ပြိုင်ဘက်တစ်ယောက်၏ ရုတ်တရက် အလည်အပတ်လာရောက်မှု
Vol. 4 Ch. 46
အခန်း (၄၆) : ပြိုင်ဘက်တစ်ယောက်၏ ရုတ်တရက် အလည်အပတ်လာရောက်မှု
ရုတ်တရက် အချိန်နှစ်နှစ်က တိတ်ဆိတ်စွာ ကုန်ဆုံးသွားပြီး ဝမ်ဝေ့လည်း အသက် ၁၃ နှစ်သို့ ရောက်ရှိသွားပြီဖြစ်သည်။ လွန်ခဲ့သော နှစ်နှစ်အတွင်း တာအိုအခွင့်အလမ်းဂိုဏ်းက အပြင်ပန်းတွင် တည်ငြိမ်တိတ်ဆိတ်နေပုံပေါ်သည်။ မဟာကျိုးတော်ဝင် တိုင်းပြည်လည်း အတူတူပင် ဖြစ်သည်။
စွမ်းအားကြီးကျင့်စဉ် တစ်ခုဖြစ်သော ရှေးဟောင်းခန္ဓာသန့်စင်ကျမ်း ဘယ်မှာရှိနေလဲဆိုသော ထိတ်လန့်စရာကောင်းသော သတင်းက မြစ်ထဲတွင် နစ်မြုပ်သွားသော ကျောက်တုံးတစ်တုံး၏ အဖြစ်နှင့် တူသည်။
အခြေအနေက တစ်ပုံစံတည်းဖြစ်နေခဲ့တာ အတော်လေး ကြာနေပြီဖြစ်သည်။ သို့သော် ယနေ့ တာအိုအခွင့်အလမ်းဂိုဏ်းမှ လူများအတွက် ကွဲပြားပြီး ပိုမိုစိတ်လှုပ်ရှားဖို့ ကောင်းနေပုံရသည်။
ဝမ်ဝေ့က သူ၏ ဂျင်ဆင်းအားဖြည့်ဆေးကို သောက်သုံးနေရင်း ရှားပါးသော အားလပ်ရက်လေးကို ခံစားပျော်ရွှင်နေစဉ် အစေခံခေါင်းဆောင် ဝမ်ကျူက သတင်းအသစ်နှင့်အတူ ဝင်ရောက်လာသည်။
ဝမ်ကျူက ဝမ်မိသားစု၏ နေအိမ်ထဲသို့ ဝင်လာကာ ထုံးစံအတိုင်း အရိုအသေပေးပြီးနောက် သူမ ရရှိထားသော အချက်အလက်ကို တင်ပြလိုက်သည်။
ဝမ်ဝေ့က လက်ထဲရှိ အချက်အလက်ကို အာရုံစိုက်နေစဉ် ဝမ်ကျူက ဂိုဏ်းချုပ်ငယ်လေးကို စိုက်ကြည့်နေသည်။
နှစ်နှစ်အတွင်း သူ အများကြီး ပြောင်းလဲသွားခဲ့သည်။ ခန္ဓာကိုယ်က ပိုမိုပိန်ပါးလာပြီး အသားအရည်က ပိုမိုဖျော့တော့လာသည်။ မျက်လုံးအောက်မှာလည်း မျက်ကွင်းညိုနေသည်။ ယေဘုယျအားဖြင့် သူက ဖျားနာပြီး သေတော့မည့် ယောက်ျားတစ်ယောက်၏ အသွင်ကို ဆောင်နေသည်။
သို့သော် ထိုအရာများက ပြင်ပပြောင်းလဲမှုများ ဖြစ်ကြောင်းကို ဝမ်ကျူသိသည်။
သဘာဝလွန် နယ်ပယ်အဆင့်သို့ ရောက်ရှိနေသော ကျင့်ကြံသူတစ်ယောက်အနေဖြင့် ဂိုဏ်းချုပ်ငယ်လေး၏ အတွင်းပိုင်းပြောင်းလဲမှုကို သူမ အလွယ်တကူ သတိထားမိနိုင်သည်။
သူ၏ အသက်ရှူသံ တစ်ချက်ချင်းစီတိုင်းက နက်နဲပြီး ရှည်လျားကာ အတွင်းပိုင်း အသက်ရှူခြင်းစွမ်းရည်နှင့် စွမ်းအင်ထိန်းသိမ်းခြင်းကို ပြသနေသည်။
