← Chapters

နောက်ကွယ်ကအထွတ်ထိပ်ပုဂ္ဂိုလ်

Vol. 48 Ch. 679

နောက်ကွယ်ကအထွတ်ထိပ်ပုဂ္ဂိုလ်

Vol. 48 Ch. 679

အခန်း (၆၇၉) နောက်ကွယ်ကအထွတ်ထိပ်ပုဂ္ဂိုလ်

‘ခန်း’ သခင်မက အမြဲတမ်း တည်ငြိမ်ကျော့ရှင်းစွာ နေထိုင်တတ်သူဖြစ်ပြီး ယခုလို တည်ငြိမ်မှုပျက်ပြားသွားသည်မှာ ခပ်ရှားရှား ဖြစ်သည်။

ယခု သူမစိတ်ထဲတွင် ရန်ကျောက်ကဲက သူမ၏ သားငယ် ခန်းကျင်းယွမ်ကို မည်သို့ပြုမူခဲ့ကြောင်း စဉ်းစားမိသည့်အခါ အမျက်ဒေါသ ချေင်းချောင်းထွက်လာပြန်၏။

‘ခန်း’ သခင်မ၏ ဒေါသတကြီးအော်ဟစ်ပြောဆိုသံကိုကြားသည်နှင့် ချီဝေ၏မျက်နှာတစ်ခုလုံးနီရဲသွားပြီး ခေါင်းထဲပင် မိုက်ခနဲပင် ဖြစ်သွားသည်။

သွေးများရင်ဝမှ လည်ပင်းအထိ တက်လာသော်လည်း အန်ထုတ်နိုင်ခြင်း မရှိပေ။

ကောင်းကင်နယ်မြေနှင့် ကြမ္မာမြစ်ရေနယ်မြေတွင် ရန်ကျောက်ကဲကို လာရောက်မတိုက်ခိုက်ခင် ဤကိစ္စနှင့်ပတ်သက်ပြီး ဧကရာဇ်ရွှမ်မုနှင့် ဆွေးနွေးခဲ့ကြသည်။

ကောင်းကင်စွမ်းအားအစီအရင်အတွက် စုဆောင်းထားသော ရတနာအမြောက်အမြားကို အချိန်တိုအတွင်း ပြန်လည်ရှာဖွေရန် အလွန်ခက်ခဲမည်ဟု ဧကရာဇ်ရွှမ်မုက အ‌လေးအနက် ပြောကြားခဲ့သည်။

ထို့ကြောင့် သူတို့အနေဖြင့် ရန်ကျောက်ကဲလက်ထဲရောက်သွားသည့်ရတနာပစ္စည်းများကို ပြန်လည်ရယူနိုင်ခြင်းမရှိလျှင် ထိုပစ္စည်းများ ပြန်လည်ရှာဖွေရန် နည်းလမ်းမရှိတော့ပေ။

ရှာဖွေနိုင်သည်ဆိုဦးတော့ သူတို့လိုအပ်သည့်ပမာဏရရှိရန် အချိန်အတော်ကြာမြင့်ပေလိမ့်မည်။ ထိုအချိန်အတောအတွင်း သူတို့အနေဖြင့် ကောင်းကင်စွမ်းအားအစီအရင်ကို ဆက်လက်လုပ်ဆောင်နိုင်မည် မဟုတ်ပေ။

ဗလာနယ်အက်ကွဲကြောင်းအနီးသို့ရောက်လာတော့ ‘ခန်း’ သခင်မ၏ အချိန်ရေစီးကြောင်းဓားအလင်းတန်း တောက်ပနေသည်ကို တွေ့ရသည်။

သို့သော် ရန်ကျောက်ကဲကတော့ ပျောက်ကွယ်သွားပြီဖြစ်ပြီး လိုက်ဖမ်းချင်သည့်တိုင် မည်သည့်နေရာရောက်သွားမှန်း မသိတော့ပေ။

ရန်ကျောက်ကဲ၏အဆုံးသတ်မည်သို့ရှိမည်ကို ပြောနိုင်မည်မဟုတ်ပေ။ ထိုလူငယ် ကျူတောပင်လယ်ဒေသ အပြင်ဘက်သို့ပင် ရောက်ရှိသွားနိုင်၏။

