← Chapters

စိတ်ဝိညာဉ်ခရီးလမ်း စစ်ဆေးမှု

Vol. 4 Ch. 50

စိတ်ဝိညာဉ်ခရီးလမ်း စစ်ဆေးမှု

Vol. 4 Ch. 50

အခန်း (၅၀) : စိတ်ဝိညာဉ်ခရီးလမ်း စစ်ဆေးမှု

ဝမ်ဝေ့ လီကျွင်းနှင့် စကားပြောနေစဉ် တစ်စုံတစ်ယောက်က သူတို့ဆီသို့ လမ်းလျှောက်လာသည်။ လူနှစ်ယောက် ဖြစ်ပြီး တစ်ယောက်က သာမန်ဝတ်စုံ ဝတ်ဆင်ထားပြီး ဆံပင်ဖြူရှိသည့် ဂိုဏ်းချုပ် ဝမ်ထျန်း ဖြစ်သည်။

သူ့ပုံစံကို ကြည့်ရတာ မိဘများက ကလေးများအား ညစာမတိုင်ခင် ချိုချဉ် မစားခိုင်းသည့်အခါ တိတ်တဆိတ် ချိုချဉ်ကျွေးတတ်သည့် သာမန် အဖိုးပုံစံနှင့် တူသည်။

လီကျွင်းက အရင်သတိထားမိသွားသည့်အတွက် အလျင်အမြန် အရိုအသေပေးကာ ပြောလိုက်သည်

“ နှုတ်ခွန်းဆက်သပါတယ် ဂိုဏ်းချုပ်”

“ အော် လီကျွင်းရယ် … ငါ့ကို ဦးလေးလို့ပဲ ခေါ်ပါလို့ ဘယ်နှစ်ခါ ပြောရမလဲကွာ”

လီကျွင်းက ပြုံးရင်း ဖြေလိုက်သည်

“ အခုကစပြီး မှတ်သားထားလိုက်ပါ့မယ် ဦးလေး”

“ အဖေ ဘယ်လိုလုပ်ပြီး‌တော့ ရောက်လာတာလဲ။ ကျွန်တော်တို့ နှုတ်ဆက်စကား ပြောပြီးသွားပြီလို့ ထင်ထားခဲ့တာ”

“ ဝေ့အာ … အဖေ ဒီကို ရောက်လာရတာက မင်းရဲ့ တာအိုစောင့်ရှောက်သူ အစစ်အမှန် အုပ်ချုပ်သူ ယန်းချန်နဲ့ မင်းကို မိတ်ဆက်ပေးမလို့ပဲ။ သူက မင်းဘဝ အစိတ်အပိုင်း တော်တော်များများမှာ လိုက်ပါ စောင့်ရှောက်ပေးလိမ့်မယ်။ ကိစ္စအများစုမှာတော့ အဆင့်အရမ်းမြင့်လွန်းတဲ့ ကျင့်ကြံသူတွေ မင်းကို မတိုက်ခိုက်မချင်း သူ ဝင်ပါမှာ မဟုတ်ဘူး”

ယန်းချန်က ပြုံးရင်းပြောလိုက်သည်

“ သခင်လေး စိုးရိမ်စရာ မလိုပါဘူး။ ကျုပ် မသေသေးသရွေ့ သခင်လေးဆီမှာ ဘာပြဿနာမှ ဖြစ်လာမှာ မဟုတ်ပါဘူး”

“ ဒါဆိုရင်လည်း စောင့်ရှောက်ပေးပါဦးနော် အုပ်ချုပ်သူယန်းချန်”

“ အဲလောက်ကြီးထိ ယဉ်ကျေးစရာ မလိုပါဘူး။ ကျွန်တော်ရဲ့ နာမည်ကိုပဲ ခေါ်ရင် ရပါပြီ”

ဝမ်ဝေ့ ပြုံးရုံသာ ပြုံးလိုက်ပြီး သူ ပြောသည့်အတိုင်း မလုပ်လိုက်ပေ။ သူက ပိုမိုမြင့်သော ရာထူးရှိသော်လည်း သူ့ထက် ခွန်အားကြီးသူများအား လေးစားခြင်း၏ အရေးပါမှုကို ဝမ်ဝေ့ သိသည်။ သူ လိုချင်သောအဆင့် ရောက်သည်အထိ ထိုလူများအား လေးစားနေမည်ဖြစ်သည်။

