အာကာပြင် တိုက်ပွဲနယ်မြေ
Vol. 59 Ch. 823
နန်ကုန်းမျိုးနွယ်နှင့် ညှိုနှိုင်းနိုင်ရန် အခွင့်အရေး လိုအပ်သလို အချိန်ကိုက်ဖြစ်ရန်လည်း လိုအပ်ပေသည်။ အစ်မကြီးဆည်းလည်း လက်မထပ်ခင် တစ်နှစ်လိုသေး၏။ ကျန်းရီသည် ထိုကိစ္စကို ချမ်ဝမ်ကွမ်းအား လွှဲပေးလိုက်ပြီဖြစ်၍ ထပ်မတွေးတော့ပေ။ နောက်ဆုံးအခြေအနေများကို ချမ်ဝမ်ကွမ်းက သူ့ကို တင်ပြမည်ဖြစ်သည်။ ထို့ပြင် သူ တစ်ခုခု လုပ်လိုလျှင်လည်း သူလုပ်နိုင်သည့်အရာ ဘာမှ မရှိပေ။
ထို့ကြောင့် ကျန်းရီ ထပ်မံ အခန်းအောင်း ကျင့်ကြံလိုက်သည်။ အခန်းအောင်း ကျင့်ကြံခြင်းက အရေးပါသဖြင့် သူသည် ဧကရာဇ်နန်းတော်ထဲသို့ ဝင်သွားပြီးနောက် ပြန်ထွက်မလာတော့ပေ။ သူသည် အတွင်းအား ကျင့်ကြံခြင်း၊ မှော်ကျင့်စဉ်များကို လေ့လာခြင်း၊ တာအိုပုံသဏ္ဌာန်များကို ပေါင်းစည်းခြင်းနှင့် အတုအယောင် နတ်ဘုရား အသုံးအဆောင် သုံးခုကို ကြယ်တာရာစွမ်းအားသုံး၍ သန့်စင်ခြင်းတို့ ပြုလုပ်နေ၏။
တစ်လခွဲကြာပြီးနောက်...
ရှန်းစီမြို့အထက်ရှိ ကောင်းကင်တွင် ရာသီဥတု ပြောင်းလဲလာသည်။ မိုးမြေအတွင်းအားသည် စုစည်း၍ စစ်ထူခြံဝန်းအတွင်းသို့ အပြင်းအထန် ဝင်ရောက်သွား၏။ ထို့နောက်ချက်ချင်းပင် ကောင်းကင်ကိုးဘုံ ကြယ်တာရာသည် ကြယ်တာရာစွမ်းအားကို သွန်းချပေးလိုက်၏။ မြို့ထဲရှိ လူအားလုံး အံ့အားသင့်သွားကြသည်။
ကောင်းကင်ကိုးဘုံကြယ်တာရာ၏ စွမ်းအားကို ရရှိရန် ခက်ခဲ၏။ ကြယ်ငါးပွင့်နှင့်အထက် တာအိုပုံသဏ္ဌာန်ကို သိမြင်နားလည်သွားမှသာ ထိုစွမ်းအားကို ရရှိနိုင်ပေသည်။ ကြယ်တာရာစွမ်းအားကို ရရှိသူတိုင်းသည် ပညာရှင်အများစုကို နိုးကြားလာစေ၏။ ထိုအခိုက်တွင် စွမ်းအားကြီး ကောင်းကင်စိတ်အာရုံများစွာသည် စစ်ထူခြံဝန်းသို့ ရောက်ရှိလာ၏။ သို့သော် စစ်ထူခြံဝန်းကို သက်တန့်ရောင် အကာအရံဖြင့် ကာထားသဖြင့် ကောင်းကင်စိတ်အာရုံများသည် အတွင်းသို့ မဝင်နိုင်ကြချေ။
“ထပ်ပြီးတော့ ကျန်းရီပဲလား”
