မျှော်လင့်ချက်
Vol. 60 Ch. 828
ကျန်းရီသည် အစီအစဉ်များ ဆွဲရာတွင် သိပ်မတော်ပေ။ ထို့ကြောင့် သူက ဤသို့ တာဝန်လွှဲပေးရခြင်းကို ကျေနပ်နေပေသည်။ ဖုန်းလန်က အခြေအနေတစ်ခုလုံးကို ပို၍ ခြုံငုံကြည့်တတ်သည်။ ချမ်ဝမ်ကွမ်းက အကြံကောင်း၊ ဉာဏ်ကောင်းများရှိပြီး ထိုအကြံများအတိုင်း အကောင်အထည်ဖော်ရာတွင် တော်သည်။ သူတို့နှစ်ယောက် ပူးပေါင်းလုပ်ဆောင်နေလျှင် ကျန်းရီသည် သူတို့၏အစီအစဉ်အတိုင်း လိုက်လုပ်ရုံသာ။ သူတို့ ကောင်းကင်မိုးကြိုးကျွန်းမှ လွတ်မြောက်ခဲ့ခြင်းမှာလည်း ထိုနှစ်ယောက်၏ အစီအစဉ်အတိုင်း လိုက်လုပ်ခဲ့၍ဖြစ်သည်။
ကျန်းရီသည် အတွင်းအား ကြိုးစားကျင့်ကြံရင်း နောက်ဆုံးကျန်နေသည့် တာအိုပုံသဏ္ဌာန်ကိုလည်း ပေါင်းစည်းနိုင်ဖို့ ကြုးစားလိုက်၏။ ထို့ပြင် မိုးကြိုးမီးနတ်ဘုရားဒိုင်း၏ စွမ်းအားကို တိုးမြှင့်ရန် မီးတိမ်သံချပ်ကာကိုလည်း သန့်စင်လိုက်သည်။ သူသည် ကောင်းကင်ဖျက်မီးကျင့်စဉ်ကို ဆက်မကျင့်ကြံတော့ဘဲ နားထားလိုက်၏။ အချိန်တိုအတွင်း ၎င်း၏စွမ်းအားကို ပိုတိုးလာအောင် လုပ်ရန် မဖြစ်နိုင်တော့ပေ။ သူ ကောင်းကင်မီးကို သန့်စင်နိုင်ခဲ့လျှင်လည်း ၎င်းက မိုးကြိုးမီးထက် အားနည်းပေသည်။ ထို့ကြောင့် ထိုကျင့်စဉ်ကို ဆက်ကျင့်ကြံလျှင်လည်း အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။ သူ့တွင် မိုးကြိုးမီးများစွာ ကျန်သေးသည်။ ထိုပမာဏက တစ်ပွဲဒါဇင်ကျော် တိုက်ခိုက်ရန် လုံလောက်ပေသေးသည်။
ကျန်းရီသည် နတ်ဘုရားအသံ ကောင်းကင်အတတ်ကိုလည်း ဆက်ကျင့်ကြံလိုက်၏။ ၎င်းအတတ်ကို ဝိညာဉ်ဓားများနှင့် တွဲသုံးလျှင် လွန်စွာ စွမ်းအားကြီးပေသည်။ ယခုတွင် သူ့ထံ၌ ဝိညာဉ်ဓား အချောင်း(၆၀)ကျော် ရှိနေပြီဖြစ်သည်။ ထို့ပြင် ကျန်ရှစ်လအတွင်း၌ သူသည် ဝိညာဉ်ဓား ဒါဇင်ကျော် ထပ်ရဦးမည်ဖြစ်သည်။ အကယ်၍ သူသာ နတ်ဘုရားအသံ ကောင်းကင်အတတ်ကို တိုးတက်လာအောင် လုပ်နိုင်လျှင် မည်သည့် သာမန် အဆင့်မြင့် ကောင်းကင်ဧကရာဇ်ကိုမဆို သတ်နိုင်ပေလိမ့်မည်။
