လွတ်လမ်းမရှိ
Vol. 48 Ch. 677
အခန်း (၆၇၇) လွတ်လမ်းမရှိ
ရန်ကျောက်ကဲ စကားမဆုံးခင်မှာပင် အဝေးတစ်နေရာ လေထုထဲတွင် အလင်းတန်းများတောက်ပလာသည်ကို တွေ့ရသည်။
အလင်းတန်းများက မိုးကုတ်စက်ဝိုင်းကို ဖြတ်ကျော်ဝင်ရောက်လာပြီး နက်နဲရှုတ်ထွေးသော အသွင်သဏ္ဌန်အဖြစ် ပေါင်းစပ်ကာ ကြီးမားသော ဝိညာဉ်စွမ်းအား အစီအရင်တစ်ခု ဖြစ်တည်လာသည်။
ကြီးမားသောအစီအရင်ကြီးက မိုးကုတ်စက်ဝိုင်းကို လေးလန်စွာဖုံးကွယ်သွားပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို ပိတ်ဆို့လိုက်သည်။
အစီအရင်ဖြင့် ဝိုင်းရံထားသည့်အတွက် သူတို့အားလုံးရှိနေသော ပင်လယ်ဒေသသည် မူလ ကောင်းကင်မြေကြီးမှ ခွဲထွက်ကာ သီးခြားလွတ်လပ်သော ကမ္ဘာတစ်ခုပမာ ဖြစ်လာ၏။
ထီးတည်းတည်ရှိသော ဗလာနယ်တစ်ခုလုံး မှုံဝါးကာ မြူခိုးများပမာ မထင်မရှားမြင်ကွင်းများက သူတို့မျက်လုံးရှေ့တွင် ပေါ်လာသည်။
ရန်ကျောက်ကဲနှင့် အခြားသူများ ခန္ဓာကိုယ်များ ရုတ်တရက် အလွန်တရာ လေးလံလာသလို ခံစားလိုက်ရ၏။
အဝေးသို့ ထွက်ပြေးသွားသော ချန်စုန့်မှာ အစီအရင်နှင့် လွှမ်းခြုံခံရပြီး အလားတူဖိအားဒဏ်ကို ခံစားရသည့်အခါ သူ၏ အရှိန်အဟုန်က ထိန်မနိုင်သိမ်းမရ ကျဆင်းသွားသည်။
ဤသည်က လေးလံသောအရာဝတ္ထုကို ထမ်းပိုးထားရသော ခံစားချက်မျိုး မဟုတ်ပေ။ သူတို့ခန္ဓာကိုယ်တစ်ခုလုံးမှ အစိတ်အပိုင်းတိုင်း လေးလံလာသလို ခံစားရခြင်း ဖြစ်၏။
အရိုးတိုင်း ၊ အသားတိုင်း ၊ သွေးတစ်စက်တိုင်းက လေးလံသောအရာအဖြစ် အလွန်အမင်း သိပ်သည်းလာသည်။
ရန်ကျောက်ကဲနှင့် ချန်စုန့်တို့ကဲ့သို့ သိုင်းသူတော်စင်များကို မဆိုနှင့် ဖန်းယွင်ရှန်းနှင့် အားဟူတို့ကဲ့သို့ သိုင်းဆရာသခင်များသည်ပင် အနှိုင်းမဲ့သန့်စင်ပြီး တောက်လောင်နေသော သွေးစက်များကို ပိုင်ဆိုင်သူ ဖြစ်သည်။
သူတို့သွေးစက်များက ပြဒါးထက်ပင်လေးလံပြီး စိမ်းလန်းသောအပင်များထက် ကျရောက်လျှင် အပင်များပင် မီးလောင်ကျွမ်းသွားနိုင်သည်။
သို့သော် ယခုတော့ သူတို့၏ခန္ဓာကိုယ် တစ်လက်မတိုင်း ၊ အသေးငယ်ဆုံးသော အစိတ်အပိုင်းတိုင်းသည်ပင် နှိုင်းယှဉ်မရအောင် လေးလံမှုကို ခံစားရသည်။