ထို့အပြင် အစစ်အမှန် အုပ်ချုပ်သူ ယန်းချန် ထွက်ပေါ်လာရခြင်းအကြောင်းက ဂိုဏ်း၏ အထက်ပိုင်း အရာရှိကြားရှိ နိုင်ငံရေး ဆွေးနွေးမှုကြောင့်ဆိုသည်ကို ဝမ်ဝေ့ အလွယ်လေး ခန့်မှန်းနိုင်သည်။

အနာဂတ်ဧကရာဇ်ကို ဂိုဏ်းမှ မွေးထုတ်ပေးနိုင်ပါက ဝမ်မိသားစုအနေဖြင့် အနာဂတ်တွင် စွမ်းအားပမာဏ အများအပြားကို ရိတ်သိမ်းနိုင်မည် ဖြစ်သည်။ နှစ်ဖက် စိတ်ပြေလျှော့သည့်အနေဖြင့် ဝမ်မိသားစုက တခြားမိသားစုများနှင့် ဆက်နွယ်ဖို့ နည်းလမ်းများရှာပြီး သူတို့၏ မယိမ်းယိုင်သော ထောက်ပံ့မှုကို ရယူရမည်ဖြစ်သည်။

ဝမ်ဝေ့နှင့် လီကျွင်းတို့၏ ညီအစ်ကို ဆက်ဆံရေးကြောင့် လီမိသားစုက ပျော်ရွှင်သည်ထက် ပိုသော ခံစားချက်မျိုး ဖြစ်နေမိသည်။

ဘယ်သူက အတူကြီးပြင်းခဲ့တဲ့ ငယ်သူငယ်ချင်းတွေထက် ပိုပြီးရင်းနှီးနိုင်မှာလဲ

သို့သော် ယန်းမိသားစုကတော့ မကျေနပ်သေးပေ။ ထို့ကြောင့် သဘောတူညီချက်တစ်ခုအနေဖြင့် ဝမ်မိသားစုက တာအိုစောင့်ရှောက်သူ ရာထူးအား ယန်းမိသားစုကို ခန့်အပ်ပေးရမည် ဖြစ်သည်။ ထို့ကြောင့် အစစ်အမှန် အုပ်ချုပ်သူ ယန်းချန် ထွက်ပေါ်လာခြင်း ဖြစ်သည်။

တာအိုစောင့်ရှောက်သူဆိုသည့် ရာထူးက အမှန်တကယ် မြင့်မားသည်။ ရာထူးအမည်အတိုင်း ထိုပုဂ္ဂိုလ်က တာအိုစောင့်ရှောက်ပေးသည့် တာဝန်ကိုယူထားပြီး သူတို့အသက်ကို စတေးရမည်ဆိုလျှင် ထွက်သက်အထိ စောင့်ရှောက်သွားမည့်သူများ ဖြစ်ကြသည်။

တာအိုစောင့်ရှောက်သူ ဖြစ်သွားခြင်းက တစ်စုံတစ်ယောက်၏ လုံခြုံမှုအား ကိုယ်ကိုယ်တိုင်ထက်ရော တခြားအရာများအားလုံးထက်ပါ ပိုပြီးအလေးပေးသည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ထို့ကြောင့် ဝမ်မိသားစုက ကိုယ်တိုင်လုပ်ရမည့်အစား တခြားတစ်ယောက်ကို ဝမ်ဝေ့အား စောင့်ရှောက်ခိုင်းခြင်း ဖြစ်သည်။

ဝမ်ဝေ့ကို သေချာမိတ်ဆက်ပြီးနောက် ယန်းချန်က လီကျွင်းကို စိုက်ကြည့်ကာ ပြောလိုက်သည်

“ မင်းက လီကျွင်းပဲ ဖြစ်ရမယ်။ မဆိုးဘူး မဆိုးဘူး။ မင်းတို့ လီမိသားစုမှာ ဒီမျိုးဆက်အတွက် ကောင်းမွန်တဲ့ အောင်မြင်သူတစ်ယောက် ရှိနေတာပဲ။ မင်းရဲ့ ခရီးစဉ်အတွင်း ငါ့ရဲ့ မြေးတူမလေးကို တွေ့ရလိမ့်မယ်။ မင်းမှာ အခွင့်အရေးရှိရင် သူမကို ကူညီပြီး ကာကွယ်ပေးပါနော်”

