← Chapters

နန်ကုန်းချီလင်း

Vol. 59 Ch. 822

နန်ကုန်းချီလင်း

Vol. 59 Ch. 822

လဲ့ချီရန်သည် အလွန်ပျော်နေသဖြင့် ကျန်းရီ ထွက်သွားပြီးနောက် သေရည်သုံးခွက် ဆက်တိုက်သောက်လိုက်၏။ ထို့နောက် သူသည် နန်ကုန်းချီလင်းကို တဏှာမျက်လုံးများဖြင့် ကြည့်လိုက်၏။ သူက သူမကို လူမြင်ကွင်းတွင် အရှက်ခွဲပစ်ကာ ကျန်းရီအပေါ် အတိတ်ကရန်ငြိုးများအတွက် လက်စားချေလိုနေသည်။

နန်ကုန်းချီလင်းကလည်း အလွန်ထူးဆန်းနေသည်။ သူမသည် တိတ်တဆိတ်သာ ဆက်ရှိနေ၏။ ယခင်က ယုံကြည်မှုအပြည့်ဖြင့် စိတ်ထင်ရာ လုပ်တတ်သော အစ်မကြီးဆည်းလည်းသည် အခြားလူတစ်ယောက်အဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။ သူမသည် စားသောက်ပွဲပြီးသည့်အချိန်အထိ စကားတစ်ခွန်းမှ မပြောခဲ့ဘဲ စားသောက်ပွဲပြီးသောအခါ နန်ကုန်းမုယွီနှင့်အတူ တိတ်တဆိတ် ပြန်သွားလေသည်။

နောက်ရက်များတွင် ကျန်းရီသည် ကျန်းရဲတိုက်ထဲတွင် တိတ်တဆိတ်ကျင့်ကြံနေခဲ့ပြီး မည်သည့်လှုပ်ရှားမှုမှ မလုပ်ခဲ့ပေ။ ထို့ကြောင့် သခင်လေးများ၊ သခင်မလေးများ ပို၍ပင် စိတ်ပျက်သွားကြသည်။ သို့သော် သူတို့သည် သေချာတွေးကြည့်ပြီးနောက် ကျန်းရီ မလှုပ်ရှားရသည့် အကြောင်းအရင်းကို နားလည်သွားကြ၏။ နန်ကုန်းချီလင်းက နန်ကုန်းမျိုးနွယ်က ဖြစ်သည်။ ထို့ပြင် သူမသည် ထိုစေ့စပ်မှုကို မကန့်ကွက်ခဲ့ပေ။ ကျန်းရီသည် နန်ကုန်းမျိုးနွယ်နှင့် လဲ့မျိုးနွယ်တို့ကို စစ်ကြေညာရန် မပြင်ဆင်ထားလျှင် မည်သို့ မဆင်မခြင် လှုပ်ရှားနိုင်မည်နည်း။ သူသာ မဆင်မခြင် လှုပ်ရှားလိုက်လျှင် စစ်ထူမျိုးနွယ်ကလည်း သူ့ကို ကာကွယ်ပေးနိုင်မည် မဟုတ်ပေ။

“ခေါင်းဆောင်... ကျုပ် အကြောင်းအရင်းကို သိခဲ့ရပြီ”

ရှစ်ရက်မြောက်နေ့တွင် ချမ်ဝမ်ကွမ်းသည် ကျန်းရဲတိုက်သို့ ရောက်လာ၏။ သူ၏ လက်ရှိအာဏာနှင့်ဆိုလျှင် ထိုကဲ့သို့ သတင်းအချက်အလက်များကို သိနိုင်ရန်မှာ မခက်ပေ။ ထို့ပြင် သူသာ လျှို့ဝှက်လုပ်ဆောင်လိုလျှင် စစ်ထူရီရှောင်ပင် သိမည် မဟုတ်ချေ။

ထိုအချိန်တွင် ကျန်းရီသည် ပန်းချီပညာ လေ့ကျင့်နေ၏။ သူသည် ချမ်ဝမ်ကွမ်းရောက်လာသောအခါ စုတ်တံကို ဘေးတွင်ချလိုက်ပြီး ဘေးရှိ ချင်းယွီကို ထွက်သွားရန် လက်ဟန်ပြလိုက်သည်။ ထို့နောက် သူက အနောက်လှည့်ကာ လေးနက်သောလေသံဖြင့် ပြောလိုက်သည်။

“ပြောပါ...”

