← Chapters

ကျန်းရီ လှုပ်ရှားပြီ

Vol. 60 Ch. 831

ကျန်းရီ လှုပ်ရှားပြီ

Vol. 60 Ch. 831

နတ်ရွာလားတောင်ထွတ်သည် အမှန်ပင် စည်းကားနေ၏။ တောင်ထွတ်တစ်ခုလုံးသည် မဟာဧကရာဇ်နန်ကုန်း၏ ဓားချက်တစ်ချက်ကြောင့် မျက်နှာပြင်တစ်ညီတည်း ဖြစ်နေသည်။ မဟာဧကရာဇ်နန်ကုန်းသည် သူ၏နောက်ပိုင်းနှစ်များတွင် ဤထောင်ထွတ်ရှိ တဲအိမ်လေးတစ်အိမ်တွင် နေထိုင်ခဲ့၏။ ယခုတွင် တောင်ထွတ်ပေါ်၌ ထိုတဲအိမ်ကို ဝန်းရံထားသော မီးပုံများ ရာကျော် ရှိနေသည်။ မီးပုံများသည် တောင်ထွတ်ကို နေ့အချိန်အလား လင်းထိန်နေစေ၏။ ကောင်းကင်တစ်ခြမ်းသည်လည်း မီးအလင်းရောင်ကြောင့် နီမြန်းနေသည်။

တောင်ထွတ်‌ပေါ်မှ မြေပြင်နေရာတော်တော်များများတွင် အနီရောင်ကော်ဇောခင်းထား၏။ မီးပုံများ ပတ်ပတ်လည်တွင်လည်း စားပွဲများစွာ ခင်းကျင်ထားသည်။ စားပွဲများပေါ်တွင် စားကောင်းသောက်ဖွယ်များ၊ သေရည်ကောင်းများ တည်ခင်းထားပေသည်။ အလယ်ရှိ အကြီးဆုံးမီးပုံကြီး၏ ပတ်ပတ်လည်တွင် စားပွဲ(၁၀၀)နီးပါး ခင်းကျင်းထား၏။ ထို့ပြင် မီးပုံကို လှည့်ပတ်၍ လှပစွာ ကနေသော ကချေသည်အမျိုးသမီးများလည်း ရှိပေသည်။ သူမတို့၏ အကသည် သာယာသော ဂီတသံ၊ အေးမြသော လေညင်း၊ တောက်ပသော ကြယ်လေးများ၊ လှပေသော ရှုခင်းတို့နှင့် လိုက်ဖက်ညီနေပေသည်။

ယနေ့ညတွင် တောင်ထွတ်‌ပေါ်၌ ခန့်ညားသော သခင်လေးများ၊ လှပသော သခင်မလေးများနှင့် ပြည့်နှက်နေပေသည်။ သူတို့အားလုံးသည် ဝတ်ကောင်းစားလှများ ဝတ်ဆင်လာကြ၏။ သခင်လေးများက အထင်ကြီးဖွယ်ကောင်းနေပြီး သခင်မလေးများက နှစ်လိုဖွယ်ကောင်းနေကြသည်။ သူတို့ကို ကြည့်ရုံဖြင့်ပင် ယစ်မူးသွားနိုင်သဖြင့် သေရည်ကောင်းများကို သောက်နေရန်ပင် မလိုချေ။

တောင်ထွတ်ကို စစ်ထူမျိုးနွယ်မှ အစောင့်များက ဝန်းရံထား၏။ အစောင့်များထဲတွင် အနည်းဆုံး ကောင်းကင်ဧကရာဇ်(၅၀၀)ပါသည်။ ထို့ပြင် တောင်ထွတ်တစ်ခုလုံးကို လှည့်တပ် စောင့်ကြပ်နေသော ကင်းလှည့်အဖွဲ့များလည်း ရှိနေပေသည်။ စစ်ထူမျိုးနွယ်သည် တောင်ထွတ်၏ မိုင်တစ်ထောင်ပတ်လည်အတွင်းတွင်လည်း လျှို့ဝှက်အစောင့်များ ထားထားပေသေးသည်။ ဓားပြများ မဆိုးထားနှင့် ခြင်တစ်ကောင်ပင် နတ်ရွာလားတောင်ထွတ်သို့ ချည်းကပ်မလာနိုင်ပေ။

ဝှစ်...ဝှစ်...ဝှစ်...

