လျှို့ဝှက်အင်အား
Vol. 60 Ch. 827
ကျန်းရီ ကိစ္စတစ်ခုကို ဆုံးဖြတ်ပြီးသွားလျှင် အခြားသူများက သူ့ကို ဆန့်ကျင်မည်မဟုတ်ပေ။ သူတို့ ဤတစ်ခေါက် လုပ်လိုသည့်ကိစ္စက အလွန်အန္တရာယ်များ၏။ သူတို့ ဆုံးဖြတ်ချက်တစ်ခုချရန် အချိန်ယူရပေမည်။
ပထမဆုံး သူတို့ အောင်မြင်သည်ဖြစ်စေ၊ ရှုံးနိမ့်သည်ဖြစ်စေ ရှန်းစီမျိုးနွယ်စုတွင် ဆက်နေ၍ ရတော့မည် မဟုတ်ပေ။ ချမ်ဝမ်ကွမ်းမှလွဲ၍ အခြားမည်သူကမှ နန်ကုန်းမျိုးနွယ်နှင့် လဲ့မျိုးနွယ်၏ ဒေါသမှ ရှင်သန်နိုင်မည် မဟုတ်ပေ။ ယခုတွင် ချမ်ဝမ်ကွမ်းက ဤကိစ္စ၌ ဝင်ပါရန် ဆုံးဖြတ်လိုက်ပေပြီ။ သို့ဆိုလျှင် သူလည်း ထွက်သွားရပေလိမ့်မည်။ သူတို့သည် နဂါးကိုးကောင် နတ်ဘုရားသုတ်သင်အစီအရင် မပွင့်လာခင် ထွက်သွားရမည်ဖြစ်သည်။ ထို့ကြောင့် သူတို့ လျင်လျင်မြန်မြန် လှုပ်ရှားရပေမည်။ အစ်မကြီးဆည်းလည်းကို လျင်မြန်စွာ ကယ်တင်၍ ကောင်းကင်ရှောင်တိမ်းခြင်းကိုသုံးကာ ထွက်သွားရမည်ဖြစ်သည်။
အစ်မကြီးဆည်းလည်းကို မကယ်တင်ခင် ကိစ္စတစ်ခုကို အရင်လုပ်ရပေဦးမည်။ ယင်းမှာ သူမ၏ အမေကို ကယ်တင်ရန်ပင်။ မဟုတ်လျှင် အစ်မကြီးဆည်းလည်းသည် ထွက်သွားမည့်အစား အသေသာခံမည် ဖြစ်သည်။
“မဟုတ်သေးဘူး ဝမ်ကွမ်း...”
ကျန်းရီသည် ရုတ်တရက် ကိစ္စတစ်ခုကို တွေးမိသွားသဖြင့် ပြောလိုက်၏။
“မင်း စစ်ထူမျိုးနွယ်က လူတွေကို သုံးရင် စစ်ထူမျိုးနွယ်ကို ထိခိုက်လောက်မလား။ ရီရှောင်နဲ့ စစ်ထူအောင်းတို့က ငါတို့အပေါ် ကြင်နာခဲ့တယ်။ ငါတို့ ထွက်ပြေးသွားရင် စစ်ထူမျိုးနွယ်က လဲ့မျိုးနွယ်နဲ့ နန်ကုန်းမျိုးနွယ်နဲ့ ရင်ဆိုင်ရတော့မှာ။ အဲ့ကျရင် ငါတို့က ကျေးဇူးမသိတတ်ဆုံးသူတွေ ဖြစ်လာမှာပဲ”
“ဟဲဟဲ...”