ကျန်းရီက ဧကရာဇ်နန်းတော်ထဲတွင် တင်ပျဉ်ခွေထိုင်၍ ကြယ်တာရာစွမ်းအားကို ထုတ်၍ မီးတိတ်သံချပ်ကာအတွင်းသို့ ထည့်သွင်းပေးလိုက်သည်။ သူသည် ကြယ်စက်လုံးများ၏ စွမ်းအားကိုသုံး၍ မီးတိမ်သံချပ်ကာကို မွမ်းမံနေခြင်းပင်။ သူသည် အမိကမ္ဘာမြေသံချပ်ကာနှင့် မူလသံလက်နက်တို့ကို လက်လျှော့လိုက်ပြီဖြစ်၏။ သူက ထိုအကြောင်းကို စစ်ထူရီရှောင်၊ ဟွမ်ဖူထောင်ထျန်းတို့နှင့် ဆွေးနွေးခဲ့သည်။ လဲ့ချီရန်က ၎င်းတို့ကို တစ်ခုခုလုပ်ခဲ့ပုံရ၏။ ဥပမာအားဖြင့် လဲ့ချီရန်သည် ဝိညာဉ်အမှတ်အသားကို ဖယ်နေရင်း အသုံးအဆောင်ဝိညာဉ်ကိုလည်း တိုက်ခိုက်လိုက်နိုင်၏။ သို့ဆိုလျှင် ဝိညာဉ်က လက်နက်ထဲတွင် ပုန်းအောင်းသွားမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ကျန်းရီသည် အသုံးအဆောင်ဝိညာဉ်ကို လုံးဝ အာရုံမခံနိုင်ပေ။
အမှန်တွင် လူများစွာသည် ထိုကဲ့သို့သော လှည့်ကွက်များကို သိ၏။ အသုံးအဆောင်ဝိညာဉ်သည် ထိခိုက်သွားလျှင် ပြန်ကောင်းရန် အချိန်ရှစ်နှစ်ကျော် လိုမည်ဖြစ်သည်။ ထိုအတောအတွင်းတွင် အသုံးအဆောင်ဝိညာဉ်ကို အာရုံခံနိုင်မည် မဟုတ်ပေ။ အာရုံပင် မခံနိုင်လျှင် မည်သို့ ဝိညာဉ်ချိတ်ဆက်နိုင်မည်နည်း။ ကျန်းရီအတွက် သူနှင့် ဝိညာဉ်ချိတ်ဆက်မထားသော အတုအယောင် နတ်ဘုရား အသုံးအဆောင်က အသုံးမဝင်ပေ။ ထို့ပြင် သူ၏ စွမ်းအားအကြီးဆုံး တိုက်ခိုက်မှုက အတုအယောင် နတ်ဘုရား အသုံးအဆောင်အပေါ် မမှီခိုချေ။
ကျန်းရီသည် ကောင်းကင်ပြောင်းပြန်လှန် ဒယ်စောက်အိုးအတွက်သာ စိတ်ပျက်နေ၏။ ၎င်းကိုသာ ပြန်ပြင်နိုင်လျှင် ၎င်း၏စွမ်းအားက များစွာ တိုးတက်သွားမည်ဖြစ်သည်။ သို့သော် ရှန်းစီမျိုးနွယ်စုတွင် အသုံးအဆောင်များကို ပြန်ပြင်တတ်သူမှာ တစ်ယောက်သာရှိသည်။ ထိုတစ်ယောက်ကလည်း ဟွမ်ဖူမျိုးနွယ်က ဖြစ်နေသည်။ အကယ်၍ ကျန်းရီသာ ဟွမ်ဖူမျိုးနွယ်ကို သူ့ဘာသာ သွားခဲ့လျှင် ထိုဆရာက သူ့ကို လျစ်လျူရှုနိုင်ပေသည်။ ဟွမ်ဖူထောင်ထျန်းကို ဟွမ်ဖူမျိုးနွယ်သို့ ပြန်ရန်လည်း ဖျောင်းဖျ၍ ရနိုင်မည် မဟုတ်ချေ။
