ခမ်းနားသော မင်္ဂလာပွဲ
Vol. 60 Ch. 830
ရှန်းစီပွဲတော်သည် ပြီးခဲ့သောနှစ်ကနှင့် မကွာပေ။ ချမ်ဝမ်ကွမ်းကို ရင်ထဲထိသွားစေသည့်အရာမှာ မနှစ်က သူသည် အောက်ဘက်တွင်သာ နေခဲ့ရပြီး ယခုနှစ်တွင်မူ စင်မြင့်ထက်တွင် နေရာတစ်နေရာရခြင်းပင်။ ယနေ့တွင် သူသည် စစ်ထူမျိုးနွယ်မှ လူတစ်ယောက်အဖြစ် စင်မြင့်ထက်တွင် ရပ်ခွင့်ရခဲ့ပြီး မြို့ထဲမှ လူများကို ငုံ့ကြည့်နိုင်ခဲ့သည်။ ထို့ပြင် သူသည် မနက်ဖြန်တွင် မိန်းမလှလေး စစ်ထူရီနျန်နှင့် လက်ထပ်ရတော့မည်ဖြစ်သည်။
သို့သော် ကံဆိုးသည်မှာ မနက်ဖြန်ပြီးလျှင် အရာအားလုံး ပျောက်ကွယ်သွားပေတော့မည်။ ပြီးခဲ့သည့် နှစ်အတွင်း သူ ကြိုးစားအားထုတ်ခဲ့သည်များ အားလုံးလည်း ရေဆုန်မျောသွားတော့မည်ဖြစ်သည်။ သူသည် စစ်ထူရီနျန်ကို ခေါ်၍ တစ်သက်လုံး ထွက်ပြေးနေရတော့ပေမည်။ ထို့ပြင် သူတို့ အချိန်မရွေး အသက်ဆုံးရှုံးသွားနိုင်ပေသည်။ ရုတ်တရက် သူ သူ့ကိုယ်သူ ပြန်မေးမိသွား၏။ ထိုအရာအားလုံးက တန်ပါသလော။
အဖြေက ရှင်းလင်းပေသည်။
ချမ်ဝမ်ကွမ်း၏ နှုတ်ခမ်းစွန်းများတွင် အပြုံးသဲ့သဲ့တစ်ချက် ထွက်ပေါ်လာသည်။ သူသည် သူ၏လက်မောင်းကို ချစ်ခင်စွာ တွဲဆုပ်ထားသော စစ်ထူရီနျန်ကို ငေးကြည့်လိုက်၏။ သူ ယုံကြည်မှု အပြည့်ရှိသွားသည်။ ဤတစ်ခေါက်တွင်သာ သူ ရှင်သန်ခဲ့လျှင် သူသည် အရာအားလုံးကို အစကပြန်စရန် ယုံကြည်မှုရှိပေသည်။ သူသည် (၁၀)နှစ်၊ (၁၂)နှစ်သုံး၍ အခြားကုန်သည်အဖွဲ့အစည်းတစ်ခုကို ပြန်တည်ထောင်မည်။ စစ်ထူရီနျန်၏ ရွေးချယ်မှုက မှန်ကန်ခဲ့ကြောင်း သက်သေပြရန် သူသည် ကောင်းကင်ကြယ်တာရာနယ်နမိတ်တစ်ခုလုံးကို လှုပ်ခတ်သွားစေမည့် ကုန်သည်အင်ပါယာတစ်ခုကို တည်ထောင်မည်ဖြစ်သည်။
စစ်ထူရီနျန်က ချမ်ဝမ်ကွမ်းသည် ထူးဆန်းသော အမူအယာများကို သတိပြုမိသွား၍ နူးညံ့စွာ မေးလိုက်သည်။
“ဝမ်ကွမ်း... ရှင် အဆင်ပြေရဲ့လား”
“ကိုယ် အဆင်ပြေပါတယ်”
ချမ်ဝမ်ကွမ်းသည် ဝိတ်တော်တော်ကျသွားပြီဖြစ်၍ ထူးခြားသော ဆွဲဆောင်မှုတစ်ခု ရှိနေပြီဖြစ်သည်။ သူသည် စစ်ထူရီနျန်ကို ဖက်လိုက်ကာ ပြုံး၍ ပြောလိုက်သည်။
