မိုးကြိုးအမျက်
Vol. 60 Ch. 833
“ဦးလေးစစ်ထူ... စည်းကျော်သွားတာ ကျွန်တော် မဟုတ်ပါဘူး”
ကျန်းရီသည် စစ်ထူအောင်းကို မျက်လုံးစွေကြည့်ကာ ခါးသက်သက် ရယ်လိုက်၏။
“တစ်ဘက်ကလူတွေက ပြင်ဆင်လာတယ်ဆိုတာ ဦးလေး မမြင်နိုင်ဘူးလား”
ရှန်းစီမြို့သည် ဤနေရာနှင့် မိုင်တစ်ရာ ကွာဝေး၏။ ထိုအကွာအဝေးက သိပ်မကြီးသဖြင့် လဲ့ထင်ဝေတို့ကဲ့သို့ လူများအတွက် ချက်ချင်း ရောက်လာနိုင်ခြင်းမှာ ပုံမှန်ပင်ဖြစ်သည်။ သို့သော် သူတို့ လူမည်မျှ ခေါ်လာခဲ့ပါသနည်း။ လုမျိုးနွယ်၊ နန်ကုန်းမျိုးနွယ်နှင့် လဲ့မျိုးနွယ်တို့သည် အနည်းဆုံး ကောင်းကင်ဧကရာဇ် ထောင်ကျော် ခေါ်လာခဲ့သည် မဟုတ်ပါလား။ သူတို့သည် ဤကဲ့သို့သော အချိန်တိုအတွင်းတွင် ထိုလူအရေအတွက်ကို မည်သို့ ခေါ်လာနိုင်ခဲ့သနည်း။ သူတို့သည် ထိုလူအုပ်ဖြင့် အဘယ်သို့ ဤမျှလျင်မြန်စွာ ရောက်လာနိုင်ခဲ့သနည်း။
ဖြစ်နိုင်ခြေတစ်ခုသာ ရှိပေသည်။ မျိုးနွယ်(၃)ခုမှ ပညာရှင်များသည် အနီးနားတွင် အဆင်သင့် စောင့်နေခြင်း ဖြစ်ပေမည်။
စစ်ထူအောင်း သက်ပြင်းသဲ့သဲ့ ချလိုက်၏။ သူ အချိန်တိုအတွင်း ကောင်းကင်ဧကရာဇ်(၅၀၀၀)ခေါ်လာနိုင်ခဲ့ခြင်းမှာလည်း မျိုးနွယ်(၃)ခု၏ မူမမှန်သော လှုပ်ရှားမှုများကို ထောက်လှမ်းမိ၍ ကြိုတင်ပြင်ဆင်ထားခဲ့ခြင်းကြောင့်ဖြစ်သည်။ သူသည် သူ့လူများကို ပြင်ဆင်ထားခဲ့သော်လည်း အမှန်ပင် တစ်စုံတစ်ခု ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားပေ။
ဝှစ်...ဝှစ်...
သောင်းနှင့်ချီသော လူများ ပျံသန်းလာသည်။ လဲ့မျိုးနွယ်၊ နန်ကုန်းမျိုးနွယ်နှင့် လုမျိုးနွယ်တို့က လူအများဆုံး ခေါ်လာခဲ့သည်။ ကျန်မျိုးနွယ်များကမူ လူရာကျော်လောက်သာ ခေါ်လာခဲ့သဖြင့် ဘာမှ မပြင်ဆင်ထားကြောင်း သိသာပေသည်။ ဟွမ်ဖူမျိုးနွယ်ကမူ လူတစ်ထောင်ကျော်လောက် ခေါ်လာသည်။
မျက်လုံးအားလုံးသည် ကျန်းရီအပေါ်သို့ ကျရောက်နေ၏။ ဟွမ်ဖူချီနှင့် အခြားသူများသည် အဆက်မပြတ် မျက်တောင်ခတ်နေကြ၏။ သူတို့သည် မည်သည့်ကိစ္စဖြစ်နေကြောင်း နားမလည်ပေ။ သို့သော် မျိုးနွယ်(၃)ခုမှ ပညာရှင်များက ထူးထူးဆန်းဆန်း လှုပ်ရှားနေကြောင်း ထောက်လှမ်းမိ၍ သူတို့လည်း လူအချို့ ခေါ်ဆောင်ကာ ရောက်လာခဲ့ခြင်းပင်။
ဝှစ်...ဝှစ်...ဝှစ်...