စစ်ထူအောင်းသည် ထိုသတင်းကို ရလိုက်သောအခါ စိတ်ထဲတွင် အံ့ဩသွား၏။ ယခင်ကတစ်ခေါက်က မိုးမြေအတွင်းအား မူမမှန်ဖြစ်မှုက ဟွမ်ဖူထောင်ထျန်းကြောင့် မဟုတ်ကြောင်း သူတို့ အတည်းပြုပြီးပြီဖြစ်သည်။ ထို့ကြောင့် ယင်းက ကျန်းရီကြောင့်သာ ဖြစ်ပေလိမ့်မည်။ ပြီးခဲ့သောအခေါက်က မည်မျှ ကြာခဲ့ပြီနည်း။ ယခုတွင် ကျန်းရီသည် မိုးမြေစည်းမျဉ်းများနှင့် ထပ်မံထိတွေ့နေပြီဖြစ်၍ စစ်ထူအောင်းနှင့် စစ်ထူမျိုးနွယ်မှ အကြီးအကဲများသည် မပြတ် သက်ပြင်းချနေကြလေသည်။ သူတို့သည် ကျန်းရီကို အရှင်လတ်လတ်ရင်ခွဲကြည့်၍ သူ၏ခန္ဓာကိုယ်က အဘယ်ကြောင့် ထိုမျှထူးခြားနေသနည်းဟုပင် ကြည့်ချင်စိတ်ပေါက်နေကြလေသည်။
ဟွမ်ဖူထောင်ထျန်းနှင့် စစ်ထူရီရှောင်တို့သည်လည်း အဆက်မပြတ် သက်ပြင်းချနေကြ၏။ ကျန်းရီသည် ဧကရာဇ်နန်းတော်ထဲမှ ထွက်မလာသေးပေ။ ထို့ကြောင့် သူတို့သည် ကျန်းရဲတိုက်ထဲတွင် တစ်ရက်စောင့်နေပြီးနောက် ထွက်သွားကြသည်။
“ငါ့ရဲ့ ပဉ္စမမြောက် ကြယ်စက်လုံးက ပြောင်းလဲသွားပြီ။ နောက်ဆုံးတော့ ငါ စစ်မှန်တဲ့ ကောင်းကင်ဧကရာဇ်တစ်ပါး ဖြစ်လာပြီ”
ဧကရာဇ်နန်းတော်ထဲတွင် ကျန်းရီသည် အလွန်စိတ်လှုပ်ရှားနေ၏။ ကောင်းကင်ဧကရာဇ်အဆင့်မှာ သူ့အတွက် ဒဏ္ဍာရီတစ်ခုကဲ့သို့ပင်။ ကောင်းကင်ကြယ်တာရာနယ်မြေတွင် ကောင်းကင်ဧကရာဇ် အနည်းငယ်သာ ရှိပေသည်။ ရွှေယိုလန်နှင့် အခြားသူများပင် နှစ်ပေါင်းများစွာကြာသည်အထိ ထိုအဆင့်ကို မရောက်နိုင်ကြချေ။ ကျန်းပိုင်လီသည်ပင် ဗာဂျရာအဆင့်ဖြင့် သေဆုံးသွားခဲ့ရသည်။
ကျန်းရီသည် အသက်(၂၂)ပင် မပြည့်သေးသော်လည်း ကောင်းကင်ဧကရာဇ်အဆင့်သို့ ရောက်သွားပေပြီ။ ယင်းက ကောင်းကင်ကြယ်တာရာနယ်မြေ၏ သမိုင်းတွင် ထိပ်တန်းအဆင့်ဟု သတ်မှတ်နိုင်သည်။ သို့သော် အရှေ့ဘက် တော်ဝင်နယ်မြေမှ သခင်လေးများ၊ သခင်မလေးများနှင့် ယှဉ်လျှင်မူ ကွာခြားချက်များ ရှိနေပေသေးသည်။ ထို့ပြင် ဟွမ်ဖူထောင်ထျန်း၊ လဲ့ချီရန်နှင့် အခြားသူများနှင့် ယှဉ်လျှင်လည်း သူ့တွင် လိုအပ်ချက်များ ရှိနေသေးသည်။ သို့သော် သူသည် ဤအဆင့်သို့ ရောက်ခဲ့သည်ကိုပင် အလွန်ကျေနပ်နေပေပြီ။ သူ ကြိုးစားကျင့်ကြံခဲ့၍သာ ဤအဆင့်သို့ ရောက်လာခြင်း မဟုတ်လော။ သူသည် ဤအဆင့်သို့ ရောက်ရန် တစ်ဆင့်ချင်း ကြိုးစားခဲ့ရပေသည်။
ကျန်းရီသည် အချိန်အတော်ကြာ ဝမ်းသာအားရ ဖြစ်နေရင်း ပြဿနာတစ်ခုကို တွေ့သွား၏။ ယင်းက ပြဿနာကြီးတစ်ခုပင်။ ဆဋ္ဌမမြောက် ကြယ်စက်လုံးအတွက် လိုအပ်သော အတွင်းအားက ပဉ္စမမြောက် ကြယ်စက်လုံးအတွက် လိုအပ်သော အတွင်းအားထက် ဆယ်ဆပိုများပေသည်။
တစ်နည်းဆိုရလျှင် အဆတစ်ထောင်မြန်သော ကျင့်ကြံနှုန်းဖြင့် ကျင့်ကြံလျှင်ပင် ဆဋ္ဌမမြောက် ကြယ်စက်လုံးကို ပြောင်းလဲရန် သူ၏အတွင်းအားက အထွတ်အထိပ် ကောင်းကင်ဧကရာဇ်အဆင့်ကို ရောက်နေရန် လိုအပ်ပေသည်။ သူ ထိုအဆင့်သို့ ရောက်ရန် အနည်းဆုံး ရှစ်နှစ်မှ ဆယ်နှစ်အထိ လိုအပ်နိုင်ပေသည်။
ရှစ်နှစ်မှ ဆယ်နှစ်သည် ကြာသောအချိန်ဟု မဆိုနိုင်သော်လည်း ယင်းအချိန်က အဆတစ်ထောင် ပိုမြန်သော ကျင့်ကြံနှုန်းကို အခြေခံ၍ တွက်ချက်ထားခြင်းဖြစ်သည်။ အကယ်၍ နောင်တွင် ကျန်းရီ ရှန်းစီကျွန်းမှ ထွက်သွားရလျှင် မည်သို့ လုပ်မည်နည်း။ သူသည် နှစ်ရှစ်ဆယ်မှ နှစ်တစ်ရာအထိ လုပ်အပ်လာနိုင်ပေသည်။
ယင်းက ဆဋ္ဌမမြောက်ကြယ်အတွက်သာ ရှိသေးသည်။ သတ္တမမြောက်၊ အဋ္ဌမမြောက်နှင့် နဝမမြောက်ကြယ်စက်လုံးများအတွက် မည်သို့ လုပ်မည်နည်း။
အစက ကျန်းရီသည် ဤကဲ့သို့ ချောချေမွေ့မွေ့ ဆက်ကျင့်ကြံ၍ နဝမမြောက်ကြယ်စက်လုံးကို ပြောင်းလဲပြီးလျှင် သူ၏အတွင်းအားက အထွတ်အထိပ် နတ်ဘုရားတစ်ပိုင်းအဆင့်သို့ ရောက်သွားလိမ့်မည်ဟု တွေးခဲ့၏။ ထိုအခါကျလျှင် သူသည် စွမ်းအားကြီးအတွင်းအားကို သုံး၍ နတ်ဘုရားဒိုင်း ထုတ်လွှတ်နိုင်ပေလိမ့်မည်။ သူသည် အခြားသူများ၏ တိုက်ခိုက်မှုများကို ရပ်ခံလျှင်ပင် သေတော့မည် မဟုတ်ပေ။
တစ်ရက်ဆက်၍ ကျင့်ကြံပြီးနောက်...
