လိမ်ညာပြောတာမဖြစ်နိုင်ဘူး
Vol. 48 Ch. 680
အခန်း (၆၈၀) လိမ်ညာပြောတာမဖြစ်နိုင်ဘူး
ရန်ကျောက်ကဲတို့အုပ်စု ဗလာနယ်အက်ကွဲကြောင်းမှတစ်ဆင့် ထွက်ပြေးရင်း ချီဝေနှင့် ‘ခန်း’ သခင်မလက်မှ လွတ်မြောက်လာခဲ့သည်။
သူ့အရှေ့မှ ကျယ်ပြန့်သောပင်လယ်ရေပြင်ကိုကြည့်ရင်း ရန်ကျောက်ကဲ မေးစေ့ကို တစ်ချက်ပွတ်သပ်လိုက်သည်။
“အထက်ဘုံကမ္ဘာအပြင်ဘက်ကို ရောက်သွားတာတော့ မဟုတ်ဘူး ၊ ဒါပေမဲ့ ကျူတောပင်လယ်ဒေသမှာပဲ ရှိနေသေးလားဆိုတာ သိချင်မိတယ်”
တွေးနေစဉ်မှာပင် အဝေးတစ်နေရာ၌ တုန်လှုပ်ဖွယ်ရာမုန်တိုင်းတစ်ခု ရုတ်ချည်းကျရောက်လာသည်ကို တွေ့လိုက်ရသည်။ မူလက ငြိမ်သက်နေသောပင်လယ်ပြင်သည် မုန်တိုင်းကြောင့် လှိုင်းလေများ ပြင်းထန်လာ၏။
ပင်လယ်ရေမျက်နှာပြင်မှ လေပွေမုန်တိုင်းကြီး ထိုးဖောက်ထွက်လာပြီး ကောင်းကင်ထိတိုင် ထိုးခွင်းဝင်ရောက်သွားသည်။
တစ်ချိန်တည်းပင် မုန်တိုင်းဗဟိုတွင် ကြောက်မက်ဖွယ်ရာ မိုးကြိုးလျှပ်စီးများ လင်းလက်တောက်ပနေပြီး ပတ်ဝန်းကျင်တစ်ခုလုံးသို့ ရိုက်ခတ်ပျံ့နှံ့သွားသည်။
“အဆုံးမဲ့သံလိုက်မုန်တိုင်း...”
ရန်ကျောက်ကဲ ဆွံ့အသွား၏။
“ဗလာနယ်အက်ကွဲကြောင်းကိုဖြတ်ပြီး ... သဘာဝပသာဒနယ်မြေနားကို ရောက်လာတာလား”
သဘာဝပသာဒနယ်မြေဆိုသည်က ဇာမဏီနယ်မြေ ၊ ကောင်းကင်မွေခံနယ်မြေတို့ကဲ့သို့ပင် ကျူတောပင်လယ်ဒေသ၏ နယ်မြေ (၇၂)ခုတွင် တစ်ခုအပါအဝင် ဖြစ်သည်။
သို့သော် ကောင်းကင်မွေခံနယ်မြေ ၊ မျှော်စင်နယ်မြေနှင့် ကြမ္မာမြစ်ရေနယ်မြေများကဲ့သို့ မြောက်ပင်လယ်ဓားခန်းမ၏ ပိုင်နက်နယ်မြေမဟုတ်ဘဲ ကျူတောပင်လယ်ဒေသ အနောက်ဘက်ခြမ်းတွင် တည်ရှိသည်။
ကွမ်းမင်ဂိုဏ်းဌာနချုပ်တည်နေရာနှင့် သိပ်မဝေးဟု ဆိုနိုင်၏။
ဤ ကြောက်မက်ဖွယ်ရာ ‘အဆုံးမဲ့ သံလိုက်မုန်တိုင်း’ များကြောင့် သဘာဝပသာဒနယ်မြေသည် အဘွားလည်းသဘောမကျ ၊ ဦးလေးလည်းမသွားချင်သော နယ်မြေတစ်ခု ဖြစ်သည်။
တာ့ရွှမ်တိုင်းပြည်နှင့် ကွမ်းမင်ဂိုဏ်းတို့နှစ်ခုလုံး ဤနေရာကို သိမ်းပိုက်ခြင်းမရှိဘဲ နှစ်ဖက်လုံးအတွက် ကြားခံနယ်မြေတစ်ခု ဖြစ်လာသည်။ ကွမ်းမင်ဂိုဏ်းအား တာ့ရွှမ်တိုင်းပြည် လာရောက်တိုက်ခိုက်ပါက တားဆီးပေးထားသော သဘာဝအရံအတားဟုလည်း ဆိုနိုင်၏။
သို့သော် ဤနေရာက တစ်ဖက်တည်းကိုသော ဟန့်တားထားခြင်းဖြစ်သည်။