တောင်ထွတ်ပေါ်ရှိ မျိုးနွယ်အသီးသီးမှ မျိုးဆက်များသည် ကောင်းကင်ထက်သို့ ပျံတက်သွားပြီး ရောက်ရှိလာသော သူတို့၏မျိုးနွယ်မှ အင်အားစုများထံသို့ သွားလိုက်ကြသည်။ မျိုးနွယ်အသေးလေးများမှ မျိုးဆက်များမှာမူ တစ်ဘက်သို့ သွားရောက် စုဝေးနေကြသည်။ သူတို့သည် မဆင်မခြင် မလှုပ်ရှားဝံ့ကြပေ။ စစ်ထူရီရှောင်ကလည်း စစ်ထူအောင်းဆီသို့ ပျံသန်းသွားလိုက်သည်။ သူသည် အခြေအနေကို နားမလည်နိုင်ဖြစ်နေ၏။ မင်းသမီးချမ်ချမ်သည်လည်း အနက်ရောင်နတ်ဘုရားနှင့်အတူ ကောင်းကင်ထက်သို့ ပျံတက်ကာ ဘေးတွင်ရပ်၍ အရေးမစိုက်သော မျက်ဝန်းများဖြင့် လေ့လာကြည့်ရှုနေကြသည်။
ဝှစ်...
ဟွမ်ဖူထောင်ထျန်းကလည်း ကောင်းကင်ထက်သို့ ပျံတက်သွားပြီး ကျန်းရီဆီ သွားလိုက်လေသည်။ ကျန်းရီက တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်း အော်ပြောလိုက်သည်။
“ဟွမ်ဖူထောင်ထျန်း... ဒီကိစ္စက အစ်ကိုနဲ့ မဆိုင်ဘူး။ မြို့ကို ပြန်သွားပါ”
“ဟွန်း...”
ဟွမ်ဖူထောင်ထျန်းသည် ကျန်းရီကို မကျေမနပ် ကြည့်လိုက်ပြီး အသံပို့လွှတ်လိုက်၏။
“ကျန်းရီ... ဒါက ဘာအဓိပ္ပာယ်လဲ။ ညီလေး ဘယ်အချိန်မှ လှုပ်ရှားမယ်ဆိုတာကို ဘာလို့ အစ်ကို့ကို မပြောတာလဲ။ ညီလေးက အစ်ကို့ကို အစ်ကိုတစ်ယောက်လိုရော သဘောထားရဲ့လား။ အစ်ကို ညီလေးနောက်ကို ဆယ်နှစ်လိုက်မယ်လို့ ပြောခဲ့တာကို နောက်နေတယ်လို့ ထင်တာလား”
ကျန်းရီသည် ဟွမ်ဖူထောင်ထျန်း၏ ပြတ်သားသော မျက်လုံးများကို မြင်သောအခါ ခပ်မဲ့မဲ့ ပြုံးလိုက်သည်။ ထိုသူသည် အမှန်ပင် ကျွဲတစ်ကောင်ကဲ့သို့ ခေါင်းမာပေ၏။ ဤသို့ ဖြစ်လာမည်မှန်းကိုသာ သိလျှင် ကျန်းရီသည် ဟွမ်ဖူထောင်ထျန်းကို နတ်ရွာလားတောင်သို့ ခေါ်လာခဲ့မည် မဟုတ်ပေ။ ကျန်းရီသည် သူ့ကို ဆက်ဖျောင်းဖျရန် ကြိုးစားမနေတော့ဘဲ တိတ်တဆိတ် ရပ်နေကြသည့် လဲ့ထင်ဝေ၊ နန်ကုန်းယွင်ရီနှင့် လုလီတို့ကို ကြည့်လိုက်လေသည်။