ချမ်ဝမ်ကွမ်းက ယုံကြည်ချက်ရှိရှိ ပြုံးကာ ပြောလိုက်သည်။
“ခေါင်းဆောင် စိတ်ချပါ။ ကျုပ် စစ်ထူမျိုးနွယ်က လူတွေကို မသုံးပါဘူး။ ကျုပ်တို့ ထွက်သွားရင်တောင် နဂါးပျံကုန်သည်အဖွဲ့အစည်းက ဆက်ပြီး ချောချောမွေ့မွေ့ လည်ပတ်နိုင်မှာပါ။ စစ်ထူမျိုးနွယ်ရဲ့ စီးပွားရေးက လမ်းမှန်ပေါ်ကို ရောက်နေပါပြီ။ ကျုပ် မရှိရင်လည်း ဘာပြဿနာမှ ရှိမှာ မဟုတ်ပါဘူး။ အဆိုးဆုံးမှ စီးပွားရေးတွေက ဆက်မတိုးတက်တော့ဘဲ လက်ရှိအခြေအနေအတိုင်း ဆက်ရှိနေမှာပဲ ရှိပါတယ်။ ပြီးတော့ လက်ထပ်ပွဲစဖို့ ကိုးလတောင် လိုပါသေးတယ်။ ဒီကြားထဲ ကျုပ် အကုန်လုံး ပြင်ဆင်ထားမှာပါ။ နဂါးပျံကုန်သည်အဖွဲ့အစည်းရဲ့ လွှမ်းမိုးနိုင်မှုက ဒီထက်ပို ပြန့်ကားလာမှာပါ။ မျိုးနွယ်(၈)ခုရဲ့ မဟာမိတ်ကလည်း ပိုခိုင်မာလာမှာပါ။ တစ်လ၊ နှစ်လလောက်နေပြီးရင် ကျုပ် တခြားမျိုးနွယ်(၂)ခုနဲ့လည်း စပြီး ပူးပေါင်းဆောင်ရွက်တော့မှာ။ အဲ့အခါကျရင် လဲ့မျိုးနွယ်နဲ့ နန်ကုန်းမျိုးနွယ်က ဘယ်လောက်ပဲ ရဲတင်းပါစေ စစ်ထူမျိုးနွယ်ကို တိုက်ခိုက်ဝံ့တော့မှာ မဟုတ်ပါဘူး”
“ကောင်းတယ်...”
ကျန်းရီသည် စိတ်သက်သာရာ ရသွား၏။ ထို့နောက် သူ ဆက်မေးလိုက်သည်။
“စစ်ထူမျိုးနွယ်က လူတွေကို မသုံးဘူးဆိုရင် ငါတို့ တခြားဘယ်သူတွေကို သုံးစရာ ရှိသေးလို့လဲ”
“ဟားဟား... ခေါင်းဆောင်.. ကျုပ်ကို လျှော့မတွက်ပါနဲ့”
ချမ်ဝမ်ကွမ်းက ပြုံးကာ ပြောလိုက်သည်။
“ပြီးခဲ့တဲ့ တစ်နှစ်အတွင်းမှာ ကျုပ်က ကျုပ်အမိန့်ကိုပဲ တိုက်ရိုက် လိုက်နာတဲ့ လူတစ်စုကို လျှို့ဝှက်ဖွဲ့စည်းထားပါတယ်။ အဲ့အဖွဲ့အကြောင်းကို ဘယ်သူမှ မသိဘူး၊ ရီရှောင်လည်း မသိဘူး။ နဂါးပျံကုန်သည်အဖွဲ့အစည်းရဲ့ ဦးစားပေးက စီးပွားရေးလုပ်ဖို့မဟုတ်ဘဲ အရှေ့ဘက် တော်ဝင်နယ်မြေကို ထိုးဖောက်ဝင်ရောက်ပြီး ဧကရာဇ်ကိုးပါးမျိုးနွယ်စုကို ဖျက်ဆီးပစ်ဖို့ဆိုတာ ခေါင်းဆောင်လည်း သိမှာပါ။ အခု အဲ့အင်အားစုက တဖြည်းဖြည်း ကြီးထွားနေပြီ။ ကျုပ် အဲ့ကိစ္စကို သူများတွေကို အသိပေးမထားဘူး။ အဲ့အင်အားစုက တော်တော်လေး အင်အားကြီးနေပြီ။ အဲ့အင်အားစုက လူတစ်ဝက်လောက်ကို မျိုးနွယ်(၈)ခုလုံး မသိကြဘူး။ သူတို့က လျှို့ဝှက်အင်အားပဲ”
“...”