ထိုအရာက လေထုထဲမှာပင် မဟုတ်ပေ။ ပင်လယ်ရေအောက် သန္တာကျောက်တန်းများနှင့် မြေမျက်နှာပြင်များသည်လည်း ထူးခြားစွာပင် ပုံပျက်လျှက် ရှိသည်။
ကောင်းကင်နယ်မြေနှင့် ကပ်လျက်ဖြစ်ပြီး ရန်ကျောက်ကဲ ၊ နုန်ယွိရွှမ်နှင့် ချန်စုန့်တို့ တိုက်ခိုက်ခဲ့ကြသော ကြမ္မာမြစ်ရေနယ်မြေတစ်ခုလုံး အစီအရင် အလင်းတန်းများ လွှမ်းခြုံထားပြီး မိုးမြေတစ်ခွင် အချိန်နှင့် ဗလာနယ်တစ်ခုလုံး ပြိုကျလာသည့်ပမာ ဖြစ်သည်။
ကောင်းကင်မွေခံနယ်မြေတွင် တိုက်ခိုက်နေကြသော မြောက်ပင်လယ်ဓားခန်းမမှ အကြီးအကဲ’ချီ’ နှင့် ခရမ်းရောင်နေသူတော်စင် ကျန်းချောင်တို့သည် ကြမ္မာမြစ်ရေနယ်မြေသို့ တုန်လှုပ်ချောက်ချားစွာ လှမ်းကြည့်ကြရင်း တိုက်ခိုက်မှုများပင် နှေးကွေးသွားသည်။
မြောက်ပင်လယ်ဓားခန်းမနှင့် ယိုးမင်ဂိုဏ်းမှ သိုင်းသမားများမှာ မရေရာမှုများဖြင့် စိတ်တုန်လှုပ်သွားကြ၏။
“ရန်ကျောက်ကဲကိုသတ်ဖို့ ကွမ်းမင်ဂိုဏ်းက နောက်ထပ် တန်ခိုးစွမ်းအားရှင်တွေ စေလွှတ်လိုက်တာလား”
ကျန်းချောင်မှာလည်း သတိလက်လွတ်ဖြင့် တုန်လှုပ်လျှက် ရှိသည်။
“ကြမ္မာမြစ်ရေနယ်မြေမှာ အလစ်တိုက်ခိုက်ခံရတာလား ၊ ဒီ ‘ရန်’ မျိုးနွယ်ကောင်လေးက နုန်ယွိရွှမ်နဲ့ ချန်စုန့်တို့ကို ရည်ရွယ်ချက်ရှိရှိ မျှားခေါ်သွားတာလား ၊ ကွမ်းမင်ဂိုဏ်းကို အလစ်တိုက်ခိုက်ရဲတဲ့ ဒီတန်ခိုးစွမ်းအားရှင်တွေက ဘယ်သူတွေလဲ”
မည်သို့မှမတတ်နိုင်စွာ ကျန်းချောင် စိတ်ပူပန်သွားမိသည်။
အကယ်၍ သူ့လူများ ကြမ္မာမြစ်ရေနယ်မြေတွင် အလစ်တိုက်ခိုက်ခံရပါက ကောင်းကင်နယ်မြေတွင် ရှိနေသောသူ့အတွက်လည်း သေစေလောက်သောခြိမ်းချောက်မှုများ ဖြစ်လာနိုင်၏။
နှစ်ဦးနှစ်ဖက် အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် လူတိုင်း၏မျက်ဝန်းများတွင် မူမမှန်ခြင်းများနှင့် တုန်လှုပ်ခြင်းများသာ တွေ့မြင်ရသည်။
“သူတို့နဲ့တော့ မဆိုင်လောက်ဘူးထင်တယ်”
အချင်းချင်းတွေးတောရင်း သဘောပေါက်သွားကြသည့်တိုင် ပိုလို့တောင် အံ့အားသင့်သလို ခံစားကြရသည်။
မကြာသေးမီကမှ အစွန်းရောက်ရှစ်ပါးကမ္ဘာမှ အထက်ဘုံကမ္ဘာသို့တက်လာသော’ကျန်းချောင်’ မဆိုထားနှင့် အကြီးအကဲ’ချီ’ နှင့် အခြားသူများသည်ပင် ဤသည်က ကွမ်းမင်ဂိုဏ်းလက်ချက်မဟုတ်ကြောင်းသိရသည့်အခါ အံ့အားသင့်သွားကြသည်။