ချင်းယွီက နာခံစွာ ထွက်သွား၏။ ချမ်ဝမ်ကွမ်းသည် အခန်းထဲတွင် အကာအရံ နှိုးလိုက်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။

“အစ်မကြီးဆည်းလည်းက တကယ်တော့ နန်ကုန်းယွင်ရီရဲ့ ညီလေး နန်ကုန်းယွင်ဟယ်ရဲ့ သမီးပဲ။ နန်ကုန်းယွင်ဟယ် တိုက်ပွဲမှာ ကျဆုံးသွားတုန်းက အစ်မကြီးဆည်းလည်းက နှစ်နှစ်သမီးပဲ ရှိသေးတယ်တဲ့။ ပြီးတော့ အစ်မကြီးဆည်းလည်းရဲ့ အမေက အစေခံတစ်ယောက်တဲ့။ အဲ့ဒါကြောင့် အစ်မကြီးဆည်းလည်းက အထင်ကြီးလောက်စရာ ပါရမီနဲ့ တိုက်ရိုက်မျိုးဆက်တစ်ယောက် ဆိုပေမယ့် သူ့ရဲ့ အဆင့်အတန်းက နန်ကုန်းမျိုးနွယ်မှာ သိပ်မမြင့်ဘူး။ အစ်မကြီးဆည်းလည်းက ငယ်ငယ်ကတည်းက ကြိုးကြိုးစားစား ကျင့်ကြံခဲ့ပြီး သူ့အမေအတွက် မားမားမတ်မတ် ရပ်တည်ပေးလိုခဲ့တယ်။ သူက သူ့အမေကို ပိုကောင်းတဲ့ ဘဝမှာ နေရစေချင်ခဲ့တာ...”

“သူက စိတ်ဝိညာဉ်လျှို့ဝှက်ကျင့်စဉ်ကို ကျင့်ကြံခဲ့တယ်။ အဲ့ကျင့်စဉ်က ခက်ထန်တဲ့ တိုက်ခိုက်စွမ်းအား ရှိတယ်။ မျိုးနွယ်က အစတုန်းက သူ့ကို ပျိုးထောင်ပေးချင်ခဲ့တယ်... ဒါပေမဲ့ ကံဆိုးတာက စားသောက်ပွဲတစ်ပွဲမှာ လုမျိုးနွယ်က သခင်လေးတစ်ယောက်က သူ့ကို သဘောကျသွားခဲ့တယ်။ အဲ့သခင်လေးက လုလင်းရဲ့အစ်ကို လုရွှင်းတဲ့။ သူကလည်း ထူးခြားတဲ့ ပါရမီရှင်တစ်ယောက်ပဲ၊ လုမျိုးနွယ် ‌နောက်တက်မယ့်ခေါင်းဆောင် ဖြစ်မယ်လို့ ထင်ကြေးပေးခံရတယ်။ အဲ့တော့ နန်ကုန်းမျိုးနွယ်ကလည်း အဲ့ကမ်းလှမ်းမှုကို သဘောတူလိုက်တာပေါ့။ အစ်မကြီးဆည်းလည်းဆိုတာ နန်ကုန်းမျိုးနွယ်မှာ အဆင့်အတန်းမြင့်တဲ့သူတစ်ယောက် မဟုတ်ဘူးမလား...”

“ဒါပေမဲ လုရွှင်း သေသွားခဲ့တယ်။ သူက သူ့လူတွေနဲ့အတူ အစ်မကြီးဆည်းလည်းကို လုမျိုးနွယ်ဆီ ခေါ်သွားခဲ့တာ။ လမ်းတစ်ဝက်ရောက်တော့ သူ့လူတစ်ယောက်က သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ ဆန်းကြယ်နယ်မြေတစ်ခုကို သတိပြုမိခဲ့တယ်။ အဲ့လို ဆန်းကြယ်နယ်မြေမျိုးက ရှားပါးပြီး အဖိုးတန်တယ်။ အဲ့ဒါကြောင့် သူက သူ့လူတွေကို ဦးဆောင်ပြီး ချက်ချင်း သွားထောက်လှမ်းခဲ့တယ်။ ရလဒ်ကတော့ အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်နှစ်ပါးကလွဲပြီး အကုန်လုံး သေသွားခဲ့တာပဲ။ အစ်မကြီးဆည်းလည်း,လည်း မုဆိုးမဖြစ်သွားခဲ့တယ်...”

