← Chapters

သခင်လေးကျန်းရီ ဘယ်မှာလဲ

Vol. 60 Ch. 829

သခင်လေးကျန်းရီ ဘယ်မှာလဲ

Vol. 60 Ch. 829

ပြီးခဲ့သော လေးလသည် အမှန်ပင် အဆင်ပြေချောမွေ့စွာ ကုန်ဆုံးသွား၏။ ထို့ကြောင့် ချမ်ဝမ်ကွမ်းပင် အတန်ငယ် စိုးရိမ်ခဲ့သည်။ အခြေအနေများက အဆင်ပြေချောမွေ့လွန်းနေသည်ဟု သူခံစားနေရ၏။

နဂါးပျံကုန်သည်အဖွဲ့အစည်းက အလွန်ကောင်းမွန်စွာ လည်ပတ်နိုင်နေသည်။ သူတို့သည် အဖွဲ့ခွဲတစ်ဒါဇင်ကျော်‌လောက်ပင် တည်ထောင်ပြီးပေပြီ။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုက သတိပြုမိသွားလျှင်လည်း သူတို့သည် အဖွဲ့အားလုံးကို ရှင်းပစ်နိုင်မည် မဟုတ်ပေ။ စစ်ထူမျိုးနွယ်၏ ကုန်သည်အဖွဲ့အစည်းကလည်း ရှန်းစီမျိုးနွယ်စုတစ်ခုလုံးတွင် လက်ဝါးကြီးအုပ်ထားနိုင်နေပြီဖြစ်သည်။ ချမ်ဝမ်ကွမ်း ထွက်သွားလျှင်ပင် စစ်ထူမျိုးနွယ်သည် ပို၍ အင်အားကြီးလာမည်သာ။ စစ်ထူရီရှောင်ကလည်း ကောင်းမွန်စွာ လုပ်ဆောင်နိုင်နေသည်။ သူသည် ချမ်ဝမ်ကွမ်း၏ လေ့ကျင့်ပေးမှုကြောင့် စစ်ထူမျိုးနွယ်၏ ကုန်သည်အဖွဲ့အစည်းနှင့် နဂါးပျံကုန်သည်အဖွဲ့အစည်းတို့၏ စီပွားရေးများကို လက်လွှဲယူနိုင်နေပြီဖြစ်သည်။

လဲ့မျိုးနွယ်၊ နန်ကုန်းမျိုးနွယ်နှင့် လုမျိုးနွယ်တို့ကလည်း တိတ်ဆိတ်နေခဲ့သည်။ စစ်ထူမျိုးနွယ်၏ အင်အားကို ပြန်တုံ့ပြန်ရန် သူတို့သည်လည်း မဟာမိတ်ဖွဲ့၍ ကုန်သည်အဖွဲ့အစည်းတစ်ခု ထူထောင်ထား၏။ ကံမကောင်းသည်မှာ သူတို့တွင် ပါရမီပါသော စီးပွားရေးသမားများ မရှိခြင်းပင်။ ထို့ကြောင့် တိုးတက်မှု သိပ်မရှိပေ။

နန်ကုန်းမျိုးနွယ်မှ လူများကို သိမ်းသွင်းခြင်းကိစ္စကလည်း ချောချောမွေ့မွေ့ပင် ဖြစ်ခဲ့သည်။ ကင်းလှဲ့ခေါင်းဆောင်၊ အစောင့်ခေါင်းဆောင်နှင့် နန်ကုန်းချီလင်း၏ ခြံဝန်းမှ အိမ်တော်ထိန်းတို့သည် ယခုတွင် ချမ်ဝမ်ကွမ်း၏ အမိန့်ကို နာခံနေပြီဖြစ်သည်။ နန်ကုန်းအိမ်တော်၏ အိမ်တော်ထိန်းသည်လည်း ယှဉ်ပြိုင်ကွင်းတွင် လောင်းကစားကြွေးများ များစွာ တင်ခဲ့သဖြင့် ရွှေရောင်မျောလွင့်နဂါး၏ ဝိညာဉ်ကျွန် ဖြစ်နေပေပြီ။ ချမ်ဝမ်ကွမ်းသာ အမိန့်ပေးလိုက်လျှင် သူတို့သည် အစ်မကြီးဆည်းလည်း၏ အမေကို ကယ်ထုတ်လာကြမည်ဖြစ်သည်။