ကျန်းရီသည် သူ၏ဆဋ္ဌမမြောက်ကြယ်စက်လုံးကို ပြောင်းလဲနိုင်ရန် အနည်းဆုံး ရှစ်နှစ်လိုအပ်မည် ဖြစ်ကြောင်း အတည်ပြုနိုင်လိုက်လေသည်။ ထို့ကြောင့် သူ စိတ်ပျက်လက်ပျက်ဖြင့် ကျင့်ကြံခြင်းကို ရပ်လိုက်ပြီး ဧကရာဇ်နန်းတော်အပြင်သို့ ထွက်သွားလိုက်သည်။
ဟွမ်ဖူထောင်ထျန်းနှင့် စစ်ထူရီရှောင်တို့သည် တစ်ရက်ကြာစောင့်ပြီးနောက် ကျန်းရီ ထွက်မလာသဖြင့် အပြင်သို့ ထွက်သွားကြသည်။ သူတို့ မည်သည့်နေရာသို့ သွားကြောင်း မသိရပေ။ ဖုန်းလန်နှင့် ချင်းယွီတို့သာ ကျန်ခဲ့သည်။ ကျန်းရီသည် အစောင့်တစ်ယောက်ကို ချမ်ဝမ်ကွမ်းထံစေလွှတ်၍ အခြေအနေကို မေးခိုင်းလိုက်၏။
ချမ်ဝမ်ကွမ်းက အလွန် အလုပ်ရှုပ်နေသည်။ လက်တလောတွင် သူသည် ရှန်းစီကျွန်းတွင် မရှိပေ။ သူသည် နဂါးနက်ကျွန်းဆယ်သို့ ရောက်နေပြီး တစ်လကြာမှ ပြန်လာမည်ဖြစ်သည်။ ထို့ကြောင့် ကျန်းရီသည် ရွေးချယ်စရာ မရှိတော့ဘဲ ဖုန်းလန်ကို ရှာ၍သာ နတ်ဘုရား ပြုလုပ်နိုင်မည့် နည်းလမ်းကို မေးလိုက်လေသည်။ ထို့နောက် သူသည် ဧကရာဇ်နန်းတော်အတွင်းသို့ ပြန်ဝင်သွားပြီး နတ်ဘုရားဒိုင်းကို လေ့လာလိုက်သည်။
နတ်ဘုရားဒိုင်းသည် ကောင်းသောအရာတစ်ခုပင်။
နတ်ဘုရားဒိုင်း မပျက်စီးသေးသ၍ ကောင်းကင်ဧကရာဇ်များသည် မသေမျိုးများကဲ့သို့ပင်။ နတ်ဘုရားဒိုင်းကိုသာ ထုတ်လိုက်လျှင် ဗာဂျရာအဆင့် သိုင်းသမား မည်မျှများများက တိုက်ခိုက်စေကာမူ သူတို့သည် ကိုယ့်သေတွင်းကိုယ်တူးခြင်းသာ ဖြစ်ပေလိမ့်မည်။ နတ်ဘုရားပြုလုပ်ရန်မှာ အလွန်ရိုးရှင်း၏။ အထူးလမ်းကြောင်းတစ်ခုတွင် အတွင်းအားကို လှည့်ပတ်ခိုင်းလိုက်ရုံသာ။ ဗာဂျရာအဆင့် သိုင်းသမားများသည်လည်း နတ်ဘုရားဒိုင်းကို ပြုလုပ်နိုင်၏။ သို့သော် ဗာဂျရာအဆင့် အတွင်းအားက ကောင်းကင်ဧကရာဇ်အဆင့် အတွင်းအားထက် နိမ့်ပေသည်။ ဗာဂျရာအဆင့် အတွင်းအားဖြင့် ပြုလုပ်ထားသော နတ်ဘုရားဒိုင်းများကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်သည်။ အချို့နတ်ဘုရားဒိုင်းများဆိုလျှင် ၎င်းတို့ဘာသာပင် ပျက်စီးသွားကြသည်။ ကောင်းကင်ဧကရာဇ်အဆင့် အတွင်းအားဖြင့် ပြုလုပ်ထားသော နတ်ဘုရားဒိုင်းများကသာ ခိုင်မာကြပေသည်။