လဲ့ထင်ဝေ၏မျက်လုံးများက အေးစက်စက်အလင်း ဖြာထုတ်နေ၏။ သူ၏အရှိန်အဝါကလည်း ခက်ထန်သောသားရဲတစ်ကောင်ကဲ့သို့ ရှိနေသည်။ သူသည် ကျန်းရီနှင့် ကီလိုမီတာအနည်းငယ် အကွာတွင် ရပ်နေ၏။ ထိုစဉ် သူ ဒေါသတကြီး အော်ပြောလိုက်သည်။
“ကျန်းရီ... ငါ့သားကို လွှတ်ပေးလိုက်။ အဲ့ဒါဆို ငါ မင်းကို အသက်ချမ်းသာပေးမယ်”
နန်ကုန်းယွင်ရီကလည်း အေးစက်စက် ပြောလိုက်သည်။
“ကျန်းရီ... ချီလင်းကို ပြန်ထုတ်ပေးရင် ငါ မင်းကို အသက်ချမ်းသာခွင့်ပေးမယ်”
“ဟားဟား...”
ကျန်းရီက ရယ်လိုက်ပြီး ပြန်ပြောလိုက်သည်။
“ခင်ဗျားတို့ မျိုးနွယ်ခေါင်းဆောင်နှစ်ယောက် ကျွန်တော့်ကို အပိုစကားတွေ လာပြောမနေပါနဲ့လား။ ကျွန်တော်သာ လဲ့ချီရန်ကို လွှတ်ပေးလိုက်ပြီး ချီလင်းကို ပြန်ထုတ်ပေးလိုက်ရင် ခင်ဗျားတို့နှစ်ယောက်ကတော့ လှုပ်ရှားမှာ မဟုတ်ဘူးဆိုပေမယ့် ခင်ဗျားတို့ရဲ့ လက်အောက်ငယ်သားတွေနဲ့ လုမျိုးနွယ်ကတော့ လှုပ်ရှားကြမှာ မလား။ ခင်ဗျားတို့ မျိုးနွယ်(၃)ခုက လူတွေ အများကြီးခေါ်လာပြီပဲ... ခင်ဗျားတို့က ကျွန်တော်နဲ့ ဝမ်ကွမ်းကို သတ်ဖို့ ကြံနေတာမလား။ မပူပါနဲ့ ကျွန်တော်မသေခင် လဲ့ချီရန်ကိုပါ အပါခေါ်သွားမှာပါ”
“အန်...”
လဲ့ထင်ဝေ၏မျက်လုံးများ အရောင်လက်သွားသည်။ သူသည် နန်ကုန်းယွင်ရီနှင့် လုလီတို့ကို ကြည့်လိုက်၏။ သူတို့သုံးယောက်သည် အံ့အားသင့်သော မျက်နှာထားများ ပြုလိုက်၏။ သူတို့သည် အမှန်ပင် ယနေ့တွင် ကျန်းရီနှင့် ချမ်ဝမ်ကွမ်းတို့ကို အသက်ချမ်းသာပေးရန် ရည်ရွယ်ချက် မရှိချေ။ ကျန်းရီက ထိုအကြောင်းကို အလွန်လျင်မြန်စွာ ခန့်မှန်းနိုင်လိမ့်မည်ဟု သူတို့ မျှော်လင့်မထားပေ။ ကျန်းရီက လက်ဦးမှုရယူ၍ လဲ့ချီရန်ကို ဖမ်းထားသဖြင့် သူတို့ အခက်တွေ့နေရပေသည်။
လဲ့ထင်ဝေသည် ခေတ္တမျှ တွေးတောလိုက်ပြီး လေးနက်သော လေသံဖြင့် ပြောလိုက်၏။
“မင်းက ဘာလိုချင်တာလဲ”
“ရှင်းရှင်းလေးပါ...”
