← Chapters

စစ်ထူအောင်း၏ ရဲတင်းမှု

Vol. 60 Ch. 836

စစ်ထူအောင်း၏ ရဲတင်းမှု

Vol. 60 Ch. 836

ပြဿနာက အမှန်ပင် ကြီးပေပြီ။

ကျန်းရီနှင့် ချမ်ဝမ်ကွမ်းတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ခါးသက်သက် ရယ်လိုက်ကြ၏။ ချမ်ဝမ်ကွမ်းသည် မည်သည့်အရာက မှားသွားခြင်းနည်းဟု တွေးလိုက်၏။ ကျန်းရီသည် ချမ်ဝမ်ကွမ်းက အစီအစဉ်များကို မည်သို့ ပြုလုပ်ကြောင်း မသိပေ။ သို့သော် သူသည် ချမ်ဝမ်ကွမ်း၏ စွမ်းဆောင်ရည်ကို အပြည့်အဝ ယုံကြည်၏။ ထို့ကြောင့် သူ အသေအချာ တွေးတောပြီးသောအခါ ကောက်ချက်တစ်ခု ချနိုင်လိုက်သည်။ သူတို့ကို အကောက်ကြံနေသော ဉာဏ်ကြီးရှင်တစ်ယောက် ရှိပေလိမ့်မည်။

ထိုဉာဏ်ကြီးရှင်က ချမ်ဝမ်ကွမ်း၏ လှုပ်ရှားမှုအားလုံးကို သေချာသိလောက်သည်။ ထိုသူသည် ချမ်ဝမ်ကွမ်း အရှေ့ဘက် တော်ဝင်နယ်မြေတွင် လုပ်နေသည့် အရာအားလုံးကိုလည်း သိလောက်၏။ ဤဥက္ကဋ္ဌလျှိုသည် ထိုဉာဏ်ကြီးရှင်၏ လက်အောက်မှ ဖြစ်နိုင်၏။ သူလျှိုထောင်ကျော်ဆိုသည်မှာလည်း သူ ပို့လိုက်ခြင်းသာ ဖြစ်မည်။ ယင်းက ကျန်းရီနှင့် ချမ်ဝမ်ကွမ်းတို့ကို စွပ်စွဲရန် သက်သေများချခြင်းပင်။

“ဧကရာဇ်ကိုးပါးမျိုးနွယ်စုကများလား”

ချမ်ဝမ်ကွမ်း၏ ခေါင်းထဲတွင် အတွေးတစ်ခု ပေါ်လာ၏။ မျိုးနွယ်(၁၃)ခုတွင် စစ်ထူမျိုးနွယ်သာ သူ လုပ်နေသောအရာများနှင့် ရင်းနှီးပေသည်။ သို့သော် စစ်ထူမျိုးနွယ်က သူတို့ကို အကောက်မကြံနိုင်ပေ။ လဲ့မျိုးနွယ်၊ နန်ကုန်းမျိုးနွယ်နှင့် လုမျိုးနွယ်တို့က သူတို့ကို အကောက်ကြံနိုင်လောက်အောင် အရည်အချင်းမရှိချေ။ အရာအားလုံးကို ထိန်းချုပ်နေသူမှာ သူ မဟုတ်ပါလား။ သူသည် ကုန်သည်အဖွဲ့အစည်းမှ လူများကို အသေချာစစ်ဆေးသဖြင့် ထိုမျိုးနွယ်(၃)ခုက သူလျှိုများ ထည့်နိုင်မည် မဟုတ်ပေ။

“ဥက္ကဋ္ဌလျှို...”