ကျန်းရီ၏ စတုတ္ထမြောက်ကြယ်စက်လုံး ပြောင်းလဲသွားသောအခါ သူ၏အတွင်းအားက ဗာဂျရာ အထွတ်အထိပ်အဆင့်သို့ ရောက်သွားခဲ့သည်။ ကောင်းကင်ဧကရာဇ်အဆင့်သို့ ရောက်ရန် နောက်တစ်ဆင့်သာ လိုတော့သော်လည်း ကျန်းရီသည် ထိုအဆင့်အတွင်းအားကို ရရန် ကြယ်စက်လုံးနောက်တစ်လုံးကို ပြောင်းလဲခဲ့ရလေသည်။
တစ်ရက်လေ့လာပြီးနောက်တွင် ကျန်းရီ၏ခန္ဓာကိုယ်က အဖြူရောင်အလင်း တောက်ပလာပြီး ဘဲဥပုံ ဒိုင်းကာတစ်ခု ထွက်ပေါ်လာသည်။ ၎င်းသည် အခြား ကောင်းကင်ဧကရာဇ်များ၏ နတ်ဘုရားဒိုင်းများကဲ့သို့ တောက်ပနေ၏။
ကျန်းရီသည် နတ်ဘုရားဒိုင်းကို ကြည့်လိုက်ပြီး ၎င်းက အားနည်းလွန်းနေသေးသည်ဟု ခံစားလိုက်ရ၏။ သူ့တွင် မိုးကြိုးမီးနတ်ဘုရားဒိုင်း ရှိနေပြီဖြစ်၍ ယခုဒိုင်းက အသုံးမဝင်ပေ။ မိုးကြိုးမီးနတ်ဘုရားဒိုင်းက မခံနိုင်သည့် တိုက်ခိုက်မှုကို ယခုဒိုင်းကလည်း ခံနိုင်မည် မဟုတ်ပေ။ သူ၏နတ်ဘုရားဒိုင်းက အလွယ်တကူ ပျက်စီးသွားပြီး သူ သေသွားမည်သာ။
ကျန်းရီသည် နတ်ဘုရားဒိုင်းကို လေ့လာပြီးနောက် စိတ်ထဲတွင် အစ်မကြီးဆည်းလည်း၏ ကိစ္စကို ပြန်စိုးရိမ်လာ၏။ အတွင်းအား ကျင့်ကြံခြင်းက အလွန်နှေးကွေးနေပြီး တာအိုပုံသဏ္ဌာန်ပေါင်းစည်းမှုကလည်း တိုးတက်မလာသဖြင့် သူ ဧကရာဇ်နန်းတော်အပြင်ကို ပြန်ထွက်ကာ အနားယူရန် ဆုံးဖြတ်လိုက်သည်။
ဤတစ်ခေါက်တွင် စစ်ထူရီရှောင်နှင့် ဟွမ်ဖူထောင်ထျန်းတို့က ကျန်းရဲတိုက်၏ အတွင်းခြံဝန်းထဲတွင် လက်ဖက်ရည်သောက်ရင်း နေစာလှုံနေသည်ကို တွေ့လိုက်ရသဖြင့် ကျန်းရီ အံ့ဩသွားသည်။ စစ်ထူရီရှောင်သည် ကျန်းရီ ထွက်လာသည်ကို မြင်လိုက်သောအခါ ထရပ်၍ ပြုံးလိုက်သည်။
“အစ်ကိုဟွမ်ဖူ.... ကျွန်တော်မှန်းတာ မလွဲဘူးမလား။ ကျန်းရီရဲ့ ပါရမီနဲ့ဆိုရင် နတ်ဘုရားဒိုင်းကို လေ့လာဖို့ နှစ်ရက်တောင် လိုမှာ မဟုတ်ဘူးဆိုတာ...”
