← Chapters

အကန့်အသတ်မဲ့ အမတေ မြူခိုး

Vol. 32 Ch. 435

အကန့်အသတ်မဲ့ အမတေ မြူခိုး

Vol. 32 Ch. 435

ရည်ရွယ်ချက် တစ်ခု၏ ခွန်အားမှာ နားလည်မှု အပေါ်တွင် တိုက်ရိုက် မူတည်နေသည်။ ထို့ကြောင့်ပင် ရည်ရွယ်ချက် တစ်ခုတည်းကို နားလည်ထားသည့် လူနှစ်ဦးတွင် တူညီသည့် ထိန်းချုပ်မှုနှင့် ခွန်အားတို့ ရှိနိုင်ဖွယ် မရှိချေ။ လှေထားထစ်များကို တက်လှမ်းရန် ခက်ခက်ခဲခဲ ကြိုးစားနေရသည့် ရွေးချယ်ခံ ကိုးဦးကို ကြည့်ပါက ယင်းအချက်ကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်ပေသည်။

မူလ ဒြပ်စင် ရည်ရွယ်ချက် တစ်ခု၏ ခွန်အားမှာ ပေါင်းစပ်ထားသည့် ရည်ရွယ်ချက် ကိုးမျိုး အပေါ်တွင် ကြီးစွာ မှီခိုနေသည်။

ဥပမာ အားဖြင့် မိန်းမငယ်လေးသည် မူလ ဒြပ်စင် ရည်ရွယ်ချက်ကို နားလည်ထားသော်လည်း ထိုအထဲတွင် အဆင့်မြင့် ရည်ရွယ်ချက် သုံးခုသာ ပါဝင်ပေသည်။ ၎င်းတို့မှာ ပျက်သုဥ်းခြင်း မြေကြီး ရည်ရွယ်ချက်၊ ရေသံသရာ စက်ဝန်း ရည်ရွယ်ချက်နှင့် အမှောင်သတ္တု ရည်ရွယ်ချက်တို့ ဖြစ်သည်။ သို့သော်လည်း အောက်ရှိ ကျင့်ကြံသူများမှာ ပျက်သုဥ်းခြင်း မြေကြီး ရည်ရွယ်ချက်မှ လွဲ၍ အလယ်အလတ် အဆင့် ရည်ရွယ်ချက်များကိုသာ နားလည်ထားကြပေသည်။ ထို့ကြောင့်ပင် သူတို့ အကြားရှိ ကွာခြားချက်က အလွန် ကြီးမားနေရခြင်း ဖြစ်သည်။

မိန်းမငယ်လေးနှင့် တူညီစွာပင် ဝေ့ဝူယင်သည် ဖြည်းညင်းစွာပင် လှုပ်ရှားရင်း အခြားပြိုင်ပွဲဝင်များကို အကဲခတ် နေခဲ့၏။ သူတို့ ပိုင်ဆိုင်ထားသည့် မူလဒြပ်စင် ရည်ရွယ်ချက်များမှာ သူ့ ကိုယ်ပိုင် ရည်ရွယ်ချက်နှင့် ယှဥ်လျှင် နိမ့်ပါးနေသေးကြောင်း ဝေ့ဝူယင် သတိထားမိလိုက်သည်။ မိန်းမငယ်လေး၏ ရည်ရွယ်ချက် ပင်လျှင် သူ့နှင့် အလှမ်း ကွာဝေးပေသေးသည်။

