စိတ်ဝိညာဉ်လမ်း စစ်ဆေးမှု
Vol. 4 Ch. 48
အပိုင်း (၄၈) : စိတ်ဝိညာဉ်လမ်း စစ်ဆေးမှု
အမှန်တော့ ဝမ်ဝေ့က တာအိုအခွင့်အလမ်းဂိုဏ်းထဲမှာသာရှိနေဆဲဖြစ်ပြီး အရာအားလုံးကို နောက်ကွယ်မှ ထိန်းချုပ်နေသည်။
သူ့အဖိုး အစစ်အမှန်အုပ်ချုပ်သူ ယွီကျွမ်းက အမှန်တကယ် ဒဏ်ရာရထားပြီး ကုသနေဆဲ ဖြစ်သည်။ ထို့ကြောင့် ဝမ်ဝေ့က သူ၏ ငါးနှစ်မြောက် မွေးနေ့တွင် ကိုယ်ပွားပုံစံကိုသာ မြင်ခဲ့ရပြီး သူနှင့် ဆက်သွယ်ဖူးခဲ့သည်။ သို့သော် သူ့အမေဘက်မှ အဖွားကိုတော့ ခဏခဏတွေ့ပြီး သူ့အဖေဘက်မှ အဖွားကတော့ သူ မမွေးခင်ကတည်းက ဆုံးသွားတာ ဖြစ်သည်။
ဝမ်ဝေ့ မဟာကျိုးတော်ဝင်တိုင်းပြည်မှ လူများကို ထွက်မတွေ့ရသည့် အကြောင်းအရင်းက ယခုလက်ရှိ သူ အကောင်းဆုံးအခြေအနေမှာ မရှိနေသောကြောင့် ဖြစ်သည်။ အရာထောင်ချီ တစ်သားတည်းကျမ်းကို နှစ်နှစ်ကျော်ကြာ ကျင့်ကြံပြီးနောက် အမြဲတမ်းလိုလို အားနည်းနေသည်။
ဝမ်ဝေ့နှင့် အထက်ပိုင်းအရာရှိများက နန်းစွန့်မင်းသား ကျီရှန့်ကဲ့သို့သော စွမ်းအားကြီးကျင့်ကြံသူနှင့် တွေ့ရပါက တစ်စုံတစ်ခု ရှာဖွေတွေ့ရှိသွားမည်ကို ကြောက်ရွံ့မိသည်။ မဟာကျိုးမှ လူများက ဝမ်ဝေ့၏ အခြေအနေကို အခွင့်ကောင်းယူပြီး သူတို့၏ အကြံအစည်ကို နှောင့်ယှက်လိုက်မည်ကို သူတို့ စိုးရိမ်မိသည်။
ထို့ကြောင့် သူ့ပျက်ကွက်မှုအတွက် သင့်တော်သော အကြောင်းပြချက်များ ပေးနေကြသည်။
ဝမ်ကျူက အိမ်ရှေ့စံမင်းသား ကျီစုန့်နှင့် ပတ်သက်သည့် နောက်ဆုံးပေါ် သတင်းများကို တင်ပြရန် ဝမ်မိသားစု အိမ်ခြံဝင်းထဲသို့ လမ်းလျှောက်ဝင်လာသည်။
သူမ ဝင်သွားသည်နှင့်တစ်ပြိုင်နက် ဂိုဏ်းချုပ်ငယ်လေး ပါးစပ်ထောင့်မှ အစိမ်းပုတ်ရည်အား သုတ်လိုက်သည်ကို ဝမ်ကျူ မြင်လိုက်ရသည်။ တစ်ချိန်တည်းမှာပဲ ကြမ်းပြင်ပေါ်တွင် ရှိနေသော အစိမ်းပုတ်ရောင် သွေးကွက်က ရနံ့ဆိုးကို ထုတ်လွှတ်နေပြီး အင်မတန် အန္တရာယ်များပုံပေါ်သည်။
“ သေစမ်း အဆိပ်တွေ” ဝမ်ဝေ့က ရေရွတ်လိုက်သည်
“ ဘာလို့ မနက်အစောကြီး ရောက်လာတာလဲ”
“ သခင်လေး အိမ်ရှေ့စံမင်းသားလေးနဲ့ ပတ်သက်ပြီး တိုးတက်မှုအသစ်တွေ ရှိလာပါတယ်”
