← Chapters

အဲ့မိန်းမက တောင်းဆိုတာ

Vol. 60 Ch. 826

အဲ့မိန်းမက တောင်းဆိုတာ

Vol. 60 Ch. 826

ကျန်းရီသည် ရီဖျောင်ဖျောင်ကြောင့် အာကာပြင် တိုက်ပွဲနယ်မြေသို့ သွားလိုစိတ် မရှိတော့ပေ။ တိုက်ပွဲမှတ်တမ်းများစွာကိုလည်း သူ့မှတ်ဉာဏ်ထဲတွင် မှတ်သားထားပြီးဖြစ်သည်။ တိုက်ပွဲများကို နားလည်သူသည် တစ်ကြိမ်ကြည့်လိုက်ရုံဖြင့်ပင် ရပေသည်။ နားမလည်သူများကတော့ နေ့စဉ်ကြည့်လျှင်လည်း ရမည်မဟုတ်ပေ။ သူသည် စစ်ထူရီရှောင်၊ ဟွမ်ဖူ‌ထောင်ထျန်းတို့နှင့် စကားအနည်းငယ်ပြောပြီးနောက် အခန်းအောင်း ကျင့်ကြံရန် ဧကရာဇ်နန်းတော်ထဲသို့ ဝင်သွားလေသည်။

သို့သော် ကျန်းရီတွင် ကျင့်ကြံနိုင်သည့် စိတ်အခြေအနေ မရှိသေးပေ။ သူသည် သောကရောက်နေသဖြင့် တစ်ယောက်တည်း တိတ်တဆိတ် နေလိုနေခြင်းသာ။ သူ၏အကျင့်က အမြဲ ထိုသို့ဖြစ်သည်။ သူသည် ပျော်ရွှင်စရာရှိလျှင် မိတ်ဆွေများနှင့် မျှဝေခံစားသော်လည်း ဝမ်းနည်းစရာရှိလျှင်မူ တစ်ယောက်တည်း ကြိတ်ခံစားရင်း သူ၏နာကျင်မှုကို ဖြေဖျောက်တတ်သည်။ သူသည် သူ၏အားနည်းသည့်ပုံစံကို မည်သူ့ကိုမှ မပြခဲ့ပေ။ သူသည် သူ့အုပ်စု၏ ထောက်တိုင် မဟုတ်ပါလော။ ထောက်တိုင်က ပြိုလဲ၍ မရပေ။

ကျန်းရီသည် ဧကရာဇ်နန်းတော်၏ ပင်မခန်းမထဲတွင် တိတ်တဆိတ်ထိုင်ရင်း မှတ်သားထားသည့် တိုက်ပွဲများကို ပြန်တွေးတောလိုက်၏။ သူသည် အာကာပြင် တိုက်ပွဲနယ်မြေထဲတွင် တိုက်ပွဲများစွာ ကြည့်ခဲ့ပြီး အကြိမ်များစွာ ရင်ထဲထိခဲ့သည်။ သူသည် အရာအားလုံးကို ပြန်တွေးတောဆင်ခြင်၍ ထိုသိမြင်နားလည်မှုက တာအိုပုံသဏ္ဌာန်များကို ပေါင်းစည်းရာတွင် အထောက်အကူ ဖြစ်၊ မဖြစ်ကို သိလိုနေလေသည်။

ကျန်းရီသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်လိုက်ပြီး တိုက်ပွဲမြင်ကွင်းများကို ပြန်စဉ်းစားလိုက်၏။ သို့သော် သူ့စိတ်ထဲတွင် မိုးကြိုးတောင်ကုန်းပေါ်၌ ရပ်နေသော ရီဖျောင်ဖျောင်၏ ပုံရိပ်နှင့် လုမျိုးနွယ်မှ သိုင်းပညာရှင်များနှင့် တိုက်ခိုက်နေသော အဘိုးအို၏ ပုံရိပ်တို့သာ ထွက်ပေါ်လာသည်။ သူ ထပ်မံ၍ စိတ်ဓာတ်ကျသွားပြီး အတွေးရေယဉ်ကြောထဲ ခဏတာ မျောပါသွားသည်။ ထို့နောက်တွင် သူသည် အာရုံပြန်စုစည်းလိုက်ပြီး တိုက်ပွဲများကို ပြန်တွေးလိုက်၏။ ဤတစ်ကြိမ်တွင်လည်း သူ အတွေးထဲ မျောပါသွားပြန်သည်။