ဂိုဏ်းချုပ်ငယ်လေး၏ ခန္ဓာကိုယ်ထဲတွင် ဆေးစွမ်းအင်ပမာဏ အများအပြားကို မြှုပ်နှံထားသည်။ စတင် မကျင့်ကြံရသေးသော်လည်း သွေးချီပမာဏ အများကြီးက သူ့ခန္ဓာကိုယ်တစ်လျှောက် ပြန့်ကျဲနေပြီဖြစ်သည်။
ထိုသွေးချီများက ဂိုဏ်းချုပ်ငယ်လေးအား ခန္ဓာသန့်စင်ခြင်း နယ်ပယ်အဆင့် ကျင့်ကြံရန်နှင့် အင်အားကြီး အုတ်မြစ် တည်ဆောက်နိုင်ရန်အတွက် ပိုမိုလွယ်ကူ မြန်ဆန်အောင် လုပ်ပေးလိမ့်မည်။
ဝမ်ဝေ့ အချက်အလက်ဖတ်လို့ မပြီးဆုံးခင်မှာပင် မိနစ်အနည်းငယ် ကုန်ဆုံးသွားပြီဖြစ်သည်
“ ဒါဆို နောက်ဆုံးတော့ သူတို့ လှုပ်ရှားပြီပေါ့”
“ ဟုတ်ပါတယ် သခင်လေး။ အခု အိမ်ရှေ့စံမင်းသား ကျီစုန့်နဲ့ ပထမမင်းသား ကျီစုတို့က အခု ဂိုဏ်းကို လာတဲ့လမ်းမှာ ရောက်နေပါပြီ။ သူတို့ ဒီကို နှစ်ရက်အတွင်း ရောက်လာပါလိမ့်မယ်”
“ အလည်အပတ်လို့ ခေါ်တဲ့အရာအတွက် သူတို့ ဘယ်လိုအကြောင်းပြချက်မျိုးကို အသုံးပြုခဲ့တာလဲ”
“မူလရင်းမြစ် မိုင်းတွင်းနဲ့ ပတ်သက်ပြီးတော့ အငြင်းပွားစရာအတွက် ကျွန်မတို့ သံတမန်ရေးရာ ဖိတ်ကြားလွှာတစ်စောင် ရရှိထားပါတယ်။ လူငယ်မျိုးဆက်တွေ အချင်းချင်း ကောင်းကောင်းသိထားဖို့လည်း လိုအပ်သေးတယ်ဆိုတဲ့ အချက်အပေါ်ကိုလည်း သေချာအာရုံစိုက်ထားတယ်”
ဝမ်ဝေ့က လှောင်ရယ်ကာ ဆက်ပြောလိုက်သည်
“ ဒါဆို သူတို့က ရှေးဟောင်းခန္ဓာသန့်စင်ကျမ်းနဲ့ ပတ်သက်တဲ့ သတင်းကို စုံစမ်းဖို့ရော ကျွန်တော်အကြောင်းကိုလည်း စုံစမ်းပြီးတော့ ကောင်းကင်အလိုဆန္ဒ တိုက်ပွဲနဲ့ ပတ်သက်ပြီး ကျွန်တော်ရဲ့ ခြိမ်းခြောက်နိုင်စွမ်း ဘယ်လောက်ရှိလဲဆိုတာပါ ဆုံးဖြတ်ဖို့ ကြိုးစားနေကြတာပေါ့”
ဝမ်ဝေ့က ကမ္ဘာပေါ်မှာ သူ့အတွက် အရေးကြီးသည့်အရာ မရှိသည့်ပုံစံဖြင့် ပြတင်းပေါက်ကို စိုက်ကြည့်လိုက်သည်။ ထို့နောက် သူ ပြောလိုက်သည်
“ ကျွန်တော်တို့ ပြင်ဆင်ပြီးထားတဲ့ အချက်အလက်အတိုင်းပဲ ဆက်လက် လုပ်ဆောင်ပေးပါ။ စိန်ခေါ်တဲ့အနေနဲ့ အိမ်ရှေ့စံမင်းသားကို မျှော်နန်းဆောင် ပထမအဆင့် စစ်ဆေးမှုကို ဝင်ရောက်ခွင့်ပြုလိုက်ပါ”
