ဟင်းလင်းပြင်ချေဖျက်
Vol. 60 Ch. 834
အသတ်ခံလိုက်ရသော အကြီးအကဲမှာ ယွင်ရွှေဖြစ်သည်။
ယွင်ရွှေသည် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်ဖြစ်သော်လည်း သူ၏တိုက်ခိုက်စွမ်းအားက ချင်းလုံနှင့် အဆင့်တူလောက်သာဖြစ်သည်။ သူသည်လည်း အလယ်အလတ်အဆင့် တာအိုပုံသဏ္ဌာန်ကိုသာ မှီခိုရပြီး ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့်သို့ ရောက်သည်ဆိုရုံသာ ရောက်နေခြင်းဖြစ်သည်။ သို့သော် ယွင်ရွှေသည် ရှန်းစီမြို့တွင် အတော်လေး ကျော်ကြားပေသေးသည်။ အဘယ်ကြောင့်ဆိုသော သူသည် နန်ကုန်းယွင်ရီ၏ ယောက်ဖဖြစ်နေ၍ပင်။ နန်ကုန်းယွင်ရီက သူ့ကို အတော်လေးယုံကြည်မှုရှိ၏။ ထို့ကြောင့် သူက နန်ကုန်းမျိုးနွယ်တွင် အာဏာရှိသော အကြီးအကဲတစ်ယောက် ဖြစ်နေခြင်းဖြစ်သည်။
သို့သော်...
ထိုကိစ္စအားလုံးက အရေးမကြီးပေ။ အရေးအကြီးဆုံးအချက်မှာ သူက ကျန်းရီ၏ တိုက်ကွက်တစ်ကွက်ကြောင့် သေသွားခြင်းပင်။
ထိုနေရာရှိ လူအားလုံး အံ့အားသင့်သွားကြသည်။ အစ်မကြီးဆည်းလည်းနှင့် သူမ၏အမေတို့သည်လည်း သတိလစ်သွား၏။ သူမတို့နှစ်ယောက်သည် ကြောက်မက်ဖွယ် အရှိန်အဝါကြောင့် ကြောက်ရွံ့သွားခဲ့ပြီး သတိလစ်သွားခြင်းပင်။ ထို့ကြောင့် သူမတို့ ကောင်းကင်ထက်မှနေ၍ မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြ၏။
တော်သေးသည်မှာ အစ်မကြီးဆည်းလည်းသည် သတိမလစ်ခင်လေးတွင် သူမ၏အမေကို ကာကွယ်ရန် နတ်ဘုရားဒိုင်းတစ်ခု ထုတ်လွှတ်လိုက်ခြင်းပင်။ မိုးကြိုးတန်းကလည်း အလွန်တိကျပေသည်။ ၎င်းသည် မည်သည့် လျှပ်စီးကွေးများ၊ မည်သည့်ပေါက်ကွဲမှုများကိုမှ မဖြစ်စေခဲ့ပေ။ မဟုတ်လျှင် အစ်မကြီးဆည်းလည်းက ဒဏ်ရာရမသွားလျှင်ပင် သူမ၏အမေသည် ပေါက်ကွဲမှုကြောင့် သေချာပေါက် သေသွားမည်ဖြစ်သည်။
“အဲ့ဒါက ဘာတာအိုပုံသဏ္ဌာန်လဲ”
ဟွမ်ဖူထောင်ထျန်းနှင့် စစ်ထူရီရှောင်တို့သည် အံ့အားသင့်နေသော မျက်ဝန်းများဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့သာမဟုတ် စစ်ထူအောင်း၊ လဲ့ထင်ဝေ၊ နန်ကုန်းယွင်ရီ၊ ဟွမ်ဖူချီ၊ လုလီနှင့် အခြားသူများကလည်း အံ့အားသင့်သွားကြသည်။ ယွင်ရွှေ၏ အင်အားက သိပ်မကြီးသော်လည်း သူ့ကို ချက်ချင်းသတ်ပစ်နိုင်သည့် တာအိုပုံသဏ္ဌာန်မှာ အနည်းဆုံး ကြယ်ငါးပွင့်နှင့်အထက် ရှိရပေမည်။
ပြဿနာမှာ....