“ကိုယ်က ရုတ်တရက်ကြီး ပျော်လာလို့ပါ။ ရီနျန်... ကိုယ့်ဘေးမှာ မင်းနဲ့ ခေါင်းဆောင်သာ ရှိရင် ပြည့်စုံနေပါပြီ”
စစ်ထူရီနျန်က ချိုသာစွာ ပြုံးလိုက်သည်။ သူမသည် ချမ်ဝမ်းကွမ်း၏ ဗိုက်ကို ခပ်တင်းတင်း ဖက်လိုက်၏။ သူမ၏အပြုံးက ပန်းပွင့်များထက်ပင် လှပပေသည်။ ထို့ကြောင့် သခင်လေးများစွာသည် ချမ်ဝမ်ကွမ်းကို မနာလိုဖြစ်သွားကြ၏။
အခမ်းအနားက လျင်မြန်စွာ ပြီးဆုံးသွားသည်။ ထို့နောက်တွင် အရေးအပါဆုံး ပွဲဖြစ်သည့် လေလံပွဲကို ကျင်းပလေသည်။ ကျန်းရီသည် လေလံပွဲပြီးဆုံးသွားသည်အထိ အခန်းအောင်း ကျင့်ကြံရာမှ ထွက်မလာသေးသဖြင့် ချမ်ဝမ်ကွမ်း စိတ်ပျက်သွားသည်။
မနက်ဖြန်သည် ချမ်ဝမ်ကွမ်း၏ မင်္ဂလာပွဲရက်ဖြစ်ပြီး သူတို့ အစီအစဉ် အကောင်အထည်ဖော်မည့်နေ့လည်းဖြစ်သည်။ သူတို့သည် ထိုအစီအစဉ်ကို ကျန်းရီမပါဘဲ မည်သို့ လုပ်ရမည်နည်း။ ချမ်ဝမ်ကွမ်းက သန်းခေါင်းအချိန်အထိ စောင့်နေခဲ့သည်။ သန်းခေါင်းကျော်သောအခါ သူသည် ရွေးချယ်စရာ မရှိတော့သဖြင့် လက်ထဲတွင် အတွင်းအား စုစည်းလိုက်၏။ သူက ဧကရာဇ်နန်းတော်၏ အကာအရံများကို တိုက်ခိုက်တော့ပေမည်။
ရွှီး...
ထိုအခိုက်တွင် ဧကရာဇ်နန်းတော်က တောက်ပလာပြီး လူလေးယောက် ထွက်လာလေသည်။ ချမ်ဝမ်ကွမ်းက အံ့ဩတကြီး အော်ခေါ်လိုက်၏။
“ခေါင်းဆောင်၊ အစ်ကိုဝူရွှမ်း၊ မင်းသမီးယွင်ဖေး၊ ရှောင်နူ... နောက်ဆုံးတော့ ထွက်လာပြီပေါ့”
“ဟားဟားဟား...”
ကျန်းရီက ရယ်၍ ချမ်ဝမ်ကွမ်းကို ဖက်လိုက်သည်။
“ငါ့ရဲ့ အကောင်းဆုံးညီလေးက လက်ထပ်တော့မှာကို ငါက ဘယ်လိုလုပ် အလွဲခံနိုင်မှာလဲ”
ကျန့်ဝူရွှမ်းကလည်း ချမ်ဝမ်ကွမ်းကို ပခုံးပုတ်ကာ ပြောလိုက်သည်။
“ဝမ်ကွမ်း... မင်း ရှန်းစီမျိုးနွယ်စုမှာ အောင်မြင်နေတယ်ဆိုတာကို ဦးလေးသာ သိရင် တော်တော်ပျော်မှာပဲ။ သူက အောင်ပွဲခံဖို့ သုံးရက်၊ သုံးညလောက် အမူးသောက်လောက်တယ်။ ဝမ်ကွမ်း... ဂုဏ်ပြုတယ်ကွာ”
ကျန့်ဝူရွှမ်း၏ စကားများ ဆုံးသွားသောအခါ ချမ်ဝမ်ကွမ်း၏ မျက်ဝန်းများ မည်းမှောင်သွား၏။ ကျန်းရီလည်း တိတ်ဆိတ်သွားသည်။ သူတို့၏ စိတ်များသည် ကီလိုမီတာ သန်းသိန်းချီ ဝေးသော ကောင်းကင်ကြယ်တာရာနယ်မြေသို့ ပြန်ရောက်သွားကြ၏။