ခမ်းနားသော စစ်ရထားလုံးများသည် သခင်လေးများ၊ သခင်မလေးများကို သယ်ဆောင်ကာ တစ်စီးပြီးတစ်စီး ‌ရောက်ရှိလာ၏။ မျိုးနွယ်ကြီးများမှ သခင်လေးများသည် ဤကဲ့သို့သော ပွဲများတွင် အမြဲပစ်မှတ်ထားခံရ၏။ ဤပွဲမျိုးသည် ဖူးစာဖက်ရှာရန် အကောင်းဆုံးအခွင့်အရေး မဟုတ်ပါလော။ သခင်မလေးများသည် သခင်လေးများ၏ လက်ထပ်ခွင့်တောင်းသည်ကို ခံရရန် သူ့ထက်ငါ အပြိုင် ပြင်ဆင်ချယ်သထားကြပေသည်။

ဝှစ်...ဝှစ်...

စစ်ထူမျိုးနွယ်မှ အစေခံများသည်လည်း ပျားပန်းခတ် ပျံသန်းကာ ပူပူနွေးနွေး အစားအသောက်များကို ဧည့်ခံနေကြသည်။ တောင်ထွတ်ပေါ်တွင် သခင်လေးများ၏ ဟက်ဟက်ပက်ပက် ရယ်သံများနှင့် သခင်မလေးများ၏ ချစ်စဖွယ် ခိုးခိုးခစ်ခစ်ရယ်သံလေးများ ပျံ့လွင့်နေပေသည်။ အစေခံမလေးများကလည်း လှည့်ပတ်သွားကာ ဧည့်ခံနေကြသည်။ တောင်ထွတ်ကို တစ်ချက်ကြည့်လိုက်လျှင် လူများ လှုပ်ရှားသွားလာနေသည်ကိုသာ မြင်ရ၏။ တောင်ထွတ်သည် အလွန်စည်းကားနေပေသည်။

ခမ်းနားတောက်ပသော စစ်ရထားလုံးနှစ်စီး ရောက်ရှိလာသောအခါ အစောင့်တစ်စုက ပျံတက်သွား၏။ ထို့ကြောင့် လူများစွာသည် ထရပ်ကာ ကြည့်လိုက်ကြသည်။ ယင်းတို့က စစ်ထူမျိုးနွယ်၏ စစ်ရထားလုံးများပင်။ ထိုရထားလုံးများထဲတွင် စစ်ထူရီရှောင်နှင့် အခြားသူများ ပါလာပေသည်။ ဤကဲ့သို့ ပျော်ပွဲစားပွဲမျိုးကို အကြီးအကဲများက တက်ရောက်မည်မဟုတ်ပေ။ ထို့ကြောင့် အားလုံးသည် ပွဲ၏ ဦးဆောင်သူများဖြစ်ကြသော ချမ်ဝမ်ကွမ်း၊ ကျန်းရီနှင့် အခြားသူများကို စောင့်နေခြင်းပင်။

မျှော်လင့်ထားသကဲ့သို့ပင်။

အနီရောင် သတို့သားဝတ်စုံဝတ်ဆင်ထားသော ချမ်ဝမ်ကွမ်းက ရထားလုံးထဲမှ ထွက်လာ၏။ သူ့နောက်မှနေ၍ ချစ်စဖွယ်လှပနေသော သတို့သမီးဝတ်စုံနှင့် စစ်ထူရီနျန် လိုက်ထွက်လာသည်။ လူအုပ်တစ်ခုလုံး အုတ်‌အော်သောင်းနင်း ဖြစ်သွား၏။ သခင်မလေးများသည် စစ်ထူရီနျန်ကို ဝန်းရံလိုက်ကြပြီး ဖိတ်ခေါ်လိုက်ကြ၏။ သခင်လေးများက ချမ်ဝမ်းကွမ်းနှင့် ကျန်းရီတို့ကို ဝန်းရံကာ မျက်နှာချိုသွေး၍ ဂုဏ်ပြုစကားဆိုလိုက်ကြသည်။