“ ကျွန်တော် သူမကို ကာကွယ်ဖို့အတွက် အကောင်းဆုံး ကြိုးစားလိုက်ပါ့မယ်”

တစ်ဖက်တွင် ဝမ်ဝေ့နှင့် သူ့အဖေက သပ်သပ် ဆွေးနွေးနေကြသည်။

“ အဖေ တခြား ဘာပြောစရာ ရှိသေးလဲဟင်”

“ မရှိတော့ပါဘူး။ ဒါက ပြောစရာ အကုန်ပဲ။ ဘေးကင်းအောင် နေပြီးတော့ အရာအားလုံးကို အစီအစဉ်အတိုင်း လုပ်ပါ။ မလိုအပ်ပဲနဲ့ ပြောင်းလဲဖို့ မကြိုးစားပါနဲ့”

“ အဖေ ကျွန်တော်ကို အဲဒီစကားတွေ ပြောပြီးနေပါပြီ။ စကားမစပ် ကျွန်တော် မေးစရာရှိသေးတယ်။ အဖေက ဘယ်လိုလုပ်ပြီးတော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း သက်လတ်ပိုင်း လူတစ်ယောက်အဖြစ် ပြောင်းလဲသွားရတာလဲ။ ကျင့်ကြံခြင်းနဲ့ ပတ်သက်ပြီး တစ်ခုခုမှားသွားလို့လား”

“ မဟုတ်ဘူး ဘာမှ မမှားပါဘူး။ မင်းက လူငယ်လေးတစ်ယောက် ဖြစ်လာပြီဆိုတော့ အဖေက သားရဲ့ အစ်ကိုလို အရွယ်မျိုး ဖြစ်နေလို့ မရတော့ဘူးလေ။ အဲလိုဆိုရင် အဖေတစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်အားလုံး ဆုံးရှံးသွားရလိမ့်မယ်”

ဝမ်ဝေ့က သူ့ကို မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်ကာ ရေရွတ်လိုက်သည်

“ မသိရင် လုပ်ပိုင်ခွင့်တွေ အကုန်လုံး ရှိနေတဲ့အတိုင်းပဲ”

“ ငါ ကြားတယ်နော် ကောင်လေး။ ကြာပွတ်နဲ့ အရိုက်ခံချင်နေပြီလား”

“ အမေနဲ့ ပတ်သက်ပြီး ဘာလို့ မပြောတာလဲ”

သူ့သား ပြောသော စကားလုံးများကို ကြားပြီးနောက် ဝမ်ထျန်း ပြောမည့်စကားများ လည်ချောင်းထဲတွင် တစ်ဆို့သွားရသည်။ ထို့နောက် ချက်ချင်း သူ အရှက်ဒေါသထွက်သွားကာ အနည်းငယ်အသံမြှင့်ပြီး ပြောလိုက်သည်

“ သွား…သွား… ငါ့ မျက်စိရှေ့က ထွက်သွားတော့”

ဝမ်ဝေ့အတွက် ကံကောင်းစွာဖြင့် ပါဝင်သူများအားလုံးကို ပို့ဆောင်ဖို့ တာဝန်ယူထားသည့် အကြီးအကဲများအားလုံး ဝမ်မိသားစုတောင်သို့ ရောက်ရှိလာသည်။

မွမ်းမံရေးခန်းမဆောင်ကို တာဝန်ယူထားသည့် မဟာအကြီးအကဲဝမ်ဖူက လေထဲတွင် မြောနေသည့် လေသင်္ဘောကြီးကို ယူဆောင်လာသည်။ ထိုသင်္ဘောတွင် ထွင်းထားသော အစီအရင်များ မရေမတွက်နိုင်အောင် များပြားသည်။