“ထားလိုက်တော့ကွာ... ဒီလိုဆိုမှတော့ အဲ့နတ်ဘုရားတစ်ပိုင်း အဘိုးအိုရဲ့ လက်ဝါးရိုက်ချက်ကိုပဲ သိမြင်နားလည်နိုင်အောင် အကောင်းဆုံး ကြိုးစားတော့မယ်”

နာရီအနည်းငယ် ကြာပြီးနောက် ကျန်းရီသည် သူ မည်သို့မှ အာရုံစိုက်၍ မရကြောင်း သိသွားသည်။ ထို့ကြောင့် သူသည် နတ်ဘုရားတစ်ပိုင်းအဘိုးအိုနှင့် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်တစ်ဒါဇင်တို့၏ တိုက်ပွဲကို သိမြင်နားလည်လာအောင်သာ အကောင်းဆုံး ကြိုးစားရန် ဆုံးဖြတ်လိုက်လေသည်။ သူသည် ကောင်းကင်ဧကရာဇ်တစ်ဒါဇင်ကို ရှုံးနိမ့်သွားစေခဲ့သော ဧရာမလက်ဝါးချက်ကို ပြန်တွေးလိုက်သည်။ သူ့အတွေးထဲတွင် ကောင်းကင်မိုးကြိုးကျွန်းအထက်တွင် လက်နေသော မိုးကြိုးလျှပ်စီးများနှင့် မိုးကြိုးတောင်ကုန်းပေါ်တွင် တည်ငြိမ်ကျော့ရှင်းစွာ ရပ်နေသော ရီဖျောင်ဖျောင်တို့၏ ပုံရိပ်များ ထွက်ပေါ်လာသည်။

“လျှပ်စီးတန်းလား...”

ကျန်းရီ၏စိတ်ထဲတွင် တဖြည်းဖြည်းဖြင့် လျှပ်စီးတန်းများက နေရာယူလာသည်။ လျှပ်စီးတန်းများသည် ဒေါသထွက်နေသော နဂါးများကဲ့သို့ ကျဆင်းလာပြီး ကောင်းကင်ကို ထိုး‌ဖောက်ကာ မိုးကြိုးတောင်တန်းနှင့် မိုးကြိုးတောင်ကုန်းကို ထိမှန်သောအခါ တိတ်တဆိတ် ပျောက်ကွယ်သွားကြ၏။

“တစ်ခုခုတော့ မှားနေပြီ...”

ကျန်းရီ၏အတွေးထဲတွင် မေးခွန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ လျှပ်စီးတန်းများက အလွန်စွမ်းအားကြီးသဖြင့် အရာအားလုံးကို ဖျက်ဆီးပစ်နိုင်ပေသည်။ ထို့ပြင် လျှပ်စီးတန်းများအတွင်း၌ အတုမဲ့ အဖျက်စွမ်းအားတစ်ခုလည်း ပါဝင်နေသည်။ သို့ဆိုလျှင် မိုးကြိုးတောင်တန်းနှင့် မိုးကြိုးတောင်ကုန်းတို့သည် လျှပ်စီးတန်းများ ထိမှန်သွားသည်ကိုပင် အဘယ်ကြောင့် မပျက်စီးရသနည်း။ ၎င်းတို့ မပျက်စီးသည့်အပြင် လျှပ်စီးတန်းများက ပျောက်ကွယ်သွားသေးသည်။ ယခင်တုန်းက ယင်းသို့ ဖြစ်ရခြင်းမှာ မိုးကြိုးစုဝေးအစီအရင်ကြောင့် ဖြစ်မည်ဟု သူတွေးခဲ့သည်။ သို့သော် ယခုတွင် တစ်ခုခု မှားနေကြောင်း သူ သဘောပေါက်သွားလေသည်။