ကျန်းရီက လိုရင်းကို တန်းပြောလိုက်သည်။
“နန်ကုန်းချီလင်းရဲ့ အမေကို ကျွန်တော့်ဆီ လွှဲပေးပါ။ ကျွန်တော်တို့ ရှန်းစီမျိုးနွယ်စုက ထွက်သွားမယ်။ ကျွန်တော်တို့ ထွက်သွားပြီးမှ ဓားစာခံကို လွှတ်ပေးမယ်။ အဲ့နောက်ကျ ခင်ဗျားတို့ ကျွန်တော်တို့နောက်ကို လိုက်ချင်လည်း လိုက်လို့ရတယ်။ ဘယ်လိုလဲ...”
ကျန်းရီက ထိုသို့ ပြောလိုက်သောအခါ စစ်ထူအောင်း စိတ်မချမ်းမသာဖြစ်သွားသည်။ သူသည် ကိစ္စတော်တော်များများကို နားမလည်သေးသော်လည်း အဘယ်သို့ ကျန်းရီနှင့် အခြားသူများ ထွက်သွားမည်ကို ခွင့်ပြုနိုင်ပါမည်နည်း။
ကျန်းရီနှင့် ချမ်ဝမ်ကွမ်းတို့သည် လူငယ်မျိုးဆက် ပါရမီရှင်များဖြစ်ကြ၏။ သူတို့ ထွက်သွားလျှင် စစ်ထူမျိုးနွယ်က များစွာ ဆုံးရှုံးနစ်နာသွားပေလိမ့်မည်။ ထို့ပြင် စစ်ထူရီနျန်ကလည်း ကျန်းရီ၏ ဧကရာဇ်နန်းတော်ထဲတွင် ရှိနေပေသည်။ ထို့ကြောင့် သူ ခပ်သွက်သွက် ဝင်ပြောလိုက်သည်။
“ကျန်းရီ... ကိစ္စအားလုံးကို ဆွေးနွေးလို့ရပါတယ်။ မင်းက အခုဆို စစ်ထူမျိုးနွယ်ရဲ့ ဂုဏ်သရေရှိ အကြီးအကဲတစ်ယောက် ဖြစ်နေပါပြီ။ ပြီးတော့ ဝမ်ကွမ်းကလည်း ငါ့ရဲ့ သားမက်ပဲ။ မင်း အမှားလုပ်ခဲ့မိရင်တောင် မျိုးနွယ်ခေါင်းဆောင်တွေက အင်အားသုံးလောက်တဲ့အထိ လုပ်ကြမှာ မဟုတ်ပါဘူး။ အရင်ဆုံး ရှန်းစီမြို့ကို ပြန်သွားကြတာပေါ့။ ပဋိပက္ခတွေ ရှိရင်လည်း အားလုံး ထိုင်ပြီး ဆွေးနွေးညှိုနှိုင်းလို့ ရပါတယ်”
စစ်ထူအောင်းသည် ဖြန်ဖြေသူအဖြစ် ဝင်ပြောရင်း သူက ကျန်းရီနှင့် ချမ်ဝမ်ကွမ်းကို ကယ်လိုကြောင်း ပြသလိုက်သည်။ ဟွမ်ဖူချီကလည်း ပြောလိုက်သည်။
“ကျန်းရီ အရင်ဆုံး ဓားစာခံကို လွှတ်ပေးလိုက်ပါ။ လဲ့ချီရန်က အဲ့အတိုင်း ဆက်သွေးထွက်နေရင် သေသွားတော့မယ်။ ဘာကိစ္စမဆို ဆွေးနွေးလို့ရပါတယ်။ ဒီနေ့မှာ မျိုးနွယ်ခေါင်းဆောင်တွေ အကုန်လုံး ရှိနေတာပဲ... ငါတို့ မရှင်းနိုင်တဲ့ကိစ္စ ဘာမှ မရှိပါဘူး”
