုမူနေသဖြင့် သူတို့ ဘာမှမပြောနိုင်ဖြစ်နေသည်။
ကျန်းရီက တိတ်တဆိတ် ဆက်နေလိုက်ပြီး ခေါင်းငုံ့ကာ ဝမ်းနည်းနေသည်။ ပင်မဆောင်အတွင်းရှိ အငွေ့အသက်က တဖြည်းဖြည်း တင်းမာလာလေသည်။ စစ်ထူရီရှောင်သည် အိမ်ရှင်ဖြစ်သဖြင့် ထိုသို့ အိုးတိုးအန်းတန်း တိတ်ဆိတ်နေမှုကို ခွင့်မပြုနိုင်ပေ။ ထိုစဉ် စစ်ထူရီနျန်က ထရပ်လိုက်ပြီး သခင်လေးများ၊ သခင်မလေးများကို ခွက်မြှောက်ကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။ အခြေအနေက အတန်ငယ် ပြန်၍ သက်ဝင်လာ၏။
“အစ်မကြီးဆည်းလည်း... အစ်မမှာ ဘာအခက်အခဲတွေ ရှိနေတာလဲ။ ဘာဖြစ်ခဲ့တာလဲ။ ကျွန်တော့်ကို ပြောပြနိုင်မလား။ ကျွန်တော် သေချာပေါက် အစ်မကို ကူညီဖို့ နည်းလမ်းရှာမှာပါ”
ကျန်းရီသည် လဲ့ချီရန် ထရပ်၍ ခွက်မြှောက်လိုက်သည့်အချိန်ကို အခွင့်ကောင်းယူ၍ အစ်မကြီးဆည်းလည်းထံ တိတ်တဆိတ် အသံပို့လွှတ်လိုက်၏။ သို့သော် ထိုအသံပို့လွှတ်မှုက ရွှံ့ပင်လယ်အတွင်း ရောက်သွားသကဲ့သို့ပင်။ အစ်မကြီးဆည်းလည်းက မည်သို့မှ မတုံ့ပြန်လိုက်ပေ။ သူမသည် မည်သည့်အသံကိုမှ မကြားလိုက်သကဲ့သို့ မထုံတက်သေးလုပ်နေ၏။
ထို့ကြောင့် ကျန်းရီသည် အသံဆက်မပို့ဝံ့တော့ဘဲ ဆက်၍ ဝမ်းနည်းပက်လက်ဖြစ်နေလေသည်။ ချမ်ဝမ်ကွမ်းလည်း စိတ်ဆင်းရဲနေသည်။ လူများစွာက သူ့အတွက် ခွက်မြှောက်ကြသော်လည်း သူသည် ထပင်မရပ်ဘဲ သေရည်တစ်ငုံသာ သောက်လိုက်သည်။ ထို့ကြောင့် သခင်လေးများ၊ သခင်မလေးများ အတန်ငယ် အိုးတိုးအန်းတန်း ဖြစ်သွားလေသည်။
“လာ..လာ..လာ... အားလုံးပဲ ခွက်မြှောက်လိုက်ကြပါ။ ကျွန်တော် အားလုံးနဲ့ အတူသောက်မယ်”
လဲ့ချီရန်သည် ယနေ့ အလွန်တက်ကြွနေ၏။ သူက အိမ်ရှင်ကဲ့သို့ပင် ဧည့်ခံနေလေသည်။ သူ၏မျက်နှာက မြို့ရိုးကဲ့သို့ အရေထူ၏။ သူသည် တဟီးဟီး၊ တဟားဟား ရယ်ကာ ခွက်မြှောက်နေလေသည်။ ထို့ကြောင့် ကျန်းရီနှင့် အခြားသူများက ပို၍ ဒေါသထွက်လာကြသည်။
စားသောက်ပွဲ တစ်ဝက်ကျိုးသောအခါ ကျန်းရီသည် နှစ်ခါ အသံပို့လွှတ်လိုက်၏။ သို့သော် မည်သည့်တုံ့ပြန်မှုမှ မရခဲ့ပေ။ သူ စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်သည်။ ဤစားသောက်ပွဲကို ကျင်းပရသည်မှာ အကျိုးမရှိသည့်ပုံပင်။ ထို့ကြောင့် သူသည် ချမ်ဝမ်ကွမ်းကို စကားအနည်းငယ် ပြောလိုက်ပြီး ထွက်သွားရန် ဟန်ပြင်လိုက်သည်။
“ဟားဟားဟား...”