ကျန်းရီက အာလာပသလ္လာပ အနည်းငယ် ပြောပြီးနောက် အလယ်ရှိ မီးပုံကြီးကို ကြည့်လိုက်၏။ ထိုမီးပုံကြီးအနီးမှ စားပွဲတွင် မင်းသမီးချမ်ချမ်၊ စစ်ထူရီရှောင်၊ လဲ့ချီရန်နှင့် အစ်မကြီးဆည်းလည်းတို့ ထိုင်နေသည်ကို သူတွေ့လိုက်သည်။ သူ၏မျက်လုံးများ အေးစက်သွား၏။ လဲ့ချီရန်ကလည်း အရေးမစိုက်ဟန်ဖြင့် ကျန်းရီကို ပြန်စိုက်ကြည့်လိုက်သည်။ လဲ့ချီရန်သည် အောင်နိုင်သူတစ်ယောက်ကဲ့သို့ မထီပြုံး ပြုံးနေပေသည်။

“ခေါင်းဆောင်.. သွားထိုင်ကြတာပေါ့”

ချမ်ဝမ်ကွမ်းက ကျန်းရီ၏ ပခုံးကို ပုတ်ကာ ပြောလိုက်၏။ ထိုအခါမှ ကျန်းရီ အသိစိတ်ပြန်ကပ်သွားပြီး လဲ့ချီရန်ဆီမှ အကြည့်လွှဲလိုက်သည်။ ကျန်းရီ၊ ဟွမ်ဖူထောင်ထျန်းနှင့် ပတ်ဝန်းကျင်မှ သခင်လေးတစ်စုသည် ညာဘက်ရှိ ဂုဏ်သရေရှိဧည့်သည်များအတွက် စားပွဲတွင် သွားထိုင်လိုက်ကြသည်။

ယနေ့တွင် ကျန်းရှောင်နူသည် သာမန် ဝတ်စုံဖြူတစ်ထည်ကိုသာ ဝတ်ဆင်ထား၏။ သူမသည် မျက်နှာသေဖြင့် သူမကို ကြည့်နေသော မျက်လုံးအားလုံးကို လျစ်လျူရှုကာ ကျန်းရီအနောက်သို့ လိုက်သွားသည်။ မိန်းမလှလေးများအားလုံးကို ကျန်းရီက ယူပြီးသွားပြီဖြစ်၍ သခင်လေးများစွာ သက်ပြင်းချလိုက်ကြသည်။

ချမ်ဝမ်ကွမ်းက ပွဲရှင်ထိုင်ခံတွင် ထိုင်လိုက်သည်။ သခင်မလေးများသည် စစ်ထူရီနျန်ကို ချမ်ဝမ်ကွမ်းဘေးသို့ ပြန်ပို့ပေးလိုက်ကြ၏။ ချမ်ဝမ်ကွမ်းနှင့် စစ်ထူရီနျန်တို့က ထရပ်ကာ ခွက်မြှောက်လိုက်ကြသည်။ အားလုံးကလည်း တလေးတစားဖြင့် ပြန်ခွက်မြှောက်လိုက်ကြသည်။ လဲ့ချီရန်သည်ပင် ပြဿနာမရှာဝံ့သဖြင့် ယဉ်ယဉ်ကျေးကျေး ပြန်ခွက်မြှောက်ပြလိုက်ရသည်။

ထို့နောက်တွင် ချမ်ဝမ်ကွမ်းသည် စစ်ထူရီနျန်နှင့် စစ်ထူရီရှောင်တို့ကို ခေါ်ကာ မီးပုံများကို လှည့်ပတ်၍ ဧည့်သည်များကို ဧည့်ခံလိုက်သည်။ သူသည် ဧည့်သည်များကို ဧည့်ခံရင်း သေရည် တစ်ခွက်ပြီးတစ်ခွက် သောက်နေရ၏။ တော်သေးသည်မှာ သူက ကြွက်တွင်း ဖြစ်နေခြင်းပင်။ သူ့နေရာတွင် ကျန်းရီသာ ဆိုပါက သေချာပေါက် မူးသွားမည်ဖြစ်သည်။ ဤကဲ့သို့သော ပွဲမျိုးတွင် မည်သူက အတွင်းအားသုံး၍ သေရည်များကို ပြန်ထုတ်ပါသနည်း။ ထိုသို့ လုပ်လိုက်လျှင် လူရယ်စရာ ဖြစ်သွားပေလိမ့်မည်။