ချမ်ကွေ့နှင့် ကျန့်ရီမင်တို့က သေချာပေါက် ရှင်သန်လောက်၏။ ကျန်းယွင်ဟိုင် ပုန်းအောင်းနေသော နေရာကလည်း အလွန်လျှို့ဝှက်သည်။ ထို့ကြောင့် ဧကရာဇ်ကိုးပါးမျိုးနွယ်စုက သူတို့ကို ပြဿနာ မရှာနိုင်လောက်ပေ။ သို့သော် ကောင်းကင်ကြယ်တာရာနယ်မြေတွင် မည်သည့်အခြေအနေရှိနေကြောင်း မည်သူ သိမည်နည်း။ ချမ်ကွေ့၊ ကျန့်ရီမင်နှင့် ကျန်းယွင်ဟိုင်တို့က အသက်ရှင်နေသည်ဟု မည်သူ အာမခံနိုင်မည်နည်း။
“ဝူရွှမ်း... ရှင်က ဒီနေ့လို နေ့ထူးနေ့မြတ်မျိုးမှာ ဘာလို့ အဲ့လိုကိစ္စတွေကို ပြောရတာလဲ”
ယွင်ဖေးက ကျန့်ဝူရွှမ်းကို ခပ်ဖွဖွ တွန်းလိုက်ပြီး စိတ်မကောင်းဖြစ်နေသည်။
“ဒီနေ့က ဝမ်ကွမ်းရဲ့ မင်္ဂလာနေ့ပဲ။ ကျွန်မတို့ ပျော်ပျော်နေသင့်တယ်”
“ဟားဟားဟား... ဒီနေ့က ပျော်ရမယ့်နေ့ပဲ။ ငါတို့ အဲ့ကိစ္စတွေကို မေ့ထားကြတာပေါ့”
ကျန်းရီ၏ မျက်လုံးများ တောက်ပလင်းလက်လာသည်။ ထို့နောက် သူ ယုံကြည်မှုရှိရှိ ပြောလိုက်သည်။
“ငါတို့သာ ကြိုးစားရင် မကြာခင် အရှေ့ဘက် တော်ဝင်နယ်မြေနဲ့ ကောင်းကင်ကြယ်တာရာနယ်မြေကို ပေါ်ပေါ်ထင်ထင် ပြန်နိုင်လာမှာပါ။ အဲ့အခါကျမှ ငါတို့ သူတို့ကို သက်တောင့်သက်သာ၊ အေးအေးချမ်းချမ်း နေစေတာပေါ့”
“အွန်း...”
ချမ်ဝမ်ကွမ်းနှင့် ကျန့်ဝူရွှမ်းတို့က ခပ်လေးလေး ခေါင်းညိတ်လိုက်ကြပြီး ကျန်းရီ၏ ယုံကြည်မှုကြောင့် စိတ်လှုပ်ရှားသွားကြသည်။ ချမ်ဝမ်ကွမ်းနှင့် ကျန်းရီတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်၏။ သူတို့သည် တစ်ယောက်၏အတွေးကို တစ်ယောက်က သိနိုင်ရန် အသံမပို့လွှတ်နေရန်ပင် မလိုချေ။ တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် သိနိုင်ပေသည်။ ချမ်ဝမ်ကွမ်းသည် စိတ်လှုပ်ရှားမှုကြောင့် မျက်နှာနီရဲသွား၏။ ကျန်းရီ၏အကြည့်အရ သူ ကြီးမားသော အောင်မြင်မှုတစ်ခု ရရှိခဲ့ပုံ ပေါ်လေသည်။
“နည်းနည်းလောက် သောက်ကြတာပေါ့”