အခြားရှုထောင့်မှကြည့်မည်ဆိုလျှင် ဤနေရာက မတ်ဆောက်သောချောက်ကမ်းပါးနှင့် နက်ရှိုင်းသော တွင်းနက်ကြီးပမာ တည်ရှိနေသည်။
တာ့ရွှမ်တိုင်းပြည်က ဤလမ်းကြောင်းအတိုင်း လာရောက်တိုက်ခိုက်မည်ဆိုပါက ကွမ်းမင်ဂိုဏ်းအတွက် စိတ်ပူစရာ မရှိပေ။ သို့ပေသိ အခြားသောလမ်းကြောင်းမှ တိုက်ခိုက်မည်ဆိုလျှင် ကွမ်းမင်ဂိုဏ်းအနေဖြင့် သဘာဝပသာဒနယ်မြေကို ဖြတ်ကျော်ပြီး ဘေးလွတ်ရာသို့ ထွက်ပြေးဆုတ်ခွာနိုင်မည် မဟုတ်ပေ။
ဧရိယာတစ်ခုလုံးအားလွှမ်းခြုံထားသော အဆုံးမဲ့သံလိုက်မုန်တိုင်းများကိုကြည့်ရင်း ရန်ကျောက်ကဲ သဘာဝပသာဒနယ်မြေမှဆုတ်ခွာသွားရန် အလွန်ပညာရှိစွာ ရွေးချယ်ခဲ့သည်။
မုန်တိုင်းများအားကောင်းလာသည့်အခါ သဘာဝပသာဒနယ်မြေသာမက ကျယ်ပြောသော ပတ်ဝန်းကျင်ဧရိယာတစ်ခုလုံးကိုပါ ထိခိုက်စေမည် အမှန်ပင်။
“ဒီအချိန်က အဆုံးမဲ့သံလိုက်မုန်တိုင်းတွေ အရှိန်ပြင်းလာတဲ့အချိန်ပဲ...”
ရန်ကျောက်ကဲက ခေါင်းအနည်းငယ် ခါယမ်းလိုက်ပြီး လက်တစ်ဖက်ဖြင့် နဖူးကိုကာလျှက် အဝေးသို့ လှမ်းမျှော်ကြည့်လိုက်သည်။
ထို့နောက် သူ့ဦးခေါင်းထက် အလင်းရောင်တစ်ချက်တောက်ပသွားပြီး အသင်္ချေနဂါးနန်းတော်ကြီး ပြန်ပေါ်လာသည်။
ဖန်းယွင်ရှန်း ၊ အားဟူ ၊ ပန်ပန်နှင့် မြာက်ပိုင်းသမုဒ္ဒရာကိုယ်ပွားတို့ နန်းတော်ထဲတွင်ရှိနေကြပြီး အဝေးတစ်နေရာမှ အဆုံးမဲ့သံလိုက်မုန်တိုင်းများကို စိတ်ဝင်တစား ကြည့်နေကြသည်။ များပြားလှစွာသော ရေနဂါးများက ကောင်းကင်ထက်သို့ ကြုံးဝါးအော်ဟစ်လျှက် ကမ္ဘာအဆုံးသတ် မြင်ကွင်းတစ်ခုပမာ ပတ်ဝန်းကျင်တစ်ခုလုံး အဖျက်စွမ်းအားများဖြင့် ပြည့်နေ၏။
ဝိညာဉ်စွမ်းအား အလွန်တရာကြွယ်ဝသော ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာတွင်ပင် ဤမျှကြောက်မက်ဖွယ် အဖျက်စွမ်းအားကို ထုတ်လွှတ်နိုင်ပါက အစွန်းရောက်ရှစ်ပါးကမ္ဘာ ၊ သမုဒ္ဒရာကမ္ဘာနှင့် မီးတောက်မိစ္ဆာကမ္ဘာများသို့ ထိုသို့သောစွမ်းအားမျိုး ကျရောက်လာလျှင် သေချာပေါက် ကမ္ဘာပျက်ကိန်းနှင့် ကြုံရပေမည်။
ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက မျက်လုံးမှိတ်ထားပြီး မတ်မတ်ရပ်လျှက် သူ၏ အသက်ရှူသံကို အဆက်မပြတ် ချိန်ညှိနေသည်။