ထိုသင်္ဘောကို လေဟာနယ်သင်္ဘောဟု ခေါ်ဆိုကြောင်း ဝမ်ဝေ့ သိထားသည်။ ထိုအရာက သူ ညွှန်ပြလိုက်သော ဦးတည်ရာဘက်သို့ လေဟာနယ် ဖြတ်သန်း ခရီးသွားနိုင်လောက်သည်အထိ အင်မတန် စွမ်းအားကြီးသည်။ ထို့အပြင် မဟာအကြီးအကဲ ဝမ်ဖူဆီမှ ကြားထားသော စကားအရ ဤသင်္ဘောက ထိပ်သီးအဆင့် လေဟာနယ်သင်္ဘောဖြစ်ကြောင်း ဝမ်ဝေ့ သိခဲ့ရသည်။

ထိုအရာ၏ အစီအရင်က သူတော်စင်များကို ပြင်းထန်စွာ ဒဏ်ရာရအောင် လုပ်နိုင်ပြီး အထွတ်အထိပ် နယ်ပယ်အဆင့် အင်အားစုများ၏ တိုက်ခိုက်မှုများစွာကို ခံနိုင်ရည်ရှိသည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ထိုသင်္ဘောက သူ့အတွက် အကာအကွယ် တစ်ခု ဖြစ်လိမ့်မည်ဟု ဝမ်ဝေ့ ခန့်မှန်းနိုင်သည်။ သို့သော် ရိုးသားစွာ ပြောရမည်ဆိုလျှင် ဂိုဏ်းမှ ကိစ္စအားလုံးကို အရမ်းအလေးအနက်ထားနေသလို ခံစားနေရသည်။

မထွက်ခွာခင် မိသားစုအသီးသီးမှ ကလေးများအပြင် ငယ်ရွယ်စဉ်ကတည်းက ဂိုဏ်းမှ ရွေးချယ်ထားသော ပြင်ပတပည့်များက အချင်းချင်း ရင်းနှီးလာကြကာ အခွင့်အရေးရလျှင် တစ်ယောက်နှင့် တစ်ယောက် ကာကွယ်ပေးမည်ဟု ကတိပေးထားကြသည်။

သင်္ဘော၏ ထောင့်တွင် လှပငယ်ရွယ်သော မိန်းကလေးတစ်ယောက်က ဝမ်ဝေ့ကို စိုက်ကြည့်နေရင်း သူမဘာသာ သူမ တွေးလိုက်သည်

“ မိသားစုရဲ့ အမိန့်အရ ဒါက တာဝန်ရဲ့ အဓိကပစ်မှတ်ပဲ။ အရာအားလုံး ကျရှုံးသွားရင်…” ထို့နောက် သူမက ဝမ်ဝေ့၏ ဘေးတွင် မတ်တပ်ရပ်နေသော လီကျွင်းကို စိုက်ကြည့်ကာ ဆက်ပြောလိုက်သည်

“ ဒုတိယအစီအစဉ်ကို စတင်လို့ရပြီ”

သူမ လမ်းလျှောက်လာကာ ကိုယ့်ကိုယ်ကို မိတ်ဆက်လိုက်သည်။

“ မင်္ဂလာပါ ကိုကိုဝမ်ဝေ့ ကျွန်မနာမည်က ယန်းလီလင်းပါ။ တွေ့ရတာ ဝမ်းသာပါတယ်”

“ မျိုးရိုးနာမည်က ယန်းဆိုတော့ မင်းက ယန်းမိသားစုဝင်လား”

“ ဟုတ်ပါတယ်။ မဟာအကြီးအကဲ ယန်းမိန်က ကျွန်မရဲ့ အဒေါ်ပါ”

“ အော် မင်းက စောစောက အကြီးအကဲချုပ်ပြောသွားတဲ့ မြေးတူမလေး ထင်တယ်”

“ ဟုတ်ပါတယ် ကျွန်မပါ။ ရှင်က လီကျွင်းပဲ ဖြစ်ရမယ်။ လွန်ခဲ့တဲ့ နှစ်နှစ်က ရှင့်ရဲ့ ဒဏ္ဍာရီလာ စွန့်စားမှုတွေအကြောင်း ကျွန်မ ကြားပြီးပါပြီ”

လီကျွင်းက ကို့ရို့ကားရားနိုင်စွာ ပြုံးလိုက်ပြီး ဘာဆက်ပြောရမှန်း မသိဖြစ်နေသည်။ သူ၏ အတွေ့အကြုံများအရ ယခုလိုမျိုး မိန်းကလေးက ပေါင်းသင်းဆက်ဆံဖို့ မလွယ်ကူပေ။