ကျန်းရီနှင့် ဖုန်းလန်တို့ မှင်တက်သွားသည်။ ချမ်ဝမ်ကွမ်းသည် မျိုးနွယ်(၈)ခု၏ အရင်းအမြစ်များကို အသုံးပြု၍ သူ့အတွက် လူများကို စုဆောင်းနေခဲ့ခြင်းလော။ သူသည် အများပိုင်လုပ်ငန်းကို ကိုယ်ကျိုးအတွက် အသုံးပြုနေခြင်း မဟုတ်လော။ အရေးအကြီးဆုံးမှာ သူသည် အပြင်လူတစ်ယောက်ဖြစ်ပြီး သူ၏အမိန့်ကို နာခံသူများမှာ မျိုးနွယ်(၈)ခုမှ လူများသာဖြစ်သည်။ သူသည် ထိုအခြေအနေများကြားမှနေ၍ မည်သို့ လက်နက်ကိုင်အင်အားစုတစ်စုကို တည်ထောင်နိုင်ခဲ့ခြင်းနည်း။ ကျန်းရီတို့သာ ချမ်ဝမ်ကွမ်းကို မသိလျှင် သူ လိမ်နေသည်ဟု ထင်မိပြီး သူ့ကို ပါးပင်ရိုက်လိုက်ပေဦးမည်။
ဖုန်းလန်က မျက်တောင်ခတ်၍ မေးလိုက်သည်။
“လူဘယ်နှစ်ယောက်ရှိလဲ။ ကောင်းကင်ဧကရာဇ် ဘယ်နှစ်ယောက်ပါလဲ”
“အစ်မလန်က ကျုပ်ကို လှောင်နေတာလား”
ချမ်ဝမ်ကွမ်းက မျက်လုံးပင့်၍ ပြောလိုက်သည်။
“အစ်မက ကျုပ်ကို ကောင်းကင်ကြယ်တာရာနယ်မြေက တောသားတစ်ယောက်လို့ပဲ ထင်နေသေးတာလား။ ကျုပ် စစ်ထူမျိုးနွယ်ကုန်သည်အဖွဲ့အစည်းရဲ့ ကြီးကြပ်ရေးမှူးချုပ် ဖြစ်လာတုန်းက သိုင်းသမားဘယ်နှစ်ယောက်ကို အမိန့်ပေးနိုင်ခဲ့တယ်လို့ ထင်လဲ။ ကျုပ်က စစ်ထူမျိုးနွယ်ရဲ့ သာမန် ကောင်းကင်ဧကရာဇ်(၅၀၀၀)နဲ့ အနည်းဆုံး အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်(၁၀၀)ကို အမိန့်ပေးနိုင်ခဲ့တာ။ ကျုပ်သာ လူတွေကို လျှို့ဝှက်စုဆောင်းရင် ဗာဂျရာအဆင့် သိုင်းသမားတွေကို ရွေးပါ့မလား”
“အို့... အင်းပါ”
ဖုန်းလန်က မျက်နှာပြောင်ဖြင့် ပြောလိုက်သည်။
“အဲ့ဒါဆို နင် ကောင်းကင်ဧကရာဇ်ဘယ်နှပါးကို စုဆောင်းခဲ့လဲ”
ချမ်ဝမ်ကွမ်းက လက်ချောင်းတစ်ချောင်း ထောင်ပြလိုက်သည်။ ဖုန်းလန်က အတန်ငယ် စိတ်ပျက်သွားဟန်ဖြင့် မေးလိုက်၏။
“ဆယ်ပါးထဲလား”
“ဟီးဟီး...”
ချမ်ဝမ်ကွမ်းက ပြုံးကာ ပြောလိုက်သည်။
“တကယ် ဆယ်ယောက်ပဲ။ ဒါပေမဲ့ သူတို့အကုန်လုံးက အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်တွေပဲ”
“ဘာ...”
ကျန်းရီနှင့် ဖုန်းလန်တို့ ချက်ချင်း ထရပ်လိုက်ကြသည်။ သူတို့ အံ့အားသင့်သွားကြ၏။ အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်များမှာ ဟာသမဟုတ်ပေ။ သာမန်လူများ မဆိုထားနှင့် မျိုးနွယ်(၁၃)ခုပင် သူတို့ကို စုဆောင်းနိုင်ရန် ခက်ခဲပေသည်။ သို့သော် ချမ်ဝမ်ကွမ်းက တစ်နှစ်အတွင်းမှာပင် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်ဆယ်ပါးကို စုဆောင်းနိုင်ခဲ့သည်လော။ ယင်းက မည်သို့ ဖြစ်နိုင်မည်နည်း။