ချမ်ဝမ်ကွမ်းသည် ဥက္ကဋ္ဌလျှိုအကြောင်း တွေးမိသောအခါ နှလုံးသား အေးစက်သွား၏။ ထိုအခိုက်တွင် သူသည် ဧကရာဇ်ကိုးပါးမျိုးနွယ်စုမှ တစ်စုံတစ်ယောက်က သူတို့ကို အကောက်ကြံခြင်းဖြစ်ကြောင်း သေချာသွားလေသည်။ အဘယ်ကြောင့်ဆိုသော အရာအားလုံး အလွန်လွယ်ကူကာ ချောမွေ့နေခဲ့၍ပင်။ အရှေ့ဘက် တော်ဝင်နယ်မြေတွင် လျှို့ဝှက်အဖွဲ့ခွဲများ တည်ထောင်ရခြင်းကပင် အလွန်ချောမွေ့ခဲ့သည်။ တစ်စုံတစ်ယောက်က သူ့ကို တမင် ကူညီပေးနေခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။

“မယုံနိုင်စရာပဲ...”

ချမ်ဝမ်ကွမ်းသည် တစ်ဘက်မှလူ၏ စွမ်းဆောင်ချက်များအကြောင်းကို တွေးမိသောအခါ ကြက်သီးပင်ထသွားသည်။ ထိုသူသည် သူ့ကို လျှို့ဝှက်စောင့်ကြည့်နေပြီး သူ့မျက်လုံးများအောက်မှာပင် အပြစ်သားကျွန်းသို့ သူလျှိုတစ်ထောင်ကျော် ပို့နိုင်ခဲ့သည်။ ထိုသူသည် သူတို့က နန်ကုန်းချီလင်း၏ အမေကို ကယ်တင်လိမ့်မည်ကိုပင် ခန့်မှန်းနိုင်ခဲ့ပြီး မျိုးနွယ်(၃)ခုကို ကြိုတင် သတင်းပေးထားခဲ့သည်။ ထို့ကြောင့် ယခုကဲ့သို့သော အခြေအနေ ဖြစ်လာခြင်းပင်။ ထိုဉာဏ်ကြီးရှင်၏ ဉာဏ်ရည်နှင့် နည်းလမ်းများက သူ့ထက် များစွာပိုသာပေသည်။ ထိုဉာဏ်ရည်ဉာဏ်သွေးကို ဧကရာဇ်ကိုးပါးမျိုးနွယ်စု၏ အရင်းအမြစ်များနှင့် တွဲဖက်လိုက်သောအခါ သူတို့ ယနေ့တွင် ချောင်ပိတ်သွားခြင်းဖြစ်သည်။

ဝှစ်...ဝှစ်...ဝှစ်...

ရှန်းစီမြို့မှနေ၍ လူထောင်ကျော် ပျံသန်းလာ၏။ ထိုလူအများစုသည် သိုင်းသမားများ သို့မဟုတ် အလောင်းများကို သယ်ဆောင်လာကြ၏။ ထိုလူများသည် အဖမ်းခံထားရသော လူများပင်။ သူတို့၏ ဒန်တျန်များက ဖျက်ဆီးခံထားရပြီဖြစ်သည်။ သူတို့သည် ဥက္ကဋ္ဌလျှိုကို တွေ့သောအခါ မျက်လုံးများ မှေးမှိန်သွားကြ၏။

ငါးရာ၊ တစ်ထောင်...နှစ်ထောင်...

မကြာခင်မှာပင် လူနှစ်ထောင် ခေါ်ဆောင်ခံလာရလေသည်။ မြို့ထဲမှ တည်နေရာပြောင်းရွှေ့အစီအရင်လည်း တောက်ပလာပြီး လူများစွာ ရောက်ရှိလာသည်။ စစ်ထူအောင်းနှင့် စစ်ထူနူတို့သည် ထိုလူများကို တွေ့လိုက်သောအခါ မျက်နှာပျက်သွားကြ၏။ ထိုမျှများသော ဟန်ဆောင်သူများကို ရှာရန် မဖြစ်နိုင်ပေ။ အကယ်၍ ထိုလူများအားလုံးသာ နဂါးပျံကုန်သည်အဖွဲ့အစည်းက ခေါ်ဆောင်လာသော သူလျှိုများဖြစ်လျှင် ချမ်ဝမ်ကွမ်းတွင် ပါးစပ်ပေါက်တစ်ရာရှိလျှင်ပင် ငြင်းနိုင်တော့မည် မဟုတ်ချေ။