သူ့တွင် အဆင့်မြင့် ရည်ရွယ်ချက် ခြောက်ခု ရှိပေသည်။ ထို့အပြင် ၎င်းတို့ အားလုံးက သက်ဆိုင်ရာ ရည်ရွယ်ချက်များ၏ ထိပ်ဆုံး ဆယ်ခုထဲတွင် ပါဝင်နေကာ အချို့ဆိုလျှင် သုံးခုထဲတွင်ပင် ပါဝင်သည်။ ဥပမာအားဖြင့်... ခရမ်းရောင် လျှပ်စီး ရည်ရွယ်ချက်သည် လောကအတွင်း အပူပြင်းဆုံး၊ အထိရှလွယ်ဆုံး အဖြစ် သတ်မှတ်ခြင်းကို ခံထားရသည်။ ထို့နည်းတူစွာပင် အကြွင်းမဲ့ သုည ရေခဲ ရည်ရွယ်ချက်မှာလည်း ရေခဲ အမျိုးအစားများ အားလုံးထဲတွင် အသန်မာဆုံး ဖြစ်ပေသည်။

တစ်ရာ့လေးထစ်မြောက်သို့ တက်လှမ်းသွားသည့် မိန်းမငယ်လေးကို မျှော်ကြည့်လိုက်ရင်း ဝေ့ဝူယင် ထပ်မံ အချိန်မဆွဲတော့ရန် ဆုံးဖြတ်လိုက်၏။ ထို့နောက် သူက မူလဒြပ်စင် ရည်ရွယ်ချက်ကို အမြင့်ဆုံး အကန့်အထိ တိုးမြှင့်ကာ ကျရောက်လာသည့် ဒြပ်စင် စွမ်းအားများကို သလင်းကျောက်များ အဖြစ် ဖိသိပ်လိုက်သည်။ ထို့နောက် သူက ခပ်မြန်မြန်ပင် လှေကားထစ်များကို တက်လှမ်းလိုက်တော့သည်။

...

မိနစ် အနည်းငယ် ကြာပြီးနောက်...

ဝှစ်...

ဝေ့ဝူယင်က တည်ငြိမ်စွာပင် ၁၅၈ ထစ်မြောက် လှေကားသို့ တက်လှမ်းလိုက်၏။ မိန်းမငယ်လေးကတော့ ၁၁၂ ထစ်မြောက်တွင်ပင် တစ်စို့နေဆဲ ဖြစ်သည်။ သူမက တုန်လှုပ်မှု၊ မယုံကြည်နိုင်မှုတို့ ပြည့်နှက် နေသည့် မျက်ဝန်း အစုံဖြင့် ဝေ့ဝူယင်၏ နောက်ကျောကို လှမ်းငေးကြည့် နေခဲ့သည်။

“ ... “

ထူးဆန်းသော လေထုတစ်ခုနှင့် အတူ ထိုအခိုက်၌ တိတ်ဆိတ်မှုမှာ တစ်လောကလုံးကို လွှမ်းခြုံနေခဲ့၏။ တောင်ခြေရှိ မရေမတွက်နိုင်သော လူများ၏ မျက်လုံးများကတော့ နောက်ဆုံး လှေကားထစ်ရှိ ခန့်ညား ချောမောသော ပုံရိပ်ထံ စုပြုံ ကျရောက်နေသည်။

လှေကားထစ်ပေါင်းများစွာကို မိနစ်ပိုင်း အတွင်း ဖြတ်ကျော်သွားခြင်း... ထိုအရာက သမိုင်း တစ်လျှောက် တစ်ခါမှ မကြားဖူးသော အရာ ဖြစ်သည်။ သို့သော်လည်း လူငယ်အား ကြည့်ရသည်က ချွေးပင် ပျံပုံ မပေါ်ချေ။ သူက အားလုံးကို ထမင်းစား ‌ရေသောက်လိုပင် ပြုလုပ်သွားခဲ့ခြင်း ဖြစ်သည်။ ထိုလူငယ်မှာ ဆန်းကြယ် အရှင် တစီ ဝင်စားသူများလော။

“ဝှစ်...”