တစ်ဖက်တွင် ဝမ်ဝေ့က အတော်လေး စိတ်ရှုပ်ထွေးသွားမိသည်။ မဟာအကြီးအကဲယန်းမိန်တွင် တူမရှိသည်ဟု သူ ဘယ်တုန်းကမှ မကြားခဲ့ဖူးပေ။ ယခုကဲ့သို့သော အချိန်အခါများတွင် သူ ဝမ်ကျူကို လွမ်းမိသည်။ ယခုလိုအခြေအနေမျိုးတွင် သူ တစ်ခုခုသိချင်ပါက မေးလိုက်ရုံသာ ဖြစ်သည်။

သူတို့သုံးယောက် စကားပြောနေစဉ် လေဟာနယ်သင်္ဘောလည်း စတင်မောင်းနှင်နေပြီဖြစ်သည်။ လေဟာနယ်ဖြတ်သန်းကာ ခရီးသွားသည့်စွမ်းရည် ရှိသော်လည်း ရေလမ်းခရီးက နှစ်ရက်ထပ် ပိုကြာနေသည်။ အကြောင်းအရင်းက စိတ်ဝိညာဉ်ခရီးလမ်း စစ်ဆေးမှုပိုင်နက်က အရမ်းဝေးသောကြောင့်ဖြစ်သည်။ လေဟာနယ်သင်္ဘောအနေဖြင့် ထိုနေရာသို့ ရောက်ရန် တစ်ခါထပ်ပိုသော လေဟာနယ်ဖြတ်သန်းခြင်းများ လုပ်ရမည်ဖြစ်သည်။

မကြာခင်မှာပင် ဝမ်ဝေ့တို့ မြို့တစ်မြို့သို့ ရောက်ရှိသွားကြသည်။ ထိုနေရာတွင် ရှေးဟောင်းဝတ်စုံ ဝတ်ဆင်ထားသည့်သူများ မရေတွက်နိုင်အောင် ရှိနေသည်။ တခြားပစ္စည်းများက လျှော်တာများသွားသည့်အတွက် အရောင်မွဲသွားသော်လည်း တချို့သူများ၏ အဝတ်က ထူးခြားသည့်ပစ္စည်းများဖြင့် ပြုလုပ်ထားသည့်အတွက် အလွယ်တကူ သတိထားမိနိုင်သည်။ ထိုအချိန်တွင် ဝမ်ဝေ့က သူ ကျင့်ကြံသူများဖြင့် ပြည့်နှက်နေသည့် ရှေးဟောင်းကမ္ဘာသို့ ပြန်လည်ဝင်စားလာသည်ကို အမှန်တကယ် သတိထားမိသွားသည်။

ဝတ်စုံ၊ ယဉ်ကျေးမှု၊ ဓလေ့နှင့် ဘဝနေထိုင်မှုပုံစံက သူ့ ယခင်ဘဝ၏ ဟန်လူမျိုးများနှင့် လုံးဝ ထပ်တူကျနေသည်။ ကွဲပြားနေသည့် တစ်ခုတည်းသောအရာက ဘာသာစကား ဖြစ်သည်။

လေဟာနယ်သင်္ဘော အလယ်ပိုင်းချီလင်ကုန်းမြေ၏ တောင်ဘက်အပိုင်းရှိ လေဆန်ပိုင်နက် ရွက်ကြွေမြို့တော်သို့ ရောက်ရှိသွားသည့်အခါ လူအများ မငြိမ်မသက် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ လူအများစုက လေဟာနယ်သင်္ဘော၏ လှပပြီး ဩဇာညောင်းသော ပုံစံကြောင့် အမှန်တကယ် အံ့ဩနေကြသည်။

မြို့ထဲရှိ ဟေမန်နှင်းပွင့်ဟုခေါ်သော နာမည်ကြီး တည်းခိုဆောင်ထဲတွင် စိတ်ဝိညာဉ်ခရီးလမ်းစစ်ဆေးမှုတွင် ပါဝင်မည့် တပည့်များစွာက သူတို့၏ စီနီယာအစ်ကို၊ အစ်မများနှင့်အတူ နေကြသည်။