ချမ်ဝမ်ကွမ်းသည် သူ၏မင်္ဂလာနေရာအဖြစ် ရှန်းစီမြို့ရင်ပြင်ကို ရွေးချယ်လိုက်၏။ မင်္ဂလာပွဲပြီးလျှင် အခြားပွဲတစ်ပွဲလည်း ရှိသေးသည်။ ယင်းမှာ နတ်ရွာလားထောင်ထွတ်တွင် ကျင်းပမည့် မီးပုံပွဲပင်။ နတ်ရွာလားတောင်ထွတ်သည် မြို့မြောက်ဘက် ကီလိုမီတာငါးဆယ်အကွာတွင် တည်ရှိ၏။ ထိုနေရာသည် မဟာဧကရာဇ်နန်ကုန်း နတ်ရွာစံသွားသောနေရာဖြစ်သည်။ သခင်လေးများနှင့် သခင်မလေးများသည် မဟာဧကရာဇ်နန်ကုန်း၏ ကာကွယ်ပေးမှုကို တောင်းခံရန် ထို‌တောင်ထွတ်တွင် မီးပုံပွဲ ကျင်းပကြ၏။ ယင်းမှာ သာမန်ပင်ဖြစ်သည်။

အရာအားလုံးက အစီအစဉ်အတိုင်း ဖြစ်နေသည်။ ချမ်ဝမ်ကွမ်း စုဆောင်းထားသော လူဆယ်ယောက်သည် အရှေ့ဘက် တော်ဝင်နယ်မြေမှနေ၍ ရှန်းစီမြို့သို့ အလွယ်တကူ ဝင်လာနိုင်ခဲ့၏။ ချမ်ဝမ်ကွမ်း အမိန့်ပေးလိုက်သည်နှင့် သူတို့သည် မြို့ထဲတွင် ပရမ်းပတာဖြစ်သွားအောင် လုပ်မည်ဖြစ်သည်။ ထိုမှ သူတို့သည် ကောင်းကင်ရှောင်တိမ်းခြင်းကိုသုံး၍ အလွယ်တကူ ထွက်ပြေးနိုင်မည်ဖြစ်သည်။

ဖုန်းလန်နှင့် ချမ်ဝမ်ကွမ်းတို့သည် ထွက်ပြေးမည့် လမ်းကြောင်းကိုပင် ဆုံးဖြတ်ထားပြီးပေပြီ။ သူတို့သည် မျိုးနွယ်(၁၃)ခုကို သူတို့က အရှေ့ဘက် တော်ဝင်နယ်မြေသို့ သွားနေခြင်းဟု ထင်သွားအောင် လှည့်ဖြားရန် အရင်ဆုံး အနောက်ဘက်သို့ သွားကြမည်ဖြစ်သည်။ ပြီး‌နောက်တွင် ကျန်းရီသည် နောက်ပြန်လှည့်၍ အပြစ်သားကျွန်း၏ အနောက်ဘက်သို့ သွားကာ အဆုံးမဲ့ပင်လယ်နက်ထဲက လူသူကင်းရှင်းသော ကျွန်းတစ်ကျွန်းသို့ သွားမည်ဖြစ်သည်။