စစ်ထူအောင်းနှင့် ဟွမ်ဖူချီတို့၏ စကားများကြောင့် ကျန်းရီ အခက်တွေ့သွားသည်။ မျိုးနွယ်(၁၃)ခုက အဘယ်ကြောင့် ရုတ်တရက်ကြီး သူတို့ကို ဤညတွင် သတ်ရန် ပြင်ဆင်ထားကြောင်း သူ နားမလည်နိုင်သေးပေ။ သူတို့သည် စစ်ထူမျိုးနွယ်နှင့် စစ်ပွဲစရမည်ကို မကြောက်သည်လော။ လဲ့ချီရန်ကို လွှတ်ပေးလိုက်သည်နှင့် မျိုးနွယ်(၃)ခုက သေချာပေါက် လှုပ်ရှားကြမည်ဖြစ်ကြောင်း ကျန်းရီ သိပေသည်။ မျိုးနွယ်(၃)ခုသာ ပူးပေါင်းတိုက်ခိုက်လျှင် စစ်ထူအောင်းနှင့် ဟွမ်ဖူချီတို့ပင် သူတို့ကို ကာကွယ်ပေးနိုင်မည် မဟုတ်ချေ။
လဲ့ထင်ဝေ၊ နန်ကုန်းယွင်ရီနှင့် လုလီတို့၏ မျက်ဝန်းများထဲရှိ သတ်ဖြတ်လိုက်စိတ်များကို ကျန်းရီ မြင်နေရသည်။
ထို့ကြောင့် ကျန်းရီ ပြောလိုက်သည်။
“ဒီလို လုပ်ကြရအောင်... ကျွန်တော်တို့ ဓားစာခံချင်း လဲမယ်။ နန်ကုန်းချီလင်းရဲ့ အမေကို လွှဲပေးမယ်ဆိုရင် ကျွန်တော် လဲ့ချီရန်ကို လွှတ်ပေးမယ်”
လဲ့ထင်ဝေနှင့် နန်ကုန်းယွင်ရီတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက် နန်ကုန်းယွင်ရီက လက်ဝှေ့ယမ်းလိုက်၏။ နန်ကုန်းမျိုးနွယ်မှ အကြီးအကဲတစ်ယောက်၏ လက်ထဲရှိ အနက်ရောင်ကရာလေးတစ်လုံးက လင်းလက်လာသည်။ ကရားအတွင်းမှနေ၍ အသက်လတ်ပိုင်း အမျိုးသမီးတစ်ယောက် ထွက်ပေါ်လာ၏။ အကြီးအကဲက ပြောလိုက်သည်။
“သူက ချီလင်းရဲ့ အမေပဲ။ ငါတို့ အခု ဓားစာခံ လဲလို့ ရပြီလား”
ကျန်းရီ၏ လက်ထဲတွင် ဧကရာဇ်နန်းတော် ထွက်ပေါ်လာပြီး နန်းတော်ထဲမှ အစ်မကြီးဆည်းလည်း ထွက်လာပေသည်။ သူမသည်က တစ်ချက် ကြည့်လိုက်ပြီး အော်ခေါ်လိုက်၏။
“အမေ...”
“ချီလင်း...”