ဟွမ်ဖူထောင်ထျန်းသည် ကျန်းရီ၏ အဆင့်မြင့်တာအိုပုံသဏ္ဌာန်က ယခုအထိ အပြည့်အဝ မပေါင်းစည်းရသေးကြောင်း သိထား၏။ အကယ်၍ ကျန်းရီက ပြီးခဲ့သော လပိုင်းအတွင်းတွင် အောင်အောင်မြင်မြင် ပေါင်းစည်းနိုင်ခဲ့ခြင်း ဆိုလျှင်လည်း အဘယ်ကြောင့် မိုးမြေတွင် မူမမှန်မှုများ မဖြစ်ပေါ်ခဲ့သနည်း။ အဘယ်ကြောင့် သူသည် ကြယ်တာရာစွမ်းအား ချီးမြှင့်မခံခဲ့ရသနည်း။ သို့မဟုတ် သူသည် ယခင်ကတည်းက အဆင့်မြင့်တာအိုပုံသဏ္ဌာန်တစ်ခုကို သိမြင်နားလည်ထားသော်လည်း ထိုအကြောင်းကို ဟွမ်ဖူထောင်ထျန်းအား ဖုံးကွယ်ထားခဲ့ခြင်းလော။ သို့မဟုတ် ဤတာအိုပုံသဏ္ဌာန်က ကြယ်ငါးပွင့်အဆင့်ထက် နိမ့်ခြင်းလော။
အမှန်တွင် ကျန်းရီကိုယ်တိုင်လည်း နားမလည်ပေ။ သူသည် ဟွမ်ဖူထောင်ထျန်းကို ဖုံးကွယ်ထားခဲ့ခြင်း မဟုတ်ချေ။ သူသည် ထိုတာအိုပုံသဏ္ဌာန်ကို လွန်ခဲ့သော တစ်လကျော်လောက်ကမှ ပေါင်းစည်းနိုင်ခဲ့ခြင်းဖြစ်သည်။ သူ သတ္တုစွမ်းအားကို ပေါင်းစည်းနိုင်ခဲ့ပြီးနောက် ဤအဆင့်မြင့်တာအိုပုံသဏ္ဌာန် “မိုးကြိုးအမျက်”ကို ရရှိခဲ့ခြင်းပင်။ သူသည် ထိုတာအိုပုံသဏ္ဌာန်၏ စွမ်းအားကို ရှင်းရှင်းလင်းလင်း သိသော်လည်း အဘယ်ကြောင့် သူ ကြယ်တာရာစွမ်းအား ချီးမြှင့်မခံရသည်ကိုမူ နားမလည်ပေ။ သူသည် ထိုတာအိုပုံသဏ္ဌာန်ကို သိမြင်နားလည်သွားပြီးနောက် ချက်ချင်းပင် ကောင်းကင်ပန်းချီကား အချပ်တစ်ထောင်ကျော် ရေးဆွဲခဲ့၏။ ထိုပန်းချီကားချပ်တိုင်းတွင် ထိုတာအိုပုံသဏ္ဌာန်ပါဝင်ပေသည်။ ထို့ကြောင့် စစ်ထူအောင်းသည် ထိုပန်းချီကားများကို တွေ့လိုက်သောအခါ အလွန်အံ့အားသင့်သွားခဲ့ခြင်းပင်။
ကျန်းရီသည် ထိုတာအိုပုံသဏ္ဌာန်ကို ယခုမှ ပထမဆုံးအကြိမ် ထုတ်သုံးခြင်းပင်။ ၎င်းကို သူ့ကို စိတ်မပျက်စေခဲ့ပေ။ ၎င်း၏ စွမ်းအားက ရှိန်လောက်ဖွယ်ကောင်း၏။ သို့သော် အရေးအကြီးဆုံးအချက်မှာ အရှိန်က အလွန်လျင်မြန်ခြင်းပင်။ ၎င်း၏အရှိန်က အလွန်လျင်မြန်သဖြင့် ယွင်ရွှေသည်ပင် အချိန်မီ မရှောင်နိုင်ခဲ့ချေ။
“အဲ့ဒါက တာအိုပုံသဏ္ဌာန်တိုက်ခိုက်မှုတစ်ခုလား”