သိုင်းသူတော်စင် ပဉ္စမအဆင့် ၊ နတ်ဘုရားသိမြင်ခြင်း အလယ်ဆင့်ရှိသော သိုင်းကျင့်ကြံသူနှစ်ယောက်တို့သည် မျက်နှာများ သုန်သုန်မှုံမှုံဖြင့် ကျန်ရစ်ခဲ့ကြသည်။

ရန်ကျောက်ကဲက သာမန်ထက်ထူးခြားသော တန်ခိုးစွမ်းအားနှင့် ရတနာပစ္စည်းများစွာကို ပိုင်ဆိုင်ထားပြီး ကောင်းကင်ကိုပင် စိန်ခေါ်နိုင်သော ပါရမီရှင်တစ်ယောက်ဖြစ်ကြောင်း ကြိုတင်သိရှိထားသည့်တိုင် အမှန်တကယ် ထိပ်တိုက်ရင်ဆိုင်ရသည့်အခါ သူတို့ကို အံ့အားသင့်အောင် လုပ်သွားခဲ့ပြန်၏။

‘ခန်း’ သခင်မ၏မျက်နှာက ခါတိုင်းနှင့်မတူ တည်ကြည်‌လေးနက်နေသည်။

“တာ့ရွှမ်တိုင်းပြည်က သတင်းအရဆိုရင် ဇာမဏီနယ်မြေမှာ သူ ယန်ကျောက်ကျန်းကို သတ်ဖြတ်တုန်းက သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင်ပဲ ရှိသေးတယ် ၊ အခု တစ်နှစ်တောင်မပြည့်သေးဘူး ... သူက သိုင်းသူတော်စင် ဖြစ်သွာတာလား”

ချီဝေ၏ မျက်နှာအမူအရာကလည်း တည်ကြည်လေးနက်နေသည်။

“သူလည်း အချိန်ရေစီးကြောင်းဓားသိုင်း ဒါမှမဟုတ် ထာဝရအလင်းကောင်းကင်ကျမ်းစာလိုမျိုး တခြားအဆက်အနွယ်က ဆင်းသက်လာတဲ့သိုင်းပညာတွေကို ကျင့်ကြံထားတာ ဖြစ်နိုင်မလား”

ထိုအချိန် ပြင်ပမှ အစီအရင်ကို တိုက်ခုက်နေသော စွမ်းအားများကလည်း ပိုမိုအားကောင်းလာပြီး တာ့ရွှမ်တိုင်းပြည် တော်လှန်ပုန်ကန်သူများ ပိုမိုများပြားလာနေကြောင်း သိလိုက်ရသည်။

ချီဝေက ပင့်သက်တစ်ချက်ရှိုက်ရင်း စိတ်ကို တည်ငြိမ်အောင် ကြိုးစားလိုက်၏။

“ဒီနေရာက အရင်သွားကြရအောင်”

‘ခန်း’ သခင်မလည်း ခေါင်းညိတ်လိုက်သည်။

သူတို့ ရန်ကျောက်ကဲကို လာရောက်တိုက်ခိုက်နိုင်ရန် ဧကရာဇ်ရွှမ်မုတို့အုပ်စုက ခန်းမသခင်’ကုဟုန်’ ၊ ကွမ်းမင်ဂိုဏ်းချုပ်’လော့ကျီးထောင်’ နှင့် အခြားသူများ၏ အာရုံစိုက်မှုကို ရယူထားသည်။

သို့တိုင် သူတို့နှစ်ယောက်က ရန်သူ့နယ်မြေထဲ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်လာသည်ဖြစ်ရာ သတိမထားလျှင် အခန့်မသင့်ပါက အသက်ပင်ဆုံးရှုံးသွားနိုင်သည်။

ချီဝေက အစီအရင်နှစ်ခုကို ပြောင်းပြန်လှည့်ပတ်လိုက်သည်။ ထိုအခါ ကြမ္မာမြစ်ရေနယ်မြေမှ မိုးမြေတစ်ခုလုံး ပြိုကျသွားပြီး အဖျက်စွမ်းအားများ ဖုံးလွှမ်းသွား၏။

ဤသည်ကို အခွင့်အရေးယူပြီး ချီဝေနှင့် ‘ခန်း’ သခင်မတို့ သူတို့ကို စစ်ကူပေးရန် စောင့်နေကြသော တာ့ရွှမ်တပ်များရှိရာ စုရပ်သို့ ထွက်ပြေးသွားကြသည်။