ချမ်ဝမ်ကွမ်းသည် သူ၏လူအချို့ကို ထိုကျွန်းပေါ်တွင် စွမ်းအားကြီး ပုံရိပ်ယောင်နယ်မြေတစ်ခု တည်ဆောက်ထားရန်ပင် ခိုင်းထားပြီးဖြစ်သည်။ ထိုကျွန်းသည် အဆုံးမဲ့ပင်လယ်နက်ရှိ ပင်လယ်မိစ္ဆာများ၏ နယ်မြေထဲတွင် ရှိ၏။ ထို့ကြောင့် ဧကရာဇ်ကိုးပါးမျိုးနွယ်စုက ထိုကျွန်းကို မတိုက်ခိုက်ဝံ့ပေ။ အပြစ်သားကျွန်းမှ သိုင်းပညာရှင်များကလည်း အဆုံးမဲ့ပင်လယ်နက်သို့ လာဝံ့ကြမည်မဟုတ်ချေ။ ထိုနယ်မြေသည် သူတို့ မဟာမိတ်၏ နယ်မြေ မဟုတ်ပါလော။ စွမ်းအားကြီး မိစ္ဆာမျိုးနွယ်များကလည်း လူသားမျိုးနွယ်များကို မဆင်မခြင် တိုက်ခိုက်မည် မဟုတ်ပေ။ ထို့ကြောင့် သူတို့သည် အဆုံးမဲ့ပင်လယ်နက်တွင် ပုန်းအောင်းနေကာ အစီအစဉ်အသစ်များ ဆွဲနိုင်ပေသည်။

ချမ်ဝမ်ကွမ်းသည် လျှို့ဝှက်ကုန်သည်အဖွဲ့အစည်းတစ်ခုကို တည်ထောင်မည်ဖြစ်သည်။ သူက စွမ်းအားကြီးသော အင်အားစုတစ်ခုကို တည်ထောင်လိုနေသည်။ သူတို့သည် ထိုအင်အားစုကိုသုံး၍ အရှေ့ဘက် တော်ဝင်နယ်မြေမှ အုပ်စိုးသူများကို ရှင်းပစ်ပြီး လဲ့မျိုးနွယ်ကိုလည်း ရှင်းပစ်ကာ အပြစ်သားကျွန်း၏ သခင်များ ဖြစ်လာနိုင်၏။

အစီအစဉ်အားလုံးက ကောင်းပေသည်။

တစ်ခုတည်းသော ပြဿနာမှာ ကျန်းရီတစ်ယောက် အခန်းအောင်း ကျင့်ကြံပြီးနောက် ထပ်မထွက်လာတော့ခြင်းပင်။ သူ၏ တိုက်ခိုက်စွမ်းအား မည်မျှ တိုးတက်လာကြောင်းကို မည်သူမှ မသိပေ။ သူတို့ စတင် ထွက်ပြေးသည်နှင့် ကျန်းရီကိုသာ မှီခိုရမည်ဖြစ်သည်။ အကယ်၍ ကျန်းရီ၏ အင်အားက သိသိသာသာ မတိုးတက်လာ၍ သူ လမ်းတစ်ဝက်တွင် သေဆုံးသွားလျှင် အားလုံးလည်း သေရမည်ဖြစ်သည်။

အချိန်က တရွေ့ရွေ့ ကုန်ဆုံးနေ၏။ သုံးလဟူသော အချိန်သည် အလွန်လျင်မြန်စွာ ကုန်ဆုံးသွားလေသည်။ ရှန်းစီပွဲတော်အချိန် နီးကပ်လာပြီဖြစ်သည်။ ချမ်ဝမ်ကွမ်း၏ မင်္ဂလာပွဲက ရှန်းစီပွဲတော်ပြီး နောက်တစ်ရက်ဖြစ်သည်။ သို့သော် ကျန်းရီသည် အခန်းအောင်း ကျင့်ကြံရာမှ ထွက်မလာသေးပေ။ ချမ်ဝမ်ကွမ်းတို့သည် သူ့ကို မနှောင့်ယှက်နိုင်ကြချေ။