“အဲ့ကောင်လေးက တကယ့်ကို ထူးဆန်းတဲ့ကောင်ပဲ”
ဟွမ်ဖူထောင်ထျန်းက ခါးသက်သက် ရယ်လိုက်သည်။ ကျန်းရီက ကျောက်ခုံတွင် ဝင်ထိုင်လိုက်ပြီး မျက်လုံးပင့်ကာ ပြောလိုက်၏။
“ကျွန်တော့်ရဲ့ ပါရမီအဆင့်ကာ ဘာလဲဗျ။ ကျွန်တော် တာအိုပုံသဏ္ဌာန်တွေကို ပေါင်းစည်းနိုင်ဖို့ ကြိုးစားနေတာ တစ်နှစ်ရှိပြီ... အခုထိ မအောင်မြင်သေးဘူး။ ကြည့်ရတာ တစ်သက်လုံး လုပ်နိုင်မယ် မထင်ပါဘူး”
“တာအိုပုံသဏ္ဌာန်ပေါင်းစည်းတာလား”
စစ်ထူရီရှောင်က ခေတ္တမျှ တွေးတောလိုက်ပြီး ရုတ်တရက် ပြောလိုက်သည်။
“လာ..ကျန်းရီ... အစ်ကို ညီလေးကို အစ်ကိုတို့မျိုးနွယ်ရဲ့ ဆန်းကြယ်နယ်မြေကို ခေါ်သွားမယ်။ အဲ့မှာ ညီလေး သိမြင်နားလည်နိုင်မလားဆိုတာတော့ ညီလေးရဲ့ ကံတရားအပေါ်ပဲ မူတည်တယ်”
“ဆန်းကြယ်နယ်မြေ... အဲ့ဒါက မသင့်တော်လောက်ပါဘူး...”
ကျန်းရီ တုံ့ဆိုင်းနေ၏။ ယင်းက စစ်ထူမျိုးနွယ်၏ ဆန်းကြယ်နယ်မြေဖြစ်သည်။ သူသည် စစ်ထူမျိုးနွယ်အပေါ်တွင် ကျေးဇူးကြွေးတစ်ခု တင်နေပြီဖြစ်သည်။ အကယ်၍ စစ်ထူရီရှောင်သာ သူ့အတွက် မျိုးနွယ်စည်းမျဉ်းကို ချိုးဖောက်လိုက်လျှင် သူသည် ထိုကိစ္စအတွက် အားတုံ့အားနား ဖြစ်ရပေလိမ့်မည်။
စစ်ထူရီရှောင်က လက်ခါကာ ပြောလိုက်သည်။
“ဒါက ဘာမှ မဟုတ်ပါဘူး။ မျိုးနွယ်တိုင်းမှာ အဲ့လိုဆန်းကြယ်နယ်မြေမျိုး ရှိကြပါတယ်။ ဟွမ်ဖူမျိုးနွယ်မှာလည်း တစ်ခုရှိတယ်... အဲ့ဒါက အဲ့လောက်ကြီး တန်ဖိုးမကြီးပါဘူး။ ပြီးတော့ အစ်ကိုက ညီလေးကို ပထမထပ်ကိုပဲ ခေါ်သွားနိုင်မှာပါ။ ဒုတိယထပ်ကို ဝင်ဖို့က အကြီးအကဲခန်းမရဲ့ ခွင့်ပြုချက်လိုတယ်”
“အာကာပြင် တိုက်ပွဲနယ်မြေလား...”
ဟွမ်ဖူထောင်ထျန်းက စိတ်ဝင်စားသော လေသံဖြင့် မေးလိုက်သည်။ စစ်ထူရီရှောင်က ခေါင်းညိတ်ပြလိုက်သောအခါ သူက ဖျောင်းဖျသော လေသံဖြင့် ပြောလိုက်လေသည်။
“ကျန်းရီ... မျိုးနွယ်တော်တော်များများမှာ အဲ့လို ဆန်းကြယ်နယ်မြေမျိုးတွေ ရှိကြပါတယ်။ အဲ့နယ်မြေတွေက ပညာရှင်တွေရဲ့ တိုက်ပွဲတွေကို လေ့လာနိုင်ဖို့ပဲ... ပညာရှင်တွေရဲ့ တိုက်ပွဲတွေကို ချိပ်စည်းကျောက်တုံးတွေနဲ့ မှတ်တမ်းတင်ထားတာ။ အဲ့ဒါက တကယ်ပဲ အဲ့လောက်ကြီး တန်ဖိုးမကြီးပါဘူး။ ညီလေး တစ်ချက်လောက်သွားကြည့်လို့ ရပါတယ်...”