မိုးကြိုးတောင်တန်းနှင့် မိုးကြိုးတောင်ကုန်းသည် လျှပ်စီးတန်းများကြောင့် မပျက်စီးနိုင်ပေ။ ထိုသို့ဖြစ်ရခြင်းမှာ မိုးကြိုးစုဝေးအစီအရင်ကြောင့်လည်း ပါသော်ငြား ၎င်းကို ကြီးမားသော စွမ်းအင်ကို အကြိမ်တိုင်း မစုပ်ယူနိုင်ပေ။ ထို့ပြင် လုမျိုးနွယ်ကလည်း ကောင်းကင်ကျောက်တုံးများစွာသုံး၍ မိုးကြိုးစုဝေးအစီအရင်ကို ထိန်းမထားနိုင်ပေ။ မိုးကြိုးကျောက်တုံး အနည်းငယ် ရရန်အတွက် ကောင်းကင်ကျောက်တုံးများစွာ သုံးရမည်မှ မတန်ချေ။

အကယ်၍ မိုးကြိုးစုဝေးအစီအရင်က စွမ်းအင်ကို မခံနိုင်လျှင် အကြောင်းအရင်းမှာ မိုးကြိုးတောင်တန်းနှင့် မိုးကြိုးတောင်ကုန်းတို့ကြောင့် ဖြစ်ပေလိမ့်မည်။ ၎င်းတို့က လျှပ်စီးတန်းများအတွင်းရှိ အားကောင်းသော စွမ်းအင်ကို ခံနိုင်ခြင်း ဖြစ်မည်။ ထို့နောက် ထိုစွမ်းအင်ကို ၎င်းတို့ အကျိုးအတွက် ပြောင်းလဲပစ်၏။ ထိုပြောင်းလဲသွားသော စွမ်းအင်မှနေ၍ မိုးကြိုးကျောက်တုံးများ ဖြစ်ပေါ်လာခြင်းပင်။

“ဟုတ်တယ်... အဲ့လိုပဲ။ မြေကြီးက စွမ်းအင်တွေ အကုန်လုံးကို စုပ်ယူနိုင်ပြီးတော့ အသက်အသစ်တွေ မွေးထုတ်ပေးနိုင်တယ်။ သစ်ရွက်ကြွေတွေက မြေကြီးပေါ်ကျပြီး မြက်ပင်တွေနဲ့ ပန်းပင်တွေအတွက် အာဟာရပြန်ပေးတာပဲ။ မြေကြီးက စွမ်းအင်အကုန်လုံးကို ဆွေးမြည့်စေပြီး အသက်အသစ်တွေအတွက် အာဟာရပြန်ပေးတယ်။ ကောင်းကင်ကြော၊ သတ္တုကြော၊ အပင်တွေနဲ့ မြေကြီးတို့ရဲ့ စွမ်းအားတွေက ဘယ်တာအိုပုံသဏ္ဌာန်နဲ့မဆို ပေါင်းစည်းနိုင်သလိုမျိုးပေါ့။ ဟားဟားဟား... နောက်ဆုံးတော့ ငါနားလည်သွားပြီ”

ကျန်းရီသည် မျက်လုံးများ ဖွင့်၍ ရယ်လိုက်၏။ သူသည် သူ့ကို အချိန်အတော်ကြာ ဒုက္ခပေးနေခဲ့သော ပြဿနာကို ဖြေရှင်းနိုင်လိုက်ပေပြီ။ သူသည် အဆင့်နိမ့် တာအိုပုံသဏ္ဌာန်ကိုးခုထဲမှ ခုနစ်ခုကို ပေါင်းစည်းခဲ့ပြီးဖြစ်သည်။ ကျန်ရှိနေသေးသော နှစ်ခုမှ မြေစွမ်းအားနှင့် သတ္တုစွမ်းအားဖြစ်သည်။ ယခုတွင် သူသည် မြေစွမ်းအားကို‌ ပေါင်းစည်းနိုင်တော့ပေမည်။ ထို့ကြောင့် သတ္တုစွမ်းအားသာ ကျန်တော့ပေသည်။