ရန်သူနှင့် ပူးပေါင်းခြင်းမှာ သေဒဏ်သာ ဖြစ်သည်။

လဲ့ထင်ဝေက လှည့်ပတ်ကြည့်လိုက်ပြီး နှာမှုတ်ကာ ပြောလိုက်သည်။

“စစ်ထူအောင်း... ခင်ဗျားတို့ မျိုးနွယ်မှာ ဝိညာဉ်ရှာဖွေ လျှို့ဝှက်အတတ်ကို တတ်တဲ့သူတွေ ရှိလား။ အဲ့လူထောင်ချီရဲ့ ဝိညာဉ်တွေကို သွားရှာကြည့်လိုက်။ တကယ်လို့ သူတို့က အရှေ့ဘက် တော်ဝင်နယ်မြေက သူလျှိုတွေ မဟုတ်ဘူးဆိုရင် ကျုပ် သူတို့အကုန်လုံးကို လွှတ်ပေးလိုက်မယ်။ တကယ်လို့ သူတို့က သူလျှိုတွေသာဆိုရင်... ခင်ဗျားက ကျန်းရီနဲ့ ချမ်ဝမ်ကွမ်းကို ဆက်ကာကွယ်ပေးနေဦးမယ်ဆိုရင် ကျုပ်တို့လည်း ရွေးချယ်စရာမရှိတော့ဘဲ တိုက်ခိုက်ရတော့မှာပဲ”

လုလီကလည်း လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။

“ခင်ဗျားတို့ လုဖင်းနဲ့ အဲ့လူနှစ်ယောက်ရဲ့ ဝိညာဉ်တွေကိုလည်း ရှာနိုင်ပါတယ်။ တကယ်လို့ ကျန်းရီနဲ့ ချမ်ဝမ်ကွမ်းတို့သာ မိုးကြိုးကျောက်တုံးတွေကို မှောင်ခိုမရောင်းခဲ့ဘူးဆိုရင် ကျုပ် လုလီက တစ်သက်လုံး ရှန်းစီကျွန်းကို ခြေချတော့မှာ မဟုတ်ပါဘူး”

နန်ကုန်းယွင်ရီသည်လည်း စစ်ထူအောင်းကိုကြည့်ကာ ပြောလိုက်၏။

“ကျုပ်လည်း ကျုပ်ရဲ့မျိုးနွယ်က လူသုံးယောက်နဲ့ ချမ်ဝမ်ကွမ်းတို့ စေလွှတ်လိုက်တဲ့ လူဆယ်ယောက်ကို ခေါ်လာတယ်။ စစ်ထူအောင်း... ခင်ဗျား သူတို့ရဲ့ ဝိညာဉ်တွေကို ရှာနိုင်တယ်။ ဒီအဘိုးကြီး ဒီနေ့ ရှင်းရှင်းပဲ ပြောလိုက်မယ်။ တကယ်လို့ စစ်ထူမျိုးနွယ်က သူတို့ကို ဆက်ကာကွယ်ပေးနေရင် ကျုပ်တို့ သေတဲ့အထိ တိုက်ခိုက်မယ်”

စစ်ထူအောင်းက စစ်ထူနူကို ကြည့်လိုက်သည်။ စစ်ထူနူသည် အခြေအနေကို မယုံနိုင်သေးသဖြင့် လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။

“အဘိုး(၆)... သွားစစ်ဆေးလိုက်ပါ”

စစ်ထူမျိုးနွယ်မှ အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်တစ်ပါးက အနက်ရောင်အရိပ်တစ်ခုကဲ့သို့ ပျံသန်းသွားပြီး သူ့လက်ကို သူလျှိုတစ်ယောက်၏ ခေါင်းပေါ် တင်လိုက်လေသည်။ အကြီးအကဲ၏ မျက်လုံးများထဲတွင် အဖြူရောင်အလင်းတစ်ချက် လက်သွား၏။ ထို့နောက် သူ မျက်လုံးများ မှိတ်လိုက်လေသည်။ သူ မျက်လုံးများ ပြန်ဖွင့်လာသောအခါ ထိုသူလျှိုသည် မျက်ဖြူလန်ကာ ချက်ချင်း သေဆုံးသွားလေသည်။

တစ်၊နှစ်...သုံး...

