ရေဆုန်မျောသွားသော မျှော်လင့်ချက်များ
Vol. 60 Ch. 825
ရွှီး...
စစ်ထူရီရှောင်က အတွင်းအား ထုတ်လွှတ်လိုက်ရာ ကောင်းကင်သည် ရုတ်ခြည်း လင်းလက်သွား၏။ ထို့နောက်တွင် သူတို့သုံးယောက် အပြင်သို့ ပြန်ရောက်သွားကြသည်။ ကြည့်ရှုရန် တိုက်ပွဲမှတ်တမ်းများ ကျန်သေးသော်လည်း ကျန်းရီသည် ထိုတိုက်ပွဲများကို ကြည့်နိုင်မည့် စိတ်အခြေအနေတွင် မရှိပေ။
“ကျန်းရီ... အရင်ဆုံး အပြင် ပြန်ထွက်ကြတာပေါ့”
အပြင်သို့ ရောက်သောအခါ စစ်ထူရီရှောင်က ကျန်းရီထံ အသံပို့လွှတ်၍ စိတ်ရှည်ရှည်ထားရန် ပြောလိုက်သည်။ သူတို့ တိုက်ပွဲရဲတိုက်မှ ထွက်သွားပြီးနောက်တွင် သူ ထပ်မံ၍ အသံပို့လွှတ်လိုက်၏။
“ဒီမှတ်တမ်းတွေ ဒီမှာရှိနေတာ နှစ်နည်းနည်းလောက် ကြာလောက်ပြီ။ အဲ့မိန်းမပျိုက ဘယ်သူလဲဆိုတာ အစ်ကို မသိဘူး။ အစ်ကို စုံစမ်းကြည့်လိုက်ပါမယ်။ ညီလေး အရင် ပြန်သွားလိုက်ပါ။ အစ်ကို စုံစမ်းလို့ရရင် လာပြောပြပါမယ်”
“ဟုတ်ကဲ့...”
ကျန်းရီက ခေါင်းညိတ်လိုက်ပြီး ချက်ချင်း အသံပြန်ပို့လွှတ်လိုက်သည်။
“သူနဲ့အတူ ရှိနေတဲ့ အဘိုးအိုအကြောင်းကိုလည်း စုံစမ်းပေးပါ။ တိုက်ပွဲက ကောင်းကင်မိုးကြိုးမြို့မှာ ဖြစ်ခဲ့တာပဲ။ ပြီးတော့ လုမျိုးနွယ်က လူတွေလည်း အဲ့အဘိုးအိုကြောင့် သေသွားခဲ့တယ်။ သူ့ရဲ့ တိုက်ခိုက်စွမ်းအားက တော်တော် ကောင်းမှာပဲ။ ဒီကိစ္စကို မျိုးနွယ်ကြီးတွေအကုန်လုံးက မှတ်တမ်းတင်ထားလောက်မယ်လို့ ကျွန်တော်ထင်တယ်။ အစ်ကို ရနိုင်သမျှ သတင်းအချက်အလက်တွေ အကုန်လုံးကို စုံစမ်းပေးပါ။ ကျွန်တော် အစ်ကို့ကိုပဲ ဒုက္ခပေးရတော့မှာပဲ”
စစ်ထူရီရှောင်သည် ကျန်းရီက အလွန်အလေးအနက်ဖြစ်နေကြောင်း တွေ့သောအခါ ခေါင်းညိတ်၍ အလေးအနက် ပြန်ပြောလိုက်၏။
“အစ်ကို အကောင်းဆုံး လုပ်မှာပါ”
ထို့နောက်တွင် စစ်ထူရီရှောင်က ခပ်သုတ်သုတ် ထွက်သွားလေသည်။ ကျန်းရီသည် စိတ်လှုပ်ရှားမှုကြောင့် အတန်ငယ် တုန်ယင်နေဆဲပင်။ ရီဖျောင်ဖျောင်သည် ယခင်တုန်းက အပြစ်သားကျွန်းသို့ ရောက်လာခဲ့ခြင်းလော။ သူမ ဤသို့ ရောက်လာခဲ့စဉ်က အလွန်ငယ်ရွယ်သေးပုံပေါ်၏။ ထိုစဉ်က သူမသည် ကောင်းကင်ကြယ်တာရာနယ်မြေသို့ပင် မရောက်ဖူးလောက်သေးပေ။ သူမဘေးမှ အဘိုးအိုက အလွန်စွမ်းအားကြီးသည်။ အကယ်၍ သူတို့သာ ထိုအဘိုးအိုက မည်သူဖြစ်ကြောင်း သိရလျှင် ရီဖျောင်ဖျောင်က မည်သူဖြစ်သည်ကိုလည်း ရှင်းလင်းသွားပေလိမ့်မည်။
