← Chapters

လွတ်လမ်း

Vol. 48 Ch. 678

လွတ်လမ်း

Vol. 48 Ch. 678

အခန်း (၆၇၈) လွတ်လမ်း

“ဒါက အရမ်းစွမ်းအားမြင့်မားတဲ့ အစီအရင်တစ်ခုပဲ ၊ အစီအရင်တည်ဆောက်တဲ့သူရဲ့အရည်အချင်းကလည်း အတော်လေး မြင့်မားတယ်”

ရန်ကျောက်ကဲ တွေးလိုက်သည်။

ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်လာသော ဖိအားကြီးမှာ ‘ခွန်ယွမ်’ အစီအရင်မှ ဖြစ်ပေါ်လာသော ဖိအားကြီးဖြစ်ကြောင်း သူ ရှင်းလင်းစွာ သဘောပေါက်သည်။

ခွန်ယွမ်အစီအရင်ကို ဤမျှစွမ်းအားမြင့်မားသည်အထိ တည်ဆောက်ထားခြင်းက အစီအရင်ပညာ အဆင့်မြင့်သော ပြိုင်ဘက်နှင့် ရင်ဆိုင်နေရပြီဖြစ်ကြောင်း သိလိုက်၏။

ပိုပြီးအရေးကြီးသည်မှာ ရန်သူက အစီအရင်ပညာမြင့်မားရုံသာမက ကျင့်ကြံခြင်းအဆင့်လည်း မြင့်မားခြင်း ဖြစ်သည်။ အနိမ့်ဆုံးအနေဖြင့် နတ်ဘုရားသိမြင်ခြင်း ကနဦးအဆင့် ဖြစ်နိုင်သလို နတ်ဘုရားသိမြင်ခြင်း အလယ်ဆင့်လည်း ဖြစ်နိုင်သည်။

ရန်သူ၏ ကျင့်ကြံခြင်းအဆင့်နှင့် လက်ရာမြောက်သော အစီအရင်ပညာ ပေါင်းစပ်လိုက်သည့်အခါ အလွန်တရာ ကြောက်မက်ဖွယ် ဖြစ်သည်။

အစီအရင် တည်ဆောက်ခွင့်မရခဲ့လျှင် ကောင်းမည်ဖြစ်သော်လည်း ယခုတော့ အစီအရင်က နေရာတိုင်းတွင် ပျံ့နှံ့နေပြီး ကြမ္မာမြစ်ရေနယ်မြေတစ်ခုလုံးက ရန်သူ၏ အိမ်ကွင်းပမာ အသာစီးရသွားသည်။

အစီအရင်ပညာရှင်တစ်ယောက်ဖြစ်သော ချီဝေအနေဖြင့် ဤသို့သောအစီအရင်ဖြင့်ဆိုလျှင် ကျင့်ကြံခြင်းအဆင့်တူသူများကိုပင် သတ်ဖြတ်ပစ်ရန် ပြဿနာမရှိပေ။

သို့သော် ရန်ကျောက်ကဲလက်ထဲရောက်နေသည့် ကောင်းကင်ပွဲတော် အမွှေးနံ့သာ ၊ ပရမ်းပတာမြေသားနှင့် အခြားသော ရတနာပစ္စည်းများ ပျက်ဆီးမည် စိုးရိမ်သောကြောင့် သူက ရန်ကျောက်ကဲတို့အုပ်စုကို ချုပ်နှောင်ရုံသာ အသုံးပြုခဲ့ခြင်း ဖြစ်၏။

ချီဝေက ရန်ကျောက်ကဲနှင့် အချည်းနှီးအချိန်ဖြုန်းရမည်ကို မလိုလားပေ။ ထို့ကြောင့် သူက အစီအရင်ကို ထိန်းချုပ်ထားစဉ် ‘ခန်း’ သခင်မက ရန်ကျောက်ကဲကို ဖမ်းဆီးသတ်ဖြတ်မည် ဖြစ်သည်။

ရေကဲ့သို့စီးဆင်းနေသော ဓားအလင်းတန်းကိုကြည့်ရင်း အထဲတွင်ပါဝင်သော မြင့်မားသည့်စွမ်းအားကို ရန်ကျောက်ကဲ အာရုံခံမိသည်။