လဲ့ချီရန်က ကျန်းရီကို မျက်လုံးစွေ၍ ကြည့်လိုက်ပြီး ကျန်းရီ ထွက်သွားတော့မည်ကို မြင်လိုက်သောအခါ ရယ်၍ ထရပ်လိုက်လေသည်။
“အားလုံးပဲ... ကျွန်တော် အားလုံးကို သတင်းကောင်းတစ်ခု ပြောပြဖို့ မေ့နေတာ။ လွန်ခဲ့တဲ့နှစ်ရက်က ကျွန်တော် ချီလင်းနဲ့ တရားဝင်စေ့စပ်ခဲ့ပါတယ်။ နောက်တစ်နှစ်နေရင် မင်္ဂလာပွဲ ကျင်းပမှာပါ။ အဲ့အချိန်ကျရင် အားလုံး တက်ရောက်ကြဖို့ ကျွန်တော် မျှော်လင့်ပါတယ်”
ကျန်းရီသည် ထရပ်ရန် ဟန်ပြင်လိုက်ပြီးမှ ပြန်ထိုင်လိုက်ကာ လဲ့ချီရန်ကို ကြည့်လိုက်သည်။ လဲ့ချီရန်က သူ့ကို အရှက်ခွဲရန် မည်သည့်လှည့်ကွက်များ သုံးမည်ကို သူ သိလိုနေသည်။ လဲ့ချီရန်သည် ကျန်းရီ၏မျက်လုံးများကို သတိပြုမိသွားသောအခါ စိန်ခေါ်သည့် အကြည့်ဖြင့် ပြန်ကြည့်လိုက်ကာ သရော်လိုက်သည်။
“ညီလေးကျန်း... ညီလေးလည်း မင်္ဂလာပွဲကို တက်ဖြစ်အောင်တက်နော်”
ကျန်းရီ ချက်ချင်း နှုတ်ခမ်းတွန့်သွားပြီး တောက်ပစွာ ပြုံးကာ ပြန်ပြောလိုက်သည်။
“တက်ရမှာပေါ့... အဲ့နေ့ကျရင် ကျွန်တော် အစ်မကြီးဆည်းလည်းကို မူလသံလက်နက်နဲ့ အမိကမ္ဘာမြေသံချပ်ကာ လက်ဖွဲ့ပါမယ်”
“...”
ခန်းမတစ်ခုလုံး တိတ်ဆိတ်သွား၏။ သခင်လေးများသည် စိတ်ထဲမှ ကြိတ်ပြုံးလိုက်ကြ၏။ ကျန်းရီက ပြန်တိုက်ခိုက်ပေပြီ။ ယနေ့ညတွင် သူတို့ ပွဲကြီးပွဲကောင်းတစ်ပွဲ ကြည့်ရပေတော့မည်။ မူလသံလက်နက်နှင့် အမိကမ္ဘာမြေသံချပ်ကာတို့က လဲ့ချီရန်၏ အနာဟောင်းများဖြစ်သည်။ ယခုတွင် ကျန်းရီသည် ထိုအနာဟောင်းများကို ပြန်စွရန် ကြိုးစားနေပေသည်။
ထင်ထားသလိုပင် လဲ့ချီရန် မျက်နှာပျက်သွား၏။ သို့သော် သူသည် ပြုံးကာ ပြောလိုက်၏။
“မူလသံလက်နက်နဲ့ အမိကမ္ဘာမြေသံချပ်ကာလား... အဲ့ဒါတွေက အဆင့်နိမ့် ကစားစရာလေးတွေပါ။ ငါတို့ လဲ့မျိုးနွယ်မှာ အဲ့ဒါမျိုးတွေ အများကြီးရှိတယ်။ ငါနဲ့ ချီလင်းက ညီလေးကျန်းရဲ့ စေတနာကိုတော့ အသိအမှတ်ပြုပါတယ်။ ချီလင်း... ညီလေးကျန်းက ငါတို့ကို အဲ့လိုစေတနာထားနေမှာတော့ ငါတို့ သူ့အတွက် ခွက်မြှောက်သင့်တယ်မလား”
လဲ့ချီရန်က အစ်မကြီးဆည်းလည်းကို ကြည့်၍ သေရည်ခွက်ကို မြှောက်လိုက်သည်။ အစ်မကြီးဆည်းလည်းသည် ခေတ္တမျှ ချီတုံချတုံ ဖြစ်နေပြီးနောက် ထရပ်ကာ ခွက်မြှောက်လိုက်လေသည်။ လဲ့ချီရန်က ယင်းကို အခွင့်ကောင်းယူ၍ သူမကို ဖက်လိုက်မည်ဟု မည်သူက ထင်ထားမည်နည်း။
အစ်မကြီးဆည်းလည်းသည် တုန်ယင်သွားပြီး ကိုယ်ကိုတွန့်ကာ ရုန်းထွက်လိုက်သည်။ သို့သော် လဲ့ချီရန်က ပို၍ပင် တင်းတင်းဖက်လိုက်ပြီး ခေါင်းငုံ့၍ တီးတိုးပြောလိုက်သည်။
“ချီလင်း... နေမကောင်းဘူးလား။ ငါ မင်းကို နန်ကုန်းမျိုးနွယ်ကို ပြန်ပို့ပေးရမလား”