“ အော် သူ့ကို နောက်ထပ်စစ်ဆေးမှု ခံယူခွင့်မပြုဘူးလို့ ပြောထားပြီးပြီထင်နေတာ”
“ အကြီးအကဲတွေ ပြောတာအရတော့ မဟာကျိုးတော်ဝင်တိုင်းပြည်က ငြင်းဆန်ဖို့ခက်ခဲတဲ့ ကမ်းလှမ်းချက်တစ်ခု လုပ်ခဲ့တယ်တဲ့။ အဲဒါကြောင့် အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ သူတို့က သခင်လေးရဲ့ အမြင်ကို သိချင်နေကြပါတယ်”
ဝမ်ဝေ့ စိတ်ဝင်စားလာမိသည်။ တာအိုအခွင့်အလမ်းဂိုဏ်းက အရမ်းစွမ်းအားကြီးပြီး အရင်းအမြစ် ပေါများလေရာ သူတို့ကို ဆွဲဆောင်နိုင်သည့်အရာတစ်ခု ရှိပါက အရမ်းထူးခြားဆန်းကြယ်သည့်အရာ ဖြစ်ရမည်။
ဝမ်ဝေ့က မဟာကျိုးမှလူများ ကမ်းလှမ်းချင်သည့် ဈေးနှုန်းအကြောင်း ရှင်းလင်းတင်ပြထားသည့် ကျောက်စိမ်းပေလွှာကို ယူလိုက်သည်။
ထိုအချက်အလက်အရ ဝမ်ဝေ့က ရှေးဟောင်းခန္ဓာသန့်စင်ကျမ်းကို အဆင့်တစ်ခုအထိ ရောက်အောင် ကျင့်ကြံသည့်အချိန်တွင် သူ၏ စွမ်းအားကြီးသော ခန္ဓာကို ပိုမိုသန့်စင်ရန်အတွက် ဓာတ်ငါးပါးကို အခြေခံထားသည့် ပစ္စည်းများ လိုအပ်သည်။
ထို့ကြောင့် ဂိုဏ်း၏ အထက်ပိုင်း အရာရှိများက ဓာတ်ငါးပါးဖြစ်သည့် သစ်သား၊ မီး၊ သတ္တု၊ မြေနှင့် ရေတို့ကို ကိုယ်စားပြုသည့် အသင်္ချေအင်ပါယာ ကမ္ဘာတစ်ခွင်လုံးရှိ စွမ်းအားအကြီးဆုံးပစ္စည်းငါးခုကို စာရင်းပြုစုခဲ့သည်။
ဝမ်ဝေ့ကို အကောင်းဆုံးအရာများနှင့် ပံ့ပိုးမှသာ ကောင်းကင်အလိုဆန္ဒတိုက်ပွဲတွင် အောင်မြင်မှုရရှိဖို့ အခွင့်အရေးပိုမိုမြင့်မားလိမ့်မည်ဟု သူတို့ ယုံကြည်ထားသည်။
တခြားသုံးခုက ရှာတွေ့ဖို့ အရမ်းရှားသလို စွမ်းအားကြီးဂိုဏ်းများ၏ လက်ထဲတွင်လည်း ရှိနေနိုင်သည်။ သို့မဟုတ် ရှည်လျားသည့် အချိန်စီးကြောင်းထဲတွင် ပျောက်ပျက်သွားနှင့်တာမျိုးလည်း ဖြစ်နိုင်သည်။
သို့သော် သူတို့အံ့ဩသွားသည်က မဟာကျိုးတော်ဝင်တိုင်းပြည်မှ သူတို့၏ အိမ်ရှေ့စံမင်းသားကို မျှော်နန်းဆောင်စစ်ဆေးမှုမှာ ထပ်မံပါဝင်ခွင့်ပြုဖို့ ကမ်းလှမ်းချက်အနေဖြင့် ပျောက်ဆုံးနေသော ပစ္စည်းများထဲမှ တစ်ခုဖြင့် ကမ်းလှမ်းခဲ့သည်။