လဲ့ထင်ဝေနှင့် နန်ကုန်းယွင်ရီတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ စစ်ထူအောင်းနှင့် အခြား အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်များကလည်း ထိုမေးခွန်းကို တွေးလိုက်ကြသည်။ သူတို့အဆင့်ရှိ လူအားလုံးသည် တာအိုပုံသဏ္ဌာန်များက ကောင်းကင်နှင့်မြေကြီး၏ စည်းမျဉ်းများကို သိမြင်နားလည်ပြီးမှ ရရှိလာသော အရာများဖြစ်ကြောင်း နားလည်ပေသည်။ တာအိုပုံသဏ္ဌာန်များသည် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားနှင့် ဆင်တူသော တိုက်ခိုက်မှုများကို ဖန်တီးခြင်းဖြစ်သည်။ ထိုသို့ဖန်တီးနိုင်ရန် ကျင့်ကြံသူ၏ အတွင်းအားကို သုံးရပေမည်။
တိုက်ခိုက်မှုက အားကောင်းသော မီးတောက်များဖြစ်စေ၊ ကြောက်မက်ဖွယ် မိုးကြိုးလျှပ်စီးများဖြစ်စေ အတွင်းအားကို မှီခိုရပေသည်။ ထိုတိုက်ခိုက်မှုများသည် တာအိုပုံသဏ္ဌာန်အလိုက် ကွဲပြားနိုင်၏။ ယင်း မီးတောက်၊ မိုးကြိုး၊ ရေနဂါး တိုက်ခိုက်မှုများသည် သဘာဝအတိုင်း ဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ လူများက ပေါင်းစည်းထားခြင်းဖြစ်၏။
သို့သော်...
လူအားလုံးသည် အစောက ကောင်းကင်မှ ကျဆင်းလာသော မိုးကြိုးတန်းမှနေ၍ ပြင်းထန်သော စွမ်းအင်ကို ရှင်းရှင်းလင်းလင်း ခံစားခဲ့ရပေသည်။ ထိုမိုးကြိုးတန်းသည် ကောင်းကင်နှင့်မြေကြီးမှ သဘဝအတိုင်းဖြစ်ပေါ်လာခြင်းဖြစ်၏။ ၎င်း မည်သည့်နေရာသို့ ကျဆင်းလာရမည်ကိုမူ ကျန်းရီက ညွှန်ကြားခြင်း ဖြစ်ပေမည်။
တစ်နည်းဆိုရသော ကျန်းရီ၏ တိုက်ခိုက်မှုသည် သူ ဖန်တီးလိုက်သော တိုက်ခိုက်မှု မဟုတ်ပေ။ သူသည် နည်းလမ်းတစ်ခုကိုသုံး၍ ကောင်းကင်ကိုးဘုံ၏ နတ်ဘုရားမိုးကြိုးကို မည်သည့်နေရာသို့ ကျဆင်းလာရမည်ဖြစ်ကြောင်း လမ်းညွှန်လိုက်ခြင်းသာ။ သူက ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကို ငှားယူလိုက်ခြင်းပင်။
လူများသည် ထိုသို့ သုံးသပ်မိသောအခါ အံ့အားသင့်သွားကြ၏။ ကျင့်ကြံသူ သိုင်းသမားတစ်ယောက်၏ အဆုံးစွန်ပန်းတိုင်က မည်သည်နည်း။ ယင်းမှာ ကောင်းကင်ကို ဆန့်ကျင်၍ ကံကြမ္မာကို ပြောင်းလဲရန်ဖြစ်သည်။ ထိုသို့လုပ်နိုင်ရန် ကောင်းကင်နှင့်မြေကြီးကို အံတုရပေလိမ့်မည်။ လူသားတစ်ယောက်၏ အင်အားက ကောင်းကင်နှင့်မြေကြီးကို အမှန်ပင် အံတုနိုင်ပါမည်လော။