စစ်ထူမျိုးနွယ်မှ အကြီးအကဲ၏ မျက်နှာထားသည် ပို၍ ပို၍ ဆိုးဝါးလာ၏။ ရန်တုံနှင့် နျိုတုန်တို့သည်လည်း မျက်နှာပျက်လာကြ၏။ ထိုဝိညာဉ်ရှာဖွေမှုက ခံရသူကို အသက်ဆုံးရှုံးစေနိုင်၏။ သူတို့အလှည့်ရောက်လာလျှင် သူတို့ သေသွားနိုင်ပေသည်။

“အစ်မကြီးဆည်းလည်း၊ အဖွဲ့မှူးကျန်း၊ ကျွန်တော်တို့ နောက်ဘဝမှပဲ ပြန်တွေ့ကြတာပေါ့”

ရန်တုံနှင့် နျိုတုန်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ထရပ်ကာ လုမျိုးနွယ်၏ ပညာရှင်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးသွားလိုက်ကြသည်။ သူတို့သည် ဤသို့ ရောက်မလာခင်တွင် ဒန်တျန်များ ဖျက်ဆီးခံထားရ၏။ လုလီကသာ ကောင်းကင်မိုးကြိုးကျွန်းမှ ကျွန်းများ၏ အသက်ဖြင့် သူတို့ကို မခြိမ်းခြောက်ထားလျှင် သူတို့သည် သတ်သေပြီးလောက်ပေပြီ။

ရွှစ်...ရွှစ်...

အေးစက်စက် အလင်းရောင် လက်နေသော အသုံးအဆောင် ဓားနှစ်ချောင်းက သူတို့ကို ကြိုဆိုလိုက်၏။ သူတို့သည် သူတို့၏လည်ပင်းတွင် အေးစက်စက် အထိအတွေ့တစ်ခုကို ခံစားလိုက်ရ၏။ ထို့နောက်တွင် သူတို့၏ ခေါင်းများက ချက်ချင်း ပြတ်ထွက်သွားလေသည်။ သူတို့၏ လည်ပင်းငုတ်တိုများမှနေ၍ သွေးများ ပန်းထွက်လာ၏။ သူတို့သည် မရှုမလှ သေဆုံးသွားရပေပြီ။

“ရန်တုံ၊ နျိုတုန်...”

“ရန်တုံ...”

ကျန်းရီနှင့် အစ်မကြီးဆည်းလည်းတို့သည် တစ်ပြိုင်တည်း အော်လိုက်ကြ၏။ ကျန်းရီ၏မျက်လုံးများ နီရဲသွားသည်။ သူ့ကိုယ်မှနေ၍ သတ်ဖြတ်လိုသည့် အငွေ့အသက်များ အထိန်းအကွပ်မရှိ ထွက်ပေါ်လာလေသည်။ သူ၏ဆံပင်နီများကလည်း လေထဲတွင် တဖျပ်ဖျပ် ခတ်နေသည်။ ထိုအခိုက်တွင် သူသည် ငရဲမှ ထွက်လာသော မိစ္ဆာတစ်ကောင်နှင့် တူနေပေသည်။

“တော်လောက်ပြီ... ဆက်ရှာနေစရာ မလိုတော့ဘူး”

စစ်ထူအောင်းက လက်ဝှေ့ယမ်းကာ ချမ်ဝမ်ကွမ်းနှင့် ကျန်းရီတို့ကို ကြည့်လိုက်သည်။

“မင်းတို့နှစ်ယောက်မှာ ဘာရှင်းပြစရာ ရှိလဲ”