ချီဝေကိုကြည့်ရင်း ‘ခန်း’သခင်မက လေးလံသောအသံဖြင့်ဆိုသည်။

“ဒီ သူခိုးစုတ်ကို ကျွန်မရှာရလိမ့်မယ် ဂိုဏ်းတူအစ်ကို’ချီ’ ၊ ဒါနဲ့... ကမ္ဘာသမုဒ္ဒရာသလင်းကျောက်တွေနေရာမှာ အခြားပစ္စည်းအစားထိုးအသုံးပြုလို့ရနိုင်မလား ၊ မဟုတ်ရင်လည်း ကျွန်မတို့အတူတူ လှုပ်ရှားကြမလား”

ချီဝေ၏ မျက်နှာက ကြောက်စရာကောင်းလောက်အောင် မှောင်မဲနေသည်။

“တခြားပစ္စည်းတွေ အဆင်ပြေပေမယ့် ကောင်းကင်ပွဲတော်အမွှေးနံ့သာနဲ့ ကမ္ဘာသမုဒ္ဒရာသလင်းကျောက်တွေကတော့ အစားထိုးလို့မရနိုင်ဘူး”

ဒါကိုကြားတော့ ‘ခန်း’သခင်မလည်း အတော်လေး တုန်လှုပ်သွားသည်။

“အဲဒီ ရန်ကျောက်ကဲက ကျွန်မတို့ ဒီရတနာပစ္စည်းတွေကို ဘာအတွက် စုဆောင်းထားတယ်ဆိုတာ ရိပ်မိသွားလို့ တမင်သက်သက် ကမ္ဘာသမုဒ္ဒရာသလင်းကျောက်တွေကို ခိုးယူထားတာလား”

ချီဝေက အံတင်းတင်းကြိတ်ရင်း...

“ဖြစ်နိုင်ခြေရှိတယ်လို့ ဆိုရမှာပဲ ၊ ဒီကောင်လေးက ဗဟုသုတလည်းအရမ်းကြွယ်ဝတယ် ၊ အစီအရင်ပညာလည်းတော်တယ် ၊ သူက ငါ့ရဲ့ ‘ခွန်ယွမ်’ အစီအရင်ကိုတောင် ကောင်းကောင်းနားလည်နေတယ်”

‘ခန်း’ သခင်မ ဒေါသမထွက်တော့ဘဲ ခဏမျှ ချီတုံချတုံ ဖြစ်သွားသည်။

“ဧကရာဇ်မင်းရဲ့ ရည်ရွယ်ချက်ကိုသိနေတဲ့ အထွတ်ထိပ်ပုဂ္ဂိုလ် တစ်ယောက်ယောက်များ ရှိနေတာလား ၊ အဲဒီပုဂ္ဂိုလ်က အစီအစဉ်တွေ ဖျက်ဆီးဖို့အတွက် ဒီကောင်လေးကို လျှို့ဝှက်စေလွှတ်လိုက်တာများလား”

ချီဝေက မျက်မှောင်ကြုံ့ရင်း...

“အဲဒီလိုဆိုရင်‌တော့ ပိုတောင်ကောင်းသေးတယ် ၊ ငါတို့တွေ ဒီကိစ္စကို ဧကရာဇ်မင်းကို ပြန်တင်ပြလိုက်မယ် ၊ အားလုံးကို သူ့ဆုံးဖြတ်ချက်အတိုင်း လုပ်တာပေါ့”

သူက ဆက်ပြောသည်။

“ဒါပေမဲ့ သတင်းပေါက်ကြားလို့တော့မဖြစ်ဘူး ၊ မဟုတ်ရင် ဧကရာဇ်မင်းက ငါတို့ကိုအပြစ်တင်ရင် ငါတို့အနေနဲ့ ရှောင်လွှဲဖို့ ခက်လိမ့်မယ်”

‘ခန်း’ သခင်မက...