ကျန်းရီသည် မျက်လုံးများ ခပ်သွက်သွက် မှိတ်လိုက်ပြီး ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်လိုက်၏။ သူသည် အစောက သိမြင်နားလည်သွားမှုအတိုင်း သုံးသပ်ဆင်ခြင်လိုက်၏။ အကြိပ်အထပ်ထပ် ကြိုးစားပြီးနောက်တွင် သူ ပေါင်းစည်းသွားနိုင်ခဲ့သည်။

သုံးရက်ကြာပြီးနောက် ကျန်းရီက မျက်လုံးများ ဖွင့်လိုက်ပြီး ပြုံးလိုက်သည်။ သူသည် အချိန်အတော်ကြာ တစ်နေခဲ့သော်လည်း နောက်ဆုံးတွင် တာအိုပုံသဏ္ဌာန်တစ်ခုကို ထပ်မံ ပေါင်းစည်းနိုင်ခဲ့ပေပြီ။ ယခုတွင် ပေါင်းစည်းရန် တာအိုပုံသဏ္ဌာန်တစ်ခုသာ ကျန်ပေတော့သည်။

အဆင့်မြင့် တာအိုပုံသဏ္ဌာန်...

အဆင့်မြင့် တာအိုပုံသဏ္ဌာန်က ကြယ်ဘယ်နှစ်ပွင့်အဆင့် ရှိမည်ကို သူမသိသော်လည်း ပေါင်းစည်းခြင်းသာ အောင်မြင်သွားလျှင် သူ၏အင်အားက အဆများစွာ တိုးတက်သွားမည်ဖြစ်သည်။ အဆင့်မြင့် တာအိုပုံသဏ္ဌာန်ကို ရရှိရန် အလွန်ခက်ခဲပေသည်။ ကောင်းကင်ဧကရာဇ်တော်တော်များများပင် တာအိုပုံသဏ္ဌာန်များကို အောင်အောင်မြင်မြင် မပေါင်းစည်းနိုင်ကြပေ။ ဥပမာအားဖြင့် ငှက်စိမ်းကုန်သည်အဖွဲ့အစည်းမှ ချင်လုံသည် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်ဖြစ်သော်လည်း အလယ်အလတ်အဆင့် တာအိုပုံသဏ္ဌာန်ကိုသာ သိမြင်နားလည်ခဲ့သည်။ ထို့ကြောင့် သူ၏ အင်အားက ဟွမ်ဖူထောင်ထျန်းထက် နည်းနေခြင်းပင်။ အဆင့်မြင့် တာအိုပုံသဏ္ဌာန်ကို သိမြင်နားလည်ထားသော ဟွမ်ဖူထောင်ထျန်းသည် သူ့ကို အလွယ်တကူ သတ်ပစ်နိုင်ပေသည်။

မိုးကြိုးတောင်တန်းသည် လျှပ်စီးတန်းများကို နှစ်သောင်းချီ ခံပြီးနောက်တွင် သဘာဝ တာအိုပုံသဏ္ဌာန်အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လာနိုင်ခဲ့၏။ ထိုအဆင့်မြင့် တာအိုပုံသဏ္ဌာန်က သေချာပေါက် ထူးကဲရမည်ဟု ကျန်းရီ ယုံကြည်သည်။ မိုးမြေမှ ဖြစ်တည်လာသော စွမ်းအားသည် မည်သို့ အားနည်းနိုင်ပါမည်နည်း။