နောက်တစ်ခါ သေချာဖတ်ပြီးနောက် ဝမ်ဝေ့ အဓိက အကြောင်းအရာကို သိသွားသည်။ သူ ဘာမှပြန်မပြောခင် ခဏတာ တွေဝေစဉ်းစားလိုက်သည်
“ ကမ်းလှမ်းချက်ကို လက်ခံလို့ရတယ်လို့ အကြီးအကဲတွေကို ပြောလိုက်ပါ။ ဒါပေမဲ့ သူ ပါဝင်နိုင်တဲ့ အမြင့်ဆုံးအဆင့်က လေးခုမြောက်ထိပဲနော်။ အဲဒီထပ် ပိုလို့မရဘူး။ သူတို့ ထပ်ပြီးညှိနှိုင်းနေရင် ပစ္စည်းကို ငြင်းလိုက်လို့ရတယ်လို့ အကြီးအကဲတွေကို ပြောပေးပါ”
ထိုအရာအားလုံးကို ဆက်တိုက်ပြောသွားပြီးနောက် ဝမ်ဝေ့ ထပ်မံချောင်းဆိုးကာ သွေးနက်အနည်းငယ် အန်ထွက်သွားသည်။
“ အချိန်ကန့်သတ်ချက်လည်း ပေါင်းထည့်လိုက်”
ဝမ်ဝေ့က ထိုအဖိုးတန်ပစ္စည်းအကြောင်း အရမ်းမစိုးရိမ်ပေ။ ဘယ်နေရာမှာ ရှိလဲဆိုတာ သူ သိသည်နှင့် သူ့အပိုင် ဖြစ်သည်။ သူက ထိုပစ္စည်းကို အင်အားသုံးပြီး မယူနိုင်သော်လည်း တခြားနည်းလမ်းများဖြင့် ယူနိုင်သေးသည်။
သူ သိထားသည့် အိမ်ရှေ့စံမင်းသား ကျီစုန့်က အရမ်းအလျင်စလို လုပ်တတ်ပြီး မောက်မာသူတစ်ယောက် ဖြစ်သည်။ အချိန်ကျရောက်လာသည့်အခါ ပစ္စည်းကို ပြိုင်ပွဲအတွက် ဆုအဖြစ် အသုံးပြုလိုက်ပြီး မျှော်နန်းဆောင် စစ်ဆေးမှုတွင် သူ ကျရှုံးခဲ့သည်ကို အမှတ်ရအောင် လုပ်ပေးမည်။ ဒီလိုလုပ်လိုက်ပါက သူ ထိုပစ္စည်းကို တရားဝင် ပိုင်ဆိုင်နိုင်သွားပြီဖြစ်သည်။ ဝမ်ဝေ့က သူ့ကိုယ်သူ ဒီလောက်ထိ ယုံကြည်မှု ရှိသည်။
ရုတ်တရက် ဝမ်ဝေ့က မေးမြန်းလိုက်သည်
“ မနေ့က ကျွန်တော်တို့ရဲ့ ငါးစာကို သေချာလွှတ်ပေးလိုက်ရဲ့လား”
“ သခင်လေး တောင်းဆိုထားတဲ့အတိုင်း လုပ်ထားပါတယ်။ တပည့်တွေထဲက တစ်ယောက် အရက်မူးပြီးတော့ သခင်လေးက စိတ်ဝိညာဉ်ခရီးလမ်း စစ်ဆေးမှုမှာ အစကတော့ မပါဝင်ပေမဲ့ ရုတ်တရက် စိတ်ပြောင်းသွားတယ်ဆိုတဲ့အကြောင်း သတင်းလွှင့်လိုက်တယ်”
“ အင်း ကောင်းတယ်” ဝမ်ဝေ့က ဝမ်ကျူ၏ အလုပ်ကို ထုံးစံအတိုင်း စိတ်ကျေနပ်နေမိသည်။
ထို့နောက် ဝမ်ကျူက သခင်လေး၏ အမိန့်ကို အကြီးအကဲများအား ပြောပြရန် နေအိမ်မှ ထွက်သွားသည်။ သခင်လေး နာကျင်မှု သက်သာစေရန် အားဖြည့်ဆေး ယူသွားပေးရန်နှင့် သန့်ရှင်းရေးလုပ်ပေးရန် အစေခံအချို့အား မှာကြားခဲ့သည်။