“တကယ်လို့ အစ်ကြီးဆည်းလည်းကသာ နန်ကုန်းယွင်ရီရဲ့ သမီးဖြစ်ပြီး သူ့အမေကလည်း အစေခံတစ်ယောက် မဟုတ်ဘူးဆိုရင် အဲ့မင်္ဂလာကိစ္စက ဖြစ်လာမှာ မဟုတ်ဘူး။ ဒါပေမဲ့ နန်ကုန်းယွင်ရီက ရှေးရိုးစွဲတစ်ယောက်ဆိုတော့ အစ်မကြီးဆည်းလည်းကို အတင်းလက်ထပ်ပေးခဲ့တယ်။ ကောလာဟလတွေက ပြောကြတာတော့ အစ်မကြီးဆည်းလည်းက မင်္ဂလာအိပ်ခန်းထဲကို ဝိညာဉ်ကျောက်ပြားတစ်ချပ်ကိုဖက်ပြီး ဝင်သွားခဲ့တာတဲ့...”

“အဲ့ဒါက အဆိုးဆုံး မဟုတ်သေးဘူး။ အဆိုးဆုံးက လုရွှင်းနဲ့ လုလင်းရဲ့ ဝမ်းကွဲအစ်ကို ချင်ကန်းပဲ။ သူကလည်း အစ်မကြီးဆည်းလည်းကို ကြိုက်နေတာ။ အစ်မကြီးဆည်းလည်းက မုဆိုးမဖြစ်သွားပြီး နန်ကုန်းမျိုးနွယ်မှာလည်း အဆင့်အတန်း သိပ်မမြင့်ဘူးဆိုတော့ လုမျိုးနွယ်မှာ မုဆိုးမတစ်ယောက်အဖြစ်ပဲ ဆက်ရှိနေမယ်ဆိုရင် နှမြောစရာကောင်းတယ်လို့ သူက တွေးခဲ့တယ်။ သူက အစ်မကြီးဆည်းလည်းကို အဓမ္မကျင့်ဖို့ ကြံခဲ့တယ်။ အဲ့ချင်ကန်းက အရက်မူးအောင်သောက်ပြီး အစ်မကြီးဆည်းလည်းရဲ့ ခြံဝန်းထဲကို အတင်းဝင်သွားခဲ့တယ်... သူက အစ်မကြီးဆည်းလည်းကို ညီအစ်မအရင်းအချာလို ဆက်ဆံတဲ့ နန်ကုန်းမျိုးနွယ်က အစေခံမလေးနှစ်ယောက်ကိုလည်း သတ်ပစ်လိုက်တယ်။ အဲ့ဒါနဲ့ အစ်မကြီးဆည်းလည်းက ဒေါသထွက်သွားပြီး တိုက်ခိုက်လိုက်တာ ချင်ကန်းတစ်ယောက် ဒဏ်ရာ အပြင်းအထန် ရသွားခဲ့တယ်။ သူ ချင်ကန်းကို သတ်တော့မယ့်အချိန်မှာပဲ လုမျိုးနွယ်ရဲ့ အကြီးအကဲတစ်ယောက် ပေါ်လာပြီး ချင်ကန်းကို ကယ်သွားတယ်။ အဲ့အကြီးအကဲက အမှန်တရားကိုလည်း သူလိုသလို ပြောင်းပစ်လိုက်တယ်။ အစ်မကြီးဆည်းလည်းက ချင်ကန်းကို မြူဆွယ်ပါတယ်ဆိုပြီး စွပ်စွဲခဲ့တယ်။ အဲ့တုန်းက အစ်မကြီးဆည်းလည်းက ဘာကိုမှ ရှင်းပြမနေဘဲ အစေခံမလေးနှစ်ယောက်ရဲ့ အလောင်းကို ယူပြီး နဂါးဖြူမြို့က ထွက်လာခဲ့တယ်...”

“အစက အစ်မကြီးဆည်းလည်းက ရှန်းစီကျွန်းကို ပြန်ပြီး နန်ကုန်းမျိုးနွယ်ကို လက်စားချေပေးဖို့ ‌တောင်းဆိုမလို့ပဲ။ ဒါပေမဲ့ နန်ကုန်းယွင်ရီရဲ့ စိတ်ဓာတ်ကို တွေးမိတော့ သူ ပြန်သွားရင်တောင် လက်စားချေနိုင်မှာ မဟုတ်ဘဲ သူ့အမေကို ပိုဒုက္ခရောက်အောင် လုပ်မိသလို ဖြစ်သွားလိမ့်မယ်ဆိုတာ သိသွားတယ်။ အဲ့ဒါကြောင့် သူက တစ်ယောက်တည်း ကောင်းကင်မိုးကြိုးမြို့ကို သွားပြီး သူ ညီအစ်မလို ချစ်ခင်ရတဲ့ အစေခံမလေးတွေအတွက် လက်စားချေနိုင်ဖို့ ကြိုးစား ကျင့်ကြံခဲ့တယ်။ အဲ့ဒါကြောင့်လည်း လုဖင်းက အစ်မကြီးဆည်းလည်းကို ဂရုစိုက်ခဲ့တာထင်တယ်...”