စစ်ထူမျိုးနွယ် စတင် အလုပ်များလာပေပြီ။ သူတို့သည် ကြီးကျယ်ခမ်းနားသော မင်္ဂလာပွဲကြီး ကျင်းပနိုင်ရန် ရဲတိုက်အသစ်တစ်ခု စတင် တည်ဆောက်ကြ၏။ ထိုရဲတိုက်သည် စစ်ထူရီ‌ရှောင်၏ ရဲတိုက်ထက်ပင် ကြီးသေး၏။ စစ်ထူအောင်းက ချမ်ဝမ်ကွမ်းကို အလွန်အလေးထားကြောင်း ထင်ရှားပေသည်။

စစ်ထူမျိုးနွယ်သည် ကောင်းကင်ခွင်းထောင်ထွတ်တွင် ကျင်းပမည့် မီးပုံပွဲ၏ လုံခြုံအရေးအတွက် အကြီးအကဲဆယ်ဦးကို တာဝန်ပေးထား၏။ ထိုအကြီးအကဲများသည် မီးပုံပွဲကျင်းပမည့်ရက်တွင် သခင်လေးများနှင့် သခင်မလေးများကို ကာကွယ်ပေးရမည်ဖြစ်သည်။ နတ်ရွာလားတောင်ထွတ်သည် ရှန်းစီမြို့နှင့် မဝေးပေ။ မျိုးနွယ်ကြီးလေးခုသည် အစောင့်အကြပ်များ ခြံရံ၍ မဟာဧကရာဇ်နန်ကုန်း နတ်ရွာစံသည့်နေ့တွင် အထိမ်းအမှတ်အခမ်းအနားတစ်ခု ကျင်းပကျမည်ဖြစ်သည်။ ပုံမှန်ဆိုလျှင် မည်သည့်ဓားပြများကမှ သူတို့အနားသို့ မလာဝံ့ကြချေ။ သို့သော် ထိုနေ့တွင် အရွယ်စုံသော သခင်လေးများ၊ သခင်မလေးများလည်း ရောက်လာမည်ဖြစ်၍ သူတို့ ဂရုစိုက်ရပေမည်။

စစ်ထူမျိုးနွယ်က မင်္ဂလာပွဲအတွက် ပို၍အားစိုက်ထုတ်နေလေလေ၊ ချမ်ဝမ်ကွမ်းတစ်ယောက် ပို၍ အားတုံ့အားနာ ဖြစ်လာလေလေပင်။ သို့သော် သူ့ရင်ထဲတွင် ကျန်းရီက အရေးကြီးဆုံး ဖြစ်သည်။ သူသာ ကျန်းရီဘက်မှနေ၍ မတိုက်ခိုက်နိုင်လျှင် အခြားအရာများ လုပ်နေလျှင်လည်း အချည်းနှီးသာဟု သူ ခံစားရပေသည်။ သူသည် ဘဝတစ်လျှောက်လုံး ကျန်းရီနောက်သို့လိုက်ရန် ဆုံးဖြတ်ခဲ့ပြီး သူ ကျန်းရီနောက်သို့ လိုက်မှသာ ပိုကြီးမားသော အောင်မြင်မှုများ ရလိမ့်မည်ဟု တွေးခဲ့သည်။ သူ၏ အတွေးက မှန်သည်၊ မှားသည်ကိုမူ သူမသိပေ။

စစ်ထူမျိုးနွယ်သည် မင်္ဂလာပွဲကို ပို၍ကြီးကျယ်ခမ်းနားသွားစေရန် သူတို့၏ အဖိုးတန်ရတနာများစွာကို ထုတ်လိုက်လေသည်။ အခြားမျိုးနွယ်(၉)ခုသည်လည်း စစ်ထူအောင်း၏ အကြံပေးချက်အရ ရတနာများ ထုတ်လိုက်ကြသည်။ ယင်းက ကြိုတင်မစီစဉ်ထားသော လေလံပွဲပင်။