ကျန်းရီ အခွင့်အရေးကို ဆုပ်ကိုင်ရန် လိုအပ်ပေသည်။

ကျန်းရီသည် ကျင့်ကြံခြင်းကို ပြန်အာရုံစိုက်လိုက်၏။ သူသည် သတ္တုစွမ်းအားကိုလည်း ပေါင်းစည်းလိုနေ၏။ ထိုမှသာ အဆင့်မြင့် တာအိုပုံသဏ္ဌာန်ကို ရရှိမည်ဖြစ်သည်။ သို့သော် ရက်နှစ်ဆယ်ကြာပြီးနောက်တွင်ပင် မည်သည့်တိုးတက်မှုမှ မရှိခဲ့ပေ။

ရွှီး...

ဧကရာဇ်နန်းတော်အတွင်းမှ အကာအရံများ တောက်ပလာသဖြင့် ကျန်းရီ အံ့အားသင့်သွားသည်။ သူ အချိန်ကို တွက်ကြည့်လိုက်ရာ ချမ်ဝမ်ကွမ်း ပြန်ရောက်မည့်အချိန်ဖြစ်ကြောင်း သိသွား၏။ ထို့ကြောင့် သူ ဧကရာဇ်နန်းတော်အတွင်းမှ ထွက်လိုက်သည်။

“ခေါင်းဆောင်...”

ထင်ထားသကဲ့သို့ပင် ချမ်ဝမ်ကွမ်းနှင့် ဖုန်းလန်တို့က ဧကရာဇ်နန်းတော်အပြင်တွင် စေင့်နေကြသည်။ ကျန်းရီနှင့် ချမ်ဝမ်ကွမ်းတို့သည် အစ်မကြီးဆည်းလည်းအကြောင်းကို စစ်ထူရီရှောင်နှင့် ဟွမ်ဖူထောင်ထျန်းတို့ သိသွားမည်ကို မလိုချင်ကြပေ။ ယင်းမှာ သူတို့က စစ်ထူရီရှောင်တို့ကို မယုံ၍ မဟုတ်ဘဲ အခက်တွေ့အောင် မလုပ်လို၍သာဖြစ်သည်။

ဖုန်းလန်က လက်ဖက်ရည်အိုးကို ယူ၍ သူမ၏လက်စွပ်အတွင်းမှ ရေထုတ်လိုက်သည်။ ထို့နောက် သူမသည် အတွင်းအားဖြင့် ရေနွေးကြိုလိုက်ပြီး လက်ဖက်ခြောက်ခပ်ကာ လက်ဖက်ရည်တစ်ခွက်စီ ပြုလုပ်ပေးလိုက်၏။ ထို့နောက် ကျန်းရီက မေးလိုက်သည်။

“အခြေအနေ ဘယ်လိုရှိလဲ”

“ညှိုနှိုင်းလို့ ရမှာ မဟုတ်ဘူး”

ချမ်ဝမ်ကွမ်းက သက်ပြင်းလေးလေးချ၍ ပြောလိုက်သည်။

“နန်ကုန်းမျိုးနွယ်က နဂါးပျံကုန်သည်အဖွဲ့အစည်းနဲ့ တော်တော်လေး ပူးပေါင်းချင်နေတယ်။ ပြီးတော့ ကျုပ် နန်ကုန်းမုယွီနဲ့လည်း အစ်မကြီးဆည်းလည်းအကြောင်းကို သွယ်ဝိုက် ပြောခဲ့တယ်။ မနေ့က ကျုပ် ပြန်ရောက်တော့ နန်ကုန်းမုယွီက ကျုပ်ကို သတင်းတစ်ခုပို့ပေးခဲ့တယ်။ အဲ့ကိစ္စကို ဆွေးနွေးလို့ မရဘူးတဲ့။ နန်ကုန်းယွင်ရီက အဲ့ကိစ္စကြောင့် ဒေါသူပုန်ထနေတယ်။ နန်ကုန်းမုယွီကတော့ ကျုပ်တို့ကို အဲ့ကိစ္စကို မေ့လိုက်ဖို့ ပြောတယ်။ သူတို့က ညှိုနှိုင်းမှာ မဟုတ်ဘူး”