ကျန်းရီက လက်ဝှေ့ယမ်းလိုက်သည်။ ညမှောင်နေဆဲပင်ဖြစ်၍ မင်္ဂလာပွဲစရန် နာရီအတော်ကြာ လိုပေသေးသည်။ မင်္ဂလာပွဲကိစ္စအကုန်လုံးကို စစ်ထူမျိုးနွယ်က စီစဉ်ခြင်းဖြစ်၏။ ထို့ကြောင့် သူတို့ ဘာမှ လုပ်ရန် မလိုပေ။ သူတို့သည် ပင်မခန်းမသို့ သွား၍ သေရည်အိုးများထုတ်ကာ စတင် သောက်လိုက်သည်။
အရုဏ်တက်သောအခါ အတီးအမှုတ်အသံများကို စတင်ကြားလာရ၏။
ချမ်ဝမ်ကွမ်းသည် ရေချိုးရန် ဆွဲခေါ်ခံသွားရ၏။ ထို့နောက် သူသည် စစ်ထူမျိုးနွယ်၏ ဘိုးဘေးများကို ဂါဝရပြုရ၏။ ပြီးနောက် အခြားကိစ္စအသေးလေးများနှင့် ရှုပ်ထွေးသော ရိုးရာဓလေ့များကို ဆက်လုပ်ရလေသည်။ နောက်ဆုံးကျမှ သူသည် လက်ထပ်မင်္ဂလာပွဲအတွက် ရှန်းစီမြို့ရင်ပြင်သို့ သွားရသည်။
မြို့ထဲမှ လူအားလုံးနှင့် မဟာဧကရာဇ်နန်ကုန်းရုပ်တု၏ ရှေ့မှောက်တွင် ချမ်ဝမ်ကွမ်းနှင့် စစ်ထူရီနျန်တို့ ထိမ်းမြားကြ၏။ မွန်းတည့်ချိန်တွင် စစ်ထူမျိုးနွယ်က အစားအသောက်များ စတင် တည်ခင်းဧည့်ခံလေသည်။ ဧည့်သည်တော်များထဲတွင် မျိုးနွယ်ခေါင်းဆောင်များနှင့် မျိုးနွယ်အသီးသီးမှ အကြီးအကဲများလည်း ပါဝင်ပေသည်။ မင်္ဂလာလက်ဖွဲ့များကလည်း တောင်လိုပုံနေသည်။
လဲ့ထင်ဝေ၊ နန်ကုန်းယွင်ရီနှင့် လုလီတို့က ပေါ်မလာခဲ့ပေ။ သို့သော် သူတို့သည် သူတို့မျိုးနွယ်၏ အကြီးအကဲများနှင့် သခင်လေးများကိုတော့ စေလွှတ်လိုက်သည်။ ခန့်မှန်းချေအရ မင်္ဂလာလက်ဖွဲ့အဖြစ် အတုအယောင် နတ်ဘုရား အသုံးအဆောင် တစ်ဒါဇင်ကျော် ရလောက်၏။ သို့သော် ချမ်ဝမ်ကွမ်းသည် တစ်ခုမှ မယူပေ။ သူက လက်ဖွဲ့အားလုံးကို စစ်ထူမျိုးနွယ်အား ပေးလိုက်သည်။
ကျန်းရီနှင့် ကျန့်ဝူရွှမ်းတို့ကလည်း ချမ်ဝမ်ကွမ်း၏ မိသားစုအနေဖြင့် မင်္ဂလာပွဲနှင့် စားသောက်ပွဲကို တက်ရောက်ကြသည်။ ကျန်းရီက လက်ဖွဲ့အဖြစ် ကောင်းကင်ပန်းချီကားတစ်ချပ် ပေး၏။ ဤတစ်ခေါက်တွင်မူ ရီဖျောင်ဖျောင်ဟု မရေးထိုးတော့ဘဲ သူ၏အမည်ကိုသာ ရေးထိုးထားသည်။ ပန်းချီကားမှာ ချမ်ဝမ်ကွမ်းနှင့် စစ်ထူရီနျန်တို့၏ ပုံဖြစ်ပြီး အလွန်အသက်ဝင်လှပေသည်။ ထို့ပြင် ပန်းချီကားတွင် အလွန်ထူးခြားသော တာအိုပုံသဏ္ဌာန်အငွေ့အသက်တစ်ခုလည်း ပါလေသည်။ စစ်ထူအောင်းသည် ပန်းချီကားကို မြင်သောအခါ တုန်တုန်ယင်ယင် ဖြစ်သွား၏။ သူ၏ တောက်ပနေသော မျက်လုံးများက ရေခဲကိုပင် အရည်ဖျော်ပစ်နိုင်မည်ဟု ထင်ရပေသည်။