ဝေ့ဝူယင်က နောက်ဆုံး လှေကားထစ်တွင် ရပ်ရင်း ဝတ်လုံ ဝတ်ဆင်ထားသည့် ပုဂ္ဂိုလ်ကြီးများကို မော့ကြည့်လိုက်၏။ ခေါင်းစွပ်များကြောင့် မျက်နှာ အမူအရာများကို မမြင်ရသည့်တိုင် သူတို့၏ ခန္ဓာကိုယ်များက မသိမသာ တုန်လှုပ်နေကြောင်း ဝေ့ဝူယင် သတိပြုမိလိုက်သည်။

သူ၏ မျက်လုံးများက ဖြည်းညင်းစွာပင် မျက်မမြင် အမျိုးသမီးထံ ဆက်လက် ရွေ့လျားသွားသည်။ အနီးကပ် ကြည့်မိသော အခိုက်၌ ထိုမိန်းကလေးက ကျက်သရေ အပေါင်း ခညောင်းကာ အလွန် ချောမောလှသူ တစ်ယောက် ဖြစ်ကြောင်း ဝေ့ဝူယင် မှတ်ချက်ချလိုက်မိသည်။ သူမအား တစ်ကြိမ် ကြည့်မိတိုင်း နောက်တစ်ကြိမ် ပြန်မကြည့်ပဲ မနေနိုင်အောင် ဆွဲဆောင်နိုင်စွမ်း ရှိပေသည်။

“လူငယ်လေး... မင်းက လှေထားထစ်တွေကို တက်လှမ်းနိုင်ခဲ့ပြီ... ဒီကိုလာပြီး သေမျိုး ကောင်းချီးနဲ့ တော်ဝင် သားတော် ဖြစ်လာနိုင်တဲ့ အခွင့်အရေးကို ရယူပါ”

မျက်မမြင် အမျိုးသမီးက ဝေ့ဝူယင်ကို ငုံ့ကြည့်ရင်း ကြိုဆိုစွာ ပြောလိုက်သည်။ သူမ၏ လေသံက နတ်ရေစင် တစ်ခုကို ကမ်းလှမ်းနေသည့် အလား သန့်ရှင်းမှုတို့နှင့် ပြည့်နှက်နေ၏။

ဝေ့ဝူယင် အသာအယာ ပြုံးလိုက်ရင်း နောက်ဆုံး ခြေလှမ်းကို လှမ်းလိုက်၏။ ဝတ်လုံဝတ် ပုဂ္ဂိုလ်ကြီးများ၏ စူးရှသည့် အကြည့်များကို ဝေ့ဝူယင် ခံစားမိသော်လည်း မည်သူကမှ ဝိညာဥ်အာရုံ၊ အစီအရင်တို့ကို အသုံးပြု၍ စစ်ဆေးခြင်း မပြုကြပါချေ။ ထိုအချက်က သူတို့ ဤပြိုင်ပွဲကို မည်မျှ အလေးအနက်ထားကြောင်း ဝေ့ဝူယင်ကို သဘောပေါက် သွားစေ၏။

ဟူး... ဟူး...

တောင်ထိပ်ပေါ်ကို ခြေချလိုက်သည်နှင့် လေတိုး သကဲ့သို့ အသံများမှာ သူ့ ခြေထောက် အောက်မှ ထွက်ပေါ်လာခဲ့၏။ ထို့နောက် အမျိုးမျိုးသော သင်္ကေတများမှာ ကြမ်းပြင်တွင် ထွန်းလင်းလာကာ ကြီးမားသော စက်ဝိုင်းတစ်ခု သဏ္ဌာန် ဖွဲ့စည်းသွားသည်။ ထိုစက်ဝိုင်းက ‌ရောင်စုံအလင်းတန်းများကို ထုတ်လွှတ်ကာ လှည့်ပတ်ရင်း ထူးခြားသည့် ခံစားချက် တစ်မျိုးကို ပေးလာ၏။ ဝေ့ဝူယင် ကောင်းကင်ဘုံ နတ်မျက်လုံးကို ထုတ်ဖော်၍ စစ်ဆေးကြည့်လိုက်ရာ ၎င်းတွင် သူ တစ်ခါမှ မမြင်ဖူးအောင် သန့်စင်သည့် စွမ်းအား အချို့ ပါဝင်နေကြောင်း တွေ့လိုက်ရသည်။

ဟူး... ဟူး...