လဲ့ချီရန်၏ စကားက အစ်မကြီးဆည်းလည်း၏ ပျော့ကွက်ကို ထိသွားပုံပင်။ သူမသည် ဆက်၍ မရုန်းတော့ဘဲ လဲ့ချီရန် ဖက်သည်ကို ခံလိုက်လေသည်။ လဲ့ချီရန်က ကျယ်လောင်စွာ ရယ်လိုက်ပြီး ကျန်းရီကို ခွက်မြှောက်ပြလိုက်သည်။
“ညီလေးကျန်း... လာ.. ငါတို့ မင်းအတွက် ခွက်မြှောက်ကြမယ်။ ငါက မင်းအတွက် ချီလင်းကို ကောင်းကောင်းဂရုစိုက်ပေးမှာပါ။ သူ ပျော်ရစေမယ်လို့ ငါ အာမခံပါတယ်”
လဲ့ချီရန်သည် အစ်မကြီးဆည်းလည်းနှင့် ကျန်းရီတို့က ချစ်သူများဖြစ်ခဲ့ဖူးသည်ဟု ယူဆနေသဖြင့် သူ၏သတင်းအချက်အလက်များက မတိကျကြောင်း သိသာပေသည်။ ယနေ့ သူ၏စကားက သူသည် ကျန်းရီ၏ မိန်းကလေးကို လုယူကာ ကျန်းရီကို လူရှေ့သူရှေ့တွင် အရှက်ခွဲနေခြင်းဟု အားလုံးကို အထင်လွဲသွားစေသည်။
လူအားလုံးသည် ကျန်းရီကို တိတ်တဆိတ် ကြည့်နေကြ၏။ သူတို့သည် ကျန်းရီ မည်သို့တုံ့ပြန်မည်ကို သိလိုနေကြသည်။
ကျန်းရီသည် ဒေါသူပုန်မထသွားဘဲ အံ့အားသင့်စရာကောင်းလောက်အောင် တည်ငြိမ်နေ၏။ သူက အစ်မကြီးဆည်းလည်းကို နာကျင်နေသော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။ ခေတ္တမျှကြာပြီးနောက် သူသည် ဆတ်ခနဲထရပ်လိုက်ပြီး ဖုန်းလန်နှင့် ဟွမ်ဖူထောင်ထျန်းတို့ကို ခေါ်ကာ ချက်ချင်း ထွက်သွားလေသည်။
ကျန်းရဲတိုက်သို့ ပြန်ရောက်သောအခါတွင်လည်း ကျန်းရီ ဆက်၍နှုတ်ဆိတ်နေသည်။ ဟွမ်ဖူထောင်ထျန်းက ခေတ္တမျှ အခြေအနေကြည့်နေပြီးနောက် မခံမရပ်နိုင်ဖြင့် ပြောလိုက်သည်။
“ကျန်းရီ... အစ်ကို သူတို့ကို အလစ်ဝင်တိုက်ပြီး နန်ကုန်းချီလင်းကို ညီလေးအတွက် ခေါ်လာပေးရမလား”
ကျန်းရီ လက်ခါပြလိုက်ပြီး ဟွမ်ဖူထောင်ထျန်းကို စိတ်ရှည်ရန် လက်ဟန်ပြလိုက်သည်။ ထိုစဉ် ချမ်ဝမ်ကွမ်းက သုတ်သီးသုတ်ပြာဖြင့် ဝင်လာ၏။ ကျန်းရီ ထရပ်ကာ ပြောလိုက်သည်။
“ဝမ်ကွမ်း... အစ်ကြီးဆည်းလည်းမှာ သေချာပေါက် အခက်အခဲတချို့ ရှိရမယ်။ အဲ့ဒါကြောင့် သူက အခုလို မလုပ်ချင်ဘဲ လုပ်နေရတာပဲ။ မင်း အရာအားလုံးကို ရှင်းရှင်းလင်းလင်း သိရအောင် စုံစမ်းရမယ်။ ပြီးတော့ စေ့စပ်ထားတာကို ဖျက်ပေးမယ်ဆိုရင် နန်ကုန်းမျိုးနွယ်ကို သူတို့ လိုချင်တာ အကုန်ပေးလိုက်ပါ။ စွန့်စားရမယ်ဆိုလည်း အရာအားလုံးကို ရင်းလိုက်ပါ။ တကယ်လို့ ဘာတစ်ခုမှ အလုပ်မဖြစ်ဘူးဆိုရင် ငါကိုယ်တိုင် သူ့ကို သွားလုယူမယ်။ မင်းနဲ့ အစ်ကိုဟွမ်ဖူတို့ကတော့ အဲ့ကိစ္စမှာ ပါလို့ မရဘူး။ လဲ့ချီရန်... မင်း ငါ့ကို ဖိအားပေးရင် ငါက မင်းကို သတ်ပစ်မှာ။ ဒီအဖွဲ့မှူးက ဒီရှန်းစီမျိုးနွယ်စုမှာ ဆက်နေတော့မှာ မဟုတ်ဘူး”
***