သူ့ခန္ဓာကိုယ်မှ ချီစွမ်းအားစီးကြောင်းများ မြင့်တက်လာပြီး ခန္ဓာကိုယ်အား ရစ်ပတ်လျှက် အသက်ရှူသွင်းရှူထုတ် စက်ဝန်းတစ်ခု ဖြစ်ပေါ်လာသည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ ခန္ဓာကိုယ်ထဲသို့ ကြည့်လိုက်မည်ဆိုလျှင် ဓားဖြင့်မွှမ်းထားသည့်ပမာ များစွာသော ဒဏ်ရာများရှိနေကြောင်း တွေ့ရမည် ဖြစ်သည်။
ဤဒဏ်ရာများက အလွန်သေးငယ်ပြီး အရေးမပါဟုထင်ရသော်လည်း သိုင်းဆရာသခင်တစ်ယောက်ဆိုလျှင် သေချာပေါက် အသက်ပျောက်သွားနိုင်သော ဒဏ်ရာများ ဖြစ်၏။
ဤဒဏ်ရာများက ယခုအချိန် ဘာမှမဟုတ်သလို ထင်ရသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ကြီးမားလာပြီး အလွန်အန္တရယ်ရှိလာနိုင်သည်။
လူတစ်ယောက် ပုရွက်ဆိတ်အသိုက်ကြီးတစ်ခုအတွင်းကျရောက်သွားပါက ထောင်နှင့်ချီသောပုရွက်ဆိတ်များ ဝိုင်းဝန်းကိုက်ဖြတ်ခြင်းခံရပြီး နောက်ဆုံးတွင် အသက်ပျောက်ရသကဲ့သို့ဖြစ်သည်။
သို့ပေသိ စောစောစီးစီး ကုသပျောက်ကင်းသွားမည်ဆိုလျှင်တော့ နောက်ပိုင်း ဆိုးရွားသောပြဿနာများ ရှိလာတော့မည် မဟုတ်ပေ။
ယခု ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ထိုဒဏ်ရာများကို အဆက်မပြတ် ကုသလျှက် ရှိသည်။
ချန်စုန့်ကဲ့သို့ နတ်ဘုရားသိမြင်ခြင်း ကနဦးအဆင့် သိုင်းသူတော်စင်တစ်ယောက်ကို အထွတ်ထိပ်မှော်ဝင်ပစ္စည်း (၂)ခု၏ အကူအညီဖြင့် တိုက်ခိုက်ခဲ့သော်ငြား မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက တိုက်ပွဲတွင် လက်ဦးမှုမရနိုင်ဘဲ ဒဏ်ရာအနည်းငယ် ရရှိသွားခဲ့၏။
နတ်ဘုရာသိမြင်ခြင်းအဆင့်သို့ တက်ရောက်ပြီးဖြစ်သော သိုင်းသူတော်စင်တစ်ယောက်ကို ရင်ဆိုင်ရသည်မှာ ပေါ့သေးသေးကိစ္စ မဟုတ်ပေ။
သိုင်းသူတော်စင် တတိယအဆင့်နှင့် သိုင်းသူတော်စင် စတုတ္ထအဆင့်ကြား ကွာဟချက်သည် သိုင်းသူတော်စင် ပထမအဆင့်နှင့် သိုင်းသူတော်စင် ဒုတိယအဆင့် ကွာဟချက်ထက် ကြီးမားသည်။
တူညီသောကျင့်ကြံခြင်းအဆင့်တွင် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားအနေဖြင့် လက်ဗလာဖြင့်ပင် ချန်စုန့်ကို အနိုင်ယူနိုင်မည်မှာ မေးခွန်းထုတ်စရာမလိုပေ။ သို့သော် နတ်ဘုရားသိမြင်ခြင်းအဆင့်ရှိသော ‘ချန်စုန့်’ အား ကိုယ်ခွဲပေါင်းစပ်ခြင်းအဆင့်ဖြင့် တိုက်ခိုက်ရသည်ကတော့ မတူကွဲပြားပေ၏။
ရန်ကျောက်ကဲက အဆုံးမဲ့သံလိုက်မုန်တိုင်းများကို ရှောင်ရှားရန်အတွက် အသင်္ချေနဂါးနန်းတော်ကို ထိန်းချုပ်လိုက်သည်။ ထို့နောက် နန်းတော်ထဲတွင် တင်ပျဉ်ခွေထိုင်ရင်း ချီစွမ်းအားလှည့်ပတ် ကျင့်ကြံနေသည်။