“ဒီနေရာက ရှေ့တန်းစ်မျက်နှာမဟုတ်တဲ့ နောက်တန်းနေရာဖြစ်သလို တာ့ရွှမ်တိုင်းပြည်ကို တော်လှန်ပုန်ကန်သူတွေထဲမှာလည်း အထွတ်ထိပ်အဆင့် ကျင့်ကြံသူတွေနည်းပါးနေတယ် ၊ ပြီးတော့ ငါတို့ဂိုဏ်းရဲ့နယ်မြေမှာ ဒီလောက်စွမ်းအားကြီးမားတဲ့ အစီအရင်တည်ဆောက်ဖို့ဆိုတာ မလွယ်ကူနိုင်ဘူး”
အကြီးအကဲ’ချီ’ တွေးလိုက်၏။
ဆိုလိုသည်မှာ ရန်သူ့ဘက်မှ ကြိုတင်ပြင်ဆင်ထားခြင်းမရှိဘဲ တိုက်ပွဲနယ်မြေသို့ အချိန်တိုအတွင်း ဝင်ရောက်လာခြင်း ဖြစ်၏။
ထိုသို့အချိန်တိုအတွင်း စွမ်းအားကြီးမားလှသော အစီအရင်တစ်ခုကို တည်ဆောက်နိုင်ခြင်းမှာ နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းသူတော်စင်များပင် ပြုလုပ်နိုင်ရန် ခက်ခဲသည်။ အစီအရင်ပညာ အလွန် ကျွမ်းကျင်မြင့်မားနေရန် လိုအပ်ပေ၏။
ကျူတောပင်လယ်ဒေသတွင် ထိုသို့သောလူမျိုးက အလွန်အမင်းရှားပါးသည် အမှန်ပင်။
သို့သော် အကြီးအကဲ’ချီ’ နှင့် အခြားသူများစိတ်ထဲ နာမည်တစ်ခုကို သတိရလိုက်မိကြသည်။
တာအိုဆရာ’ရှီ’။
အတိတ်တစ်ချိန်က ဧကရာဇ်ရွှမ်ဝမ် ၊ ရှန်လင်ကျီတို့နှင့်အတူ ကျူတောပင်လယ်ဒေသကို သိမ်းပိုက်ခဲ့သူများထဲတွင် ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်တစ်ယောက် ပါဝင်သည်။ ထိုသူက ကျူတောပင်လယ်ဒေသတွင် နှစ်ပေါင်းများစွာအတွင်း အတော်ဆုံး အစီအရင်ပညာရှင်တစ်ယောက်လည်း ဖြစ်၏။
တာ့ရွှမ်မင်းဆက် စတင်တည်ထောင်ပြီး အခြေအနေတည်ငြိမ်သွားသည့်နောက် ဧကရာဇ်ရွှမ်ဝမ်က အငြင်းပွားစရာမရှိ အချုပ်အခြာအာဏာစိုးစံခဲ့ပြီးနောက် တာအိုဆရာ’ရှီ’ နှင့် သူ၏ အဆက်အနွယ်များသည်လည်း ရှန်လင်ကျီ အဆက်အနွယ်များကဲ့သို့ပင် လူမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။
ရှန်လင်ကျီ အဆက်အနွယ်များ ပြန်ပေါ်လာသည်မှာ မကြသေးပေ။ ယခု တာအိုဆရာ’ရှီ’ ၏ အဆက်အနွယ်များ ထပ်မံ ထွက်ပေါ်လာပြန်ပြီလား။
အဝေးဆီမှ ကြမ္မာမြစ်ရေနယ်မြေ ရုတ်တရက်ပြောင်းလဲသွားကြောင်း အာရုံခံမိသည်နှင့် အကြီးအကဲ’ချီ’ နှင့် အခြားသူများအားလုံး စိတ်ထဲအေးစိမ့်သွားကြသည်။
အစီအရင်ထဲတွင် ပိတ်မိနေသည့်အခါ ချန်စုန့်က ပိုပြီး ခါးသက်စွာ ခံစားလိုက်ရ၏။