ဤသည်က အရင်တစ်ချိန် မျှော်စင်နယ်မြေတွင် သူ့ကို လိုက်လံရှာဖွေခဲ့သော ရှန်လင်ဓားကိုးလက်မှ နတ်ဘုရားသိမြင်ခြင်း အလယ်ဆင့် သိုင်းဆရာသခင် ဖြစ်နိုင်သည်။ သူ့ကိုရှောင်တိမ်းရန် ရန်ကျောက်ကဲသည်ပင် ‘ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုး’ လေးအတွင်း ဝင်ရောက်ခဲ့ရသည် မဟုတ်လား။

အချိန်ကြာလသည်နှင့်အမျှ အစီအရင်က ငြိမ်သက်ခိုင်မာလာပြီး ဓားအလင်းတန်းက နေရာတိုင်းတွင် တည်ရှိနေသည်။

ရန်ကျောက်ကဲ၏ လှုပ်ရှားမှုများသည်ပင် နှေးကွေးလာ၏။

‘နတ်ဘုရားအဆုံးသတ်ဓားသိုင်း’ က ပြိုင်ဘက်ကင်းသည်မှန်သော်လည်း ယခု သူတို့ကြားမှ ကျင့်ကြံခြင်းအဆင့်က အတော်လေး ကွာခြားသည်။

‘နတ်ဘုရားအဆုံးသတ်ဓားသိုင်း’ က အချိန်ရေစီးကြောင်းဓားအလင်းတန်းကို အချိန်အတိုင်းအတာတစ်ခုအထိ တားဆီးထားနိုင်သော်လည်း ကြီးမားသောငလျှင်လှိုင်းလုံးပမာ အသစ်အသစ်သော ဓားအလင်းတန်းများ ဖြစ်တည်လာပါက နောက်ဆုံးတွင် အချိန်ရေစီးကြောင်းဓားအလင်းတန်းက နတ်ဘုရားအဆုံးသတ်ဓားသိုင်းကို လွှမ်းခြုံသွားပေမည်။

ရေကမီးကို ငြိမ်းသတ်နိုင်သော်လည်း မီးအားအလွန်ပြင်းထန်ပါက ရေက မငြိမ်းသတ်နိုင်ဘဲ ခမ်းခြောက်သွားသကဲ့သို့ ဥပမာပေးနိုင်မည် ဖြစ်၏။

ထို့ပြင် အဆင့်နိမ့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းများကိုသာ ပိုင်ဆိုင်သော တိန့်စန်း ၊ ချန်စုန့်တို့နှင့် မတူညီစွာ ‘ခန်း’ သခင်မတွင် အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်‌သော ‘နက်ရှိုင်းကြေးမုံချပ်ဝတ်’ ပိုင်ဆိုင်ထားသည်။

နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းဆရာသခင်တစ်ယောက်က အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းနှင့် ပေါင်းစပ်လိုက်သည့်အခါ အနိုင်ယူရန် စိတ်ကူးနှင့်ပင် မဖြစ်နိုင်တော့ပေ။

သို့သော် ရန်ကျောက်ကဲက ထိတ်လန့်သွားခြင်းမရှိဘဲ အေးဆေးတည်ငြိမ်နေဆဲပင်။

သူက လက်တစ်ဖက်ပင့်မြှောက်လိုက်ပြီး အချိန်ရေစီးကြောင်းဓားအလင်းရှိရာသို့ လက်သီးဖြင့် ထိုးနှက်လိုက်သည်။

မရေမတွက်နိုင်သော နေရောင်ခြည်အလင်းတန်းများက ရန်ကျောက်ကဲ၏လက်သီးချက်တွင် စုစုံလာပြီး အပူလှိုင်းများထွက်ပေါ်လာကာ လောက၏ တစ်ခုတည်းသော အာရုံစိုက်မှုအဖြစ် ပြောင်းလဲသွားသည်။

ခမ်းနားကြီးကျယ်ပြီး ရက်စက်ကြမ်းတမ်းသော ကြေးနီရောင်စည်းတံဆိပ်တစ်ခု ခွန်ယွမ်အစီအရင်ထဲတွင် ထွက်ပေါ်လာပြီး ရွှေရောင်အလင်းတန်းများ တောက်ပလာသည်။