ထိုအချိန်တွင် ကျန်းရီသည် ခေါင်းငုံ့ကာ တိတ်တဆိတ်ရှိနေ၏။ ကျန်းရှောင်နူကလည်း မလှုပ်မယှက် ရှိနေသည်။ ဟွမ်ဖူထောင်ထျန်းက သေရည်ကို ထိပင်မထိပေ။ အနီးမှ သခင်လေးများ၊ သခင်မလေးများကလည်း သူတို့နှင့် ပြောဆိုဆက်ဆံရမည်ကို ရှိန်ကြသဖြင့် ကိုယ့်ချင်းကိုယ့်ချင်း ခွက်မြှောက်၍သာ သောက်နေကြပေသည်။

လဲ့ချီရန်သည် တစ်နာရီကြာအောင် သောက်ပြီးနောက် အတန်ငယ် မူးလာပုံ ပေါက်လာ၏။ သူက ရန်စသော မျက်လုံးများကို ကျန်းရီကို စိုက်ကြည့်နေသည်။

သို့သော် ကျန်းရီက သူ့ကို ပြန်မတုံ့ပြန်ဘဲ ခေါင်းငုံ့၍သာ သေရည်ကို တိတ်တဆိတ် သောက်နေလေသည်။ သူသည် လဲ့ချီရန်၏ ရန်စမှုကို လုံးဝလျစ်လျူရှုထားပေသည်။ လဲ့ချီရန်သည် ရန်စမှုက မအောင်မြင်သောအခါ အစ်မကြီးဆည်းလည်းဘက်ကိုလှည့်၍ ခွက်မြှောက်လိုက်၏။ အစ်မကြီးဆည်းလည်းသည် စိတ်ဆင်းရဲနေပုံ ပေါ်၏။ လဲ့ချီရန်ကို ငြင်း၍မရသဖြင့် သူမ သေရည်တစ်ခွက် သောက်လိုက်ရသည်။ ထို့နောက်တွင် သူမသည် သေရည်ကို ထပ်မထိတော့ပေ။

လဲ့ချီရန်က မူးနေ၍ လျှောက်လုပ်နေခြင်းလော သို့မဟုတ် တမင် ကျန်းရီဒေါသထွက်လာအောင် စွပေးနေခြင်းလောကို မည်သူသိမည်နည်း။ လဲ့ချီရန်သည် သေရည်ကို တစ်ခွက်ပြီးတစ်ခွက် အထိန်းအကွပ်မရှိ သောက်နေပြီး ဟိုဝိုင်းကူးလိုက်၊ ဒီဝိုင်းကူးလိုက်နှင့် လုပ်နေ၏။ ကျန်းရီ အလွန်‌ဒေါသထွက်နေပေသည်။ သို့သော် ချမ်ဝမ်ကွမ်းက အချက်မပြသေးပေ။ ယင်းက အစ်မကြီးဆည်းလည်း၏ အမေကို မကယ်ရသေးသည့် အဓိပ္ပာယ်ပင်။ ထို့ကြောင့် ကျန်းရီသည် ရွေးချယ်စရာ မရှိတော့ဘဲ ဒေါသကို ဆက်မျိုသိပ်ထားရလေသည်။

“နင် ဘာလုပ်နေတာလဲ။ လဲ့ချီရန် နင် လေးစားမှုရှိဖို့ ကောင်းတယ်နော်”

အစ်မကြီးဆည်းလည်းသည် လဲ့ချီရန်၏ လက်တစ်ဘက်က သူမ၏ခါးကို ဖက်ရန် ရောက်လာပြီး ကျန်တစ်ဘက်က အတင်း သေရည်ငှဲ့ပေးရန် ဟန်ပြင်နေသည်ကို မြင်လိုက်သောအခါ ဒေါသပေါက်ကွဲသွားပေတော့သည်။ သူမသည် လက်ဝှေ့ယမ်းကာ သေရည်ခွက်ကို ပုတ်ထုတ်လိုက်ပြီး ‌ဒေါသဖြင့် ထရပ်လိုက်သည်။

“ဟီးဟီး...”