ကျန်းရီက အပြည့်အဝ အာရုံစိုက်၍ ကြိုးစား ကျင့်ကြံနေချိန်တွင် နဂါးပျံကုန်သည်အဖွဲ့အစည်းက ဆက်၍ ကြီးထွားလာလေသည်။ ကျန်းမျိုးနွယ်(၂)ခုက နဂါးပျံကုန်သည်အဖွဲ့အစည်းနှင့် ပူးပေါင်းလိုက်ရာ စစ်ထူမျိုးနွယ်၏ မဟာမိတ်က ပို၍ အင်အားတောင့်တင်းလာသည်။ အရာအားလုံး အဆင်ပြေချောမွေ့နေ၏။ ချမ်ဝမ်ကွမ်းနှင့် စစ်ထူရီနျန်တို့၏ မင်္ဂလာပွဲကိုလည်း စီစဉ်ထားပြီဖြစ်သည်။
စစ်ထူအောင်းသည် ရွေးချယ်စရာ မရှိသဖြင့် လောလိုက်ရခြင်းပင်။ သူသာ သူ၏သမီးကို ချမ်ဝမ်ကွမ်းနှင့် မြန်မြန် မပေးစားပါက အခြားမျိုးနွယ်များက လက်ဦးမှု ယူသွားပေလိမ့်မည်။ ချမ်ဝမ်ကွမ်းသို့သော သားမက်တစ်ယောက်က ရွှေတွင်းတစ်တွင်းဖြင့်ပင် ယှဉ်နိုင်ပေသည်။ မျိုးနွယ်(၇)ခုသည် ချမ်ဝမ်ကွမ်း၏ ကျေးဇူးကြောင့် အနည်းဆုံး ကောင်းကင်ကျောက်တုံး သန်းတစ်သိန်းကျော်လောက် မြတ်သွားခဲ့သည် မဟုတ်ပါလား။
ကောင်းကင်ကျောက်တုံး သန်းတစ်သိန်းက ထိုမျိုးနွယ်များအတွက် များသည်ဟု မဆိုသာသော်လည်း သူတို့ကို မျှော်လင့်ချက် ရှိလာစေခဲ့သည်။ အကယ်၍ နဂါးပျံကုန်သည်အဖွဲ့အစည်းသာ ဤနှုန်းအတိုင်း ဆက်၍တိုးတက်နေပါက ဩဇာအာဏာ ကြီးမားလာပြီး အရှေ့ဘက် တော်ဝင်နယ်မြေရှိ ဧကရာဇ်ကိုးပါးမျိုးနွယ်စုကို ဖျက်ဆီးပစ်လာနိုင်ပေသည်။ အနည်းဆုံးတော့ မျိုးနွယ်(၁၃)ခုသည် နဂါးပျံကုန်သည်အဖွဲ့အစည်းကြောင့် အရှေ့ဘက် တော်ဝင်နယ်မြေမှ သတင်းအချက်အလက်များကို ယခင်ကထက် ပိုသိလာနိုင်လေသည်။
နဂါးပျံကုန်သည်အဖွဲ့အစည်း၏ လုပ်ငန်းများအားလုံးမှာ လျှို့ဝှက်ချက်ဖြစ်သည်။ မျိုးနွယ်(၁၃)ခုမှလွဲ၍ အပြင်လူများသည် ထိုကုန်သည်အဖွဲ့အစည်းကို ကြားပင် မကြားဖူးကြချေ။ ထို့ကြောင့်လည်း ချမ်ဝမ်ကွမ်းက အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်ဆယ်ပါးကို လျှို့ဝှက်စုဆောင်းနိုင်ခဲ့ခြင်းပင်။ သူတို့သည် ကိစ္စတော်တော်များများကို လျှို့ဝှက်ထားသဖြင့် လူအနည်းငယ်သာ ထိုအကြောင်းများကို မသိကြချေ။
နဂါးပျံကုန်သည်အဖွဲ့အစည်းသည် အရှေ့ဘက် တော်ဝင်နယ်မြေမှ လူများနှင့် တိုက်ရိုက် စီးပွားရေးမလုပ်ပေ။ သူတို့သည် အရှေ့ဘက် တော်ဝင်နယ်မြေမှ မျိုးနွယ်တစ်ခုကို ဝယ်ယူထားခြင်းပင်။ သူတို့သည် ကုန်သွယ်ရေးလုပ်ငန်းများလုပ်ရန် ထိုမျိုးနွယ်၏အမည်ကို အသုံးပြုကြ၏။ ထို့ပြင် ထိတွေ့ဆက်ဆံမှုက တစ်ဘက်သက်သာ ဖြစ်သဖြင့် သူတို့အကြောင်း ပေါ်သွားနိုင်မည့် ဖြစ်နိုင်ခြေအားလုံးကို ရှင်းပစ်ပြီးဖြစ်သွားသည်။