တစ်ချိန်တည်းမှာပင် စစ်ထူမျိုးနွယ်၏ ထောက်လှမ်းရေးများအားလုံးသည် မင်္ဂလာပွဲတွင် မည်သည့်အန္တရာယ်မှ မရှိစေရန် အရှေ့ဘက် တော်ဝင်နယ်မြေမှ သူလျှိုများကို ရှင်းလိုက်သည်။ မင်္ဂလာပွဲသာ အရှေ့ဘက် တော်ဝင်နယ်မြေမှ သူလျှိုများ၏ နှောင့်ယှက်မှုကို ခံလိုက်ရလျှင် ဝမ်းမြောက်ဖွယ်နေ့ကလေး ပျက်စီးသွားပေလိမ့်မည်။

ရှန်းစီပွဲတော်အချိန် နီးကပ်လာသောအခါ ရှန်းစီမြို့သည် လှုပ်လှုပ်ရှားရှား ဖြစ်လာ၏။ မျိုးနွယ်(၁၃)ခုမှ သခင်လေးများ၊ သခင်မလေးများသည် ရှန်းစီမြို့သို့ စောစော ရောက်လာကြပြီး ရှန်းစီပွဲတော်နှင့် ချမ်ဝမ်ကွမ်း၏ မင်္ဂလာပွဲအတွက် စောင့်ဆိုင်းနေကြလေသည်။

***

“နောက်နှစ်ရက်နေရင် ရှန်းစီပွဲတော် ကျင်းပတော့မှာ။ ခေါင်းဆောင်က ဘာလို့ ထွက်မလာသေးတာလဲ”

ကျန်းရဲတိုက်ထဲတွင် ချမ်ဝမ်ကွမ်းသည် စိုးရိမ်တကြီးဖြင့် လူးလားခေါက်တုန့် လျှောက်နေလေသည်။ ဖုန်းလန်နှင့် ချင်းယွီတို့ကလည်း စိုးရိမ်နေကြသည်။ ကျန်းရီမရှိလျှင် အစီအစဉ်ကို မစနိုင်ပေ။ ကောင်းကင်ရှောင်တိမ်းခြင်း မရှိလျှင် မည်သူမှ ထွက်ပြေးနိုင်မည် မဟုတ်ချေ။

ချင်းယွီက ခေတ္တမျှ စောင့်နေလိုက်ပြီးနောက် ခပ်သွက်သွက် ပြောလိုက်သည်။

“ငါ သခင်လေးကို သွားနှိုးလိုက်ရမလား။ ငါ အကာအရံတွေကို တိုက်ခိုက်လိုက်ရင် သူ အာရုံခံမိမှာပဲ”

“အဲ့လိုလုပ်လို့ မရဘူး”

ချမ်ဝမ်ကွမ်းက ခေါင်းခါကာ ပြောလိုက်သည်။

“သူရဲ့ ကျင့်ကြံခြင်းက အရေးကြီးတဲ့ အခိုက်အတန့်ကို ရောက်နေရင် ဘယ်လိုလုပ်မလဲ။ ဒီအတိုင်းပဲ စောင့်ကြတာပေါ့။ ကျုပ် ခေါင်းဆောင်ကို အချိန်ပြောထားပါတယ်။ ဘယ်အချိန်မှာ ထွက်လာသင့်လဲဆိုတာ သူ သိမှာပါ”

“အဲ့ဒါဆိုလည်း ကောင်းပြီလေ”

ဖုန်းလန်နှင့် ချင်းယွီတို့ ခေါင်းညိတ်လိုက်ကြသည်။ ကျန်းရီသည် အဆင့်မြင့်တာအိုပုံသဏ္ဌာန်ကိုရရန် တာအိုပုံသဏ္ဌာန်တစ်ခုကိုသာ ပေါင်းစည်းရန် လိုတော့ကြောင်း သူတို့အားလုံး သိထားသည်။ သူ ယခုအထိ အခန်းအောင်း ကျင့်ကြံနေခြင်းမှာ အကြောင်းပြချက်ကောင်းတစ်ခုကြောင့် ဖြစ်မည်ဖြစ်ကြောင်း သူတို့ သေချာပေသည်။ သူ၏ ကျင့်ကြံခြင်းသာ အဆင်မပြေလျှင် သူသည် အခန်းအောင်း ကျင့်ကြံနေရာမှ ထွက်လာလောက်ပေပြီ။

သို့သော်...