“ခေါင်းဆောင်တို့က ဘာလို့ အံ့ဩသွားကြတာလဲ”
ချမ်ဝမ်ကွမ်းက ပုံမှန်အတိုင်း ပြောလိုက်သည်။
“ကျုပ်သာ လျှို့လျှို့ဝှက်ဝှက် လုပ်ဖို့ မလိုခဲ့ရင်၊ အဆင့်နိမ့်.. အလယ်အလတ်အဆင့် ကောင်းကင်ဧကရာဇ်တွေကိုလည်း စုဆောင်းချင်ခဲ့ရင် အခုဆို ကောင်းကင်ဧကရာဇ်အဆင့် သိုင်းသမား တစ်ထောင်လောက်ကို စုဆောင်းပြီးနေလောက်ပြီ။ အရှေ့ဘက် တော်ဝင်နယ်မြေက ဘယ်လောက် ပရမ်းပတာနိုင်လည်းဆိုတာ ခေါင်းဆောင်တို့ မသိပါဘူး။ ဒေသ(၁၀၈)ခုလုံးမှာ အချိန်ပြည့် တိုက်ပွဲတွေ ဖြစ်နေကြတာ။ မျိုးနွယ်တစ်ခုမဟုတ်တစ်ခု အမြဲ ပျက်သုဉ်းနေကြတာ။ တိုက်ပွဲတွေရှိရင် စစ်သုံ့ပန်းတွေလည်း ရှိမှာပဲ။ စွမ်းအားကြီး သိုင်းသမားတွေ အများကြီး အဖမ်းခံရတယ်။ သူတို့တွေက အညံ့ခံဖို့ကလွဲပြီး ရွေးချယ်စရာ မရှိဘူးလေ။ ဒါပေမဲ့ သူတို့တော်တော်များများကတော့ သူတို့ရဲ့ ဝိညာဉ်ချိပ်စည်းတွေကို ပေးမယ့်အစား အသေပဲ့ခံကြပါတယ်။ အဲ့ဒါကြောင့် သူတို့ကို ဈေးချိုချိုနဲ့ ရောင်းကျတယ်။ လူတစ်ယောက်မှ ကောင်းကင်ကျောက်တုံး သန်းတစ်ရာလောက်ပဲ။ ကျုပ်တို့ အရှေ့ဘက် တော်ဝင်နယ်မြေက ဝယ်ခဲ့တဲ့ လူတိုင်းက ကျွန်တွေပဲ...”
“ကျွန်တွေကို ဝယ်ပြီးတော့ ကျုပ်တို့က သူတို့ရဲ့ မျိုးနွယ်ဝင်တွေကိုလည်း ဝယ်ဖို့ကြိုးစားခဲ့တယ်၊ လိုအပ်ရင် အင်အားသုံးပြီး ကယ်ပေးတယ်။ နောက်တော့ ကျုပ်တို့က သူတို့ရဲ့ မျိုးနွယ်ဝင်တွေကို အပြစ်သားကျွန်းကို ပို့ခဲ့တယ်။ သူတို့နဲ့ သူတို့ရဲ့ မျိုးနွယ်ဝင်တွေကို မလွှတ်ပေးခင် ကျုပ်တို့အတွက် နှစ်(၁၀၀) တာဝန်ထမ်းဆောင်ပေးဖို့ ပြောခဲ့တယ်။ အဲ့ဒါကြောင့် ပုံမှန်ဆိုရင် ကျုပ်တို့ ရင်းနှီးမြှုပ်နှံလိုက်တဲ့ သိုင်းပညာရှင်တွေက ကျုပ်တို့ကို အညံ့ခံလာကြပါတယ်။ ကျုပ်တို့က သူတို့ရဲ့ ကျေးဇူးရှင်တွေမလား...”
“ခေါင်းဆောင်... ခေါင်းဆောင် နတ်ဆိုးကျွန်းက တိုက်ပွဲကို မှတ်မိတယ်မလား။ အဲ့တုန်းက ရီရှောင် ကျုပ်ကို အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ် ကျွန်တစ်ယောက် ပေးခဲ့တယ်။ အဲ့ကျွန်က ကိစ္စတော်တော်များများကို ကျုပ်ကိုယ်စား လုပ်ပေးခဲ့တာ။ အဲ့ဒါကြောင့် ကျုပ် အာရုံစိုက် မခံခဲ့ရတာပဲ။ ဒါပေမဲ့ ကျုပ်တို့ ခေါ်လာတဲ့ လူဆယ်ယောက်က အခု ရှန်းစီမျိုးနွယ်စုမှာ မဟုတ်ဘူး။ သူတို့က အရှေ့ဘက် တော်ဝင်နယ်မြေမှာပဲ ရှိသေးတယ်။ အရေးကြီးတဲ့ အခိုက်ကျရင်တော့ ကျုပ် သူတို့ကို လှမ်းခေါ်နိုင်ပါတယ်”
“ကောင်းတယ်ကွာ...”