“ဧကရာဇ်မင်းရဲ့ အစီအစဉ်တွေကို ဖျက်ဆီးလိုတဲ့ အထွတ်ထိပ်ပုဂ္ဂိုလ်တစ်ယောက်ရှိနေမယ်ဆိုရင်... အဲဒီလူက ဘယ်သူများ ဖြစ်နိုင်မလဲ”

“ဒီနေရာက အရှေ့တောင်ပိုင်း ထိပ်တန်းမျိုးနွယ်တွေရဲ့ နယ်မြေပဲ ၊ အဆုံးစွန်ထိဖြစ်နိုင်ခြေကိုပြောရရင် သူပဲရှိတယ် ၊ ကျွန်မတို့ ဘိုးဘေးတွေ အရင်တုန်းက ကျူတောပင်လယ်ဒေသမှာ အခြေချတာကို ခွင့်ပြုပြီး အခုချိန်ထိ အမွေအနှစ်တွေ ဆက်လက်ထိန်းသိမ်းခွင့်ပေးထားတာ အရှေ့တောင်ပိုင်း ထိပ်တန်းအကြီးအကဲက ကျွန်မတို့ဘာလုပ်နေလဲဆိုတာကို မသိသေးလို့ လွှတ်ထားတာပဲ”

သူမက ဆက်ပြောသည်။

“ကျွန်မတို့နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို သိရှိပြီဆိုတာနဲ့ သူက သဘောတူမှာမဟုတ်ဘူး ၊ ကြည့်ရတာ ကျွန်မတို့နဲ့ ဆက်ဆံရေး မပျက်ချင်လို့ ပေါ်ပေါ်ထင်ထင် မလှုပ်ရှားဘဲ လျှို့ဝှက်လှုပ်ရှားဖို့ လူတစ်ယောက် စေလွှတ်ခဲ့တာများလား”

စဉ်းစားရင်း ‘ခန်း’ သခင်မစိတ်ထဲ တုန်လှုပ်သွားသည်။

“အဲဒီ ရန်ကျောက်ကဲက အရမ်းအသက်ငယ်သေးတယ် ၊ ဒါတောင်မှ ဒီလောက် ကျင့်ကြံခြင်းအဆင့်မြင့်မားတဲ့အပြင် အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းကို ပိုင်ဆိုင်ထားတာ..”

“သူက အဲဒီပစ္စည်းရဲ့ စွမ်းအားအပြည့်ကို အသုံးမပြုနိုင်သေပေမယ့် ဒီပစ္စည်းက သူ့လက်ထဲမှာ အတော်လေး ထူးခြားတယ် ၊ တိမ်လွှာအလင်းဓားနဲ့ ရွှမ်ဧကရာဇ်လှံရှည်တို့ထက်တောင် သာလွန်တယ်”

ပြောရင်း ‘ခန်း’ သခင်မနှင့် ချီဝေတို့ အကြည့်ချင်းဖလှယ်လိုက်ကြသည်။

“ဟုတ်တယ် ၊ အဲဒီပစ္စည်းအတွင်းထဲက နေမင်းရဲ့ စစ်မှန်တဲ့အနှစ်သာရက တုနှိုင်းမရအောင် အစွမ်းထက်လွန်းတယ် ၊ ငါသိသလောက် အဲဒါမျိုး တစ်မှာမကြုံဖူးဘူး ၊ ပြီးတော့ အဲဒါက စည်းတံဆိပ်တစ်ခုနဲ့လည်း ဆင်တူတယ်”

ထို့နောက် သူတို့နှစ်ယောက်လုံး တစ်စုံတစ်ခု တွေးမိသွားပြီး ထိတ်လန့်စွာပင် ပြိုင်တူ အော်ဟစ်လိုက်ကြသည်။

“အဲဒါ ဒဏ္ဍာရီထဲက ထူးကဲယန်စည်းတံဆိပ်များ ဖြစ်နေမလား”

ချီဝေ၏မျက်နှာအမူအရာက အရုပ်ဆိုးသွားပြီး...

“အဲဒီပစ္စည်းက သူ့ရဲ့ပိုင်ရှင်နဲ့အတူ ပျောက်ကွယ်သွားတာ နှစ်ပေါင်း ထောင်နဲ့ချီနေပြီ...”

‘ခန်း’ သခင်မက ဖြည်းညင်းစွာ အသက်တစ်ချက် ရှူထုတ်ရင်း...