ကွမ်းမင်ဂိုဏ်းနှင့် ရန်ကျောက်ကဲတို့တိုက်ပွဲမှ အကျိုးအမြတ်ရရှိရန် တာ့ရွှမ်တိုင်းပြည်က စောင့်ဆိုင်းနေခဲ့သည် အမှန်ပင်။ တကယ်တော့ ကွမ်းမင်ဂိုဏ်းကလည်း ထိုဖြစ်နိုင်ခြေကို မစဉ်းစားခဲ့ခြင်း မဟုတ်ပေ။
သို့သော် ပထမအချက်မှာ ရန်ကျောက်ကဲ ထိုမျှ စွမ်းအားကြီးမားလိမ့်မည်ဟု သူတို့ ထင်မထားခဲ့ကြသလို နောက်ဆက်တွဲအနေဖြင့် သူတို့ ကွမ်းမင်ဂိုဏ်းမှ သိုင်းကျင့်ကြံသူများ အကြီးအကျယ်သေကျေပျက်ဆီးမည်ဟု တွေးမထားခဲ့ပေ။
ဒုတိယအချက်မှာ တာ့ရွှမ်တိုင်းပြည်မှလူများက ရုတ်တရက် ရုန်းထွက်ရန်ပင် အခွင့်အရေးမပေးဘဲ ရောက်ရှိလာမည်ဟု ထင်မထားခဲ့ကြပေ။
မြောက်ပင်လယ်ဓားခန်းမ ထိန်းချုပ်နယ်မြေဖြစ်သော ကြမ္မာမြစ်ရေနယ်မြေတွင် ပြဿနာအကြီးအကျယ်တက်ပြီဖြစ်ကြောင်း အနီးပတ်ဝန်းကျင်မှ သိုင်းကျင့်ကြံသူများအားလုံးကို ချက်ချင်းပင် သတိပေးချက် ထုတ်ပြန်လိုက်သည်။
မော်လူဒေသ ၊ ဓားချီကမ္ဘာတွင်ရှိနေသော မြောက်ပင်လယ်ဓားခန်းမမှ သိုင်းသမားများကိုပင် သတင်းပို့ကြပြီး အခြေအနေကို စောင့်ကြည့်ရင် ချက်ချင်း လာရောက်စေခဲ့ကြသည်။
ရန်သူက သူတို့မျက်စိရှေ့မှာပင် အမှန်တကယ် ကျူးကျော်လာပြီဖြစ်သလို ကြမ္မာမြစ်ရေနယ်မြေတစ်ခုလုံး လုံးလုံးလျားလျား ပျက်ဆီးလုနီးပါး ဖြစ်နေပေပြီ။
သတင်းရသည်နှင့် မြောက်ပင်လယ်ဓားခန်းမမှ ထိပ်တန်းသိုင်းကျင့်ကြံသူများ ဓားချီကမ္ဘာမှ ထိတ်လန့်တခြား ဒေါသတကြီးဖြင့် ရောက်လာကြသည်။
သို့သော် အစီအရင်က တည်ဆောက်ပြီးသွားပေပြီ။
ထိုအစီအရင်စွမ်းအားဖြင့်ဆိုလျှင် နတ်ဘုရားသိမြင်ခြင်း နှောင်းပိုင်းအဆင့် ၊ သိုင်းသူတော်စင် ဆဋ္ဌမအဆင့် သိုင်းသူတော်စင်များသည်ပင် ဖြတ်ကျော်ရန် ခက်ခဲပေမည်။
မြောက်ပင်လယ်ဓားခန်းမမှ ထိပ်တန်းသိုင်းကျင့်ကြံသူများက ခန်းမသခင် ‘ကုဟုန်’ ၏ ဦးဆောင်မှုအောက်တွင် ဧကရာဇ်ရွှမ်မုတို့တပ်များကို လိုက်လံတိုက်ခိုက်နေခဲ့သည်။ ထို့ကြောင့် နောက်တန်းတွင် ကျန်ရှိနေသူများက စွမ်းအားမြင့်မားသည့်တိုင် လူအင်အားနည်းပါးသဖြင့် အစီအရင်ကို ဖြတ်ကျော်နိုင်ခြင်း မရှိကြပေ။
ကျန်းချောင်က မျက်ခုံးများကို တင်းတင်းကျပ်ကျပ် တွန့်ချိုးထားပြီး...