“တော်တော်ခေါင်းမာတဲ့ အဘိုးကြီးပဲ”

ကျန်းရီ ‌ဒေါသတကြီး အော်လိုက်သည်။ နန်ကုန်းယွင်ရီသည် ရှန်းစီမျိုးနွယ်စုတွင် ခက်ထန်၍ ရှေးရိုးစွဲဆန်သူတစ်ယောက်ဖြစ်ကြောင်း ကျော်ကြား၏။ သို့သော် နန်ကုန်းယွင်ရီက ဤမျှထိ ခေါင်းမာလိမ့်မည်ဟု ကျန်းရီ မျှော်လင့်မထားပေ။ သူ အစ်မကြီးဆည်းလည်းကို တစ်ကြိမ် စတေးခဲ့ခြင်းကို ခွင့်လွတ်ပေး၍ ရသေး၏။ သို့သော် ယခုတွင် သူသည် သူမကို ထပ်မံ ဒုက္ခပေးလိုနေပေသည်။

ကျန်းရီသည် သူမကိုသာ လွှတ်ပေးလျှင် နန်ကုန်းမျိုးနွယ်ကို နဂါးပျံကုန်သည်အဖွဲ့အစည်းနှင့် ပူးပေါင်းခွင့်ပေးမည်ဟုပင် ကမ်းလှမ်းခဲ့၏။ ယင်းက လဲ့မျိုးနွယ်နှင့် မဟာမိတ်ဖွဲ့ခြင်းထက် ပို၍အကျိုးများပေသည်။ သို့သော် နန်ကုန်းယွင်ရီသည် သူ၏ဂုဏ်သတင်းကို ထိန်းရန် သူတို့၏ မျှော်လင့်ချက်ကို ရိုက်ချိုးလိုက်လေသည်။

ကျန်းရီသည် ခန်းမထဲတွင် လူးလားခေါက်တုန့် လျှောက်နေ၏။ တစ်ခဏကြာပြီးနောက် သူက ပြတ်ပြတ်သားသား ပြောလိုက်သည်။

“ငါတို့ သူ့ကို ကယ်ရမယ်။ ဒီကိစ္စက ညှိနှိုင်းလို့ မရတော့ဘူး... အဲ့နန်ကုန်းအဘိုးကြီးက လူတွေကို အတင်းဖိအားပေးနေတာပဲ။ အဲ့လိုဆိုမှတော့ ငါ့ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့”

ကျန်းရီသည် အစ်မကြီးဆည်းလည်းက လဲ့ချီရန်နှင့် လက်ထပ်ရမည်ကို မကြည့်နိုင်ပေ။ လဲ့ချီရန်က သူ့အပေါ် လက်စားချေလိုသည့်အတွက် အစ်မကြီးဆည်းလည်းက ဒုက္ခခံရမည့်ကိစ္စကို သူ တွေး၍ပင် မကြည့်နိုင်ချေ။ ရှန်းစီကျွန်းတွင် ဆက်နေလျှင် သူ၏ကျင့်ကြံခြင်းက အဆတစ်ထောင် ပိုမြန်သော်လည်း သူသည် သူ့အုပ်စုကိုခေါ်ကာ ထွက်သွားရလောက်ပေမည်။ ထိုအခါ သူတို့ ရှီးမျိုးနွယ်နှင့် ကျန်းမျိုးနွယ်တို့၏ လိုက်လံသတ်ဖြတ်မှုကို ခံရနိုင်၏။ သို့သော် သူ ထိုကိစ္စများကို အရေးစိုက်မနေနိုင်ပေ။ အစ်မကြီးဆည်းလည်းသာ လဲ့ချီရန်ကို လက်ထပ်လိုက်ရပါက သူ သေသည်ထက်ပိုဆိုးသော ဝေဒနာကို ခံစားရပေလိမ့်မည်။

“ခေါင်းဆောင်...”