ထိုအစီအစဉ်တစ်ခုလုံးသည် မျိုးနွယ်(၁၃)ခုကို မျှော်လင့်ချက်ပေး၏။ လဲ့မျိုးနွယ်၊ နန်ကုန်းမျိုးနွယ်နှင့် လုမျိုးနွယ်တို့သည် အပေါ်ယံတွင် ဆန့်ကျင့်သည့်ပုံ ပြနေသော်လည်း နောက်ကွယ်တွင် နဂါးပျံကုန်သည်အဖွဲ့အစည်းကို ထောက်ပံ့ပေးကာ အဖွဲ့ဝင်များ ဖြစ်လာလိုနေကြသည်။ သို့သော် ချမ်ဝမ်ကွမ်းသည် သူတို့ကို မည်သည့်အခွင့်အရေးမှ မပေးသလို သူ့ဘက်ကလည်း စတင် မကမ်းလှမ်းပေ။ ထို့ကြောင့် ထိုမျိုးနွယ်သုံးခုသည် ပူးပေါင်းရန် အရှက်မရှိ မတောင်းဆိုနိုင် ဖြစ်နေကြခြင်းပင်။
စစ်ထူရီနျန်နှင့် ချမ်ဝမ်ကွမ်း၏ မင်္ဂလာကိစ္စက အံ့အားသင့်စရာ မဟုတ်ပေ။ သခင်လေးများနှင့် သခင်မလေးများသည် ချမ်ဝမ်ကွမ်းက စစ်ထူရီနျန်ကို စွဲလမ်းနေကြောင်း မြင်ထားပြီးသားဖြစ်သည်။ သို့သော် မင်္ဂလာနေ့ရက် သတ်မှတ်ရန် ဆွေးနွေးသောအခါ ချမ်ဝမ်ကွမ်းက စစ်ထူအောင်းကို မျှော်လင့်မထားသော အဖြေတစ်ခု ပေးခဲ့လေသည်။
ချမ်ဝမ်ကွမ်းသည် အရာအားလုံး တည်ငြိမ်သွားပြီး စစ်ထူမျိုးနွယ်၏ စီးပွားရေးက ပြီးပြည့်စုံသွားသော အချိန်အထိ စောင့်လိုကြောင်း ပြောခဲ့၏။ အရှေ့ဘက် တော်ဝင်နယ်မြေမှ ကုန်သွယ်ရေး လုပ်ငန်းက အခြေခိုင်သွားပြီး အဖွဲ့ခွဲ ဆယ်ဖွဲ့ကို ဖွဲ့စည်းပြီးမှ သူ စိတ်အေးနိုင်မည်ဟု ပြောခဲ့သည်။ ထိုမှသာ သူတို့ ကုန်သည်အဖွဲ့အစည်းကို ဧကရာဇ်ကိုးပါးမျိုးနွယ်စုက ဖျက်ဆီးလိုလျှင်လည်း မဖျက်ဆီးနိုင်မည်ဖြစ်သည်။ ထိုအချိန်ကျမှ သူ စိတ်အေးလက်အေး မင်္ဂလာဆောင်နိုင်ပေမည်။ ယင်းကိစ္စများကို လုပ်ဆောင်ရန် အနည်းဆုံး အချိန်ခုနစ်လ လိုပေလိမ့်မည်။
စစ်ထူမျိုးနွယ်သည် ချမ်ဝမ်ကွမ်း၏ အဖြေကို ကြားသောအခါ ရင်ထဲထိသွားကြပြီး သူတို့ သားမက်ကောင်းတစ်ယောက်ကို ရပြီဟု တွေးလိုက်ကြသည်။ ထို့ကြောင့် စစ်ထူအောင်းသည် မျိုးနွယ်(၁၃)ခု၏ မျိုးနွယ်ခေါင်းဆောင်များကို ကိုယ်တိုင်ဖိတ်ကြားကာ ချမ်ဝမ်ကွမ်းနှင့် စစ်ထူရီနျန်တို့ကြားမှ စေ့စပ်မှုကို ကြေညာလိုက်ပြီး နောက်ခုနစ်လနေလျှင် လက်ထပ်ပွဲ ကျင်းပမည်ဖြစ်ကြောင်း ပြောလိုက်လေသည်။