အစီအရင်ထဲတွင် တကယ့်နေမင်းကြီးတစ်စင်း ထွက်ပေါ်လာသည့်အလား နေရောင်ခြည်များတောက်ပသွားပြီး အစီအရင်ကြီးသည်ပင် အနည်းငယ် တုန်ခါသွားသည်။

“သေခြင်းတရားကို ကျော်လွန်ခြင်းအဆင့်တုန်းက ဒီ ထူးကဲယန်စည်းတံဆိပ်ကို တစ်ခါပဲ အသုံးပြုလို့ရတယ် ၊ အခုတော့ သုံးကြိမ်ကနေ ငါးကြိမ်လောက်အထိ အသုံးပြုနိုင်မယ်ထင်တယ်”

ရန်ကျောက်ကဲ နှုတ်ခမ်းများကို တွန့်ကွေးရင်း တွေးလိုက်၏။

ထို့နောက် လက်သီးသိုင်းဝိညာဉ်နှင့်အတူ ထူးကဲယန်စည်းတံဆိပ်ဖြင့် ‘ခန်း’ သခင်မကို ချိန်ရွယ်ထားလိုက်သည်။ ရုတ်တရက် နေရောင်ခြည်က နေရာတိုင်းတွင် မြင့်တက်လာပြီး ရေများပင် ဆူပွက်လာသည့်အလား ထင်မှတ်ရသည်။

အစီအရင်ထဲတွင် နှေးကွေးလေးလံခြင်းမရှိတော့ဘဲ လေထုထဲတွင် အသက်ဓာတ်စွမ်းအားများ ပြန်လည်ရရှိလာကာ အချိန်က ပုံမှန်အတိုင်း တစ်ဖန်ပြန်လည် စီးဆင်းလာသည်။

ဒါကိုမြင်တော့ ‘ခန်း’ သခင်မ တုန်လှုပ်သွားသလို ချီဝေသည်လည်း မျက်မှောင် ကြုံ့လိုက်မိသည်။

“ဒါက... အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းပဲ ၊ ဒီကောင်လေးမှာ တကယ်ပဲ အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်း ရှိနေတာလား”

တုန်လှုပ်စွာတွေးလိုက်မိပြီးနောက် သူတို့နှစ်ယောက်လုံးမျက်ဝန်းများ လက်ခနဲ တောက်ပသွားကြသည်။

အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းဆိုသည်က သူတို့အဆင့် သိုင်းသူတော်စင်များကို မဆိုနှင့် ၊ ဧကရာဇ်ရွှမ်ဝမ် ၊ ရှန်လင်ကျီ ၊ တာအိုဆရာချီနှင့် အခြားသော အထွတ်ထိပ် တန်ခိုးစွမ်းအားရှင်ကြီးများပင် လိုချင်တပ်မက်ကြသည့် ပစ္စည်း ဖြစ်သည်။

သိုင်းသူတော်စင် ပထမအဆင့်မျှဖြင့် အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုကို ထိန်းချုပ်နိုင်သော ရန်ကျောက်ကဲ၏ စွမ်းရည်ကို သူတို့ အံ့အားသင့်ခဲ့ကြသော်လည်း ဤသည်က ကြာရှည်မည်မဟုတ်ဟု အခိုင်အမာ ယုံကြည်ခဲ့ကြသည်။

သူတို့က ရန်ကျောက်ကဲထံမှ ကောင်းကင်ပွဲတော်အမွှေးနံ့သာနှင့် အခြားရတနာပစ္စည်းများကို ပြန်လည်ရယူချင်သည့်အပြင် ယခုတော့ ထိုလူငယ်ကို ပိုပြီး သတ်ဖြတ်ပစ်ချင်လာကြသည်။

မမျှော်လင့်သော အပြောင်းအလဲကိုမြင်လိုက်ရတော့ ချီဝေက ခွန်ယွမ်အစီအရင်၏ တန်ပြန်တိုက်စစ် အားကောင်းစေရန် ချက်ချင်း တွန်းအားပေးလိုက်သည်။

သို့သော် ရန်ကျောက်ကဲက ထူးကဲယန်စည်းတံဆိပ်ကို အသက်သွင်းရင်းဖြင့်ပင် အခြားသော လှုပ်ရှားမှုများ ပြုလုပ်နေခဲ့သည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက တုံ့ဆိုင်းမနေဘဲ အသင်္ချေနဂါးနန်းတော်အတွင်းဝင်သွားပြီး အရိပ်ကျုံ့အိတ်တစ်ခုယူဆောင်လျှက် ပြန်ထွက်လာသည်။