အဖြေကရှင်း၏။ အံမတုနိုင်လောက်ပေ။
ပညာရှင်များသည် မိုးပျံနိုင်သော်လည်း အဘယ်ကြောင့် ဆန်းကြယ်ဧကရာဇ်များကသာ အာကာသဟင်းလင်းပြင်ကို ထိုးဖောက်ဖြတ်ကျော်နိုင်သနည်း။ အဘယ်ကြောင့်ဆိုသော အာကာသဟင်းလင်းပြင်အထက်တွင် ကြောက်မက်ဖွယ် ကမ္ဘာဖျက်မိုးကြိုးတန်းများနှင့် အာကာသမုန်တိုင်းကြီးများ ရှိနေ၍ပင်။ ထိုအမြင့်ထိရောက်အောင် ပျံသန်းသွားသူတိုင်းသည် သေခြင်းတရားနှင့်သာ ရင်ဆိုင်ရပေလိမ့်မည်။ နတ်ဘုရားတစ်ပိုင်းများပင် သေဆုံးသွားမည်ဖြစ်သည်။
ထို့ကြောင့် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားသည် လူသားများ အံမတုနိုင်သော အရာတစ်ခု ဖြစ်ခဲ့၏။ ကျင့်ကြံသူ သိုင်းသမားများသည် ကောင်းကင်နှင့်မြေကြီး၏ စည်းမျဉ်းများကို လေ့လာကာ ကောင်းကင်နှင့်မြေကြီး၏စွမ်းအားနှင့် ဆင်တူသော တိုက်ခိုက်မှုများကို ဖန်တီးကြ၏။ သို့သော် ကျန်းရီသည် ထိုသို့ မဖန်တီးခဲ့ပေ။ သူက ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကို တိုက်ရိုက်ငှားယူကာ တိုက်ခိုက်ခဲ့သည်။
ထိုသုံးသပ်ချက်ကသာ အမှန်ဖြစ်နေလျှင် ကျန်းရီနှင့် နတ်ဘုရားအစစ်အမှန်များကြားတွင် မည်သည့်ကွာခြားမှု ရှိတော့မည်နည်း။
နတ်ဘုရားအစစ်အမှန်များသည် ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို ငှားယူနိုင်သည်ဟု ဒဏ္ဍာရီများက ပြောကြ၏။ နတ်ဘုရားအစစ်အမှန်များသည် ထိုစွမ်းအားဖြင့် ကောင်းကင်နှင့်ပင်လယ်ကို ပြောင်းပြန်လှန်နိုင်ပြီး ကုန်းမြေကြီးများကိုလည်း ဖျက်ဆီးပစ်နိုင်သည်ဟု ဆိုကြသည်။
ကျန်းရီ ငှားယူလိုက်သော မိုးကြိုးတန်းက ထိုသို့လုပ်နိုင်လောက်အောင် စွမ်းအားမကြီးကြောင်း သိသာပေသည်။ ၎င်းက အလွန်ဆုံးမှ ကြယ်ငါးပွင့်အဆင့် သို့မဟုတ် ကြယ်ခြောက်ပွင့်အဆင့် တာအိုပုံသဏ္ဌာန်တစ်ခုလောက်သာ စွမ်းအားကြီးပေသည်။ ထို့ကြောင့် အားလုံးသည် ပို၍အံ့အားသင့်နေခြင်းဖြစ်ပြီး ကျန်းရီကို မိစ္ဆာတစ်ကောင်ကဲ့သို့ ငေးကြည့်နေကြခြင်းပင်။
“စတုတ္ထအစ်ကို... အား...အား.... အဲ့မျိုးမစစ်က စတုတ္ထအစ်ကိုကို သတ်ပစ်လိုက်ပြီ။ ငါတို့ စတုတ္ထအစ်ကိုအတွက် လက်စားချေရမယ်.. သတ်ကြ....”