ထိုစွမ်းအင်များမှာ စက်ဝိုင်းထက်ရှိ သင်္ကေတများမှ ထွက်ပေါ်လာကာ အဖြူရောင် မြူခိုး အလင်းများ အဖြစ် ဝေ့ဝူယင်ကို ဝန်းရံသွားသည်။  ထိုအရာက မျက်မမြင် အမျိုးသမီး ရည်ညွှန်းသည့် သေမျိုး ကောင်းချီးပင် ဖြစ်ကြောင်း သူ နားလည်လိုက်၏။ အမျိုးသမီးကို တစ်ချက် လှမ်းကြည့်ပြီး‌နောက် ဝေ့ဝူယင်   တည်ငြိမ်စွာပင် ထိုမြူခိုးများကို စတင် စုပ်ယူလိုက်တော့သည်။

မကြာခင်မှာပင် ထိုမြူခိုးများမှာ “အကန့်အသတ်မဲ့ အမတေ မြူခိုး” ဟု ခေါ်သည့် သူ ကြားဖူးသည့် မြူခိုး အမျိုးအစား တစ်မျိုး ဖြစ်ကြောင်း ဝေ့ဝူယင် သဘောပေါက်သွားသည်။ ၎င်းကို အမျိုးမျိုးသော မြူခိုးများ အကြောင်း အထူးပြု လေ့လာသည့် အဂ္ဂိရတ် သမားအိုကြီး တစ်ဦး၏ မှတ်တမ်းထဲတွင် သူ ဖတ်ခဲ့ဖူးသည်။

အဂ္ဂိရတ် ပညာရပ်တွင် အသုံးပြုသည့် အခြား ရင်းမြစ်များနှင့် ခြားနာစွာပင် မြူနှင်းမှာ အလွန် နူးညံ့သိမ်မွေ့သည့် ပစ္စည်းတစ်ခု ဖြစ်ပြီး အများအပြားက အခိုးအငွေ့ အခြေအနေဖြင့် အသုံးမပြုနိုင်ဟု ယူဆထားကြသည်။ ဆိုလိုသည်က အဂ္ဂိရတ် ထုတ်ကုန် တစ်ခုတွင် မြူခိုးကို အသုံးပြုရန် လိုအပ်လျှင် အရင်ဆုံး အရည် သို့မဟုတ် အစိုင်အခဲ အဖြစ် ပြောင်းလဲရသည်။

သို့သော်လည်း အဂ္ဂိရတ် သမားအိုကြီးက ထိုယူဆချက်ကို တိုက်ရိုက် ပယ်ချခဲ့သည်။ သူက မြူခိုးများမှာ အစိုင်အခဲနှင့် အရည် တို့ကဲ့သို့ ကိုယ်ပိုင် ဖြစ်တည်မှု တစ်ခုကို ပိုင်ဆိုင်ထားသည့် တည်ရှိမှုများ ဖြစ်ကြောင်း အခိုင်အမာပင် ပြောဆိုခဲ့သည်။ သူ့အဆိုအရ... မြူခိုးများကို အခြား ရင်းမြစ်များ ကဲ့သို့ပင် အဂ္ဂိရတ် ထုတ်ကုန်များတွင် ထည့်သွင်း အသုံးပြုနိုင်သလို  အရည်၊ အစိုင်အခဲများ ကဲ့သို့ မြူခိုး သဏ္ဌာန် တည်ရှိသည့် ထုတ်ကုန်များကိုလည်း ထုတ်လုပ်နိုင်ပေသည်။

၎င်းက ပုံမှန် စံနှုန်းများမှ ခွဲထွက်နေသည့် အယူအဆ တစ်ခု ဖြစ်ရာ လက်ခံရန် ခက်ခဲလှသည်။ သို့သော်လည်း နောက်ပိုင်းတွင် ဝေ့ဝူယင်သည် သန့်စင်သည့် မြူခိုးကို အသုံးပြုကာ ယင်း၏ အခြေခံမူများကို မပျက်စေပဲ ထုတ်ကုန်တစ်မျိုးကို ဖော်စပ်၍ ထိုအယူအဆက မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