ရက်အနည်းငယ် ကြာသွားပြီးနောက် တာအိုအခွင့်အလမ်းဂိုဏ်း၏ ဧည့်ခန်းမဆောင်ထဲတွင် အမတ်ချုပ်ကျောက်ယန်က ဘုရင်မင်းမြတ်ကျီဝမ်အား ဆက်သွယ်ရေး အစီအရင်မှတစ်ဆင့် စကားပြောနေသည်။
“ ရလဒ်က ဘယ်လိုနေလဲ”
“ အရှင်မင်းမြတ် သူတို့က ကျွန်တော်တို့ရဲ့ ကမ်းလှမ်းချက်ကို လက်ခံလိုက်ပါပြီ။ အိမ်ရှေ့စံမင်းသားက မျှော်နန်းဆောင်ထဲမှာ စစ်ဆေးမှု လေးခုအထိ ပါဝင်နိုင်ပါတယ်။ ဒါပေမဲ့ သူတို့က နှစ်ဝက်ဆိုပြီးတော့ အချိန်ကန့်သတ်နေတုန်းပဲ”
“ ငါတို့ရဲ့ အောက်ဆုံးအဆင့် ခန့်မှန်းထားတာထက်တော့ ပိုကောင်းသားပဲ။ အချိန်အကန့်သတ်ရှိတာက ဆိုးတဲ့အရာတော့လည်း မဟုတ်ပါဘူး။ ဖိအားများများရှိတော့ စုန့်အာလည်း ပိုပြီးတော့ ကြိုးစားဖြစ်တာပေါ့”
“ ဘယ်လိုမျိုးပဲ ကမ်းလှမ်းပါစေ မင်းသားကျီစုကိုလည်း တာအိုအခွင့်အလမ်းဂိုဏ်းက ပါဝင်ခွင့်မပြုတာကတော့ ရှက်စရာပဲ”
“ အင်း စုအာက အမြဲတမ်းလိုပဲ နားလည်မှာပါ။ ပြီးတော့ တာအိုနှလုံးသားကို ပြုပြင်မွမ်းမံဖို့အတွက် တခြားနည်းလမ်းတွေ အများကြီး ရှိပါတယ်။ ဒီမျှော်နန်းဆောင်လောက်တော့ အကျိုးသက်ရောက်မှု မရှိပေမဲ့ ဘာမှမရှိတာထက်စာရင်တော့ ပိုပြီး ကောင်းပါသေးတယ်။ သွားလည်ရတဲ့ အဓိကအကြောင်းအရင်းကရော ဘယ်လိုလဲ။ နောက်ထပ် ဘာတွေ သိရသေးလဲ”
“အစောင့်က အသုံးဝင်တဲ့ ဘာအချက်အလက်ကို မရှာနိုင်ခဲ့ပေမဲ့ တပည့်တစ်ယောက်ရဲ့ ပြောကြားချက်အရ တစ်ခုခု အသုံးဝင်တဲ့အရာတစ်ခုကို သိလိုက်ရတယ်။ ကျွန်တော်တို့ ရထားတဲ့ အချက်အလက်အရတော့ ဂိုဏ်းချုပ်ငယ်လေးက အစတုန်းက စိတ်ဝိညာဉ်ခရီးလမ်းစစ်ဆေးမှုမှာ ပါဝင်ဖို့ စိတ်ကူးမရှိဘူးတဲ့။ ဒါပေမဲ့ သူ စိတ်ပြောင်းသွားတဲ့အချိန်က အဲဒီသတင်းထွက်လာတဲ့အချိန်နဲ့ ကွက်တိပဲ။ စိတ်ဝိညာဉ်ခရီးလမ်းစစ်ဆေးမှုမှာ တာအိုအခွင့်အလမ်းဂိုဏ်းက စိတ်ဝင်စားမှု ရှိနေတယ်။ ဒါပေမဲ့ အဲဒါက ရှေးဟောင်းခန္ဓာသန့်စင်ကျမ်းနဲ့ ဆက်စပ်နေမလားဆိုတာတော့ အတည်မပြုနိုင်သေးဘူး”