အသက်လတ်ပိုင်း အမျိုးသားတစ်ယောက်၏ အော်လိုက်သံက ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားပြီး အားလုံး၏ အတွေးစများကို ပြတ်သွားစေသည်။ ယွင်ရွှေနှင့် မျိုးရိုးတူသော နန်ကုန်းမျိုးနွယ်မှ ပညာရှင်တစ်ဒါဇင်ကျော်သည် ဒေါသူပုန်ထသွားကြ၏။ သူတို့သည် လဲ့ချီရန်က ကျန်းရီ၏လက်ထဲမှာပင် ရှိနေသေးသည်ဆိုသော အချက်ကို လျစ်လျူရှုကာ ဒေါသတကြီး ပျံထွက်သွားကြလေသည်။ ပညာရှင်နှစ်ယောက်ဆိုလျှင် သူတို့၏ ဒေါသကို ဖြေရန် အစ်မကြီးဆည်းလည်းနှင့် သူမ၏အမေကိုပင် သတ်ရန် ဟန်ပြင်လိုက်ကြသည်။
“ဘယ်သူတွေက မဆင်မခြင် လှုပ်ရှားဝံ့တာလဲ။ သေကြစမ်း”
ကျန်းရီက ခက်ထန်စွာ အော်လိုက်ပြီး မီးနဂါးဓားဖြင့် ထပ်ခါထပ်ခါ ခုတ်ပိုင်းလိုက်သည်။ ကောင်းကင်ထက်တွင် လေပြင်းများတိုက်ခိုက်လာပြီး တိမ်များရစ်ဝဲသွားကာ ကောင်းကင်ကိုးဘုံး နတ်ဘုရားမိုးကြိုးတန်းများသည် လှုပ်ရှားလိုက်သည့်သူ တစ်ယောက်ချင်းပေါ်သို့ ကျဆင်းသွားလေသည်။ မိုးကြိုးတန်းများ၏ အရှိန်က အလွန်လျင်မြန်သဖြင့် အင်အားနည်းသော သခင်လေးများနှင့် သခင်မလေးများသည် အဖြူရောင်အလင်းများ လက်သွားသည်ကိုသာ မြင်လိုက်ရ၏။ နန်ကုန်းမျိုးနွယ်မှ ပညာရှင်တစ်ဒါဇင်ကျော်၏ နတ်ဘုရားဒိုင်းများ ပျက်စီးသွား၏။ ထို့နောက် သူတို့ ရုတ်ခြည်း ပြာကျသွားကြသည်။
ဝှီး...ဝှီး...
လေအေးများ တိုက်ခိုက်သံကို ကြားနေရသည်။ အစောတွင် နန်ကုန်းမျိုးနွယ်မှ လူများသည် လျင်မြန်စွာ လှုပ်ရှား၍ ပရမ်းပတာအခြေအနေအတွင်း ကျန်းရီကိုသတ်ကာ အစ်မကြီးဆည်းလည်းကို ဖမ်းလိုခဲ့၏။ ယခုတွင်မူ မည်သူမှ မလှုပ်ရှားဝံ့ကြတော့ပေ။ မိုးကြိုးတန်းများက အလွန်လျင်မြန်ပြီး ကြောက်မက်ဖွယ်စွမ်းအားကို ပိုင်ဆိုင်ထားပေသည်။ အစောက ပျံထွက်သွားသော လူအများစုသည် အဆင့်နိမ့်နှင့် အလယ်အလတ်အဆင့် ကောင်းကင်ဧကရာဇ်များဖြစ်ကြသည်။ သို့သော် သူတို့ထဲတွင် အဆင့်မြင့် ကောင်းကင်ဧကရာဇ်နှစ်ပါးလည်း ပါပေသည်။
“ကျန်းရီ... မင်းက တော်တော် အတင့်ရဲတာပဲ”
နန်ကုန်းယွင်ရီသည် ဒေါသမျက်ဝန်းများဖြင့် ပြောလိုက်၏။ ထို့နောက်တွင် သူ့လက်ထဲ၌ သတ္တုတင်းပုတ်တစ်ခု ထွက်ပေါ်လာသည်။ သူက အင်အားကုန်သုံး၍ တိုက်ခိုက်ရန် အမိန့်ပေးတော့မည် အချိန်တွင် လဲ့ထင်ဝေက ရုတ်တရက် အော်ပြောလိုက်သည်။
“အားလုံးပဲ မလှုပ်ရှားကြပါနဲ့”
မသိလိုက်ခင်မှာပင် ကျန်းရီ၏ အခြားလက်တစ်ဘက်ထဲတွင် ထက်ရှသော ဓားပျော့တစ်ချောင်း ရောက်နေပေပြီ။ ထိုဓားပျော့သည် လဲ့ချီရန်၏ ဘောင်းဘီအတွင်းသို့ ထိုးဖောက်သွား၏။ ဓား၏အေးစက်စက် အထိအတွေ့က လဲ့ချီရန်ကို တစ်ကိုယ်လုံး တုန်ယင်သွားစေလေသည်။ သူ့ဘောင်းဘီသည်လည်း အဝါရောင်အရည်များ ရွှဲသွားပေသည်။
ကျန်းရီသည် လဲ့ချီရန်ကို ကြည့်ပင် မကြည့်ချေ။ သူ၏ တောက်လောင်နေသောမျက်ဝန်းများက လဲ့ထင်ဝေကိုသာ ကြည့်နေလေသည်။ သူ၏ ရည်ရွယ်ချက်က ရှင်း၏။ အကယ်၍ တစ်ယောက်ယောက်သာ လှုပ်ရှားလိုက်လျှင် လဲ့ချီရန်သည် ကုန်းကုန်းတစ်ယောက် ဖြစ်သွားပေလိမ့်မည်။
“ဒါက...”