နှစ်ရက်ကြာပြီးနောက် ရှန်းစီပွဲတော် ကျင်းပမည့်နေ့သို့ ရောက်လာ၏။ သို့သော် ကျန်းရီက အခန်းအောင် ကျင့်ကြံနေဆဲပင်။ ဟွမ်ဖူထောင်ထျန်းသည်ပင် အခန်းအောင်း ကျင့်ကြံရာမှ ထွက်လာပြီဖြစ်သည်။ စစ်ထူရီရှောင်နှင့် စစ်ထူအောင်းတို့ကလည်း သူ့ကို ကိုယ်တိုင်လာတွေ့ခဲ့သည်။ သို့သော် ကျန်းရီသည် ဧကရာဇ်နန်းတော်ထဲတွင်ပင် ရှိနေပေသေးသည်။

စစ်ထူရီရှောင်နှင့် စစ်ထူအောင်းတို့သည် ကျန်းရီက ကျင့်ကြံခြင်း၏ အရေးပါသော အခိုက်အတန့်သို့ ရောက်နေကြောင်း ကြားလိုက်သောအခါ ကျန်းရီ မနက်ဖြန် မင်္ဂလာပွဲကို မတက်နိုင်လျှင်လည်း ဘွေမယူဘဲ နားလည်ပေးမည်ဖြစ်ကြောင်း ပြောလိုက်ကြသည်။ ကျင့်ကြံခြင်းက အရေးအကြီးဆုံး ကိစ္စ မဟုတ်လော။ အကယ်၍ သူသာ နှောင့်ယှက်ခံလိုက်ရလျှင် နောက်တွင် ပြန်ကျင့်ကြံရန် ခက်ခဲသွားနိုင်ပေသည်။

ညနေစောင်းလာပေပြီ။ ကျန်းရီက ထွက်မလာသေးပေ။ ထို့ကြောင့် ချမ်ဝမ်ကွမ်းသည် ရွေးချယ်စရာ မရှိတော့ဘဲ မဟာဧကရာဇ်နန်ကုန်းကို အရိုအသေပေးရန် စစ်ထူအောင်းတို့နှင့်အတူ ရှန်းစီမြို့ရင်ပြင်သို့ လိုက်သွားရလေသည်။

“ဝါး...”

ချမ်ဝမ်ကွမ်းသည် စစ်ထူအိမ်တော်မှ ပျံထွက်လာစဉ်မှာပင် မြို့ရင်ပြင်တွင် ရုတ်ရုတ်သဲသဲဖြစ်နေကြောင်း သတိပြုမိလိုက်၏။ သူသည် လူအုပ်ကို လှမ်းကြည့်လိုက်ရာ ဧရာမ နဂါးနက်တစ်ကောင် ပျံသန်းသွားသည်ကို တွေ့လိုက်ရ၏။ နဂါးပေါ်တွင် ဆံပင်အစိမ်းရောင်နှင့် သခင်မလေးတစ်ယောက် ပါလာသည်။ မိစ္ဆာမျိုးနွယ်၏ မင်းသမီးချမ်ချမ် ထပ်မံရောက်လာပြီလော။

အဘယ်ကြောင့် ထိုမိစ္ဆာမျိုးနွယ်မင်းသမီးသည် အဆုံးမဲ့ပင်လယ်နက်ထဲတွင် မနေသနည်း။ အဘယ်ကြောင့် သူမသည် ဤကဲ့သို့ အရေးကြီးသည့်အခိုက်တွင် ရောက်လာရသနည်း။ ချမ်ဝမ်ကွမ်းသည် သူမကြောင့် သူတို့၏အစီအစဉ် မထိခိုက်ရန် မျှော်လင့်နေသည်။

ချမ်ဝမ်ကွမ်းသည် စိုးရိမ်နေသော်လည်း မင်းသမီးချမ်ချမ်၏ စကားများကို ကြားလိုက်သောအခါ ချက်ချင်း စိတ်အေးသွားလေသည်။