ချမ်ဝမ်ကွမ်းထံတွင် လက်ထပ်ပွဲကို အချိန်ခုနစ်လ နောက်ဆုတ်ရန် အကြောင်းပြချက်ကောင်းများရှိ၏။ ယခင်က ကျန်းရီသည် အစ်မကြီးဆည်းလည်းကို သူ၏မွေးနေ့ပွဲသို့ ဖိတ်ကြားရန် စီစဉ်ခဲ့၏။ သို့သော် ထိုအစီအစဉ်က ဘေးကင်းမှုမရှိဟု ချမ်ဝမ်ကွမ်း ယုံကြည်၏။
ချမ်ဝမ်ကွမ်းနှင့် ရီနျန်တို့၏ အဆင့်အတန်းနှင့်ဆိုလျှင် ရှန်းစီမျိုးနွယ်စုမှ သခင်လေးများ၊ သခင်မလေးများ အားလုံးသည် ထိုကဲ့သို့ အရေးကြီးသော လက်ထပ်ပွဲကို မဖြစ်မနေ တက်ရောက်ကြရမည်ဖြစ်သည်။ ထို့ပြင် နန်ကုန်းမျိုးနွယ်နှင့် လဲ့မျိုးနွယ်တို့ကလည်း ကျန်းရီသည် ချမ်ဝမ်ကွမ်း၏ လက်ထပ်ပွဲတွင် ပြဿနာရှာလောက်မည်မဟုတ်ဟု တွေးကြပေလိမ့်မည်။
ချမ်ဝမ်ကွမ်းသည် စစ်ထူမျိုးနွယ်၏ စီပွားရေးလုပ်ငန်းများနှင့် နဂါးပျံကုန်သည်အဖွဲ့အစည်းကို တဖြည်းဖြည်း အခြေခိုင်လာအောင် စတင် လုပ်ဆောင်လိုက်၏။ သူသည် စစ်ထူရီရှောင်အား သူ၏နေရာကို ဆက်ခံနိုင်ရန် လေ့ကျင့်ပေးနေသည်။ ထို့ပြင် သူသည် စစ်ထူရီနျန်ကို ကိစ္စအကုန်လုံး ပြောပြမထားသော်လည်း စစ်ထူရီနျန်က သူနောက်သို့ လိုက်ရန် သဘောတူထားပြီးပေပြီ။ ထို့ကြောင့် ချမ်ဝမ်ကွမ်းသည် စစ်ထူမျိုးနွယ်ကို ကျေးဇူးပြန်ဆပ်ရန် အဆုံးထိ ကူညီပေးလိုနေပေသည်။
စစ်ထူရီနျန်က အလွန်ထူးဆန်းသော မိန်းမတစ်ယောက်ဖြစ်သည်။ သူမသည် ယောက်ျားများအပေါ် စိတ်ခံစားချက် မရှိခဲ့သလို ယောက်ျားတစ်ယောက်ထံတွင်လည်း သူမ၏ဘဝကို မမြှုပ်နှံခဲ့ပေ။ သို့သော် သူမသည် ချမ်ဝမ်ကွမ်းကို ရွေးချယ်ပြီးသွားသောအခါ အခြားသခင်လေးများနှင့် မတွေ့တော့သလို ကပွဲများကိုလည်း မသွားတော့ပေ။ သူမသည် အိမ်တွင်နေ၍ ကျင့်ကြံခြင်း သို့မဟုတ် ချမ်ဝမ်ကွမ်းနှင့်အတူ အပြင်သွားခြင်းတို့ကိုသာ လုပ်ခဲ့၏။ ချမ်ဝမ်ကွမ်းသည်လည်း သူမ၏ စိတ်သဘောထားကို ခံစားနိုင်ပေသည်။ စစ်ထူရီနျန်သာ အလွန်ပါရမီထူးသော သရုပ်ဆောင်တစ်ယောက် မဟုတ်လျှင် ထိုအပြုအမူများကို ဟန်ဆောင်နိုင်မည် မဟုတ်ချေ။
သုံးလ...