“နောက်ပိုင်းကိစ္စတွေကိုတော့ ခေါင်းဆောင်လည်း ခန့်မှန်းနိုင်မှာပါ။ အစ်မကြီးဆည်းလည်းက ကျင့်ကြံခြင်းမှာ အောင်မြင်မှုတွေရလာတော့ နဂါးဖြူကျွန်းကိုသွားပြီး ချင်ကန်းကို ကိုယ်တိုင်သတ်ပစ်ခဲ့တယ်။ သူက ချင်မျိုးနွယ်ထဲကို အတင်းဝင်သွားခဲ့တော့ ချင်မျိုးနွယ်ကြောင့် သေလုမျောပါးဖြစ်သွားခဲ့တယ်။ သူ သေတော့မယ့်ဆဲဆဲမှာ လုမျိုးနွယ်ခေါင်းဆောင် လုလီက သတင်းပို့လွှတ်ပြီး သူ့ကို ကယ်ခဲ့တယ်။ အစ်မကြီးဆည်းလည်းက နန်ကုန်းမျိုးနွယ်က မျိုးဆက်တစ်ယောက်ဆိုတော့ နဂါးဖြူမြို့မှာ သေလို့မရဘူးလေ။ အဲ့ဒါကြောင့် လုလီက လူတစ်ယောက် စေလွှတ်ပြီး အစ်မကြီးဆည်းလည်းကို ရှန်းစီမြို့ဆီ ပြန်ပို့ခိုင်းလိုက်တာ...”

“ကျုပ်တို့ နန်ကုန်းမျိုးနွယ်ကို သွားလည်ခဲ့တုန်းက နန်ကုန်းမုယွီက ကျုပ်တို့ကို အစ်မကြီးဆည်းလည်းနဲ့ တွေ့ခွင့်မပေးခဲ့တာ အပြင်လူတွေက သူတို့အကြောင်းကို အတင်းပြောမှာ စိုးလို့ပဲ။ အစ်မကြီးဆည်းလည်း လုမျိုးနွယ်မှာ လုပ်ခဲ့တဲ့ အပြုအမူတွေက နန်ကုန်းယွင်ရီလို ရှေးရိုးစွဲကြီးရဲ့ အမြင်မှာ အမျိုးသမီးတစ်ယောက်ရဲ့ ကျင့်ဝတ်တွေကို ဖောက်ဖျက်တာ၊ သူတို့နန်ကုန်းမျိုးနွယ်ကို သိက္ခာချတာလိုမျိုး ဖြစ်နေတယ်မလား။ ခေါင်းဆောင် လေလံပွဲမှာတုန်းက အစ်မကြီးဆည်းလည်းကို အရမ်းလေးစားတယ်လို့ ပြောလိုက်တုန်းက အဲ့နန်ကုန်းယွင်ရီတစ်ယောက် တော်တော်ရှက်နေမှာပဲ...”

“လဲ့ချီရန်ရဲ့ လက်ထပ်ဖို့ကမ်းလှမ်းတဲ့ ကိစ္စကတော့ စုံစမ်းနေစရာတောင် မလိုပါဘူ။ သူက သေချာပေါက် ခေါင်းဆောင်ကို လက်စားချေဖို့ လုပ်နေတာ။ အစ်မကြီးဆည်းလည်းက စေ့စပ်တဲ့ကိစ္စကို မကန့်ကွက်တာ၊ ရီရှောင်ရဲ့ မွေးနေ့ပွဲကို လဲ့ချီရန်နဲ့အတူ တက်တာတွေက... နန်ကုန်းမျိုးနွယ်က သူ့အမေကို ပြဿနာရှာမှာစိုးလို့ဆိုတာ ရှင်းနေတာပဲ။ သူ့အဖေ သေသွားပြီးတော့ သူ့အမေက အစေခံတစ်ယောက်အနေနဲ့ပဲ ကျန်ရစ်ခဲ့ပြီး ကိုယ့်အားကိုယ်ကိုးခဲ့ရတာလေ။ တကယ်လို့ အစ်မကြီးဆည်းလည်းသာ မျိုးနွယ်ကို ဆန့်ကျင်ရင် သေချာပေါက် သူ့အမေ ဒုက္ခရောက်သွားမှာပဲ”

ဖြန်း...