သေခြင်းတရားကိုကျော်လွန်ပြီး သိုင်းသူတော်စင်အဆင့်သို့ တက်ရောက်ပြီးကာစ ဖြစ်သော်လည်း နဂိုကပင် ကျင့်ကြံခြင်းစုဆောင်းမှုများ များပြားစွာပြုလုပ်ထားသော ရန်ကျောက်ကဲသည် ကျင့်ကြံခြင်းအခြေခံများကို ပေါင်းစပ်ကျင့်ကြံရန် မလိုအပ်ခဲ့ပေ။
သို့သော် ခွန်ယွမ်အစီအရင်မှ လွတ်မြောက်ရန်အတွက် စွမ်းအားများစွာ အသုံးပြုခဲ့ရသလို ထူးကဲယန်စည်းတံဆိပ်ကို ထိန်းချုပ်ရသည့်အပြင် ပကတိမိုးကြိုးစွမ်းအားကိုလည်း အသုံးပြုခဲ့ရသည်။
အကျိုးအမြတ်ကိုပြောမည်ဆိုလျှင်တော့ နုန်ယွိရွှမ် ၊ ချန်စုန့် ၊ ‘ခန်း’ သခင်မနှင့် ချီဝေတို့ကဲ့သို့ ထိပ်တန်းအဆင့်ကျင့်ကြံသူများနှင့် တိုက်ခိုက်ခဲ့ရခြင်းမှ အကျိုးအမြတ်များစွာ ရရှိခဲ့သည်။ တဖြည်းဖြည်း ထိုအချက်များကို ပြန်လည်သုံးသပ်ရင်း တိုက်ပွဲအတွေ့အကြုံ စုဆောင်းရပေမည်။
ရန်ကျောက်ကဲက သူ၏ အသက်ရှူသံကို ချိန်ညှိရင်း ဖန်းယွင်ရှန်းကို လှမ်းကြည့်လိုက်သည်။
ပြုံးလိုက်ရင်း...
“ငါတို့တွေ နုန်ယွိရွှမ်တို့အုပ်စုကို ဖြုတ်ချလိုက်တာ ရာဟုကြယ် အမှောင်ဓားချီစွမ်းအားတွေ အများကြီးရလိုက်တယ်နော် ၊ တကယ် အမြတ်ထွက်တာပဲ”
နေရိပ်နတ်ဓားကို ဒူးထက်တင်ထားပြီး တင်ပျဉ်ခွေထိုင်နေသော ဖန်းယွင်ရှန်းက ထိုစကားကြားတော့ ထူးဆန်းစွာ ပြုံးလိုက်သည်။
“ဟုတ်ပ... အတော်များတာ ၊ များလွန်းလို့ ကျွန်မဓားကို ‘မ’ လို့တောင် မရတော့ဘူး”
ရန်ကျောက်ကဲက တဟားဟား အော်ရယ်ရင်း...
“ဘာပဲဖြစ်ဖြစ် ရာဟုကြယ်နဲ့သက်ဆိုင်တဲ့ ရာဟုဓားဆိုတာက ထူးကဲယန်စည်းတံဆိပ်နဲ့ ထူးကဲယင်သရဖူတို့လို အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုပဲလေ ၊ ငါထင်တာ မမှားဘူးဆိုရင်ပေါ့”
သူက ဆက်ပြောသည်။
“ရာဟုဓားပျက်ဆီးသွားတဲ့နောက် အဖျက်စွမ်းအားတွေအများကြီးကျန်ရစ်ခဲ့တယ် ၊ အဲဒီစွမ်းအားတွေက ရာဟုကြယ် အမှောင်ဓားချီစွမ်းအားတွေပဲ ၊ ပြီးတော့ ရာဟုဓားရဲ့ အကြွင်းအကျန်အပိုင်းအစတွေ ပြန်လည်စုစည်းပြီး နေရိပ်နတ်ဓား ဖြစ်တည်လာတာပဲ”
“အခုတော့ ပြန့်ကျဲနေတဲ့ ရာဟုကြယ်အမှောင်ဓားချီအများစုက ဒီဓားထဲကို ပြန်ရောက်သွားပြီ ၊ နေရိပ်တန်ခိုးစွမ်းအားနဲ့ပေါင်းစပ်လိုက်တော့ စွမ်းအားအဆင့်က တဟုန်ထိုးမြင့်တက်လာတာပဲ”
ရန်ကျောက်ကဲက သဘောကျစွာဖြင့် သက်ပြင်းချရင်း...