ချမ်ဝမ်ကွမ်းသည် နန်ကုန်းမျိုးနွယ်၏ အိမ်တော်ထိန်းတစ်ယောက်ကို သိမ်းသွင်းရန် အချိန်သုံးလသာလိုခဲ့၏။ ထိုအိမ်တော်ထိန်းသည် နန်ကုန်းမျိုးနွယ်၏ အတွင်းအရေးကိစ္စများကို ဆောင်ရွက်ရသည့် အရေးပါသော အိမ်တော်ထိန်းတစ်ယောက်ပင်။ ထိုသူသည် ယှဉ်ပြိုင်ကွင်းတွင် မကြာခဏဆိုသလို လောင်းကစားလုပ်တတ်၏။ သူသည် ချမ်ဝမ်ကွမ်း၏ ကျော့ကွင်းအတွင်းသို့ ကျသွားသဖြင့် လောင်းကစားအကြွေးများစွာ တင်သွားခဲ့၏။ ထို့နောက်တွင် ရွှေရောင်မျောလွင့်နဂါးသည် သူ့ကို ဝိညာဉ်ကျွန်တစ်ယောက်အဖြစ် အလွယ်တကူ သိမ်းပိုက်နိုင်လိုက်ပေသည်။
နန်ကုန်းမျိုးနွယ်အတွင်း၌ ထိုအိမ်တော်ထိန်းရှိနေလျှင် နန်ကုန်းမျိုးနွယ်၏ အခြားမျိုးနွယ်ဝင်များကို ဆက်၍သိမ်းသွင်းရန် လွယ်ကူသွားပေလိမ့်မည်။ နတ်ဘုရားများသည်ပင် သူတို့ကို ကူညီပေးနေသကဲ့သို့ပေ။ ချမ်ဝမ်ကွမ်းနှင့် ဖုန်းလန်တို့သည် သူတို့ အလွန်ကံကောင်းနေသည်ဟု ခံစားနေကြရ၏။ သို့သော် သူတို့ အကြိမ်ကြိမ်စစ်ဆေးပြီးနောက် ဤကိစ္စတွင် မည်သည့်လှည့်ကွက်မှ မရှိကြောင်း အတည်ပြုနိုင်ခဲ့လေသည်။ သူတို့က အမှန်ပင် ကံကောင်းခဲ့ရုံသာ။
အိမ်တော်ထိန်းသည် သူ့ကို လအနည်းငယ် အချိန်ပေးလျှင် နောက်ထပ်လူသုံးယောက်ကို စည်းရုံးပေးမည်ဖြစ်ကြောင်း ကတိပေးခဲ့၏။ သူ စည်းရုံးပေးမည့် လူသုံးယောက်မှာ ကင်းလှည့်အဖွဲ့ခေါင်းဆောင်၊ အစောင့်ခေါင်းဆောင်နှင့် နန်ကုန်းချီလင်း၏ ခြံဝန်းကို တာဝန်ယူရသော အိမ်တော်ထိန်းသို့ ဖြစ်သည်။ ထိုသုံးယောက်က သူတို့နှင့် ပူးပေါင်းမှသာ သူတို့သည် အစ်မကြီးဆည်းလည်း၏ အမေကို အချိန်မရွေး ကယ်တင်နိုင်မည်ဖြစ်သည်။
ကျန်းရီသည် လအနည်းငယ်ကြာပြီးနောက် အခန်းအောင်း ကျင့်ကြံနေရာမှ ထွက်လာ၏။ သူသည် ချမ်ဝမ်ကွမ်းနှင့် ဖုန်းလန်တို့က ကိစ္စအားလုံးကို စီစဉ်ထားကြောင်း တွေ့သောအခါ ဘာမှ မေးမနေတော့ဘဲ ပြန်၍ အခန်းအောင်း ကျင့်ကြံလိုက်လေသည်။ သူသည် ပြီးခဲ့သော လအနည်းငယ်အတွင်း၌ တာအိုပုံသဏ္ဌာန်ပေါင်းစည်းခြင်းတွင် ထူးခြားသော အောင်မြင်မှု ရရှိခဲ့၏။
ပြီးခဲ့သော လများအတွင်း၌ ကျန်းရှောင်နူက အမြဲ အခန်းအောင်း ကျင့်ကြံနေခဲ့သည်။ ကျန်းရီသည် သူမကို ဂရုစိုက်ရန်လည်း အချိန်မရှိပေ။ သို့သော် သူမသည် ဧကရာဇ်နန်းတော်ထဲတွင် လုံလုံခြုံခြုံ ရှိနေသဖြင့် သူမကို အချိန်မရွေး ခေါ်ဆောင်သွားနိုင်ပေသည်။ ကျန့်ဝူရွှမ်းနှင့် ယွင်ဖေးတို့ကလည်း ဧကရာဇ်နန်းတော်ထဲတွင် နေနေခဲ့သည်။ ကျန်းရီတို့ ထွက်သွားလျှင် သူတို့အတွက် ရှန်းစီမြို့တွင် ဆက်နေရန် လုံခြုံတော့မည်မဟုတ်ပေ။ ထို့ကြောင့် သူတို့သည် ကျန်းရီတို့နှင့်အတူ ထွက်သွားရမည်ဖြစ်သည်။
“လေးလ... နောက်လေးလကျန်သေးတယ်။ အားလုံး အဆင်ပြေမွေ့ဖို့ မျှော်လင့်ပါတယ်”
ကျန်းရီ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်၏။ ထို့နောက် သူသည် တင်ပျဉ်ခွေထိုင်ကာ ဆက်၍ အခန်းအောင်း ကျင့်ကြံလိုက်လေသည်။
***