ကျန်းရီသည် မရှုမလှသေဆုံးသွားသော ရန်တုံနှင့် နျိုတုန်၏ မျက်လုံးများကို ကြည့်နေဆဲပင်။ သူသည် စစ်ထူအောင်း၏ စကားကို ကြားပုံမပေါ်ချေ။ ချမ်ဝမ်ကွမ်းကမူ ခါးသက်သက် ရယ်လိုက်ပြီး ပြောလိုက်သည်။

“ကျွန်တော့်မှာ ဘာရှင်းပြစရာမှ မရှိပါဘူး။ ကျွန်တော် ပြောချင်တာကတော့... ကျွန်တော် လုပ်ခဲ့တဲ့ ကိစ္စတိုင်းမှာ မိုးမြေ၊ ရှန်းစီမျိုးနွယ်စု၊ စစ်ထူမျိုးနွယ်နဲ့ ရီနျန်တို့ကို သိက္ခာကျစေမယ့်ကိစ္စ တစ်ခုမှ မပါဘူးဆိုတာပါပဲ။ ပြီးတော့ ခင်ဗျားတို့ မျိုးနွယ်(၃)ခု သူတော်ကောင်းယောင်ဆောင်နေတာကို ရပ်လိုက်လို့ ရပါပြီ။ ခင်ဗျားတို့က အမှန်တရားကို အလေးထားသလို လုပ်နေကြတာပဲ။ ဒါပေမဲ့ ဒီကိစ္စအကုန်လုံးကို ခင်ဗျားတို့ရော၊ ကျုပ်ရော ရှင်းရှင်းလင်းလင်း သိပါတယ်။ ခင်ဗျားတို့က လူမြင်ကောင်းအောင် ဟန်ဆောင်ချင်နေတာလား”

“ဝမ်ကွမ်း...”

စစ်ထူရီနျန်က ချမ်ဝမ်ကွမ်းကို တင်းတင်းကြပ်ကြပ်ဖက်လိုက်၏။ သူမ၏တည်ငြိမ်သော မျက်နှာလေးတွင် မျက်ရည်စများ စွန်းထင်းနေပေပြီ။ သူမသည် ချမ်ဝမ်ကွမ်း ပျောက်ကွယ်သွားမည်ကို စိုးရိမ်နေသည့်အလား ခပ်တင်းတင်း ဖက်ထားလေသည်။

“ဟူး...”

စစ်ထူအောင်းသည် ချမ်ဝမ်ကွမ်း၏ မျက်လုံးများကို စိုက်ကြည့်လိုက်ပြီး ခေတ္တမျှ ခေါင်းငုံ့လိုက်၏။ ခေတ္တမျှကြာပြီးနောက် သူသည် ဖြည်းဖြည်းချင်း ခေါင်းပြန်မော့လိုက်ပြီး ပြောလိုက်လေသည်။

“ကျုပ် စစ်ထူအောင်း စစ်ထူမျိုးနွယ်ကိုယ်စား ခင်ဗျားတို့အားလုံးကို ချမ်ဝမ်ကွမ်း၊ ကျန်းရီနဲ့ တခြားသူတွေကို ချမ်းသာပေးဖို့ တောင်းဆိုပါတယ်။ တကယ်လို့ ခင်ဗျားတို့သာ သဘောတူမယ်ဆိုရင် စစ်ထူမျိုးနွယ်က ရှန်းစီမြို့က စီးပွားရေးလုပ်ငန်းအားလုံးကို ခင်ဗျားတို့ကို လွှဲပေးပါမယ်။ ပြီးတော့ ကျုပ်တို့ စစ်ထူမျိုးနွယ်က ရှန်းစီမြို့က ထွက်သွားပြီး နောက်နှစ်တစ်ထောင်အတွင်း ရှန်းစီကျွန်းကို ထပ်ခြေချတော့မှာ မဟုတ်ပါဘူး။ တကယ်လို့ ချမ်ဝမ်ကွမ်းနဲ့ တခြားသူတွေက ရန်သူတွေနဲ့ ဆက်ပူးပေါင်းနေဦးမယ်ဆိုရင် ကျုပ် စစ်ထူအောင်း ကိုယ့်ကိုယ်ကိုယ် သတ်သေပြီး အပြစ်ဒဏ်ခံပါမယ်။ အဲ့လိုဆိုရင် ဘယ်လိုပါလဲ”