“အခု အမှောင်ဓားချီစွမ်းအားနဲ့ နေရိပ်တန်ခိုးစွမ်းအားတွေကို ဒီဓားက ပြန်သန့်စင်နေတဲ့ အဆင့်မှာပဲ ရှိသေးတယ် ၊ ဒီဓားရဲ့ ဇာစ်မြစ်က နက်ရှိုင်းပြီး အစမှတ်ကလည်း မြင့်မားတယ် ၊ အခုဆိုရင် စွမ်းအားစုဆောင်းမှုက လုံလောက်နေပြီဆိုတော့... အချိန်တစ်ခုယူပြီးရင် အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုတောင် တန်းဖြစ်သွားနိုင်တယ်”
“ဒီဓားက ကံကြမ္မာကောင်းကို ပိုင်ဆိုင်ဓားတဲ့ အသစ်စက်စက် လက်နက်တစ်ခုပဲ ၊ ရှားပါးပစ္စည်းလည်း ဖြစ်တယ်”
“ဒီလိုဓားမျိုးကို သာမန်သိုင်းဆရာသခင်တွေ ထိန်းချုပ်လို့ မရနိုင်ဘူး ၊ ယွင်ရှန်း... မင်းက နဂိုကတည်းက ဒီဓားနဲ့ အတူရှိနေပြီး အသားကျနေလို့သာ အသုံးပြုလို့ရတာ...”
ဖန်းယွင်ရှန်းက...
“ကျွန်မလည်း ကျွန်မကိုယ်ကျွန်မ လျှော့တွက်မထားပါဘူး”
ရန်ကျောက်ကဲက ရယ်မောရင်း...
“မင်းကို ယုံကြည်ပြီးသားပါ ၊ မင်းအတွက် ငါဘယ်တော့မှ မစိုးရိမ်ခဲ့ဘူး”
ဖန်းယွင်ရှန်းက သက်ပြင်းချရင်း...
“ကျွန်မလည်း ရှင့်အတွက် ဘယ်တော့မှ မစိုးရိမ်ပါဘူး ၊ ရှင့်မှာ ပြဿနာမျိုးစုံကိုဖြေရှင်းမယ့်နည်းလမ်းတွေ အမြဲရှိနေတာလေ”
သူမက ခဏနားပြီးမှ...
“ဒါပေမဲ့... စောစောက ကွမ်းမင်ဂိုဏ်းက နုန်ယွိရွှမ်ပြောခဲ့တဲ့စကားတွေက...”
ရန်ကျောက်ကဲက မျက်ခုံးတစ်ချက်ပင့်ရင်း...
“အင်း... ဟုတ်တယ် ၊ ငါ လေ့ကျင့်ခဲ့တဲ့ဓားသိုင်းက လင်ပေါင်ထျန်းကျွင်းရဲ့ နတ်ဘုရားသုတ်သင်ဓားသိုင်း (၄)မျိုးထဲက ‘နတ်ဘုရားအဆုံးသတ်ဓားသိုင်း’ ဆိုတာ အမှန်ပါပဲ ၊ စန့်ချင်အဆက်အနွယ်လို့ ပြောရမှာပေါ့လေ ၊ ပြီးတော့ သမုဒ္ဒရာကမ္ဘာက နဂါးသင်္ချိုင်းမှာ ရခဲ့တဲ့ အကျိုးအမြတ်လို့လည်း ပြောလို့ရတယ်”***
ဖန်းယွင်ရှန်းက ခေါင်းခါယမ်းရင်း...