“ သူတို့ဆီမှာ ဘယ်လိုအကြံတွေပဲရှိရှိ စွန့်စားဖို့အတွက် ထိုက်တန်ပါတယ်။ ဒီတစ်ခေါက်မှာ ပိုပြီးတော့ သတိထားဖို့ပဲ လိုတယ်။ စိတ်ဝိညာဉ်ခရီးလမ်း စစ်ဆေးမှုအတွင်း စုန့်အာရဲ့ လုံခြုံမှုကို သေချာအောင် လုပ်ဖို့အတွက် နည်းလမ်းအမျိုးမျိုး အသုံးပြုရမယ်”
ပုံမှန်အချိန်အတိုင်းသာ ဆိုပါက ဘုရင်မင်းမြတ်ကျီဝမ်က အရမ်းသတိထားပြီး သူ၏ သဘောကျဆုံးနှင့် အရည်အချင်းအရှိဆုံးသားလေးကို ဒီလိုမျိုး စွန့်စားမှုမျိုး လုပ်ဖို့ ဘယ်တော့မှ ခွင့်မပြုမည် မဟုတ်ပေ။ သို့သော် လတ်တလော အဖြစ်အပျက်များက သူ့ကို အဆုံးစွန်အထိ ရောက်ရှိသွားစေသည်။
ဤမျိုးဆက်၏ ကောင်းကင်ဆန္ဒတိုက်ပွဲက အရမ်းထူးခြားလိမ့်မည်ဖြစ်ကြောင်း ဘုရင်မင်းမြတ် ကျီဝမ် သတိထားမိသည်။ သူ့သား ရရှိနိုင်သော ဘယ်အကျိုးအမြတ်မဆို များပြားသော အကျိုးအမြတ် ဖြစ်လိမ့်မည်။
ထို့နောက် သူက သူတို့မျိုးဆက်၏ ကောင်းကင်ရွေးချယ်ခံများအကြောင်းကို ပြန်လည်စဉ်းစားနေမိသည်။ အထူးသဖြင့် ယခုလက်ရှိ တာအိုအခွင့်အလမ်းဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သော ဝမ်ထျန်းအကြောင်း ဖြစ်သည်။
ထိုလူ၏ ဓားစွမ်းရည်က တကယ်ထူးခြားပြီး ယှဉ်ပြိုင်လို့ မရနိုင်ပေ။ ယနေ့အထိပင် ထိုနှစ်၏ ပြိုင်ဘက်ကင်း ဓားခုတ်ချက်ကို စဉ်းစားလိုက်တိုင်း ကြောက်ရွံ့နေဆဲဖြစ်သည်။
သူတို့မျိုးဆက်တွင် ကောင်းကင်အလိုဆန္ဒ တိုက်ပွဲမရှိသည်ကို သိလိုက်ရသည့်အခါ တိုက်ပွဲတွင် ဝမ်ထျန်းကို ရင်ဆိုင်စရာမလိုတော့သည့်အတွက် တစ်စိတ်တစ်ပိုင်းအားဖြင့် စိတ်သက်သာရာရသွားမိသည်။
ထိုအတွေးက သူ့ဘဝတစ်ခုလုံးတွက် ရှက်စရာအကောင်းဆုံးအရာ ဖြစ်သည်။ သူ့မျိုးဆက်မှ ကောင်းကင်ရွေးချယ်ခံများလည်း သူနှင့် အတွေးတူကြသည်ကို သူ သိသည်။ ထို့ကြောင့်သူက သူ့သားကို သူ့လိုမျိုး မဖြစ်စေချင်ပေ။ သူ့သားကို သူ့ အတိတ်ရန်သူ၏ သားဖြစ်သူ အရိပ်ထဲတွင် မနေစေချင်ပေ။
ထို့ကြောင့် စိတ်ဝိညာဉ်ခရီးလမ်းကို သွားသောခရီးက ထောင်ချောက် ဖြစ်နိုင်သော်လည်း ရှေးဟောင်းခန္ဓာသန့်စင်ကျမ်းကို ရနိုင်ချေရှိပါက ငါးစာဟပ်နေဦးမည် ဖြစ်သည်။