ကျန်းရီက ချမ်ဝမ်ကွမ်းကို လက်မထောင်ပြလိုက်သည်။ စစ်ထူမျိုးနွယ်ကုန်သည်အဖွဲ့အစည်း၏ ကြီးကြပ်ရေးမှူးချုပ်၊ နဂါးပျံကုန်သည်အဖွဲ့အစည်း၏ လက်ထောက်ဥက္ကဋ္ဌ ချမ်ဝမ်ကွမ်းသည် အင်အားကြီးလာရုံသာမက အဆက်အသွယ်လည်း ကောင်းလာပေသည်။ သူသည် မျိုးနွယ်(၈)ခုက စောင့်ကြည့်နေသည့်ကြားမှာပင် ထိုကဲ့သို့ လုပ်ရပ်မျိုးကို လုပ်ဆောင်နိုင်ခဲ့လေသည်။
စစ်ထူရီရှောင်က ဥက္ကဋ္ဌဖြစ်ပြီး အခြားမျိုးနွယ်များမှ သခင်လေး၊ သခင်မလေးများကလည်း လုပ်ငန်းများတွင် ပါဝင်ကြသော်လည်း ကိစ္စအားလုံးကို လုပ်ဆောင်သူမှာ ချမ်ဝမ်ကွမ်းဖြစ်သည်။ ထိုသခင်လေး၊ သခင်မလေးများသည် ချစ်ရေးကြိုက်ရေးများတွင် တော်သော်လည်း စီးပွားရေးကိုမူ နလုံးတစ်ကန်းမှ မသိကြချေ။ နဂါးပျံကုန်သည်အဖွဲ့အစည်းသည် ရှန်းစီကျွန်းနှင့် အရှေ့ဘက် တော်ဝင်နယ်မြေကြားတွင်သာ ကုန်သွယ်သောအဖွဲ့အစည်းမဟုတ်ပေ။ အခြားနယ်မြေများတွင်လည်း ကုန်သွယ်ပေသည်။ ထိုအဖွဲ့အစည်းက လျင်မြန်စွာ ကြီးမားလာနေသည်။ ချမ်ဝမ်ကွမ်းသည် ထိုကိစ္စအားလုံးကို မည်သို့ လုပ်ဆောင်နိုင်ခဲ့ခြင်းနည်း။
ယခု ချမ်ဝမ်ကွမ်းတွင် လျှို့ဝှက်အင်အားစု ရှိနေပြီဖြစ်၍ ကိစ္စများက ပိုလွယ်ကူနိုင်ပေသည်။
ထိုအထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်ဆယ်ပါးက လဲ့မျိုးနွယ်နှင့် နန်ကုန်းမျိုးနွယ်တို့အတွက် ဘာမှ မဟုတ်နိုင်သော်လည်း ရှန်းစီမြို့တွင် ရုတ်ရုတ်သဲသဲ ဖြစ်အောင် လုပ်ရန်အတွက်မူ သူတို့က လုံလောက်သည်ထက် ပိုနေပြီဖြစ်သည်။ မြို့က ရုတ်ရုတ်သဲသဲ ဖြစ်နေလျှင် လူနှစ်ယောက်ကို ကယ်တင်ရန်မှာ ပိုလွယ်ပေလိမ့်မည်။
ကျန်းရီက စာရွက်နှင့် စုတ်တံကို ထုတ်လိုက်ပြီး နာမည်များ စတင်ချရေးလိုက်ကာ ရှန်းစီမြို့နှင့် ပတ်ဝန်းကျင် မြေမျက်နှာသွင်ပြင်ကို မြေပုံရေးဆွဲလိုက်လေသည်။ ခေတ္တကြာပြီးနောက် သူ လေးနက်သောအသံဖြင့် ပြောလိုက်သည်။
“ဝမ်ကွမ်း ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ ငါတို့ နောက်ရှစ်လကြာမှ လှုပ်ရှားကြမယ်။ အဲ့ဒါမှ နန်ကုန်းမျိုးနွယ်က ငါတို့ ဘာမှ မလုပ်လောက်တော့ဘူးလို့ ထင်သွားပြီး အစ်မကြီးဆည်းလည်းနဲ့ သူ့အမေကို ဂရုတစိုက် စောင့်ကြည့်မနေတော့မှာ။ အခု မင်းက နည်းလမ်းရှာပြီး နန်ကုန်းမျိုးနွယ်က လူတချို့ကို လာဘ်ထိုးထားလိုက်...”