“ဝါး...”

လူအုပ်တစ်ခုလုံး ပွက်လောရိုက်သွား၏။ လဲ့ထင်ဝေ၊ နန်ကုန်းယွင်ရီနှင့် အခြားသူများပင် အံ့အားသင့်သွားကြသည်။ လုလီ၏ မျက်လုံးများက ချက်ချင်း ‌တောက်ပလာသည်။ လုမျိုးနွယ်မှ ပညာရှင်များသည်လည်း အလွန် စိတ်လှုပ်ရှားသွားကြ၏။ အကယ်၍ စစ်ထူမျိုးနွယ်သာ ထွက်သွားလျှင် လုမျိုးနွယ်သည် ရှန်းစီမြို့သို့ ဝင်နိုင်ရန် အခွင့်အရေးရပေလိမ့်မည်။

ချမ်ဝမ်ကွမ်းပြောသည်မှာ မှန်၏။

ထိုမျိုးနွယ်(၃)ခုသည် ကိစ္စများစွာကို သိထားပေသည်။ ချမ်ဝမ်ကွမ်းနှင့် ကျန်းရီတို့သည် မိုးကြိုးကျောက်တုံးများကို မှောင်ခိုရောင်းခဲ့သော်လည်း ရန်သူနှင့် မပူးပေါင်းခဲ့ချေ။ ထိုသူလျှိုများကလည်း ရုတ်တရက်ကြီး ရောက်လာခြင်းပင်။ သူတို့ ထိုသူလျှိုများကို ဖမ်းနိုင်ခဲ့ခြင်းမှာ ဥက္ကဋ္ဌလျှိုက ကြိုသတင်းပေးထား၍ဖြစ်သည်။ အမှန်တွင် ထိုကိစ္စများတွင် သံသယဝင်စရာများ များစွာရှိ၏။ သူတို့သည် ဉာဏ်နည်းသူများမ မဟုတ်ကြသဖြင့် အရှေ့ဘက် တော်ဝင်နယ်မြေမှ မျိုးနွယ်ကြီးတစ်ခုက ချမ်ဝမ်ကွမ်းနှင့် ကျန်းရီတို့ကို အကောက်ကြံနေခြင်းဖြစ်ကြောင်း ခန့်မှန်းမိကြပေသည်။

သို့သော်...

မျိုးနွယ်(၃)ခုသည် ချမ်ဝမ်ကွမ်းနှင့် ကျန်းရီကို ရှင်းပစ်ချင်နေသည်ဖြစ်ရာ နောက်ကွယ်မှ ကြိုးကိုင်သူကို စုံစမ်းရန် ကြိုးစားမနေတော့ပေ။ ထိုနှစ်ယောက်ကြောင့် စစ်ထူမျိုးနွယ်က လျင်မြန်စွာ တိုးတက်လာခဲ့ခြင်း မဟုတ်ပါလား။ အကယ်၍ လဲ့မျိုးနွယ်အကြီးအကဲသာ သေသွားလျှင် စစ်ထူမျိုးနွယ်က နံပါတ်(၁)မျိုးနွယ် ဖြစ်လာမည်ဖြစ်သည်။ စစ်ထူမျိုးနွယ်က ရှန်းစီမျိုးနွယ်စုတစ်ခုလုံးကိုပင် ပေါင်းစည်းနိုင်ခြေရှိပေသည်။