ဟွမ်ဖူထောင်ထျန်းကလည်း ကျန်းရီကိုကြည့်၍ အသံပို့လွှတ်လိုက်သည်။
“ကျန်းရီ... အရင်ဆုံး ပြန်သွားကြစို့။ အဲ့အဘိုးအိုက အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်ဆယ်ယောက်ကျော်ကိုတောင် လက်ဝါးရိုက်ချက် တစ်ချက်တည်းနဲ့ သတ်ပစ်နိုင်ခဲ့တာဆိုတော့ နတ်ဘုရားတစ်ပိုင်းအဆင့်ကိုတောင် ရောက်နေလောက်ပြီလို့ အစ်ကိုထင်တယ်။ သူက အရှေ့ဘက် တော်ဝင်နယ်မြေမှာ သေချာပေါက် နာမည်ကြီးနေဦးမှာပါ။ အစ်ကို ဒီတိုက်ပွဲအကြောင်းကို တစ်ခါမှ မကြားဖူးပေမယ့် မျိုးနွယ်ကြီးတွေမှာတော့ သေချာပေါက် မှတ်တမ်းတွေ ရှိမှာပါ။ သူ့အကြောင်းကို စုံစမ်းဖို့ လွယ်လောက်ပါတယ်”
“ဟုတ်... ကျွန်တော်တို့ ပြန်ရောက်မှ ဆက်ဆွေးနွေးကြတာပေါ့”
ကျန်းရီက ခေါင်းညိတ်လိုက်ပြီး ဟွမ်ဖူထောင်ထျန်းနှင့်အတူ ကျန်းရဲတိုက်သို့ ပြန်သွားလေသည်။ အပြင်ဘက်တွင် မှောင်နေပြီဖြစ်သည်။ ဖုန်းလန်နှင့် ချင်းယွီတို့က ကျန်းရီ ပြန်လာမည်ကို စောင့်နေကြ၏။ သူမတို့သည် ကျန်ရီတစ်ယောက် စိတ်လှုပ်တရှားဖြင့် ပြန်ရောက်လာသည်ကို တွေ့သောအခါ အကြောင်းကို မေးလိုက်၏။ သို့သော် ကျန်းရီက သူမတို့ကို ပြန်မဖြေဘဲ စိတ်ရှည်ရှည်ထားရန်သာ ပြောလိုက်သည်။ ထို့နောက် သူသည် ခြံဝန်းထဲတွင် တစ်ယောက်တည်း ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေကာ စစ်ထူရီရှောင် ရောက်လာမည်ကို စောင့်ဆိုင်းနေလေသည်။
နှစ်နာရီကြာပြီးနောက်...
စစ်ထူရီရှောင် ရောက်လာ၏။ သို့သော် သူ၏မျက်နှာထားက မကောင်းပေ။ ကျန်းရီက သူ့ကို မျှော်လင့်တကြီး ကြည့်နေသည်ကို မြင်လိုက်သောအခါ သူ သက်ပြင်းသဲ့သဲ့ ချလိုက်ပြီး ပြန်ပြောလိုက်သည်။
“ကျန်းရီ... အစ်ကို မှတ်တမ်းတွေအများကြီးကို ကြည့်ခဲ့တယ်။ အစ်ကို့အဖေနဲ့ အကြီးအကဲတချို့ကိုလည်း လိုက်မေးခဲ့တယ်။ ဒီကိစ္စက ရှင်းပါတယ်။ အရင်တုန်းက အဲ့တိုက်ပွဲကြောင့် အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့တာပဲ... ဒါပေမဲ့ အဲ့လူနှစ်ယောက်က ဘယ်သူတွေလဲဆိုတာကို ဘယ်သူမှ မသိကြဘူး။ စစ်ထူမျိုးနွယ်တင်မဟုတ်ဘူး ရှန်းစီမျိုးနွယ်စုတစ်ခုလုံးလည်း အဲ့လူနှစ်ယောက်ကို မသိကြဘူးတဲ့...”