အချိန်နှစ်ရက်ကြာသွားပြီးနောက် မဟာကျိုးတော်ဝင်တိုင်းပြည်မှ မင်းသားနှစ်ယောက်ဖြစ်သော ကျီစုန့်နှင့် ကျီစု၊ အမတ်ချုပ်ကျောက်ယန်၊ ကျီတော်ဝင်မိသားစု၏ နန်းစွန့်မင်းသားနှင့်အတူ အစေခံများ၊ သက်တော်စောင့်များပါ ရောက်ရှိလာခဲ့ကြသည်။
ဂိုဏ်းချုပ်ဝမ်ထျန်းနှင့် ခန်းမဆောင်အသီးသီးမှ မဟာအကြီးအကဲများစွာက အသိအမှတ်ပြုထိုက်သော တပည့်များနှင့်အတူ ဧည့်သည်များကို ကြိုဆိုလိုက်ကြသည်။
ရောက်ရောက်ချင်း ထူးခြားနေသည်ကို သတိထားမိသူက ကျီစု ဖြစ်သည်။ သူ တာအိုအခွင့်အလမ်းဂိုဏ်း၏ ဂိုဏ်းချုပ်ငယ်လေးကို မမြင်ပေ။
ထိုကဲ့သို့သော အချိန်အခါမျိုး၌ တူညီသော ရာထူးရှိသည့် သူနှင့် တူညီသော မျိုးဆက်သာလျှင် အချင်းချင်း ဧည့်ခံကြိုဆိုနိုင်သည်။ ဂိုဏ်းချုပ်၏ သားဖြစ်သူ ဝမ်ဝေ့သာလျှင် သူတို့ကို ကြိုဆိုဖို့အတွက် အစစ်အမှန် ထိုက်တန်သူတစ်ယောက် ဖြစ်သော်လည်း သူက ဤနေရာတွင် ရှိမနေပေ။
ကျီစု ထိုအရာကို အလွယ်တကူ သတိထားမိသွားရခြင်း အကြောင်းက သူတို့ရှေ့တွင် ကြိုဆိုနေသောသူကို မှတ်မိနေသောကြောင့် ဖြစ်သည်။ ထိုသူက ဒဏ်ရာမှ သက်သာခါစဖြစ်သည့် နံပါတ်တစ် အပြိုင်အမွေခံသားတော် ဟန်လီ ဖြစ်သောကြောင့်ဖြစ်သည်။
ကျီစု ဟန်လီကို သိနေရခြင်း အကြောင်းက သူတို့ အကြိမ်အနည်းငယ် တိုက်ခိုက်ခဲ့ဖူးခြင်းကြောင့် ဖြစ်သည်။ သူတို့တိုက်ခိုက်သည့်အခါတွင်လည်း ရှုံးသည်ထက် နိုင်သည်က များခဲ့သည်။
ကျီစုက ရှေ့သို့တိုးလာကာ လက်နှစ်ဖက်ယှက်ကာ ခါးအနည်းငယ်ကွေးညွှတ်ပြီး ပြောလိုက်သည်
“ အားလုံးကို တွေ့ရတာ ဝမ်းသာပါတယ်”
ဟန်လီလည်း ရှေ့တိုးလာကာ ပြန်လည်နှုတ်ဆက်လိုက်သည်။ သို့သော် ကျီစု၏ နောက်မှ ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာသည်။
“ ကြည့်ရတာ ကျွန်တော်တို့က တာအိုအခွင့်အလမ်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်ငယ်လေး ကြိုဆိုတာကို ခံယူဖို့အတွက် မထိုက်တန်ဘူးထင်တယ်။ အေးပေါ့လေ ခင်ဗျားတို့ဂိုဏ်းက ကမ္ဘာပေါ်က စွမ်းအားအကြီးအဆုံး ဂိုဏ်းထဲက တစ်ခုပဲဆိုတော့”
ထိုစကားကို ပြောလိုက်သည့်သူက ခန္ဓာကိုယ်တစ်ခုလုံးကြွက်သားများဖြင့် တည်ဆောက်ထားသော ထွားကျိုင်းသည့် အမျိုးသား တစ်ယောက် ဖြစ်သည်။ သူက “ ကျားကျောကုန်းနှင့် ဝက်ဝံတစ်ကောင်၏ ခါး” ဆိုသော အဓိပ္ပာယ်ဖွင့်ဆိုချက် ဖြစ်သည်။ သူနှင့်ပတ်သက်ပြီး ခြိမ်းခြောက်မှုတစ်ခုကို ခံစားရသော်လည်း မျက်နှာထားက တည်ငြိမ်နေပြီး အကြည့်က သူနှင့် လိုက်ဖက်သည်။