ထို့နောက်တွင် ကျန်းရီသည် စစ်ထူအောင်းအား ကောင်းကင်ပန်းချီကား အချပ်တစ်ထောင်နှင့် ပေလိပ်တစ်လိပ်ကို ချမ်ဝမ်ကွမ်း၏ မိသားစုဘက်မှ တင်တောင်းသည့်ပစ္စည်းများအဖြစ် ပေးလိုက်သည်။ စစ်ထူအောင်းသည် ပန်းချီကားများကို မြင်သောအခါ ထပ်မံ တုန်ယင်သွား၏။ ထို့နောက် သူ ပေလိပ်ကို ဖွင့်ကြည့်လိုက်ရာ ကောင်းကင်းနားလည်သိမြင်ခြင်းမှော်အတတ်ကို တွေ့လိုက်သဖြင့် ပို၍ပင် တုန်ယင်သွားလေသည်။
သို့သော် ပန်းချီကားများနှင့် ပေလိပ်ကို တွေ့လိုက်သူမှာ စစ်ထူအောင်း တစ်ယောက်တည်းသာဖြစ်သည်။ စစ်ထူအောင်းသည် လူအုပ်၏ ကောင်းကင်စိတ်အာရုံများ သူ့ထံ ရောက်မလာခင် ပန်းချီကားများနှင့် ပေလိပ်ကို သိမ်းဆည်းလိုက်လေသည်။ ထို့နောက် သူသည် ကျန်းရီ၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး အချိန်အတော်ကြာသည်အထိ လွှတ်မပေးခဲ့ပေ။
ကျန့်ဝူရွှမ်း၊ ဖုန်းလန်နှင့် အခြားသူများအားလုံးကလည်း လက်ဖွဲ့များပေးခဲ့သည်။ သို့သော် ၎င်းတို့က ကျန်းရီ၏လက်ဖွဲ့များလောက်တော့ အဖိုးမတန်ပေ။ ထိုလက်ဖွဲ့အားလုံးကို ဖုန်းလန်က ပြင်ဆင်ပေးခဲ့ခြင်းဖြစ်သည်။ ချမ်ဝမ်ကွမ်းက မိသားစုဖြစ်သဖြင့် သူတို့ ဓလေ့များအတိုင်း လုပ်နေစရာ မလိုသော်လည်း စစ်ထူရီနျန်ကိုတော့ လေးစားသမှု ပြရပေမည်။
တဖြည်းဖြည်းဖြင့် ညအချိန်ရောက်လာ၏။
ကျန်းရီတို့အုပ်စုသည် မြို့မြောက်ဘက်ရှိ နတ်ရွာလားတောင်ထွတ်သို့သွားရန် ပြင်ဆင်ပြီးနေပေပြီ။ ယနေ့ည၏ စိတ်ဝင်စားဖွယ်အကောင်းဆုံး ကိစ္စက ထိုနေရာတွင် ဖြစ်ပေလိမ့်မည်။ ယနေ့ညပြီးလျှင် ကျန်းရီတို့အုပ်စုသည် ရှန်းစီမျိုးနွယ်စုမှ ထွက်သွားတော့မည်ဖြစ်သည်။ ချမ်ဝမ်ကွမ်းသည် စီစဉ်စရာရှိသည်အားလုံးကို စီစဉ်းထားပြီးပေပြီ။ သူနှင့် ဖုန်းလန်တို့သည် ယနေ့ညတွင် ဖြစ်လာနိုင်သည့်အရာအားလုံးကို ထည့်သွင်းစဉ်းစားထားပေသည်။ မည်သည့် ကိစ္စဖြစ်လာစေကာမူ ယနေ့ည၏ အစီအစဉ်က အောင်မြင်မည်သာ။
ဝှစ်...ဝှစ်...