ထိုအရိပ်ကျုံ့အိတ်အတွင်းမှ ကောင်းကင်ပွဲတော် အမွှေးနံ့သာ ရနံ့က ပျံ့လွင့်ထွက်ပေါ်လျှက် ရှိသည်။

ထိုရနံ့ကိုရလိုက်တော့ ချီဝေနှင့် ‘ခန်း’ သခင်မတို့ စိတ်ဓာတ်တက်ကြွသွားစဉ် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက လက်တစ်ဖက်ဖြင့် ဂဠုန်နဂါးလှံရှည်ကို ကိုင်ဆောင်ကာ လေထုထဲသို့ ထိုးစိုက်ချလိုက်သည်။

လှံရှည်ထိပ်ဖျားက ခွန်ယွမ်အစီအရင်၏ ဝိညာဉ်သင်္ကေတ တစ်ခုထက်သို့ ကျရောက်သွားပြိး ချက်ချင်းပင် ကြောက်မက်ဖွယ်ရာ တွင်းနက်တစ်ခု ဖြစ်တည်လာသည်။

ချီဝေ မျက်ခုံးများကို တင်းတင်းကျပ်ကျပ် တွန့်ချိုးလိုက်၏။

ရန်ကျောက်ကဲက ‘ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင်’ ကိုပင် ချိုးဖျက်နိုင်သည်ဖြစ်ရာ အစီအရင်ပညာ အလွန်တော်ကြောင်း ရိပ်မိထားပြီး ဖြစ်သည်။

ယနေ့တိုက်ပွဲတွင် ရန်ကျောက်ကဲကို တစ်ချက်လေးပင် လျှော့မတွက်ခဲ့သော်လည်း ထိုလူငယ်က သူ့ကို အံ့အားသင့်အေင် လုပ်ဆောင်နေဆဲပင်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ လှံချက်က ခွန်ယွမ်အစီအရင်၏ အဓိကသော့ချက်နေရာကို ရိုက်ခတ်မိသွားသည်။ ချီဝေသာ သတိတစ်ချက်လွတ်သွားပါက အစီအရင်တစ်ခုလုံး ပျက်ဆီးသွားနိုင်၏။

မြောက်ပင်လယ်ဓားခန်းမမှ သိုင်းကျင့်ကြံသူများ အပြင်ဘက်မှ ခွန်ယွမ်အစီအရင်ကို တိုက်ခိုက်နေခြင်းက ပိုမိုပြင်းထန်လာကြောင်း အာရုံခံမိသည်။

သူ့အရှေ့မှလူငယ်၏ အစီအရင်ပညာအပေါ် နားလည်သဘောပေါက်မှုနှင့် သုတေသနပြုမှုများက အလွန်တော်သည်။ သူ့ထက်ပင် သာနိုင်သေး၏။

ချီဝေ၏ ချိုင့်ဝင်နေသောပါးပြင်က အနည်းငယ်တွန့်သွားပြီး သူ့မျက်ဝန်းများက ပိုမိုအေးစက်လာသည်။

အပြင်ဘက်မှ အစီအရင်ကို ဖျက်ဆီးနေသော သိုင်းကျင့်ကြံသူများကို ထိန်းချုပ်နေရသည့်အပြင် ရန်ကျောက်ကဲကြောင့် ပျက်ဆီးသွားသော အစီအရင် ဝိညာဉ်သင်္ကေတများကိုလည်း သူက ပြန်လည် အားဖြည့်နေရ၏။

ရန်ကျောက်ကဲက တစ်ချက်အချိန်မဖြုန်းပေ။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အစီအရင်ကို လှံရှည်ဖြင့် အဆက်မပြတ် ဖျက်ဆီးနေလေရာ ချီဝေမှာ ထိုပြဿနာကိုဖြေရှင်းရန် နည်းလမ်းပေါင်းစုံဖြင့် အတင်းတွန်းအားပေး ကြိုးစားနေရသည်။