“ဗျာ...”
ကျန်းရီ မျက်နှာညှိုးသွားပြီး အလေးအနက် မေးလိုက်သည်။
“အဲ့အဘိုးအိုက တော်တော် စွမ်းအားကြီးတာပဲ... ဘယ်လိုလုပ် မထင်မရှားလူတစ်ယောက် ဖြစ်နိုင်မှာလဲ။ ရှန်းစီမျိုးနွယ်စုက အရှေ့ဘက် တော်ဝင်နယ်မြေက စွမ်းအားကြီး သိုင်းပညာရှင်တွေအကြောင်းကို သိတယ်မလား”
“စိတ်ရှည်ရှည်ထားပါ... အစ်ကို ညီလေးကို အသေးစိတ် ပြောပြပါမယ်”
စစ်ထူရီရှောင်က ခါးသက်သက် ပြုံးလိုက်ပြီး ပြောလိုက်သည်။
“အဲ့ဆန်းကြယ်တဲ့ မိန်းမပျိုနဲ့ အဘိုးအိုက လွန်ခဲ့တဲ့နှစ်(၂၀)က မျိုးနွယ်စုကို ရောက်လာခဲ့တာ။ သူတို့က အနောက်ဘက် ဝင်လာကြပြီး နဂါးဖြူကျွန်းဆွယ်ကို တန်းတန်းမတ်မတ်သွားခဲ့တယ်။ အစပိုင်းမှာ သူတို့က ကောင်းကင်ကျောက်တုံးတွေပေးပြီး မျိုးနွယ်စုမှာ လွတ်လွတ်လပ်လပ် သွားလာနေခဲ့တာပဲ။ ဒါပေမဲ့ သူတို့က ကောင်းကင်မိုးကြိုးမြို့က မိုးကြိုးစုဝေးအစီအရင်ကို စိတ်ဝင်စားခဲ့တဲ့ပုံပဲ... အဲ့ဒါကြောင့် သူတို့ ကောင်းကင်မိုးကြိုးမြို့ကို သွားခဲ့ကြတာ...”
“မိန်းမပျိုက အရမ်းလှတယ်.. အဘိုးအိုက စွမ်းအားကြီးပေမယ့် မိန်းမပျိုရဲ့ အစေခံအိုကြီးလို့ ယူဆရတယ်။ ကောင်းကင်မိုးကြိုးကျွန်းက ကျွန်တွေက အဲ့လိုမိန်းမလှလေးတစ်ယောက်ကို တွေ့ကြတော့ မကောင်းတဲ့စိတ်တွေ ဝင်လာကြတာပေါ့။ နောက်ဆုံးကျ မိန်းမပျိုက မြို့ထဲမှာ လူတစ်ဒါဇင်ကျော်လောက်ကို သတ်ပစ်ခဲ့တယ်။ ညီလေးလည်း ကောင်းကင်မိုးကြိုးမြို့မှာ နေခဲ့ဖူးတာပဲ... မြို့ထဲမှာ အကြမ်းဖက်မှုကို ခွင့်မပြုဘူးလေ။ အဲ့ဒါကြောင့် လုမျိုးနွယ်က လူတွေက ဒေါသထွက်ပြီး သူတို့ကို တိုက်ခိုက်ခဲ့ကြတာပဲ။ အဲ့တိုက်ပွဲက အစ်ကိုတို့ ကြည့်ခဲ့ရတဲ့ တိုက်ပွဲပဲ။ အဲ့အချိန်တုန်းက လုမျိုးနွယ်ရဲ့ အကြီးအကဲတစ်ဒါဇင်ကျော်က မိုးကြိုးစုဝေးအစီအရင်ကို သုံးခဲ့ကြတယ်။ ဒါပေမဲ့ သူတို့အားလုံး အဲ့အဘိုးအိုရဲ့ လက်ဝါးရိုက်ချက်တစ်ချက်ကြောင့် ဒဏ်ရာတွေ ရသွားခဲ့တယ်။ ဘယ်သူမှတော့ အသက်မသေခဲ့ဘူးတဲ့... အဲ့အဘိုးအိုက သူတို့ကို ညှာခဲ့တဲ့ပုံပဲ...”