စစ်ထူအောင်းနှင့် ဟွမ်ဖူချီတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ သူတို့ အတန်ငယ် တုန်လှုပ်သွားကြ၏။ သူတို့သည် ယခုမှ ပထမဆုံးအကြိမ် တုန်လှုပ်သွားခြင်းပင်။ အခြေအနေသည် လုံးဝထိန်းမနိုင်သိမ်းမရ ဖြစ်နေပေပြီ။ ကျန်းရီက ရက်စက်လွန်းပြီး နန်ကုန်းမျိုးနွယ်၏ လူတစ်ဒါဇင်ကျော်ကို သတ်ပစ်ပြီးသွားပြီဖြစ်သည်။ သူတို့ လဲ့မျိုးနွယ်၊ နန်ကုန်းမျိုးနွယ်၊ လုမျိုးနွယ်တို့နှင့် စစ်ခင်းရန် အဆင့်သင့်ပြင်ပြီးမှသာ ကျန်းရီကို ကယ်တင်နိုင်ပေလိမ့်မည်။
ကျန်းရီနှင့်ချမ်ဝမ်ကွမ်းတို့အတွက် မျိုးနွယ်(၁၃)ခု စစ်ခင်းရခြင်းမှာ တန်ပါသလော။
စစ်ထူအောင်းနှင့် ဟွမ်ဖူချီတို့ မသိပေ။ သို့သော် သူတို့သည် ဝင်၍လည်း မပြောဝံ့ပေ။ သူတို့သည် ရွေးချယ်စရာ မရှိတော့သဖြင့် အပြောင်းအလဲများကို စောင့်ကြည့်ရင်းသာ သူတို့မျိုးနွယ်မှ အကြီးအကဲများထံ အသံပို့လွှတ်၍ ဆုံးဖြတ်ချက် ချခိုင်းလိုက်လေသည်။
မျိုးနွယ်(၁၃)ခုက တစ်ဘက်တည်းဖြစ်ပြီး ဘယ်တုန်းကမှ ကြီးမားသော အတွင်းအရေး ပဋိပက္ခ မရှိခဲ့ဖူးပေ။ အကယ်၍ မျိုးနွယ်(၁၃)ခုတွင် အတွင်းရေး ပဋိပက္ခကြီးများ ရှိလာလျှင် သူတို့သည် ဧကရာဇ်ကိုးပါးမျိုးနွယ်စု၏ ရှင်းပစ်မှုကို သေချာပေါက် ခံရမည်ဖြစ်သည်။ အတွင်းရေး ပဋိပက္ခကြီးများ မရှိရဆိုသော စည်းမျဉ်းမှာ မျိုးနွယ်အားလုံးကို ရှင်းရှင်းလင်းလင်း ကြေညာထားသော ပထမ မျိုးနွယ်စုစည်းမျဉ်းဖြစ်သည်။
“အစ်မကြီးဆည်းလည်း ဒီကို လာခဲ့ပါ”
ကျန်းရီသည် မျက်နှာထားတည်တည်ဖြင့် အော်ပြောလိုက်၏။ သတိပြန်လည်လာပြီဖြစ်သော အစ်မကြီးဆည်းလည်းသည် သူမ၏အမေကိုခေါ်၍ ကျန်းရီဘေးသို့ ပျံသွားလိုက်လေသည်။ ကျန်းရီ၏ စူးရှသော မျက်လုံးများသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်၏။ သူသည် ဓားပျော့ကို ဆက်ကိုင်ထားရင်း အစ်မကြီးဆည်းလည်းကို ဧကရာဇ်နန်းတော်အတွင်းသို့ ပို့လိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် ကျန်းရှောင်နူကိုလည်း ကြည့်လိုက်၏။ ကျန်းရှောင်နူသည် လဲ့ချီရန်နှင့်အတူ ဧကရာဇ်နန်းတော်အတွင်းသို့ ရောက်သွားလေသည်။