ထိုအချိန် ရန်ကျောက်ကဲ၏ ညာဘက်မျက်လုံးက ရုတ်တရက် မိုးကြိုးအလင်းတန်းများထွက်ပေါ်လာသည်။ ပြင်းထန်ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးစွမ်းအားတစ်ခုက ဒေါသထွက်နေသည့် နတ်ဘုရားပါမာ ဆင်းသက်လာသည်။

ဤသည်က “ပကတိမိုးကြိုးစွမ်းအား” ပင် ဖြစ်၏။

လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ရန်ကျောက်ကဲက မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစကို သန့်စင်နိုင်ခဲ့ပြီး ပကတိမိုးကြိုးစွမ်းအားကိုလည်း အလွန်ကျွမ်းကျင်စွာ အသုံးပြုနိုင်သည်။

ယခု ထွက်ပေါ်လာသော မိုးကြိုးစွမ်းအားက မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစကြောင့်သာမက သူ၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရများ လောင်ကျွမ်းခြင်းကြောင့်လည်း ဖြစ်သည်။

ချီဝေမှာ ရုတ်တရက် သတိလစ်သွားပြီး သူချုပ်ကိုင်ထားသော ခွန်ယွမ်အစီအရင်မှာ ရန်ကျောက်ကဲ၏ ပကတိမိုးကြိုးစွမ်းအားကြောင့် ပေါက်ထွက်လုမတတ် ဖြစ်သွားသည်။

သူ့မျက်နှာက ပြာနှမ်းနှမ်းဖြစ်သွားပြီး အေးစက်စွာ နှာခေါင်းတစ်ချက်ရှုံ့ရင်း လက်တစ်ဖက်က အောက်သို့ဖိနှိပ် ကျန်လက်တစ်ဖက် အထက်သို့ပင်တင်လျှက် အစီအရင်ကို တည်ငြိမ်စေလိုက်သည်။

ထို့နောက် ချီဝေက လေထုထဲတွင် များပြားလှစွာသော ဝိညာဉ်သင်္ကေတများရေးသားလိုက်သည်။ ထိုသင်္ကေတများက ချက်ချင်းပင် သိပ်သည်းသွားပြီး နောက်ထပ် အစီအရင်တစ်ခုက အဆက်မပြတ် ဖြစ်တည်လာသည်။

ဒုတိယ အစီအရင်ပြုလုပ်ရန်အတွက် သူနှင့်ပါလာသော အရိပ်ကျုံ့အိတ်ထဲမှ ရတနာပစ္စည်းများစွာကို အသုံးပြုလိုက်ရသည်။

‘ခန်း’ သခင်မကတော့ ရန်ကျောက်ကဲကို စူးစူးရဲရဲ ကြည့်နေ၏။

ထူးကဲယန်စည်းတံဆိပ်၏စွမ်းအားက လက်ရှိတွင် အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်း စွမ်းအားသာ ထုတ်ဖော်အသုံးပြုနိုင်ခြင်း ရှိသေးသော်လည်း စွမ်းအားက ပြင်းထန်လွန်းသဖြင့် ‘ခန်း’ သခင်မ ရုတ်တရက် ထိပ်တိုက်ရင်မဆိုင်ဝံ့ ဖြစ်သွားသည်။

ပြီးမှ သူမက နက်ရှိုင်းကြေးမုံချပ်ဝတ်ကို အတင်းအကျပ်ဖိအားပေးပြီး ထူးကဲယင်စည်းတံဆိပ်နှင့် ရင်ဆိုင်စေလိုက်ပြီး ရေစီးကြောင်းပမာ ဓားအလင်းတန်းက ထူးကဲယန်စည်းတံဆိပ်အတားအဆီးကို ဖြတ်ကျော်ကာ ရန်ကျောက်ကဲထံ ဝင်ရောက်လာသည်။

ပကတိမိုးကြိုးစွမ်းအားက ခွန်ယွမ်အစီအရင်ကို လှုပ်ခါသွားစေသည့်အချိန် ‌မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အစီအရင်သော့ချက်နေရာကို လှံရှည်ဖြင့် နောက်တစ်ကြိမ် ထိုးစိုက်ချလိုက်သည်။

ယခုတစ်ကြိမ်မှာတော့ လေထုက အပြည့်အဝ အက်ကွဲသွားပြီး ကြီးမားသော ဗလာနယ်အက်ကွဲကြောင်းတစ်ခု ပွင့်ထွက်သွား၏။