“အဲ့အဘိုးအိုက သူတို့ကို ဒဏ်ရာရအောင် တိုက်ခိုက်ပြီးတော့ ဘာကိုမှ မစိုးရိမ်တဲ့ပုံနဲ့ မိန်းမပျိုနဲ့အတူ ရှန်းစီမျိုးနွယ်စုတစ်ခွင်လုံးမှာ ပေါ်ပေါ်ထင်ထင် လှည့်ပတ်သွားခဲ့တယ်တဲ့။ အဲ့ဒါကြောင့် လုမျိုးနွယ်က အကြီးအကဲနှစ်ယောက်နဲ့ တခြားမျိုးနွယ်က အကြီးအကဲတွေ လှုပ်ရှားခဲ့ကြတယ်။ စွမ်းအားကြီးတဲ့ သူစိမ်းသိုင်းပညာရှင်နှစ်ယောက်က သူတို့ရဲ့ နယ်မြေထဲကို ကျူးကျော်လာတာ မလား။ အဲ့သူစိမ်းနှစ်ယောက်က ဧကရာဇ်ကိုးပါးမျိုးနွယ်စုက ဖြစ်နေရင် ဘယ်လိုလုပ်မလဲလို့ သူတို့ တွေးခဲ့ကြမှာပေါ့...”
“လုမျိုးနွယ်က အကြီးအကဲနှစ်ယောက်က မိန်းမပျိုနဲ့ အဘိုးအိုကို ရှန်းစီပင်လယ်ပြင်မှာ တားခဲ့တယ်။ လဲ့မျိုးနွယ်ခေါင်းဆောင်နဲ့ နန်ကုန်းမျိုးနွယ်ခေါင်းဆောင်တို့တောင် အဲ့တိုက်ပွဲကို ကြည့်ခဲ့ကြတယ်။ နောက်ဆုံးကျတော့ လုမျိုးနွယ်က အကြီးအကဲနှစ်ယောက် အဘိုးအိုရဲ့ လက်ဝါးရိုက်ချက်ကို ခံလိုက်ကြရတာပါပဲ။ ဒါပေမဲ့ သူတို့ မသေခဲ့ဘူး။ အဘိုးအိုက ညှာခဲ့တာလား ဒါမှမဟုတ် သေအောင် မသတ်နိုင်တာလားဆိုတာတော့ ဘယ်သူမှ မသိဘူး။ လဲ့မျိုးနွယ်ခေါင်းဆောင်က နဂါးကိုးကောင် နတ်ဘုရားသုတ်သင်အစီအရင်ကိုသုံးပြီး အဲ့အဘိုးအိုကို ဖမ်းတော့မယ့်အချိန်မှာပဲ အဘိုးအိုက မိန်းမပျိုကို ခေါ်ပြီးတော့ မယုံနိုင်လောက်အောင် လျင်မြန်တဲ့အရှိန်နဲ့ ကောင်းကင်ပေါ်ကို ပျံတက်သွားခဲ့တယ်။ သူတို့က အစီအရင် နိုးထမလာခင်မှာပဲ ရှန်းစီမျိုးနွယ်စုက ထွက်သွားခဲ့ပြီ...”
“အဲ့နောက်တော့ မျိုးနွယ်(၁၃)ခုစလုံးက သူတို့ကို ရှာဖို့ အရှေ့ဘက် တော်ဝင်နယ်မြေနဲ့ ဆန်းကြယ်နယ်မြေကို ထောက်လှမ်းရေးတွေ အများကြီး စေလွှတ်ခဲ့ကြတယ်။ မှတ်တမ်းမှတ်ရာတွေထဲမှာလည်း သူတို့အကြောင်း ရှိမလားဆိုပြီး ရှာခဲ့ကြတယ်။ ဒါပေမဲ့... သူတို့နဲ့ ပတ်သတ်တဲ့ ဘာသတင်းအချက်အလက်မှ မတွေ့ခဲ့ဘူး။ အစ်ကိုတို့ တစ်ခုတော့ သေချာပြောနိုင်တယ်... သူတို့က ဧကရာဇ်ကိုးပါးမျိုးနွယ်စုက မျိုးဆက်တွေ မဟုတ်ဘူး။ သူတို့က ဒီအတိုင်း ရုတ်တရက်ကြီး ထွက်ပေါ်လာသလိုမျိုးပဲ။ နောက်ပိုင်း သူတို့က အရှေ့ဘက် တော်ဝင်နယ်မြေနဲ့ ရှန်းစီမျိုးနွယ်စုမှာ ထပ်ပေါ်မလာတော့ဘူး။ အဲ့ဒါကြောင့် အဲ့ကိစ္စက မတင်မကျနဲ့ဘဲ ကျန်ခဲ့တယ်။ နောက်တော့ မျိုးနွယ်(၁၃)ခုက အဲ့ကိစ္စအကြောင်းကို မဆွေးနွေးကြဖို့ ကန့်သတ်လိုက်တယ်။ အဲ့ကိစ္စသာ ပေါက်ကြားသွားရင် မျိုးနွယ်(၁၃)ခုရဲ့ ဂုဏ်သိက္ခာကျဆင်းသွားမယ်မလား။ အဲ့အကြောင်းကို အပြင်လူတွေနည်းနည်းပဲ သိလေ၊ ကောင်းလေပဲလေ။ အစ်ကိုတောင် မှတ်တမ်းတွေအကုန်လုံးကို စေ့စေ့စပ်စပ်လိုက်မရှာခဲ့ဘူးဆိုရင် ဒီအကြောင်းတွေကို သိနိုင်ခဲ့မှာ မဟုတ်ဘူး”
“အာ...”