“အစ်ကိုဟွမ်ဖူ... ကျွန်တော်တို့ နောက်မှ ပြန်တွေ့ကြတာပေါ့။ ဒီတစ်ခေါက်တော့ ကျန်းရီ အစ်ကို့ကို စိတ်ပျက်စေခဲ့ပါပြီ”
ကျန်းရီက ဟွမ်ဖူထောင်ထျန်းကိုကြည့်၍ ပြောလိုက်သည်။ ထို့နောက် သူသည် မီးနဂါးဓားဖြင့် ဟင်းလင်းပြင်ကို စုတ်ဖြဲလိုက်၏။ သူ ကောင်းကင်ရှောင်တိမ်းခြင်းကို သုံးတော့ပေမည်။
“တတိယဦးလေး... လုပ်လိုက်တော့”
လဲ့ထင်ဝေသည် ကျန်းရီတစ်ယောက် ဟင်းလင်းပြင်အက်ကြောင်းအတွင်း ဝင်သွားတော့မည်ကို တွေ့သောအခါ အော်ပြောလိုက်၏။
လဲ့ထင်ဝေ၏အော်သံ ဆုံးသွားသောအခါ ဟင်းလင်းပြင်အထက်မှနေ၍ ဧရာမလက်ဝါးရာကြီးတစ်ခု ကျဆင်းလာလေသည်။
ဝုန်း...
ဧရာမလက်ဝါးရာကြီး ပျောက်ကွယ်သွားပြီး ဟင်းလင်းပြင်တစ်ခုလုံး ပျက်စီးသွားသည်။ ဟင်းလင်းပြင်အက်ကြောင်းအတွင်းသို့ ဝင်သွားသော ကျန်းရီက ပြန်ထွက်ပေါ်လာပြီး သူ၏ဧကရာဇ်နန်းတော်သည်လည်း လင်းလက်သွားကာ အထဲမှ လူများအားလုံး အပြင်ရောက်လာလေသည်။ ကြောက်မက်ဖွယ် အာကာလှိုင်းဂယက်များသည် ကျန်းရီ၊ ဖုန်းလန်၊ ချမ်ဝမ်ကွမ်း၊ စစ်ထူရီနျန်နှင့် အခြားသူများအားလုံးကို ရိုက်ခတ်သွား၏။ ဟွမ်ဖူထောင်ထျန်းပင် ကြောက်မက်ဖွယ် လှိုင်းဂယက်များက တုန်ခါသွားသည်။
“ဟင်းလင်းပြင်ချေဖျက်... အဲ့ဒါက လဲ့မျိုးနွယ်ရဲ့ မဟာအကြီးအကဲ လဲ့ကူးပဲ။ အခြေအနေ မကောင်းတော့ဘူး”
စစ်ထူအောင်းသည် စိုးရိမ်တကြီး ရေရွတ်လိုက်၏။ ထို့နောက် သူ အော်ပြောလိုက်သည်။
“အစ်ကိုထင်ဝေ၊ အစ်ကိုယွင်ရီ၊ လုလီ... အားလုံး အရင်ဆုံး ရပ်လိုက်ကြပါ။ ကိစ္စအကုန်လုံးကို ဆွေးနွေးလို့ရပါတယ်။ စစ်ထူမျိုးနွယ်က လူအားလုံး ငါ့အမိန့်ကို နာခံကြ... သူတို့ကို ကယ်...”
***