“ နောက်ရှစ်လကြာပြီးရင် ငါ အစ်မကြီးဆည်းလည်းကို ငါ့ရဲ့ မွေးနေ့ပွဲကို ဖိတ်လိုက်မယ်။ လဲ့ချီရန်က ငါ့ကို အရှက်ခွဲဖို့ အစ်မကြီးဆည်းလည်းနဲ့အတူ ရောက်လာမှာပဲ။ အဲ့အချိန်ကျရင် မင်းက ကောင်းကင်ဧကရာဇ်တွေကို နန်ကုန်းမျိုးနွယ်ရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ပြဿနာရှာခိုင်းလိုက်။ နန်ကုန်းမျိုးနွယ်က အဲ့ကောင်းကင်ဧကရာဇ်တွေကို အာရုံစိုက်နေတုန်း ငါတို့ လာဘ်ထိုးထားတဲ့ သူတွေကို အစ်မကြီးဆည်းလည်းရဲ့အမေကို နန်ကုန်းမျိုးနွယ်ကနေ ကယ်ခိုင်းလိုက်မယ်။ ငါက အစ်မကြီးဆည်းလည်းကို ကယ်မယ်... သူတို့ကို ကယ်ပြီးရင် ငါတို့ ကောင်းကင်ရှောင်တိမ်းခြင်းကိုသုံးပြီး ချက်ချင်း ထွက်ပြေးမယ်။ တကယ်လို့ အဲ့အစီအစဉ်က အလုပ်မဖြစ်ရင် ငါ လဲ့ချီရန်ကို ဒေါသထွက်အောင်လုပ်ပြီး တစ်ယောက်ချင်း ယှဉ်ပြိုင်ဖို့ စိတ်ခေါ်လိုက်မယ်။ အဲ့ဒါဆို အားလုံးက ငါတို့ကို အာရုံစိုက်နေမှာပဲ။ အဲ့ကျရင် မင်း လျှို့ဝှက် လှုပ်ရှားလို့ ရသွားမယ်”
“ဟဲဟဲ...”
ချမ်ဝမ်ကွမ်းက ခါးသက်သက် ပြုံးလိုက်ပြီး ပြောလိုက်သည်။
“ခေါင်းဆောင်ရဲ့ အစီအစဉ်က အလုပ်ဖြစ်နိုင်လောက်ပါတယ်။ အနည်းဆုံး ကျုပ်တို့ နောက်ခုနစ်လကြာမှ စလှုပ်ရှားဖို့ သင့်တော်မယ်။ ဒါပေမဲ့ ဒီအစီအစဉ်မှာ ဟာကွက်တွေ ရှိနေတယ်။ ပထမဆုံးက ကျုပ်တို့ မြို့ထဲမှ ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။ ဒီကိစ္စမှာ လဲ့မျိုးနွယ်ခေါင်းဆောင်နဲ့ နန်ကုန်းမျိုးနွယ်ခေါင်းဆောင်တို့ ပါလာရင် ကျုပ်တို့ သေချာပေါက် အသတ်ခံရမှာပဲ။ အင်း... ကျုပ်တို့ နန်ကုန်းမျိုးနွယ်က လူတွေကို လာဘ်ထိုးလို့ ရပါတယ်၊ အစ်မကြီးဆည်းလည်းကို အပြင်ထွက်လာအောင် လုပ်ဖို့ကလည်း လွယ်တယ်။ ကျုပ်တို့သာ သူ့အမေကို ကယ်နိုင်လိုက်ရင် ဒီအစီအစဉ်က အောင်မြင်မှာပဲ။ ကောင်းပြီ... ခေါင်းဆောင်၊ ခေါင်းဆောင် အရင်ဆုံး ကျင့်ကြံနေလိုက်ပါ။ နောက်မှ ကျုပ် အစ်မလန်နဲ့ အသေးစိတ် ဆွေးနွေးလိုက်ပြီး ပြီးပြည့်စုံတဲ့ အစီအစဉ်တစ်ခု ဆွဲလိုက်ပါမယ်”
ကျန်းရီ ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ကောင်းပြီ... ဒီကိစ္စကို ငါ မင်းကို လွှဲပေးထားလိုက်မယ်။ ဒီရှစ်လအတွင်းမှာ ငါရဲ့အင်အားကို ပိုတိုးတက်လာအောင် ကြိုးစားထားမယ်။ ငါတို့ ရှန်းစီကျွန်းက ထွက်သွားပြီးရင် အတွင်းအား ကျင့်ကြံဖို့က ပိုခက်လာမှာပဲ”
***