အခန်း၏ ထောင့်စွန်းစားပွဲဝိုင်းမှ စကားသံထွက်ပေါ်လာသည်။ လူငယ်တစ်ယောက်က သောက်စားရင်း ကျန်လူနှစ်ယောက်ဖြစ်သည့် အမျိုးသမီးတစ်ယောက်နှင့် သူ့ထက် အသက်ပိုကြီးသော အမျိုးသားတစ်ယောက်တို့အား စကားပြောနေသည်။

“ စီနီယာအစ်မ ကျွန်တော်တို့ရဲ့ ဓားပြာ တော်ဝင်နယ်မြေမှာ ဒီလောက်ထိ ကြီးပြီးခမ်းနားတဲ့ လေဟာနယ်သင်္ဘော ရှိလား”

“ဂျူနီယာမောင်လေး အိပ်မက်အကြီးကြီးတွေ မက်နေတာ ရပ်လိုက်တော့။ ဒီလေဟာနယ်သင်္ဘောက အထွတ်အထိပ်အဆင့် မှော်လက်နက် ဖြစ်နိုင်တယ်။ အထွတ်အထိပ်နယ်မြေတောင် ပြုပြင်မွမ်းမံဖို့ မတတ်နိုင်ဘူး ငါတို့ရဲ့ ကောင်းချီးနယ်မြေလေးဆိုရင်တော့ ထည့်ပြောစရာတောင် မလိုတော့ဘူး”

“ ဟုတ်တယ် ဂျူနီယာ ညီလေး” ပိုပြီးရင့်ကျက်သော အမျိုးသားတစ်ယောက်က ပြောလိုက်သည်။

“ ငါတို့ရဲ့ ဂိုဏ်းမှာ သူတော်စင် နယ်ပယ်အဆင့် အကြီးအကဲချုပ် သုံးယောက် ရှိပေမဲ့လည်း အမှန်တကယ် စွမ်းအားကြီးတဲ့ ဂိုဏ်းနဲ့ နှိုင်းယှဉ်လိုက်ရင် ငါတို့က ဘာမှအရေးမပါတော့ဘူး။ လေဟာနယ်သင်္ဘောကို ဘယ်အထွတ်အထိပ်နယ်မြေကမှ မတတ်နိုင်ဘူး။ ဧကရာဇ်အဆင့်ရှိတဲ့ ဂိုဏ်းတွေကသာ အဲလိုအရာတွေကို ပိုင်ဆိုင်နိုင်တာ”

သူ ထိုအရာကို ပြောပြီးနောက် အခန်းထဲတွင် ရွံရှာသော အသံတစ်သံ ပျံ့လွင့်လာသည်

“မင်းတို့လို အဆင့်နိမ်တဲ့လူတွေက ဘာသိမှာလဲ"

စီနီယာအစ်ကိုနှင့်အစ်မက ထိုစကားသံကြောင့် ဒေါသထွက်သွားကြပြီး လှည့်ကြည့်လိုက်ကြသည်။ သို့သော် ထိုပုဂ္ဂိုလ်၏ တူညီဝတ်စုံပေါ်မှ ဂိုဏ်းသင်္ကေတကို မြင်လိုက်ရသည့်အခါ သူတို့၏ ဂျူနီယာကောင်လေးကို ခေါ်ပြီး ချက်ချင်း ထွက်သွားကြသည်။

အဘယ်ကြောင့်ဆိုသော် ထိုပုဂ္ဂိုလ်က သူတို့ထက် ပိုမြင့်သော အထွတ်အထိပ်ဂိုဏ်း ဖြစ်သည့် ပုံရိပ်ယောင်မျက်ဝန်း ထိပ်သီးကုန်းမြေမှ လူဖြစ်သည်ကို မှတ်မိသွားသောကြောင့် ဖြစ်သည်။ သူ့ကို မခုခံနိုင်မှန်း သူတို့ ကောင်းကောင်းသိသည်။

ထိုစကားများကို ပြောလိုက်သူက ထိုလူများ ဘာမှ မလုပ်သည်ကို သတိထားမိသွားသည့်အခါ သူ့ခံစားချက်က ပိုမိုဆိုးရွားလာသည်။ သူ့ စီနီယာအစ်ကိုနှင့်အစ်မ သူတို့အား သင်ခန်းစာပေးရန် ထိုလူများအား ရည်ရွယ်ချက်ရှိရှိ စော်ကားလိုက်ခြင်း ဖြစ်သည်။