ဟွမ်ဖူထောင်ထျန်းသည်လည်း ထိုအကြောင်းကို ယခုမှ ပထမဆုံးအကြိမ် ကြားဖူးခြင်းပင်။ ထို့ကြောင့် သူ အံ့အားသင့်နေပေသည်။ ထူးဆန်းသည်က ထိုအဘိုးအို၏ တိုက်ခိုက်စွမ်းအား မဟုတ်ဘဲ မျိုးနွယ်(၁၃)ခုက ထိုကဲ့သို့ စွမ်းအားကြီးသူတစ်ယောက်၏ အကြောင်းကို မစုံစမ်းနိုင်ခြင်းဖြစ်သည်။
ကျန်းရီသည်လည်း အံ့အားသင့်သွား၏။ သူ၏ စိတ်လှုပ်ရှားမှုက ရေအေးနှင့် အပက်ခံလိုက်ရသကဲ့သို့ တုံ့ဆိုင်းသွားသည်။ ရီဖျောင်ဖျောင်က မည်သူဖြစ်ကြောင်း အလွယ်တကူ စုံစမ်းနိုင်ပြီး သူမကို ရှာတွေ့နိုင်လိမ့်မည်ဟု သူ ထင်ခဲ့သည်။ သူ၏ မျှော်လင့်ချက်များ ရေဆုန်မျောသွားလိမ့်မည်ဟု သူ မထင်ခဲ့ချေ။
စစ်ထူရီရှောင်သည် ကျန်းရီ၏မျက်လုံးများထဲမှ စိတ်ပျက်မှုကို မြင်လိုက်သောအခါ သက်ပြင်းသဲ့သဲ့ချလိုက်ပြီး နှစ်သိမ့်လိုက်လေသည်။
“ကျန်းရီ... အဲ့အဘိုးအိုရဲ့ တိုက်ခိုက်စွမ်းအားက တော်တော်ကြီးတယ်။ သူက သေချာပေါက် နတ်ဘုရားတစ်ပိုင်းအဆင့်ကို ရောက်နေလောက်ပြီ... အဲ့တော့ အသက်(၅၀၀)လောက်အထိ အသာလေးနေနိုင်မှာပဲ။ ပြီးတော့ သူက မြန်လွန်းတယ်... လဲ့မျိုးနွယ်ခေါင်းဆောင်တောင် သူ့ကို မတားနိုင်ခဲ့ဘူး။ သူ သေချာပေါက် အသက်ရှင်နေဦးမှာပါ။ သူ အသက်ရှင်နေသေးတယ်ဆိုရင် သူ့ကို ရှာတွေ့နိုင်ဖို့ မျှော်လင့်ချက် ရှိပါသေးတယ်။ အို့ ဟုတ်သား... ညီလေးရဲ့ အဲ့မိန်းမပျိုကြားမှာ ဘာပတ်သတ်မှုတွေ ရှိလို့လဲ”
ဟွမ်ဖူထောင်ထျန်းကလည်း ကျန်းရီကို စိတ်ဝင်တစား ကြည့်လိုက်သည်။ ထိုမိန်းမပျိုနှင့် နတ်ဘုရားတစ်ပိုင်း အဘိုးအိုကြားတွင် ပုံမှန်မဟုတ်သော ပတ်သတ်မှုရှိကြောင်း သေချာ၏။ အကယ်၍ ကျန်းရီသာ ထိုမိန်းမပျိုနှင့် ပတ်သတ်မှုရှိလျှင် ထိုနတ်ဘုရားတစ်ပိုင်း အဘိုးအိုနှင့်လည်း ပတ်သတ်မှု ရှိနိုင်ပေသည်။
ကျန်းရီက သူတို့ကို ကြည့်လိုက်ပြီး ခေတ္တမျှ တိတ်ဆိတ်နေသည်။ ထို့နောက်မှ သူ ခပ်တိုးတိုး ပြောလိုက်သည်။
“အဲ့မိန်းမပျိုက... ကျွန်တော့်ရဲ့ အမေပါ။ အစ်ကိုတို့ ဒီကိစ္စကို လျှို့ဝှက်ထားပေးလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်”
“အာ...”