လဲ့ချီရန်က ဒေါသထွက်သွားပြီး လှောင်ရယ် ရယ်လိုက်သည်။

“မင်းလို မိန်းမရွှင်တစ်ယောက်က သူတော်စင်မတစ်ယောက်လို ဟန်ဆောင်နေတာလား။ မင်းက မုဆိုးမအဖြစ်နဲ့ နေနေရတဲ့အချိန်အတွင်းမှာ တခြားယောက်ျားတစ်ယောက်ကို မြူဆွယ်တဲ့ ကိစ္စကို မပြောနဲ့ဦး ကောင်းကင်မိုးကြိုးမြို့ကို သွားပြီး ကျွန်တစ်ယောက်နဲ့တောင် ဖြစ်လာခဲ့သေးတယ်။ ဒီနေ့ကျမှ မင်းက မခုတ်တတ်တဲ့ ကြောင်လေးလို ဟန်ဆောင်နေတာပေါ့လေ”

လဲ့ချီရန်၏ အသံက အလွန်လည်းမကျယ်လောင်သလို၊ နူးလည်းမနူးညံ့ပေ။ သို့သော် သူ၏အသံကို အနီးရှိ မီးပုံများမှ လူအားလုံး ကြားလိုက်ရသည်။ သခင်လေးများ၊ သခင်မလေးများ၏ စကားသံများ၊ ရယ်မောသံများ ရုတ်ခြည်း တိတ်ဆိတ်သွားသည်။ သူတို့သည် လဲ့ချီရန်တို့ကို လှမ်းကြည့်လိုက်ကြ၏။ မင်းသမီးချမ်ချမ်က အထင်သေးရွံရှာဟန်ဖြင့် ခေါင်းငုံ့လိုက်သည်။

ကျန်းရီ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသည့်အရိပ်အယောင်များ လက်သွားသည်။ သို့သော် သူ အစ်မကြီးဆည်းလည်းကို မကြည့်လိုက်ပေ။ ထိုအစား ချမ်ဝမ်ကွမ်းကိုသာ ကြည့်လိုက်သည်။ ချမ်ဝမ်ကွမ်းက ခါးသက်သက် ပြန်ပြုံးပြ၏။ မြို့မှ မည်သည့်သတင်းမှ ရောက်မလာသေးပေ။

“တစ်ခုခု ဖြစ်နေတာလား”

ကျန်းရီ ရင်တုန်သွား၏။ အစီအစဉ်အရဆိုလျှင် ယခုအချိန်လောက်ဆို အစ်မကြီးဆည်းလည်း၏ အမေကို ကယ်တင်ပြီး ဖြစ်နေရမည်ဖြစ်သည်။ သို့သော် အဘယ်ကြောင့် ယခုအထိ မည်သည့်သတင်းမှ ရောက်မလာသေးသနည်း။ ချမ်ဝမ်ကွမ်းသည်လည်း မျက်နှာမည်းမှောင်နေ၏။ သူသည် ဘေးမှ လူတစ်ယောက်ကို မသိမသာ လက်ဟန်ပြလိုက်၏။ ထိုလူက လျင်မြန်စွာ ပျံထွက်သွားလေသည်။

ဝှစ်...

အစ်မကြီးဆည်းလည်းသည် ဒေါသကြောင့် တဆတ်ဆတ်တုန်နေ၏။ သူမသည် လေထဲသို့ ပျံတက်သွားပြီး ထွက်သွားရန် ဟန်ပြင်လိုက်သည်။ သို့သော် လဲ့ချီရန်က သူမထံ အသံပို့လွှတ်လိုက်၏။ အစ်မကြီးဆည်းလည်း၏ သွယ်လျသောခန္ဓာကိုယ်လေး တုန်ယင်သွားသည်။ သူမ မြေပြင်သို့ ပြန်ဆင်းလာပြီး လဲ့ချီရန်ဘေးတွင် ရိုရိုကျိုးကျိုး ပြန်ထိုင်လိုက်လေသည်။ သူမ၏မျက်လုံးများက အသက်ကင်းမဲ့နေ၏။ သူမသည် မလွန်ဆန်နိုင်သော ကံတရားကို လက်ခံထားရသူ တစ်ယောက်ကဲ့သို့ပင်။