“ဒီလောက် ကြီးမားပြင်းထန်တဲ့အစီအရင်ကို ဘယ်သူ့အတွက် လုပ်ထားတာလဲ ၊ တကယ်လို့ ဟို ‘ရန်’ ကောင်စုတ်လေးအတွက်ဆိုရင် သူက တာ့ရွှမ်တိုင်းပြည်အတွက် ဘာလို့ အဲဒီလောက် အရေးကြီးနေရတာလဲ ၊ မဟုတ်မှလွဲရော... ဒီကောင်လေးမှာ ထူးကဲယန်စည်းတံဆိပ်ရှိနေတာ သူတို့ သတင်းရသွားလို့များလား”
***
ထိုအချိန်...
အစီအရင်ထဲရှိ လေထုထဲတွင် အဝါရောင်ဝတ်ဆင်ထားသော လူရွယ်တစ်ယောက် ပေါ်လာသည်။ ထိုသူက အတိအကျ ‘ချီဝေ’ ပင် ဖြစ်၏။ သူ့ဘေးတွင် အမျိုးသမီးတစ်ယောက် မတ်တတ်ရပ်နေပြီး သူမက ‘ခန်း’ သခင်မ ဖြစ်သည်။
နတ်ဘုရားသိမြင်ခြင်းအလယ်ဆင့် တန်ခိုးစွမ်းအားရှင်နှစ်ယောက် ပူးပေါင်းလှုပ်ရှားခြင်းက သေချာပေါက် အောင်မြင်နိုင်မည့် လှုပ်ရှားမှု ဖြစ်သည်။
မြောက်ပင်လယ်ဓားခန်းမမှ ထိပ်တန်းသိုင်းကျင့်ကြံသူများကြား ကိုယ်ယောင်ဖျောက်ကာ ချီဝေကိုယ်တိုင် ‘ခွန်ယွမ်’ အစီအရင်ကို တည်ဆောက်ခဲ့သည်။
သူ၏ အေးစက်သော မျက်ဝန်းများက အစီအရင်အတွင်းမှ သက်ရှိများဆီသို့ အညှာအတာမဲ့စွာ ဖြန့်ကျက်ကျရောက်လာသည်။
အစီအရင်၏ ကြောက်မက်ဖွယ်ရာ ဖိအားကြီးအောက်တွင် ကြမ္မာမြစ်ရေနယ်မြေအတွင်းရှိ သက်ရှိသက်မဲ့အရာအားလုံး ခိုင်ခန့်သည်ဖြစေ ၊ အားနည်းသည်ဖြစ်စေ မခွဲခြားဘဲ အက်ကွဲသွားကာ မူလသဏ္ဌန် ကွယ်ပျောက်ကုန်သည်။
ကွမ်းမင်ဂိုဏ်းမှ အကြီးအကဲဖြစ်သော သိုင်းသူတော်စင် စတုတ္ထအဆင့် ‘ချန်စုန့်’ သည် သူ့ ခန္ဓာကိုယ်မွေးညင်းပေါက်တိုင်းမှ သွေးများယိုစိမ့်ထွက်လာပြီး အသံတစ်စက်ပင် မထွက်နိုင်တော့ပေ။
ကောင်းကင်ထက်မှ ကြယ်စင်များနှင့် ချိတ်ဆက်နိုင်သော သူ၏ စွမ်းအားမြင့်မားသည့် သွေးကြောဆုံချက်များသည်ပင် ထိုခဏတွင် အဆက်မပြတ် ပေါက်ကွဲထွက်နေသည်။
သူ၏အသားစများ ဖြည်းဖြည်းချင်းပဲ့ထွက်နေပြီး အက်ကွဲနေသည့်အသားများကြား အဖြူရောင်အရိုးများက ငေါထွက်လာသည်။
သူ့ခန္ဓာကိုယ်ထဲမှ သွေးများသိပ်သည်းသွားပြီး ထူးဆန်းစွာပင် သွေးဘောလုံးတစ်ခု ဖြစ်တည်လာ၏။