“ဟုတ်တယ်... ဘယ်ရောက်သွားလဲဆိုတာ မသိရဘူး ၊ ပျက်ဆီးသွားတာတော့ လုံးဝမဖြစ်နိုင်ဘူး”

သူမက ခဏနားပြီးမှ တိုးလျသောအသံဖြင့်...

“အရင်တုန်းက အဲဒီပစ္စည်းပိုင်ရှင်က တိဟွမ်မြေကမ္ဘာဧကရာဇ်လို အချုပ်အချာအာဏာပိုင်ဆိုးတဲ့ အထွတ်ထိပ်ပုဂ္ဂိုလ်တစ်ယောက်ပဲ ၊ မဟာကပ်ဘေးကြီးပြီးတဲ့နောက် သူတို့ရဲ့စွမ်းအားတွေပေါင်းစည်းပြီး အထက်ဘုံကမ္ဘာကို ပြန်လည်တည်ဆောက်ပေးခဲ့သလို ကျွန်မတို့အတွက် ကျင့်ကြံသူလောကကို တည်ထောင်ပေးခဲ့တယ် ၊ ခွန်လွန်တောင်ကိုလည်း ပြန်လည်တည်ထောင်ခဲ့တယ်...”

ချီဝေက နှုတ်ခမ်းကို တင်းတင်းစေ့ရင်း...

“မဟာပ်ဘေးကြီးပြီးဆုံးတဲ့နောက် ခွန်လွန်အထင်ကရ (၉)ပါးထဲက နေဝန်းထက်ယံအရှင် ‘ကောင်းဟန်’ မဟုတ်လား”

ဒဏ္ဍာရီတည်ရှိမှုဖြစ်သော အထွတ်ထိပ်ပုဂ္ဂိုလ်များ၏နာမည်ကို ထုတ်ဖော်ပြောဆိုသည့်အခါ ချီဝေ၏အသံက အလိုလိုနေရင်း တိုးလျသွားသည်။

‘ခန်း’ သခင်မပြောသည့်အတိုင်း ထိုသူပျောက်ဆုံးသွားသည်မှာ ကြာခဲ့ပေပြီ။ သို့တိုင် အသက်ရှင်လျှက်ရှိနေဆဲ ဖြစ်ဟန်တူ၏။

ချီဝေ ရုတ်တရက် ထိတ်လန့်သွားပြီး...

“အဲဒီ ရန်ကျောက်ကဲက ... နေဝန်းထက်ယံအရှင်ရဲ့ အဆက်အနွယ်များ ဖြစ်နေမလား”

‘ခန်’ သခင်မက...

“သိပ်တော့မသေချာဘူး ၊ ကွမ်းမင်ဂိုဏ်းက သတင်းဖြန့်ထားတာတော့ အဲဒီ ရန်ကျောက်ကဲက အောက်ဘုံကမ္ဘာကနေ ကောင်းကင်အက်ကွဲကြောင်းကိုဖြတ်ကျော်ပြီးရောက်လာတဲ့ ကျင့်ကြံသူတစ်ယောက်တဲ့ ၊ အောက်ဘုံကမ္ဘာမှာ သူ ဘာတွေကြုံတွေ့ရသလဲဆိုတာ ဘယ်သူသိနိုင်မလဲ”

သူမက ဆက်ပြောသည်။

“ဘာပဲဖြစ်ဖြစ် အရင်ဆုံး ဒီကိစ္စကို ဧကရာဇ်မင်းဆီ သတင်းပို့ကြရအောင်”

ထို့နောက် ‘ခန်း’သခင်မက ခဏမျှစဉ်းစားရင်း...

“ကျွန်မတို့တွေ ဧကရာဇ်’ရွှမ်မု’ နဲ့လည်း စကားပြောကြည့်ရမယ် ၊ ကျွန်မတို့ကိုကူညီပြီး ကွမ်းမင်ဂိုဏ်းက ဘာသတင်းရမလဲ ထောက်လှမ်းခိုင်းရမယ် ၊ မဖြစ်နိုင်ဘူးဆိုရင်တော့ ပိုအားစိုက်ပြီး ကွမ်းမင်ဂိုဏ်းက ထိပ်တန်းအကြီးအကဲတစ်ယောက်ယောက်ကို ဖမ်းပြီး အခြေအနေကို စစ်ဆေးမေးမြန်းရမယ်”

ချီဝေက မျက်မှောင်ကြုံ့ရင်း...