“လူတိုင်းက ကိုယ့်ကံကြမ္မာနဲ့ကိုယ် ရှိပြီးသားပါ ၊ ဒါက ပုံမှန်ပါပဲ ၊ ဒါကြောင့် ရှင့်ရဲ့ ဓားတာအိုနဲ့ပတ်သက်ပြီး မူလဇာစ်မြစ်ကို ကျွန်မ မသိချင်ပါဘူး ၊ ဒါပေမဲ့ နုန်ယွိရွှမ်ပြောသလိုဆိုရင်... တိဟွမ်မြေကမ္ဘာဧကရာဇ်က အထက်ဘုံကမ္ဘာမှာ စန့်ချင်အဆက်အနွယ်တွေကို ခြေချခွင့်မပြုဘူးလို့ ပြောထားတာ ၊ အဲဒီကိစ္စ အမှန်ဆိုရင်လျှော့တွက်လို့ မရဘူးနော်”
ဧကရာဇ် (၃)ပါး ၊ အုပ်စိုးရှင် (၅)ပါး ၊ နယ်မြေ (၁၀)ခု၏ အရှင်သခင်များ။
ထိုသူများထဲတွင် တိဟွမ်မြေကမ္ဘာဧကရာဇ်က အခြားသော အထွတ်ထိပ်ပုဂ္ဂိုလ်များထက် စွမ်းအားမြင့်မားသည်။ ထို့ပြင် ဧရာဇ် (၃)ပါးက အုပ်စိုးရှင် (၅)ပါးထက်ပိုပြီး စွမ်းအားကြီးမား၏။
အထူးသဖြင့် တိဟွမ် မြေကမ္ဘာဧကရာဇ်သည် ဧကရာဇ် (၃)ပါး၏ခေါင်းဆေင်ဖြစ်ပြီး တစ်နည်းအားဖြင့် အထက်ဘုံကမ္ဘာတွင် စွမ်းအားအမြင့်မားဆုံးဟု ဆိုနိုင်သည်။
တိဟွမ်ဧကရာဇ်၏ စကားလုံးတိုင်းက ဥပဒေဖြစ်ပြီး သူ၏စကားလုံးတိုင်းက ရွှေစင်ပမာ တန်ဖိုးရှိသည်။
အထက်ဘုံကမ္ဘာတွင် တိဟွမ်ဧကရာဇ်၏စကားက ဥပဒေပင် ဖြစ်၏။
မနာခံသူများ ရှိကောင်းရှိနိုင်သော်လည်း ထိုသူများမှာ “ဧကရာဇ် (၃)ပါးနှင့် အုပ်စိုးရှင် (၅)ပါး” ကဲ့သို့ တန်ခိုးစွမ်းအားမြင့်မားသော အထွတ်ထိပ်ပုဂ္ဂိုလ်များသာ ဖြစ်ကြသည်။
နယ်မြေ (၁၀)ခု၏ အရှင်သခင်များသည်ပင် ဧကရာဇ် (၃)ပါးနှင့် အုပ်စိုးရှင် (၅)ပါးကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ဝံ့ခြင်း မရှိကြပေ။
ရန်ကျောက်ကဲက မေးစေ့ကိုပွတ်ရင်း...
“အင်း... ကြည့်ရတာ ဒီအယုတ်တမာကောင်က ငါ့ကိုခြောက်လှန့်ဖို့ လိမ်ညာပြောတာတော့ မဖြစ်နိုင်ဘူး ၊ သတင်းအမှန် ဖြစ်နိုင်တယ်”
***(Note - အရင်အပိုင်းတွေအားလုံးမှာ Eng အတိုင်း စန့်ချင်ကို ထိပ်တန်းသလင်း ၊ ယွိချင်ကို သလင်းကျောက်စိမ်း ၊ ထိုက်ချင်ကို မဟာသလင်းဆိုပြီး ဘာသာပြန်ဆိုခဲ့ပါတယ် ၊ ဒါပေမဲ့ နောက်ပိုင်းတရုတ်လိုကနေဘာသာဆက်ပြန်တော့ Eng နာမည်တွေကို အဲဒီလို ဘာသာပြန်ထားတာတွေက တာအိုဝါဒရဲ့ ထိပ်တန်းတာအိုဆရာသခင်ကြီး (၃)ပါးဖြစ်တဲ့ စန့်ချင် ၊ ယွိချင်နဲ့ ထိုက်ချင်တို့အကြောင်းတွေ မပေါ်လွင်တော့သလို ဖြစ်သွားတာကြောင့် နောက်ပိုင်းတစ်လျှောက်လုံးမှာ စန့်ချင် (လင်ပေါင်ထျန်းကျွင်း) ၊ ယွိချင် (ယွမ်စီထျန်းကျွင်း) ၊ ထိုက်ချင် (ထိုက်စန့်လောင်ကျွင်း) လို့ပဲ ဆက်လက် ဘာသာပြန်ဆိုသွားပါတော့မယ် ၊ ဖတ်ရအဆင်မပြေဖြစ်သွားရင် ဘာသာပြန်သူရဲ့အားနည်းချက်သာဖြစ်ပါသဖြင့် အနူးအညွတ်တောင်းပန်အပ်ပါတယ် - ဘာသာပြန်သူ)