ရထားလုံးများသည် ညကောင်းကင်သို့ ပျံတက်သွားပြီး မြောက်ဘက်သို့ ဦးတည်ပျံသန်းသွားလေသည်။ အစ်မကြီးဆည်းလည်းသည် လဲ့ချီရန်နှင့်အတူ နတ်ရွာလားတောင်ထွတ်သို့ သွားကြောင်း အတည်ပြုပြီးသောအခါ ကျန်းရီနှင့် ချမ်ဝမ်ကွမ်းတို့သည် တစ်ပြိုင်တည်း အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ကြ၏။
“အစီအစဉ်အတိုင်းလုပ်။ ဒီညပြီးသွားရင် ခင်ဗျား အညံ့ခံလိုက်ပြီး စစ်ထူမျိုးနွယ်မှာ သွားခိုလုံပါ။ ကျုပ်တို့ မသေဘဲ ပြန်တွေ့ခဲ့ရင် ကျုပ် ခင်ဗျားရဲ့ လွတ်လပ်ခွင့်ကို ပြန်ပေးပါမယ်။ ကျုပ် ခင်ဗျားမိသားစုအတွက်လည်း သေသေချာချာ စီစဉ်ပေးထားပါတယ်။ သူတို့ မျိုးဆက်နဲ့ချီအောင် အေးအေးချမ်းချမ်းဘဝနဲ့ နေရမှာပါ”
ချမ်ဝမ်ကွမ်းက လက်ဝှေ့ယမ်းကာ ပြောလိုက်၏။ မီးခိုးရောင်ဝတ်ရုံနှင့် အဘိုးအိုတစ်ယောက်သည် အလေးအနက် ဦးညွှတ်လိုက်ပြီး အမှောင်ထုထဲဝင်ကာ ပျောက်ကွယ်သွားလေသည်။ ထို့နောက် ချမ်ဝမ်ကွမ်းက ပြုံးကာ ပြောလိုက်၏။
“ခေါင်းဆောင်...ကျုပ်တို့လည်း ကောင်းကင်ခွင်းတောင်ကို သွားကြတော့မလား”
“ကောင်းပြီ”
ကျန်းရီက ဧကရာဇ်နန်းတော်ကို ထုတ်လိုက်ပြီး ကျန်းရှောင်နူမှလွဲ၍ ဖုန်းလန်၊ ကျန့်ဝူရွှမ်းနှင့် အခြားသူများကို အထဲသို့ ပို့လိုက်လေသည်။ ချမ်ဝမ်ကွမ်းက အံ့ဩဟန်ဖြင့်မေးလိုက်၏။
“ခေါင်းဆောင် ရှောင်နူက ကျုပ်တို့နဲ့ သွားမှာလား။ အဲ့ဒါက အန္တရာယ် မများလွန်းဘူးလား”
“ဟားဟား... ငါ့မှာ ငါ့အစီအစဉ်တွေ ရှိပါတယ်”
ကျန်းရီက ပဟေဠိဆန်ဆန် ပြုံးလိုက်ပြီး ချမ်ဝမ်ကွမ်းနှင့် ကျန်းရှောင်နူကိုခေါ်ကာ အပြင်သို့ ထွက်သွားလိုက်လေသည်။ သူတို့သည် အပြင်တွင် စောင့်နေသော စစ်ထူရီရှောင်၊ ဟွမ်ဖူထောင်ထျန်းတို့နှင့်အတူ ရထားလုံးနှစ်စီးအပေါ် တက်လိုက်ပြီး နတ်ရွာလားတောင်ထွတ်ဆီသို့ တိုက်ရိုက်ပျံသန်းသွားလိုက်ကြသည်။ သူတို့နှင့်အတူ စစ်ထူမျိုးနွယ်မှ ကောင်းကင်ဧကရာဇ်အဆင့် ကိုယ်ရံတော်တစ်စုလည်း ပါလာပေသည်။
ဟွမ်ဖူထောင်ထျန်း၊ ကျန်းရီနှင့် ကျန်းရှောင်နူတို့က ရထားလုံးတစ်စီးထဲတွင် ဖြစ်သည်။ ရထားလုံးက ကောင်းကင်ထက်သို့ ပျံတက်သွားသောအခါ ရထားလုံးဒိုင်းကာ ပွင့်သွား၏။ ဟွမ်ဖူထောင်ထျန်းက ကျန်းရီကို ကြည့်ကာ ပြောလိုက်သည်။
“ကျန်းရီ... ညီလေး အစ်ကို့ကို တစ်ခုခုဖုံးကွယ်ထားတာလား။ ဘာလို့ အစ်ကို စိတ်ထဲထင့်နေလဲ မသိဘူး”
“ဟားဟား... အစ်ကိုဟွမ်ဖူက အတွေးလွန်နေတာပါ”
ကျန်းရီက ရထားလုံးအပြင်ရှိ ကောင်းကင်မှ ကြယ်များကို ကြည့်ကာ ခပ်ရေးရေး ပြုံးလိုက်သည်။
“နတ်ရွာလားတောင်ထွတ်က အခုဆို တော်တော်စည်ကားနေမှာပဲ။ ကျွန်တော်တို့ အဲ့ကိုရောက်သွားရင် ပိုတောင် စည်းကားသွားနိုင်တယ်။ အစ်ကိုဟွမ်ဖူ ဒီည ဘာမှ သိပ်တွေးမနေပါနဲ့။ စိတ်အေးအေးထားပြီး မီးပုံပွဲမှာ ပျော်ပျော်နေပါ။ ဒီနေ့က အမြဲအမှတ်ရနေမယ့် နေ့တစ်နေ့ဖြစ်မှာပါ”
***