လွန်ခဲ့သော နှစ်အနည်းငယ်တုန်းက သူက ဖိအားများမှုကို ခံစားနေခဲ့ရသည်။ နောက်ဆုံးမျိုးဆက်တွင် အထွတ်အထိပ်လမ်းစဉ် ဖြတ်တောက်ခံလိုက်ရသည့်အတွက် ပုံရိပ်ယောင်မျက်ဝန်း ထိပ်သီးကုန်းမြေတွင် အချိန်တစ်ခုအထိ အထွတ်အထိပ် နယ်ပယ်အဆင့် အင်အားစု မရှိ ဖြစ်ခဲ့သည်။

ကျန်ရှိနေသောသူများက ယခင်မျိုးဆက်နှစ်ဆက်မှ လူများ ဖြစ်သည်။ ထို့ကြောင့် သူတို့က အပြင်းအထန် ထိခိုက်ထားသလို သူတို့၏ သက်တမ်းက အများကြီး မကျန်တော့ပေ။ ဂိုဏ်းချုပ်၏ သားတစ်ယောက်အနေဖြင့် အထွတ်အထိပ်နယ်ပယ်အဆင့် ရောက်ရှိဖို့က သူ၏ တစ်ခုတည်းသော အိပ်မက်ပန်းတိုင်ဖြစ်ကြောင်း အမြဲတမ်း သင်ကြားခံခဲ့ရသည်။

ကောင်းကင်အလိုဆန္ဒတိုက်ပွဲလို အရာမျိုးတွင် အကျဆုံးမခံနိုင်လျှင် သူ ဝင်ပါလို့ ရနိုင်သည့် အရာမျိုး မဟုတ်ပေ။

တာအိုအခွင့်အလမ်းဂိုဏ်းထဲတွင်…

မြို့ထဲသို့ ရောက်ရှိကတည်းက ဝမ်ဝေ့က ကြည်နူးစွာဖြင့် လှည့်လည်ကြည့်ရှုနေသည်။ သူ မွေးကတည်းက သူ့အဖေနှင့်အမေက သူ့ကို ဂိုဏ်းထဲမှ ထွက်သွားခွင့် မပြုခဲ့ပေ။ သူတို့က ဂိုဏ်းမှ တာဝန်ယူ တည်ထောင်ထားသည့် တောင်ခြေရှိ မြို့သို့ပင် သွားလည်ခွင့် မပြုပေ။

ယခုသူက လွတ်လပ်မှုကို အရသာခံနေခြင်းဖြစ်သည်။ အကြောင်းအရင်းတချို့ကြောင့် သူ့စိတ်က ယခင်ကထက်ပိုပြီး ပွင့်လင်းရှင်းလင်းလာသည်ဟု ဝမ်ဝေ့ ခံစားမိသည်။

ယနေ့ ဝမ်ဝေ့က လှည့်ပတ်ကြည့်ရှုနေစဉ် အစေခံခေါင်းဆောင်နှင့် စကားပြောလိုက်သည်။

“ ဝမ်ကျူ သတင်းရထားတာ ရှိသေးလား”

“ ရှိပါတယ် သခင်လေး။ ဒီမြို့မှာ ဧကရာဇ်အဆင့် ဂိုဏ်း ၃ခု၊ အထွတ်အထိပ်နယ်မြေ ၁၄၆ ခု၊ ကောင်းချီးနယ်မြေ ၅၆၇ ခုနဲ့ အဲဒီအောက်မှာ မရေတွက်နိုင်တဲ့ ဂိုဏ်းခွဲတွေ အများကြီး ရှိပါတယ်”

“ အော် ကျန်တဲ့နှစ်ယောက်ကရော ဘယ်သူလဲ”

“ တစ်ခုက မဟာကျိုးတော်ဝင်တိုင်းပြည်ပါ။ သူတို့က သခင်လေး ခန့်မှန်းထားတဲ့အတိုင်း ငါးစာဟပ်သွားကြပြီ။ အိမ်ရှေ့စံမင်းသား ကျီစုန့်ကလည်း ယှဉ်ပြိုင်သူတွေထဲမှာပါတယ်။ နောက်ထပ်က နှလုံးသားစည်းချက်ဂိုဏ်းပဲ။ ဟိုးအရင်တုန်းက မဟာဧကရာဇ်တစ်ပါး မွေးထုတ်ပေးနိုင်ခဲ့တဲ့ မိစ္ဆာကျင့်ကြံသူဂိုဏ်းပဲ”