“ပညာရှင်တွေရဲ့ တိုက်ပွဲတွေလား”
ကျန်းရီ စိတ်ဝင်စားသွား၏။ ရှန်းစီပင်လယ်တွင် သူ တာအိုပုံသဏ္ဌာန် ခြောက်ခုကို ပေါင်းစည်းနိုင်ခဲ့ခြင်းမှာ ချင်လုံနှင့် ဟွမ်ဖူထောင်ထျန်းတို့၏ တိုက်ပွဲကို လေ့လာသုံးသပ်ခဲ့ရရ၍ ဖြစ်သည်။ အကယ်၍ သူသာ ပညာရှင်များ၏ တိုက်ပွဲများကို လေ့လာနိုင်လျှင် ဉာဏ်အလင်းထပ်ပွင့်သွားကာ တာအိုပုံသဏ္ဌာန်များကို အပြည့်အဝ ပေါင်းစည်းနိုင်လောက်ပေသည်။
“အစ်ကိုဟွမ်ဖူရော အတူလိုက်ပြီး လေ့လာချင်ပါသလား”
စစ်ထူရီရှောင်က ကျန်းရီ သဘောတူလိုက်သည်ကို တွေ့လိုက်သောအခါ ဟွမ်ဖူထောင်ထျန်းဘက်သို့ လှည့်ကာ မေးလိုက်သည်။
“ကျွန်တော်တို့ရဲ့ အာကာပြင် တိုက်ပွဲနယ်မြေက ဟွမ်ဖူမျိုးနွယ်ကဟာနဲ့ မတူလောက်ဘူး။ အစ်ကိုလည်း အဲ့ကိုသွားလေ့လာရင် တစ်ခုခုတော့ သိမြင်နားလည်လာနိုင်မှာပဲ”
“ဟုတ်တယ်...”
ဟွမ်ဖူထောင်ထျန်းက စေတနာကို ငြင်းရန် မကြိုးစားတော့ပေ။ သူသည်လည်း ကျင့်ကြံခြင်းတွင် တစ်နေပေသည်။ မဟုတ်လျှင် သူသည် လွန်ခဲ့သောရက်အနည်းငယ်က စစ်ထူရီရှောင်နှင့်အတူ အပြင်သို့ ထွက်သွားမည် မဟုတ်ပေ။ ယခုလိုလည်း နေစာလှုံနေမည် မဟုတ်ချေ။ ထို့နောက်တွင် သူတို့သုံးယောက် ထရပ်လိုက်ပြီး ကျန်းရဲတိုက်မှ ထွက်သွားလိုက်ကြကာ အတွင်းခြံဝန်းထဲရှိ ရဲတိုက်တစ်ခုသို့ ဦးတည်သွားလိုက်ကြသည်။
တိုက်ပွဲရဲတိုက်...
ဆယ့်ငါးမိနစ်ကြာပြီးနောက် ကျန်းရီတို့သုံးယောက်သည် အလယ်အလတ်အရွယ်အစားရှိသော ရဲတိုက်တစ်ခုသို့ ရောက်လာကြသည်။ စစ်ထူရီရှောင်က ကျန်းရီနှင့် ဟွမ်ဖူထောင်ထျန်းတို့ကို အတွင်းသို့ ဦးဆောင်ခေါ်သွား၏။ ထို့နောက် သူက ပထမထပ်၏ အစောင့်အကြီးအကဲကို ပြောလိုက်သည်။
“ဦးလေးတိ.. အကာအရံကို ဖွင့်လိုက်ပြီး အာကာပြင် တိုက်ပွဲနယ်မြေထဲကို ပို့ပေးပါ”
***