စစ်ထူရီရှောင်နှင့် ဟွမ်ဖူထောင်ထျန်းတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ သူတို့၏မျက်လုံးများထဲတွင် အံ့အားသင့်မှုများ ပြည့်နှက်သွား၏။ ကျန်းရီတွင် ထိုသို့သော နောက်ကြောင်းမျိုး ရှိလိမ့်မည်ဟု သူတို့ မထင်ထားပေ။ ထိုစဉ် စစ်ထူရီရှောင်က တစ်စုံတစ်ခုကို အမှတ်ရသွားပြီး နူးညံ့စွာ မေးလိုက်သည်။
“အဲ့မိန်းမပျိုက ရီဖျောင်ဖျောင်တော့ မဟုတ်ပါဘူးနော်...”
“ဟုတ်တယ်... သူက ရီဖျောင်ဖျောင်ပဲ”
ကျန်းရီ ခေါင်းညိတ်လိုက်ပြီး ညှိုးငယ်သော မျက်နှာထားဖြင့် ပြောလိုက်သည်။ ချမ်ဝမ်ကွမ်း၏ စွမ်းဆောင်ချက်ကြောင့် ရီဖျောင်ဖျောင်၏အမည်က အရှေ့ဘက် တော်ဝင်နယ်မြေတစ်ခုလုံးတွင် ကျော်ကြားနေပြီဖြစ်သည်။ အကယ်၍ သူမသာ အရှေ့ဘက် တော်ဝင်နယ်မြေတွင် ပုန်းအောင်းနေခြင်းဖြစ်လျှင် သေချာပေါက် ထိုအကြောင်းကို သိပြီးလောက်ပေပြီ။ သူမသည် နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက်နှင့် သိသဖြင့် သူမသာ ရှန်းစီမျိုးနွယ်စုကို လာလိုလျှင် ရောက်လာပြီးလောက်ပေပြီ။ သူမကိုယ်တိုင် မလာလျှင်ပင် တစ်စုံတစ်ယောက်ကို စေလွှတ်၍ သူ့ကို ဆက်သွယ်နိုင်သည်။
သို့သော် ချမ်ဝမ်ကွမ်းသည် ထိုကိစ္စနှင့်ပတ်သတ်၍ မည်သည့်သတင်းမှ မရခဲ့ချေ။ ထို့ကြောင့် ရီဖျောင်ဖျောင်က သေဆုံးသွားခြင်း သို့မဟုတ် အရှေ့ဘက် တော်ဝင်နယ်မြေတွင် မရှိခြင်းဟု သုံးသပ်နိုင်ပေသည်။
“ယွီဝမ်လား...”
ကျန်းရီ အကြံတစ်ခုရလိုက်၏။ ထိုအဘိုးအိုက ယွီဝမ်လော။ သူ့ရင်ထဲတွင် မျှော်လင့်ချက် ပြန်တောက်လောင်လာသည်။ ယခုတွင် သူသည် ရှန်းစီမျိုးနွယ်စုမှ ချက်ချင်းထွက်သွားပြီး အရှေ့ဘက် တော်ဝင်နယ်မြေသို့သွား၍ ယွီဝမ်ကို ရှာကာ ရီဖျောင်ဖျောင်၏အကြောင်းကို မေးလိုနေပေသည်။