“ချမ်ချမ်က အဆုံးမဲ့ပင်လယ်နက်က မိစ္ဆာမျိုးနွယ်ကိုယ်စား မဟာဧကရာဇ်နန်ကုန်းကို ဂါဝရ လာပြုတာပါ။ ပြီး‌တော့ အစ်မရီနျန်ရဲ့ မင်္ဂလာပွဲကိုလည်း ဂုဏ်ပြုပေးရအောင်ပါ”

ပြီးခဲ့သည့်တစ်ခေါက်တွင် မင်းသမီးချမ်ချမ်သည် ရှန်းစီမြို့တွင် တစ်လနေခဲ့၏။ သူမသည် စစ်ထူစံအိမ်လေးတွင် နေထိုင်ခဲ့ပြီး စစ်ထူရီနျန်နှင့် ရင်းနှီးသွားခဲ့သည်။ ထို့ကြောင့် သူမ စစ်ထူရီနျန်၏ မင်္ဂလာပွဲကို တက်ရောက်ခြင်းက ပုံမှန်သာဖြစ်သည်။

ချမ်ဝမ်ကွမ်းသည် စိတ်သက်သာရာရသွားပြီး စစ်ထူအောင်းတို့နှင့်အတူ ထရပ်ကာ မင်းသမီးချမ်ချမ်ကို ကြိုဆိုလိုက်လေသည်။ မင်းသမီးချမ်ချမ်က အားလုံးကို ပြန်နှုတ်ဆက်လိုက်သည်။ သူမသည် ချမ်ဝမ်ကွမ်းကို မြင်သောအခါ ရုတ်တရက် ပြောလိုက်၏။

“သခင်လေးချမ်... ဘာလို့ သခင်လေးကျန်းရီက ဒီမှာ ရှိမနေတာလဲ”

ချမ်ဝမ်ကွမ်း အံ့အားသင့်သွားသည်။ စစ်ထူအောင်း၊ လဲ့ထင်ဝေနှင့် ကျန်မျိုးနွယ်ခေါင်းဆောင်များလည်း အံ့အားသင့်သွား၏။ ထိုမိစ္ဆာမျိုးနွယ်မင်းသမီးက အဘယ်ကြောင့် ထိုသို့ မေးရသနည်း။ သူမသည် ကျန်းရီအပေါ်တွင် ခံစားချက်အချို့ ရှိနေခြင်းသဖြင့် သူ့ကို အဆုံးမဲ့ပင်လယ်နက်သို့ ခေါ်သွားကာ ခင်ပွန်းအဖြစ် ပေါင်းသင်းလိုခြင်းလော။

ချမ်ဝမ်ကွမ်းက ရိုးရိုးသားသား ပြန်ပြောလိုက်သည်။

“ခေါင်းဆောင်က အခန်းအောင် ကျင့်ကြံနေပါတယ်”

“အို့...”

မင်းသမီးချမ်ချမ်က ခေါင်းညိတ်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။

“ချမ်ချမ်က အရင်တစ်ခေါက်တုန်းက သဘောကျတဲ့ ကောင်းကင်ပန်းချီကားတစ်ချပ် ဝယ်ခဲ့တယ်။ ဒီတစ်ခေါက်မှာ အဲ့ပန်းချီကားကို ဆွဲတဲ့သူနဲ့ တွေ့ချင်လို့ပါ။ ဒါပေမဲ့ သူက အခန်းအောင်း ကျင့်ကြံနေတယ်ဆိုတော့ နောက်တစ်ခေါက်မှပဲ တွေ့ရတော့မှာပေါ့”

လူအားလုံး စိတ်အေးသွားပြီး မင်းသမီးချမ်ချမ်နှင့်အတူ အောက်ဘက်သို့ ပျံဆင်းသွားကြသည်။ အခမ်းအနား စတင်ပေပြီ။

***

All Chapters