သူက ရာထူးမြင့်သော သူတစ်ယောက်၏ ဂုဏ်မောက်မှုမျိုးကို ထုတ်လွှတ်နေသည်။
ဂိုဏ်းချုပ် ဝမ်ထျန်းက ရှေ့တိုးလာကာ ပြောလိုက်သည်
“ ဒီလူငယ်လေးက အိမ်ရှေ့စံမင်းသားလေး ကျီစုန့်ပဲ ဖြစ်ရမယ်။ ကျော်ကြားနေတဲ့ အကြမ်းခံပုဆိန်ခန္ဓာနဲ့ ထိုက်တန်ပါပေတယ်။ မကျင့်ကြံရသေးပေမဲ့ ခန္ဓာသန့်စင်ခြင်း ပထမ သို့မဟုတ် ဒုတိယအဆင့်နဲ့ နှိုင်းယှဉ်လိုက်ရင် မွေးရာပါအံ့ဖွယ်ခွန်အား ရှိနေတုန်းပဲ။ ဒီနေ့ ကျုပ်ရဲ့သား အစည်းအဝေး မတက်ဖြစ်တဲ့ အကြောင်းအရင်းက အခု သူရဲ့ အဖိုးဆီ သွားလည်နေလို့ပါ”
ထိုစကားကို ကြားပြီးနောက် နန်းစွန့်မင်းသား ကျီရှန့်က ရှေ့တိုးလာကာ မေးလိုက်သည်
“အစစ်အမှန် အုပ်ချုပ်သူ ယွီကျွမ်းရော ဒဏ်ရာရထားတာကနေ သက်သာလာပြီလား”
“ သူ အခု သက်သာသွားပါပြီ” ဂိုဏ်းချုပ်က ပြန်ဖြေပြီး ဆက်ပြောလိုက်သည်
“ ကျေးဇူးပြုပြီး ဝင်လာခဲ့ပါ။ အားလုံးအတွက် သေချာပြင်ဆင်ထားပါတယ်။ တခြား လိုအပ်တာရှိရင် တာဝန်ယူထားတဲ့ အကြီးအကဲတွေကို ပြောလိုက်ပါ။ လိုအပ်ချက်ကို ဖြည့်ဆည့်ပေးဖို့ အကောင်းဆုံး ကြိုးစားထားပါတယ်”
............
တာအိုအခွင့်အလမ်းဂိုဏ်းတွင် နိုင်ငံရေးနှင့် ပတ်သက်သော အစည်းအဝေး ကျင်းပနေစဉ် လျှို့ဝှက်ကောင်းကင် မျှော်နန်းတွင်လည်း အရမ်းလေးနက်သော အစည်းအဝေးတစ်ခု ကျင်းပနေသည်။
ဝမ်ဝေ့ မွေးဖွားစဉ်က ကံကြမ္မာကို တွက်ချက်သည့်အတွက် ကံဆိုးမှုနှင့် ကြုံတွေ့ခဲ့ရပြီး ပြန်လည်သက်သာလာစေရန် အဖိုးကြီးချူးအနေဖြင့် ဆယ်နှစ်ကျော် အချိန်ယူခဲ့ရသည်။
သူ့သက်တမ်းအပေါ်ပင် ကြီးမားသော အကျိုးသက်ရောက်မှု ရှိခဲ့သည်။ သူ အဖိုးတန်ဆေးကို ရှာမတွေ့ခင်အထိ အရမ်းလျော့နေသော သက်တမ်းဖြင့် နေရမည်ဖြစ်သည်။
လက်ရှိ မျှော်နန်းသခင်က အစည်းအဝေးတွင်း မေးမြန်းလိုက်သည်
“ ဆရာ ကျွန်တော်တို့ အားလုံးကို ဘာလို့ အစည်းအဝေး ခေါ်လိုက်တာလဲဗျ”
အဖိုးကြီးချူး အပါအဝင် အခန်းထဲတွင် လူဆယ်ယောက်အောက်သာ ရှိပြီး တစ်ယောက်ချင်းစီက လျှို့ဝှက်ကောင်းကင်မျှော်နန်း၏ ပင်မအဖွဲ့ဝင်များ ဖြစ်ကြသည်။