ချမ်ဝမ်ကွမ်း၏ စကားဆုံးသွားသောအခါ ကျန်းရီက ကျောက်စားပွဲကို လက်ဖြင့် ရိုက်ချလိုက်၏။ စစ်ထူအောင်း လက်ဆောင်ပေးထားသည့် ရှားပါး စုတ်တံများနှင့် မင်တုံးများ အကုန်လုံး အမှုန့်ဖြစ်သွားသည်။ သူ၏မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေ၏။ သူ့ ခန္ဓာကိုယ်ကလည်း ဒေါသကြောင့် တဆတ်ဆတ်တုန်နေသည်။ ထို့နောက် သူ မျက်လုံးများ မှိတ်လိုက်သည်။

ချမ်ဝမ်ကွမ်းသည် ကျန်းရီတစ်ယောက် ဒေါသငယ်ထိပ်ရောက်နေပြီဖြစ်ကြောင်း သိသဖြင့် ဘာမှ မပြောဝံ့ပေ။ အစ်မကြီးဆည်းလည်းနှင့် ကျန်းရီသည် ချစ်သူများ၊ မောင်နှမများကဲ့သို့ ဖြစ်၏။ ထို့ပြင် သူမက သူတို့ကို များစွာကူညီပေးခဲ့သည်။ ယခုတွင် သူမသည် လဲ့ချီရန်က သူတို့ကို လက်စားချေချင်သည့်အတွက် ဒုက္ခခံစားနေရသည်။ ထို့ကြောင့် ယခု ကျန်းရီ မည်မျှ ဒေါသထွက်နေမည်ကို တွေးကြည့်နိုင်ပေသည်။

ဟူး...

ကျန်းရီက သက်ပြင်းရှည်တစ်ချက် မှုတ်ထုတ်လိုက်ပြီး မျက်လုံးများ ပြန်ဖွင့်လိုက်၏။

“နန်ကုန်းမျိုးနွယ်နဲ့ ညှိုနှိုင်းလို့ ရနိုင်လောက်လား။ သူတို့ကို စေ့စပ်ထားတာကို ဖျက်ပေးဖို့ တောင်းဆိုလို့ ရလောက်မလား။ ငါ သူတို့ကို အမိကမ္ဘာမြေသံချပ်ကာ၊ မူလသံလက်နက်နဲ့ ကောင်းကင်ပန်းချီကား အချပ်တစ်ထောင်.. မဟုတ်ဘူး... အချက်တစ်သောင်း ပေးနိုင်တယ်။ သူတို့ တခြား တောင်းဆိုစရာတွေရှိရင်လည်း ငါ အကုန်လုပ်ပေးမယ်။ နန်ကုန်းမျိုးနွယ်က အစ်မကြီးဆည်းလည်းနဲ့ သူအမေကို လွှတ်ပေးလိုက်ရင် ရပြီ”

“ဟူး...”

ချမ်ဝမ်ကွမ်းကလည်း သက်ပြင်းလေးလေးတစ်ချက် ချလိုက်ပြီး ခေါင်းခါလိုက်သည်။

“အဲ့ဒါက တော်တော်ခက်လောက်မယ်။ ဟွမ်ဖူချီ ဒါမှမဟုတ် လဲ့ထင်ဝေဆိုရင်တောင် ညှိုရနှိုင်းရ လွယ်လိမ့်ဦးမယ်... ဒါပေမဲ့ နန်ကုန်းယွင်ရီက တော်တော်ခေါင်းမာတယ်။ ဒါပေမဲ့ ကျုပ် အကောင်းဆုံး ကြိုးစားကြည့်ပါဦးမယ်။ နန်ကုန်းမျိုးနွယ်က နဂါးပျံကုန်သည်အဖွဲ့အစည်းနဲ့ ပူးပေါင်းချင်နေတာ။ သူတို့က ရတနာတွေလိုချင်လို့ ပူးပေါင်းချင်တာတော့ မဟုတ်ဘူး။ အခု ကျုပ် နန်ကုန်းမုယွီနဲ့ သွားတွေ့ပြီး နန်ကုန်ယွင်ရီရဲ့ သဘောထားကို တီးခေါက်ကြည့်လိုက်ပါမယ်။ ခေါင်းဆောင် မလောပါနဲ့... အချိန်တစ်နှစ်လောက် ရပါသေးတယ်။ အဲ့အချိန်အတော်အတွင်း ကျုပ်တို့ အခြေအနေကို ပြောင်းပြန်လှန်နိုင်မှာပါ”