မည်သည့်မျိုးနွယ်ကမှ လက်အောက်ခံ မဖြစ်လိုကြပေ။ သူတို့သည် ထိပ်ဆုံးတွင်သာ နေလိုကြသည်။ ထို့ကြောင့် ချမ်ဝမ်ကွမ်းနှင့် ကျန်းရီတို့ သေရပေမည်။

ထို့ပြင် လဲ့ထင်ဝေသည် ကိစ္စတစ်ခုကိုလည်း ရှင်းရှင်းလင်းလင်း သိထား၏။ လဲ့ချီရန်က နန်ကုန်းချီလင်းကို လက်ထပ်လိုရခြင်းမှာ တစ်စုံတစ်ယောက်က သွေးထိုးပေးခဲ့၍ဖြစ်သည်။ ထိုသူသည် နန်ကုန်းချီလင်းနှင့် ကျန်းရီတို့၏ အတိတ်အကြောင်းများကို လဲ့ချီရန်အား တမင် ပြောပြခဲ့ခြင်းပင်။ ထိုအကြောင်းများကို ပြောပြခဲ့သူမှာ မျိုးနွယ်လေးတစ်ခုမှ သခင်လေးတစ်ယောက်ဖြစ်သည်။ သူသည် လဲ့ချီရန်နှင့် နန်ကုန်းချီလင်းတို့ စေ့စပ်ပြီးသောအခါ ရုတ်တရက်ကြီး ပျောက်ဆုံးသွားခဲ့၏။

ထို့ကြောင့် ဤကိစ္စများနောက်ကွယ်တွင် အင်အားကြီး ဉာဏ်ကြီးရှင်တစ်ယောက် သို့မဟုတ် မျိုးနွယ်ကြီးတစ်ခု ရှိနေကြောင်း ထင်ရှားပေသည်။ သို့ဆိုလျှင်လည်း ဘာအရေးနည်း။ မျိုးနွယ်(၃)ခုသည် စစ်ထူမျိုးနွယ်ကို ရှင်းပစ်ရန် ကြံစည်ထားပြီးဖြစ်သည်။ သို့သော် စစ်ထူအောင်းသည် မတိုက်ခိုက်ဘဲ ထိုကဲ့သို့ ရူးသွပ်သည် ဆုံးဖြတ်ချက်တစ်ခု ချလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားကြချေ။

စစ်ထူအောင်းသည် အမြဲပင် ရဲတင်းခဲ့သူဖြစ်၏။ ယနေ့တွင် သူသည် မျိုးနွယ်တစ်ခုလုံး၏ စီးပွားရေးနှင့် အနာဂတ်ကို လူနှစ်ယောက်အတွက် စတေးနေလေသည်။

“ငါ သဘောမတူဘူး...”

တင်းမာသော အသံအိုတစ်သံ ပဲ့တင်ထပ်လာပြီး အားလုံး တုန်လှုပ်သွားလေသည်။

“စစ်ထူမျိုးနွယ်က မျိုးနွယ်ဝင်တွေအကုန်လုံး နားထောင်ကြ။ စစ်ထူအောင်းကို မျိုးနွယ်‌ခေါင်းဆောင်ရာထူးကနေ အခုချက်ချင်း ဖြုတ်ချလိုက်ပြီ။ အားလုံးပဲ မျိုးနွယ်အိမ်တော်ကို ပြန်ကြပါ။ စစ်ထူမျိုးနွယ်က ဒီနေ့ကိစ္စမှာ ဝင်ရှုပ်မှာ မဟုတ်ဘူး”

“အဘိုး...”

စစ်ထူရီနျန်၏ သေးသွယ်သောခန္ဓာကိုယ်လေး တုန်ယင်သွားသည်။ ထို့နောက် သူမသည် မျှော်လင့်ချက်ကင်းမဲ့သော မျက်နှာထားဖြင့် အားနည်းစွာ ဒူးထောက်ချလိုက်လေသည်။

***

All Chapters