လဲ့ချီရန်က သေရည်သုံးခွက် ငှဲ့လိုက်ပြီး ဂုဏ်ယူဝံ့ကြွားစွာ ရယ်လိုက်သည်။

“ဟားဟား... ဒီလိုမှပေါ့။ မင်းက မိန်းမရွှင်တစ်ယောက် ဖြစ်နေပြီပဲ.. သူတော်စင်မလို ဟန်ဆောင်နေစရာ မလိုပါဘူး။ လာ.. ဒီသခင်လေးအတွက် သေရည်သုံးခွက် သောက်လိုက်စမ်း...”

ဝုန်း...

ကျန်းရီဘေးတွင် ထိုင်နေသော ဟွမ်ဖူထောင်ထျန်းသည် ဆက်၍ ကြည့်မနေနိုင်တော့သဖြင့် စားပွဲကို လက်သီးဖြင့် ထုချလိုက်ပြီး လဲ့ချီရန်ကို ဒေါသခိုးများတောက်လောင်နေသော မျက်လုံးများနှင့် စိုက်ကြည့်ကာ ပြောလိုက်လေသည်။

“လဲ့ချီရန်... ဘယ်လိုယောက်ျားမျိုးက မိန်းမတစ်ယောက်ကို အခက်တွေ့အောင်လုပ်လဲ။ မင်းက လဲ့မျိုးနွယ်ရဲ့မျက်နှာကို အိုးမည်းသုတ်နေတာတောင် ဒီလို တဟီးဟီး၊ တဟားဟား လုပ်နေနိုင်နေသေးတာလား။ မင်း မကျေနပ်ဘူးဆိုရင် အပြင်ကိုသွားပြီး တစ်ချီလောက် ချကြမလား။ ငါက မင်းလိုကောင်မျိုးကို လက်တစ်ဘက်တည်းနဲ့ သတ်ပစ်နိုင်တယ်”

“မင်း...”

လဲ့ချီရန် မျက်နှာပျက်သွား၏။ သို့သော် သူက ဟွမ်ဖူထောင်ထျန်းကို မယှဉ်နိုင်ကြောင်း သူ ကောင်းကောင်းသိပေသည်။ ထို့ကြောင့် သူသည် နှာမှုတ်ကာသာ ပြန်ပြောလိုက်၏။

“ဟွမ်ဖူ‌ထောင်ထျန်း... ငါက ငါ့မိန်းမကိုငါ ဆုံးမနေတာ။ မင်းက ဟွမ်ဖူမျိုးနွယ်က မောင်းထုတ်ခံရတဲ့ သားမိုက်တစ်ယောက်ပဲကွ။ မင်းက ငါ့ကို လာသင်ပေးနေရအောင် မင်းကိုယ်မင်း အဆင့်မီတယ်လို့ ထင်လို့လား”

“ငါ မင်းမျက်နှာကို ကြည့်မိရင် အန်ချင်စိတ် ပေါက်လာတယ်။ ဒီနေ့ လဲ့မျိုးနွယ်ခေါင်းဆောင်ရဲ့ကိုယ်စား ငါ မင်းကို ဆုံးမပေးမယ်ဆိုရင်ရော... ဘယ်လိုလဲ”

ဟွမ်ဖူထောင်ထျန်းသည် စိတ်မြန်လက်မြန်ရှိသူတစ်ယောက် ဖြစ်၏။ သူသည် ထိုသို့ပြောနေရင်းမှာပင် မိုးကြိုဓားကို ထုတ်ကာ အတွင်းအား လှည့်ပတ်လိုက်ပြီဖြစ်သည်။ သူ လှုပ်ရှားတော့ပေမည်။