ပြင်းထန်သော အစီအရင်၏ အဖျက်စွမ်းအားများအောက်တွင် အားကောင်းသည့် သိုင်းသူတော်စင်ရုပ်ခန္ဓာသည်ပင် ခံနိုင်ရည်ကျော်လွန်ပြီး ပုံပျက်သွားခဲ့သည်။
သူ၏ ဇာတိရုပ်ခန္ဓာ ပျက်ဆီးသွားပြီး ကြယ်တာရာချီစွမ်းအားအနှစ်သာရများက အပြင်ဘက်သို့ ပေါက်ထွက်လာသည်။ ချန်စုန့် အပြည့်အဝ အက်ကွဲပုံပျက်သွားပြီး အသားအသွေး ရုပ်ခန္ဓာတစ်ခုလုံးက အဆက်မပြတ် ကျုံ့ဝင်လျှက် အသားလုံးတစ်လုံးအဖြစ် သိပ်သည်းသည်ထက် သိပ်သည်းသွားသည်။
အစီအရင်ထဲတွင် ပျက်ဆီးမသွားသည့် တစ်ခုတည်းသောချွင်းချက်မှာ ရန်ကျောက်ကဲနှင့် အသင်္ချေနဂါးနန်းတော်သာလျှင် ဖြစ်သည်။
အမှန်တော့ ချီဝေက ထိုနေရာတွင်ရှိနေသော အစီအရင်ဖိအားကို ရည်ရွယ်ချက်ရှိရှိ ဖြေလျှော့ထားသောကြောင့်သာ သက်သာနေခြင်း ဖြစ်၏။
သို့တိုင် အသင်္ချေနဂါးနန်းတော်က အချိန်မရွေး လဲပြိုတော့မည့်အလား တဆတ်ဆတ် တုန်ခါလျှက် ရှိသည်။ ရန်ကျောက်ကဲနှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားတို့သည်လည်း ပြင်းထန်မြင့်မားသော ဖိအားကြီးကို ခံစားကြရသည်ပင်။
ရန်သူက သူတို့အပေါ် တစ်ချက်ပင် မညှာတာသည်မှာ ထင်ရှားသည်။
ရန်ကျောက်ကဲစိတ်က ကြေးမုံမှန်ပမာ ကြည်လင်နေပြီး အဖြေကို ရှင်းရှင်းလင်းလင်း သိမြင်နေသည်။
ချီဝေ ဤသို့လုပ်ဆောင်နေခြင်းမှာ ကောင်းကင်စွမ်းအားအစီအရင်ပြုလုပ်ရန် လိုအပ်သည့်ပစ္စည်းများဖြစ်သော ကောင်းကင်ပွဲတော် အမွှေးနံ့သာ ၊ ပရမ်းပတာမြေသားနှင့် အခြားပစ္စည်းများ မတော်တဆ ပျက်ဆီးသွားမည်ကို ရှောင်ရှားရန်အတွက် ဖြစ်သည်။
သို့သော် ဤမျှကြီးမားသောအတိုင်းအတာဖြင့် အစီအစဉ်ဆွဲထားသည်ကိုကြည့်ခြင်းအားဖြင့် ရန်သူ့ဘက်က နောက်ဆက်တွဲအစီအစဉ်များ ရှိနေဦးမည်မှာ အသေအချာပင်။
ထိုအချိန်...
ကြီးမားသော အစီအရင်ကြီးအတွင်းသို့ ရေစီးဆင်းသည်နှင့်ဆင်တူသော ဓားဝိညာဉ်တစ်ခု ဝင်ရောက်လာသည်။ ထိုဓားဝိညာဉ်က ကောင်းကင်မှဆင်းသက်လာပြီး ရှည်လျားသောအချိန်ရေစီးကြောင်းပမာ လေထုထဲသို့ စီးဆင်းဝင်ရောက်လာလေ၏။