“ကောင်းပြီ... အဲ့ကိစ္စကို သွားလုပ်လိုက်ပါ”

ကျန်းရီက ချမ်ဝမ်ကွမ်းကို ပခုံးပုတ်လိုက်ပြီး ပြောလိုက်သည်။ သူ ဘာမှမပြောလျှင်လည်း ချမ်ဝမ်ကွမ်းက အကောင်းဆုံး ကြိုးစားလုပ်ဆောင်မည်ဖြစ်ကြောင်း သူ သိပေသည်။

ချမ်ဝမ်ကွမ်း ထွက်သွားပြီးနောက် ကျန်းရီက အခန်းထဲတွင် တိတ်တဆိတ် ထိုင်နေလိုက်သည်။ သူ့အတွေးထဲတွင် သူနှင့် အစ်မကြီးဆည်းလည်းတို့ စတင်ဆုံတွေ့ခဲ့သည့် ပုံရိပ်များဖြင့် ပြည့်နှက်နေသည်။

“အဖွဲ့မှူးကျန်း ပြန်လာပြီလား။ ဒီအစေခံက အဖွဲ့မှူးကို အကြာကြီး စောင့်နေခဲ့ရတာ”

“အဖွဲ့မှူးကျန်း ဒီအစေခံရဲ့ နာမည်က ချီလင်းတဲ့။ ကျွန်မက အဖွဲ့မှူးကျန်းနားမှာ တွယ်ကပ်နေဖို့ အဖွဲ့မှူးကျန်းရဲ့ ခြံဝန်းကို ရောက်လာခဲ့တာ။ အဖွဲ့မှူးကျန်းသာ ကျွန်မကို ကာကွယ်ပေးချင်တယ်ဆိုရင် ကျွန်မက အဖွဲ့မှူးကျန်းရဲ့ အပိုင်ပဲ... အဖွဲ့မှူးကျန်း ကျွန်မကို ကြိုက်တာ လုပ်နိုင်တယ်...”

“အပြောကတော့ ချိုတယ်။ ကောင်းပြီ.. ငါ မင်းကို ငါ့ရဲ့ မောင်လေးတစ်ယောက်လို ဆက်ဆံမယ်။ ငါတို့ ပြန်ရောက်ရင် ငါမင်းကို မြို့အရှင်နဲ့ တွေ့ဖို့ ခေါ်သွား‌ပေးမယ်”

ကျန်းရီသည် အစ်မကြီးဆည်းလည်းနှင့် တွေ့ဆုံခဲ့ပုံများ၊ သူမ၏ ချစ်စဖွယ် အမူအရာများကို ပြန်တွေးနေရင်း စားသောက်ပွဲတုန်းက အစ်မကြီးဆည်းလည်း၏ အသေကောင်တစ်ကောင်ကဲ့သို့သော အပြုအမူများ၊ မျက်နှာထားများကို အမှတ်ရသွားသောအခါ ရင်ထဲတွင် နာကျင်သွားသည်။

ထိုအမျိုးသမီးသည် ငယ်စဉ်ကတည်းက ဒုက္ခမျိုးစုံကို တွေ့ကြုံခံစားခဲ့ရ၏။ သူမ ကောင်းကင်မိုးကြိုးမြို့တွင် နေခဲ့သော နှစ်များသည် သူမ၏အပျော်ဆုံး နေ့ရက်များ ဖြစ်ပေလိမ့်မည်။ အကယ်၍ သူမသာ လဲ့ချီရန်ကို လက်ထပ်လိုက်ရလျှင် ဘဝတစ်လျှောက်လုံး အသေကောင်တစ်ကောင်ကဲ့သို့ နေသွားရတော့မည်ဖြစ်သည်။ ထို့ကြောင့် ကျန်းရီ ပို၍ပင် စိုးရိမ်ကြောင့်ကြသွားသည်။

ကျန်းရီသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ပြတ်သားသော မျက်ဝန်းများဖြင့် ရေရွတ်လိုက်၏။

“ငါ အစ်မကြီးဆည်းလည်းကို လောကငရဲကနေ ကယ်တင်ရမယ်... သေချာပေါက် ကယ်တင်ရမယ်”

***

All Chapters