ဟွမ်ဖူထောင်ထျန်း၏ သတ်ဖြတ်လိုသည့် အရှိန်အဝါက သူ့အပေါ် ကျရောက်လာသောအခါ လဲ့ချီရန် ကြက်သီးထသွားသည်။ သူ ဆတ်ခနဲ ထရပ်လိုက်၏။ သူ့အ‌နောက်တွင် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ် ကိုယ်ရံတော်နှစ်ယောက် ထွက်ပေါ်လာလေသည်။ ဟွမ်ဖူထောင်ထျန်း၏ နောက်တွင်လည်း အနက်ရောင်အရိပ်တစ်ခု ထွက်ပေါ်လာသည်။ ယင်းက လျှို့ဝှက်ကိုယ်ရံတော် အရိပ် ဖြစ်ကြောင်း သိသာပေသည်။

“ဂုဏ်သရေရှိ ဧည့်သည်တော်နှစ်ယောက်ခင်ဗျာ... ဒီနေ့က ဝမ်ကွမ်းနဲ့ ရီနျန်တို့ရဲ့ နေ့ထူးနေ့မြတ်လေးပါ။ ဧည့်သည်တော်တို့ ရီရှောင်နဲ့ ဝမ်ကွမ်းရဲ့ မျက်နှာကို ထောက်ပေးလို့ ရမလားခင်ဗျာ”

စစ်ထူရီရှောင်သည် အခြေအနေ ဆိုးသွားတော့မည်ကို မြင်လိုက်သောအခါ လျင်မြန်စွာ ပြောလိုက်ပြီး  ဖြန်ဖြေလိုက်သည်။

သို့သော် မည်သူ ထင်ထားမည်နည်း။

ထိုအခိုက်တွက် ကျန်းရီသည် ရုတ်တရက် လေထဲသို့ ပျံတက်သွား၏။ ထို့နောက် သူ လက်လှုပ်ယမ်းလိုက်ရာ မီးနဂါးဓားနှင့် နတ်ဘုရားအသံ ကောင်းကင်အတတ်တို့ တစ်ပြိုင်တည်း ထွက်ပေါ်လာလေသည်။ သူ၏မျက်ခုံးနှစ်ခုကြားမှနေ၍လည်း ဝိညာဉ်ဓားဒါဇင်ကျော် ပျံထွက်လာပြီး မီးနဂါးပုလဲက မိုးကြိုးမီး ထုတ်လွှတ်လိုက်သည်။ တောင်ထွတ်တစ်ခုလုံးကို ကြောက်မက်ဖွယ် အပူလှိုင်းက လွှမ်းခြုံသွားသည်။ ထိုအခိုက်တွင် သခင်လေးများနှင့် သခင်မလေးများသည် သူတို့ သေတော့မည်ဟုပင် ခံစားလိုက်ရလေသည်။

ဝှစ်...

တစ်ချိန်တည်းလိုလိုပင် ကျန်းရှောင်နူ၏ ဝတ်စုံအ‌နောက်ဘက်က ပြဲထွက်သွားပြီး အတောင်ပံနှစ်ဘက် ထွက်လာသည်။ သူမ၏အနက်ရောင် ဆံပင်များကလည်း အစိမ်းရောင်အဖြစ် ပြောင်းလဲသွားသည်။ သူမ၏ လက်ချောင်းဆယ်ချောင်းလုံးသည် အစိမ်းရောင်အလင်းကို ဖြာထုတ်လိုက်၏။ သူမ အစိမ်ရောင်အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။ မည်သူမှ မတုံ့ပြန်နိုင်သေးခင်မှာပင် သူမက လဲ့ချီရန်၏အရှေ့သို့ ရောက်သွား၏။ သူမ၏ ကျောက်စိမ်းလက်တစ်ဘက်က လဲ့ချီရန်၏ လည်ပင်းကို ညှစ်လိုက်သည်။ ထို့နောက်တွင် သူမသည် သူ့ကို မမြှောက်လိုက်ပြီး ကျန်လက်တစ်ဘက်ဖြင့် သူ့ရင်ဘတ်ကို ထိုးစိုက်လိုက်လေသည်။ အားနည်းနည်း ထည့်လိုက်လျှင်ပင် လဲ့ချီရန်၏ နှလုံးသားက ကြေမွသွားပေလိမ့်မည်။

လူအုပ်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားလေသည်။

***

All Chapters