အစတွင် ထိုအမျိုးသမီးသည် ဩဇာအာဏာရှိသူများစွာကို တွေ့လိုက်ပြီး မည်သည့်ကိစ္စ ဖြစ်ပျက်နေကြောင်းမသိသဖြင့် တုန်ယင်နေခဲ့သည်။ သို့သော် သူမသည် အစ်မကြီးဆည်းလည်းကို တွေ့လိုက်သောအခါ ချက်ချင်း ဝမ်းနည်းတကြီး ငိုကြွေးလိုက်လေသည်။
“ကောင်းပြီ... အစ်မကြီးဆည်းလည်း.. အစ်မရဲ့ အမေကို သွားခေါ်လိုက်ပါ”
ကျန်းရီက အေးစက်စက် လေသံဖြင့်ပြောလိုက်သည်။ သူ၏မီးနဂါးဓားကလည်း အတွင်းအား တောက်ပလာ၏။ သူသည် တစ်ဘက်မှလူများကို အာရုံစိုက်ကာ ကြည့်နေပြီး အချိန်မရွေး တိုက်ခိုက်နိုင်ရန် ပြင်ဆင်ထားပေသည်။ ထိုစဉ် လဲ့ထင်ဝေက လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
“နေဦး... ငါတို့က ဓားစာခံတွေကို လဲမယ်လို့ ပြောခဲ့တာမလား။ မင်း ငါ့သားကို လွှတ်မပေးရင် သူ့ကို ခေါ်သွားဖို့ မစဉ်းစားနဲ့။ ကျန်းရီ.. ငါက မင်းကို ဘာလို့ ယုံရမှာလဲ”
“ခင်ဗျားမှာ ရွေးချယ်စရာ မရှိလို့ဘဲ”
ကျန်းရီသည် လဲ့ထင်ဝေကို မီးနဂါးဓားဖြင့် ရွယ်၍ ပြောလိုက်၏။
“ခင်ဗျား ဓားစာခံကို လွှဲပေးမလား ဒါမှမဟုတ် ကျွန်တော် ခင်ဗျားသားနဲ့အတူတူ သေရမလား”
လူအုပ်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ လူအများစုသည် အခြေအနေကို နားမလည်နိုင်ကြသေးပေ။ အဘယ်ကြောင့် ကျန်းရီသည် ဤကဲ့သို့ ခက်ခက်ထန်ထန် ပြုမူနေရသနည်း။ အဘယ်ကြောင့် သူသည် သူ၏ဓားစာခံကို အသက်လတ်ပိုင်း အမျိုးသမီးတစ်ယောက်နှင့် လဲနေရသနည်း။ သူ ထိုအမျိုးသမီးကို ရလိုက်လျှင်လည်း ဘာလုပ်နိုင်မည်နည်း။ နောက်ပိုင်းတွင် မည်သို့ ဖြစ်လာမည်နည်း။ စစ်ထူမျိုးနွယ်က လဲ့မျိုးနွယ်၊ နန်ကုန်းမျိုးနွယ်၊ လုမျိုးနွယ်တို့နှင့် စစ်ပွဲစမည်လော။
လဲ့ထင်ဝေနှင့် ကျန်းရီတို့သည် ခြင်္သေ့နှစ်ကောင်ကဲ့သို့ တစ်ယောက်ကိုတစ်ယောက် စူးစူးဝါးဝါး စိုက်ကြည့်နေကြသည်။ မည်သူကမှ အလျှော့မပေးချင်ပုံပင်။ ကျန်းရှောင်နူ၏ လက်များက လဲ့ချီရန်၏ ရင်ဘတ်ကို ထိုးစိုက်ထားပေသည်။ သူမ၏ မျက်နှာပေါ်တွင် တုန်လှုပ်သည့်အရိပ်အယောင်တစ်ခုပင် ရှိမနေပေ။ သူမသည် သွေးအေးသော ရုပ်သေးရုပ်တစ်ရုပ်ကဲ့သို့ပင်။ လဲ့ချီရန်၏ ရင်ဘတ်မှ သွေးများယိုစီးနေသဖြင့် ကျန်းရှောင်နူ၏လက်တစ်လျှောက်တွင်လည်း သွေးများ စီးကျနေသည်။ လဲ့ချီရန်သည် အလွန်နာကျင်နေဟန်ဖြင့် မျက်နှာရှုံ့မဲ့နေပေသည်။
“သူ့ကို လွှဲပေးလိုက်”
လဲ့ထင်ဝေက အံကြိတ်ကာ အော်ပြောလိုက်သည်။ အကြီးအကဲသည် အစ်မကြီးဆည်းလည်း၏ အမေကိုခေါ်၍ အရှေ့သို့ ပျံထွက်သွား၏။ အစ်မကြီးဆည်းလည်းကလည်း သူမအမေထံသို့ ဝမ်းမြောက်သော မျက်နှာထားဖြင့် ပျံသန်းသွားလေသည်။
“ချီလင်း...”