လျှို့ဝှက်ကောင်းကင်မျှော်နန်းက ဂမ္ဘီရဉာဏ် သို့မဟုတ် ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များကို တွက်ချက်သည့်နေရာတွင် အဓိက အာရုံစိုက်ထားသည့်အတွက် ကမ္ဘာပေါ်ရှိ တခြားဂိုဏ်း၊ အဖွဲ့များနှင့် မတူပေ။
ဂမ္ဘီရဉာဏ်ရရှိရန် အရမ်းထူးခြားသော အရည်အချင်းများ လိုအပ်သည့်အတွက် မျှော်နန်း၏ အဓိကအဖွဲ့ဝင် ဖြစ်ဖို့နေနေသာသာ သူတို့၏ ကျင့်စဉ်ကို ကျင့်ကြံနိုင်သူပင် အနည်းငယ်သာ ရှိသည်။
သို့သော် လျှို့ဝှက်ကောင်းကင်မျှော်နန်း၏ အပြင်စည်းတပည့်များစွာလည်း အများကြီးရှိသည်။ ထိုတပည့်များ ရှိနေရခြင်းက ပင်မအဖွဲ့ဝင်များအား အရင်းအမြစ်များ ထောက်ပံ့ရန်နှင့် ကာကွယ်ရန်အတွက် ရှိနေခြင်း ဖြစ်သည်။
ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များကို ချောင်းကြည့်သည့်သူများက ကံဆိုးမှုများကို ရရှိတတ်သည့်အတွက် သူတို့က များသောအားဖြင့် အားနည်းသော အခြေအနေတွင် ရှိနေတတ်သည်။ ထို့ကြောင့် သူတို့၏ ကျင့်ကြံဆင့်က ဘယ်လိုအဆင့်ပဲဖြစ်ဖြစ် တူညီသော နယ်ပယ်အဆင့်မှ လူများနှင့် ယှဉ်လိုက်လျှင် အင်မတန် အားနည်းသည်။ အဆင့်နိမ့် ကျင့်ကြံဆင့်မှ ပါရမီရှင်များပင် သူတို့ကို အလွယ်လေး အနိုင်ယူနိုင်သည်။ ထို့ကြောင့် လျှို့ဝှက်ကောင်းကင်မျှော်နန်းမှ အဓိကအဖွဲ့ဝင်များက စွမ်းအားကြီးလူများဆီမှ ကာကွယ်ပေးမှုကို လိုအပ်ခြင်း ဖြစ်သည်။
ပြင်ပအဖွဲ့ဝင်များဆီမှ သစ္စာခံယူကို ထိန်းသိမ်းရာတွင် မျှော်နန်းသခင်နှင့် သူ့ဆရာတို့တွင် လျှို့ဝှက်သူလျှိုများ ရှိသည်။
“ အားလုံးကို ဒီအစည်းအဝေးဆီ ခေါ်လိုက်ရတာက ငါတို့ရဲ့ လျှို့ဝှက်ကောင်းကင် မျှော်နန်းတစ်ခုလုံးကို ဖျက်စီးပေးနိုင်တဲ့ ကပ်ဘေးတစ်ခုကို ကြိုမြင်ခဲ့တယ်”
ထိုစကားကို ကြားပြီးနောက် မျှော်နန်းသခင်၏ နှလုံးသား စတင်ခုန်ပေါက်လာကာ ကျောမှ ချွေးစေးများပင် စီးကျလာသည်။
“ ဆရာ … ကျွန်တော်တို့ ဘယ်သူ့ကိုမှ ဆန့်ကျင်တာမျိုး မလုပ်ခဲ့ပါဘူး။ အဲဒီဂိုဏ်းပျက်စီးရေး ကပ်ဘေးက ဘယ်ကနေ ရောက်လာတာလဲ”
“တာအို အခွင့်အလမ်းဂိုဏ်းပဲ”