“ မိစ္ဆာကျင့်ကြံသူတွေ… သူတို့ရဲ့ ရည်ရွယ်ချက်ကို သိလား။ သူတို့ရဲ့ တည်ရှိမှုက ငါတို့ရဲ့ အစီအစဉ်တွေကို ထိခိုက်စေနိုင်လား”

“ အဲလိုတော့ မဖြစ်လောက်ဘူး။ စိတ်ဝိညာဉ်ခရီးလမ်း စစ်ဆေးမှုမှာ ဧကရာဇ်ဂိုဏ်းက လူတွေကို သတ်ဖို့ ဘယ်လောက် ခက်ခဲတယ်ဆိုတာ သူတို့ သိထားသင့်တယ်။ နှလုံးသားစည်းချက်ဂိုဏ်းအနေနဲ့ သူတို့ရဲ့ ကျင့်စဉ်ကို ကျင့်ကြံနိုင်ဖို့ ရန်သူတွေရဲ့ လတ်လတ်ဆတ်ဆတ် ခုန်နေတဲ့ နှလုံးသားကို စားရတဲ့  အစပျိုးခြင်းပွဲ ရှိတယ်။ တခြားဂိုဏ်းတွေကို အကြမ်းပတမ်း မထိခိုက်စေအောင် သူတို့က ဒီအချိန် စိတ်ဝိညာဉ်ခရီးလမ်းမှာ တက်တက်ကြွကြွ လုပ်ကြတယ်လေ”

ဝမ်ဝေ့ မျက်မှောင်ကြုတ်လိုက်မိသည်။ ကျင့်ကြံရေးကမ္ဘာက သူထင်ထားသလောက် မငြိမ်းချမ်းဘူးဆိုတာကို သူ သတိထားမိသွားသည်။ သူသာ အင်အားကြီးဂိုဏ်းမှာသာ မွေးဖွားခဲ့ခြင်း မရှိပါက သူ့ကို ဘယ်လိုကံကြမ္မာက စောင့်မျှော်နေမည်ဆိုတာကို မသိပေ။

ဝမ်ဝေ့ လမ်းလျှောက်ကာ တွေးတောစဉ်းစားနေချိန် ရုတ်တရက် ရုန်းရင်းဆန်ခတ်ဖြစ်ပြီး လူများ အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးသွားသည်ကို မြင်လိုက်ရသည်။ ထို့ကြောင့် သူ လူအများကြီးကို ဝင်တိုက်မိသွားသည်။

သို့သော် လူတစ်ယောက်ကို ဝင်တိုက်မိပြီး တစ်ခုခု မှားယွင်းနေသလို ခံစားလိုက်ရသည်။ သူ အရပ်မျက်နှာအနှံ့ ကြည့်လိုက်သော်လည်း ထိုလူကို ရှာမတွေ့တော့ပေ။ သူ့ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်ပြီးနောက် ဘာမှရှာမတွေ့ပေ။

သူ အရမ်းစိတ်ခြောက်ခြားနေတာဖြစ်မည်ဟု ဝမ်ဝေ့ တွေးထင်လိုက်မိသည်။ သို့သော် သူ့အလိုလိုသိစိတ် ဝင်ရောက်လာပြီး ပြဿနာကို ပေါ့ပေါ့လေး မတွေးဖို့ သတိပေးလိုက်သည်။

ထို့ကြောင့် သူက တည်းခိုဆောင်ရှိ သူ့အခန်းကို ပြန်ခေါ်သွားပေးဖို့ ဝမ်ကျူကို ချက်ချင်း အမိန့်ပေးလိုက်သည်။ အစစ်အမှန် အုပ်ချုပ်သူ ယန်းချန်နှင့် ဆွေးနွေးပြီး သူ ဘာဖြစ်နေလဲဆိုတာကို ရှာဖွေရမည်။ ဤနေရာတွင် သူ့အသက်အန္တရာယ် ရှိလာနိုင်သည်။

All Chapters