ချမ်ဝမ်ကွမ်းက နှုတ်ခမ်းတွန့်ကာ ရုတ်တရက် ပြောလိုက်သည်။

“နောက်ထပ်ကိစ္စတစ်ခု ရှိသေးတယ်။ ကျုပ် မနေ့က စစ်ထူအောင်းဆီ သွားတုန်းက... သူက ကျုပ်နဲ့ စစ်ထူရီနျန်ကို လက်ထပ်ပေးဖို့ ကတိပေးလိုက်တယ်.. ရီနျန်ကလည်း သဘောတူတယ်”

“အာ...”

ကျန်းရီနှင့် ဖုန်းလန်တို့သည် ခေတ္တမျှ မှင်တက်သွဦးကြ၏။ အစ်မကြီးဆည်းလည်း၏ ပြဿနာသာ ရှိမနေလျှင် သူတို့သည် ချမ်ဝမ်ကွမ်းအတွက် သေချာပေါက် ပျော်ရွှင်ကြမည်ဖြစ်သည်။ သို့သော် ယခုတွင် သူတို့ ခံစားချက်များ ရှုပ်ထွေးနေပေသည်။

“ဝမ်ကွမ်း...”

ကျန်းရီသည် ခေတ္တမျှ တွေးတောပြီးနောက် ပြတ်ပြတ်သားသား ပြောလိုက်၏။

“မင်း ဒီကိစ္စမှာ ဆက်ပါလို့ မရ‌တော့ဘူး။ မင်း ဘယ်သူ့ကိုမှလည်း စေလွှတ်ခွင့် မရှိတော့ဘူး။ ဒီကိစ္စကို ငါ့ဘာသာပဲ ကိုင်တွယ်မယ်။ မင်းက စစ်ထူမျိုးနွယ်ရဲ့ သားမက်၊ နဂါးပျံကုန်သည်အဖွဲ့အစည်းရဲ့ လက်ထောက်ဥက္ကဋ္ဌပဲ။ ငါ အစ်မကြီးဆည်းလည်းကို ကယ်သွားရင်တောင် စစ်ထူမျိုးနွယ်က မင်းကို ကာကွယ်ပေးနိုင်မှာပါ”

“ဟီးဟီး...”

ချမ်ဝမ်ကွမ်းက ပြုံးကာ ကျန်းရီကိုကြည့်လိုက်ပြီး ပခုံးတွန့်၍ ပြောလိုက်၏။

“ခေါင်း‌ဆောင်... ခေါင်းဆောင် ဘာတွေ ပြောနေတာလဲ။ ခေါင်းဆောင်က ကျုပ်ကို ဘယ်လိုလူစားလို့ ထင်လို့လဲ။ ကျုပ် ခေါင်းဆောင်ကို ရှင်းရှင်းပဲ ပြောမယ်။ ကျုပ် မနေ့ညက ရီနျန်နဲ့ တွေ့ခဲ့တယ်။ အဲ့မိန်းမက တောင်းဆိုတာပဲ။ သူက ကျုပ်ကို ပြောတယ်... သူ ကျုပ်ကို စတွေ့တဲ့နေ့ကတည်းက ကျုပ်နဲ့ လက်ထပ်ဖို့ ကျုပ်နဲ့အတူ ထွက်သွားဖို့ကိစ္စကိုတော့ ပြောနေစရာတောင် မလိုပါဘူး။ ခေါင်းဆောင် အပိုတွေ ပြောမနေပါနဲ့တော့။ ကျုပ်တို့ ဘာလုပ်ကြမလဲ။ အရင်ဆုံး အစီအစဉ်တစ်ခု ဆွဲကြတာပေါ့။ ဒီတစ်ခေါက်တော့ ကျုပ်တို့ နန်ကုန်းမျိုးနွယ်ကို နဂါးမှန်းသိအောင် အမောက်ထောင်ပြရမှာပေါ့”

***

All Chapters