ရန်ကျောက်ကဲ ကျယ်လောင်စွာရယ်မောလိုက်ပြီး ထူးကဲယန်စည်းတံဆိပ်ကို သိမ်းဆည်းကာ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့်အတူ အသင်္ချေနဂါးနန်းတော်အတွင်း ဝင်ရောက်သွားပြီး ဗလာနယ်အက်ကွဲကြောင်းမှတစ်ဆင့် တိုးဝင်ထွက်ခွာသွားတော့သည်။

‘ခန်း’ သခင်မ၏ စွမ်းအားပြင်းထန်သော မြစ်တစ်စင်းပမာ ဓားအလင်းတန်းကလည်း ဗလာနယ်အက်ကွဲကြောင်းအတွင်းသို့ လိုက်ပါသွားသည်။

ဓားရောင်လင်းလက်သွားသည်နှင့် ဗလာနယ်အက်ကွဲကြောင်းအတွင်းမှ အချိန်စီးဆင်းမှုက ဖရိုဖရဲ ဖြစ်သွားသည်။

ထိုအချိန် ရန်ကျောက်ကဲက လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရာ ကောင်းကင်ပွဲတော် အမွှေးနံ့သာနှင့် အခြားသော ရတနာပစ္စည်းများထည့်ထားသော အရိပ်ကျုံ့အိတ်က ဗလာနယ်အက်ကွဲကြောင်းအတွင်း ကျဆင်းလျှက် လွင့်မျောသွား၏။

ထို့နောက် ရန်ကျောက်ကဲကိုယ်တိုင်က ပေါ့ပေါ့ပါးပါးပင် ဗလာနယ်အက်ကွဲကြောင်းအတိုင်း စီးဆင်းဝင်ရောက်သွားတော့သည်။

‘ခန်း’ သခင်မ ခဏမျှတုံ့တိုင်းသွားပြီး ကောင်းကင်ထက်သို့ ခေါင်းမော့ကြည့်ရင်း သက်ပြင်းချလိုက်သည်။ ထို့နောက် ရန်ကျောက်ကဲနောက်သို့ ဆက်မလိုက်ဘဲ လွင့်မျောသွားသော အရိပ်ကျုံ့အိတ်နောက်သို့သာ လိုက်ပါသွားသည်။

မြောက်ပင်လယ်ဓားခန်းမမှ သိုင်းကျင့်ကြံသူများက ကြမ္မာမြစ်ရေနယ်မြေအပြင်ဘက်မှ ချီဝေ၏ အစီအရင်ကို တိုက်ခိုက်နေကြသည်။ ချီဝေက ဒုတိယအစီအရင်တစ်ခုပြုလုပ်ပြီး ခွန်ယွမ်အစီအရင်နှင့်ပေါင်းစပ်ကာ အစီအရင်ကို ခိုင်မာစေလိုက်သည့်တိုင် ဗလာနယ်အက်ကွဲကြောင်းမှတစ်ဆင့် ရန်ကျောက်ကဲပျောက်ကွယ်သွားသည်ကို မည်သို့မှမတတ်နိုင်စွာ ကြည့်နေခဲ့ရသည်။

သူ့ကို စိတ်ပျက်သွားစေသည်မှာ အနှီရန်ကျောက်ကဲဆိုသူက ပေါ့ပေါ့ပါးပါး ထွက်ခွာမသွားခင် သူနှင့် ‘ခန်း’ သခင်မကိုပင် လက်ပြနှုတ်ဆက်သွားလိုက်သေး၏။

“ဘာပဲဖြစ်ဖြစ် ကောင်းကင်စွမ်းအားအစီအရင်အတွက် ပစ္စည်းတွေ ပြန်ရပြီပဲလေ ၊ အဲဒါက အရေးကြီးဆုံးပါပဲ”

ချီဝေက ထိုသို့ပင် သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။

သို့သော်...

အစဉ်သဖြင့် တည်ငြိမ်နေတတ်သော ‘ခန်း’သခင်မ၏ ကြုံးဝါးသံက လောနယ်အက်ကွဲကြောင်းအတွင်းမှ တုန်လှုပ်စွာထါက်ပေါ်လာသည်။

“ကမ္ဘာသမုဒ္ဒရာသလင်းကျောက်တွေ မရှိတော့ဘူး”

All Chapters