“အဲဒီလိုမှန်းသိရင် စောစောက အစီအရင်ထဲမှာပိတ်မိနေတဲ့ ကွမ်းမင်ဂိုဏ်းက နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းသူတော်စင်ကို သတ်မပစ်ခဲ့ပါဘူး”

‘ခန်း’ သခင်မ မျက်ဝန်းများ ရုတ်တရက် တောက်ပသွားပြီး...

“နေဦး... ကွမ်းမင်ဂိုဏ်းက ရန်ကျောက်ကဲနောက် ဘာလို့ အသဲအသန်လိုက်နေလဲဆိုတာ ကျွန်မ သဘောပေါက်သွားပြီ ၊ သူတို့က ရန်ကျောက်ကဲလက်ထဲမှာ ထူးကဲယန်စည်းတံဆိပ်ရှိနေတာကို သိထားတာ ဖြစ်ရမယ်”

“ကွမ်းမင်ဂိုဏ်းက ‘ယိုးမင်ဂမ္ဘီရ’ ဂိုဏ်းက ဆင်းသက်လာတာ ၊ ဗဟုသုတသေးတာမဟုတ်ဘူး ... ဆိုတော့ ပျောက်ကွယ်နေတာကြာပြီဆိုပေမယ့် ထူးကဲယန်စည်းတံဆိပ်က နေဝန်းထက်ယံအရှင်ပိုင်ဆိုင်တဲ့ ရတနာပစ္စည်းဆိုတာ သူတို့လည်း သိကြမှာပဲလေ ၊ ဒါပေမဲ့ သူတို့က ရန်ကျောက်ကဲကို အသဲအသန် သတ်ဖို့ကြိုးစားနေတာကိုကြည့်ရတာ... ဒီကောင်လေးက ထူးကဲယန်စည်းတံဆိပ်ကို မတော်တဆ ရသွားတာပဲ ဖြစ်ရမယ် ၊ နေဝန်းထက်ယံအရှင်နဲ့ မပတ်သက်နိုင်ဘူး”

ချီဝေက...

“စကားကို သတိထားပြောပါ ၊ ဒီလို အထွတ်ထိပ်ပုဂ္ဂိုလ်တွေရဲ့ ရည်ရွယ်ချက်တွေကို မခန့်မှန်းတာ အကောင်းဆုံးပဲ ၊ လျှို့ဝှက်ချက်တွေ ဘယ်လောက်ရှိနေမလဲ ဘယ်သူမှ မသိနိုင်ဘူး ၊ ကွမ်းမင်ဂိုဏ်းက သိသိကြီးနဲ့ မီးနဲ့ကစားတာလည်း ဖြစ်နိုင်တာပဲလေ”

‘ခန်း’သခင်မက တည်ကြည်လေးနက်သောမျက်နှာထားဖြင့်...

“စုံစမ်းတာတော့ စုံစမ်းရမှာပဲ ၊ ဒီအတိုင်းထားလို့တော့ မရဘူးလေ ၊ ထူးကဲယန်စည်းတံဆိပ်ကို အသာထား ၊ အဲဒီ ရန်ကျောက်ကဲက နေဝန်းထက်ယံအရှင်နဲ့ပတ်သက်လား မပတ်သက်လား သေချာမသိရဘဲ ဧကရာဇ်မင်းကို ဘယ်လိုတင်ပြမလဲ”

ချီဝေက...

“အမှန်ပဲ ၊ ဒါဖြင့် ရန်ကျောက်ကဲ ဘယ်‌ရောက်နေလဲဆိုတာ ဆက်ပြီးခြေရာခံကြတာပေါ့ ၊ ပြီးတော့ ကွမ်းမင်ဂိုဏ်းက ဘာသတင်းထွက်လာမလဲဆိုတာလည်း စုံစမ်းရမယ်”

‘ခန်း’ သခင်မက ခေါင်းကိုက်ဟန်ဖြင့် နားထင်ထက်သို့ ဖိနှိပ်ရင်း...

“ဒီ ရန်ကျောက်ကဲကတော့ အတော်ခေါင်းကိုက်အောင်လုပ်တာပဲ ၊ သူ့ နောက်ခံက ဘာများလဲနော်...”

All Chapters