နန်ကုန်းမျိုးနွယ်၏အကြီးအကဲက အစ်မကြီးဆည်းလည်း၏ အမေကို ပစ်ပေးလိုက်သဖြင့် အားနည်းသော သူမသည် အထိတ်တလန့် အော်လိုက်၏။ အစ်မကြီးဆည်းလည်းသည် အတွင်းအားထုတ်၍ သူမ၏အမေထံသို့ လျင်မြန်စွာ ပျံသန်းသွားလိုက်ပြီး ဖမ်းထားလိုက်သည်။ ထိုအခိုက်တွင် နန်ကုန်းမျိုးနွယ်မှ အကြီးအကဲ၏ လက်သည် မြွေတစ်ကောင်ကဲ့သို့ လှုပ်ရှားသွားပြီး အစ်မကြီးဆည်းလည်း၏ လည်ပင်းကို ဖမ်းဆုပ်ရန် ကြိုးစားလိုက်လေသည်။ ထို့နောက် သူက နတ်ဘုရားဒိုင်းကို ထုတ်လိုက်သည်။ သူသည် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်တစ်ပါးဖြစ်သဖြင့် ကြောက်မက်ဖွယ်အရှိန်အဝါ ရှိနေပေသည်။
“သတိထား...”
စစ်ထူရီရှောင်နှင့် ဟွမ်ဖူထောင်ထျန်းတို့က တစ်ချိန်တည်းအော်လိုက်ကြသည်။ ကျန်းရီသည်လည်း အလွန်ဒေါသထွက်သွားပြီး ဒေါသတကြီး အော်လိုက်၏။
“သေချင်နေတယ်ပေါ့လေ။ မိုးကြိုးအမျက်...”
ကျန်းရီသည် မီးနဂါးဓားဖြင့် ပြင်းထန်စွာ ခုတ်ချလိုက်၏။ သို့သော် မီးနဂါးဓားသည် မိုးကြိုးမီး မထုတ်လွှတ်လိုက်သလို မည်သည့်မီးနဂါးများမှလည်း ထွက်ပေါ်မလာပေ။ ထိုအစား ကောင်းကင်ထက်မှနေ၍ မိုးကြိုးတန်းတစ်ခု ပြင်းထန်စွာ ကျဆင်းလာလေသည်။ မိုးကြိုးတန်း၏ အရှိန်က အလွန်လျင်မြန်လှသဖြင့် စစ်ထူရီရှောင်၊ ဟွမ်ဖူထောင်ထျန်းနှင့် အခြားသူများပင် ၎င်းကို ရှင်းရှင်းလင်းလင်း မမြင်လိုက်ရပေ။ သူတို့သည် အဖြူရောင်အလင်းတန်းတစ်ခု လက်ခနဲဖြစ်သွားသည်ကိုသာ မြင်လိုက်ရ၏။ ထိုမိုးကြိုးတန်းက နန်ကုန်းမျိုးနွယ်မှ အကြီးအကဲကို ရုတ်ခြည်း ထိမှန်သွားလေသည်။
ထို့နောက်ချက်ချင်းတွင် အံ့အားသင့်ဖွယ် အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာ၏။ မိုးကြိုးတန်းက နန်ကုန်းမျိုးနွယ်မှ အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ် အကြီးအကဲကို ထိမှန်သွားသောအခါ သူ၏ နတ်ဘုရားဒိုင်းက ရုတ်ခြည်း ပျက်စီးသွားလေသည်။ သူ့ခန္ဓာကိုယ်ကလည်း ချက်ချင်း ပြာကျသွားသည်။ သူပြာကျသွားချိန်တွင် သူ၏လက်က အစ်မကြီးဆည်းလည်းနှင့် သုံးမီတာသာ ကွာဝေးပေတော့သည်။
***