ထိုပုဂ္ဂိုလ်ကြီး၏ အဆိုအရဆိုလျှင် “အကန့်အသတ်မဲ့ အမတေ မြူခိုး”သည် သန့်စင်သည့် ရေ၊ လေနှင့် ကြယ်တာရာ အမတေတို့ထက် ပိုမို ‌ကျော်လွန်နေသည့် ထုတ်ကုန်တစ်မျိုး ဖြစ်သည်။ ၎င်းက ခန္ဓာကိုယ်အား မွမ်းမံကာ ဒြပ်စင် စွမ်းအင်များကို အရည်အသွေး ပိုမို မြင့်တက်သွားအောင် သန့်စင် ပေးနိုင်စွမ်း ရှိပေသည်။

ဟူး... ဟူး...

ဝေ့ဝူယင် အကန့်အသတ်မဲ့ အမတေ မြူခိုးများကို ခန္ဓာကိုယ် အတွင်း စုပ်ယူလိုက်ရင်း သူတို့ အခေါ်  သေမျိုးကောင်းချီးကို ခံယူလိုက်၏။

ဝှစ်...

ထိုအခိုက်တွင်ပင် မိန်းမငယ်လေးမှာ နောက်ဆုံး လှေကားထစ်ကို ဖြတ်ကျော်ရင်း သူ့ နံဘေးသို့ ရောက်ရှိလာခဲ့သည်။

သူမက အပေါ်သို့ ရောက်လျှင် ရောက်ချင်းပင် သုန်မှုန်စွာဖြင့် ဝေ့ဝူယင်ကို ကြည့်လိုက်သည်။ ထိုလူငယ်တွင် အဆင့်မြင့် ရည်ရွယ်ချက် ဘယ်လောက် များများ ရှိနေသနည်း။ သေချာတာ တစ်ခုကတော့ သူမ ပိုင်ဆိုင်ထားသည့် အရေအတွက် သုံးခုထက် ပိုမိုပေလိမ့်မည်။ စိတ်ဝင်စားမှုများက မိန်းမငယ်လေး၏ မျက်လုံး အတွင်း ပိုမို တောက်ပလာခဲ့၏။ ထိုလူငယ်က မည်သူနည်း။

…

လှေကားထစ် ၁၅၈ ထစ်မှာ ပြိုင်ပွဲ၏ ဝင်ခွင့် အဆင့်မျှသာ ဖြစ်သည်။ ထို့ကြောင့်ပင် မူလ ဒြပ်စင် ရည်ရွယ်ချက်ကို အောင်မြင်ထားသည့် ရွေးချယ်ခံတိုင်းမှာ ထိပ်ဆုံးကို တက်လှမ်းနိုင်ခဲ့ကြကာ သေမျိုး ကောင်းချီးကို လက်ခံရရှိကြသည်။ သူတို့မှာ အသက်ရှူသံများ လေးပင်ကာ မောပန်းနေကြသည့်တိုင် အောင်မြင်မှု ရယူရန် ရည်ရွယ်ချက်ကို ဆက်လက် ဆွဲကိုင်ထားကြဆဲ ဖြစ်သည်။ တော်ဝင် သားတော် သို့မဟုတ် သမီးတော် ဖြစ်လာရန် အခွင့်အ‌ရေးက သူတို့ထံတွင် အပြည့် ရှိနေသေးဆဲ ဖြစ်ပေသည်။

ထို့အပြင် အစစ်အမှန် ပြိုင်ပွဲတွင်  ရည်ရွယ်ချက်၊ အသက်နှင့် ပျက်သုဥ်းခြင်း စွမ်းအင်တို့ကို စစ်ဆေးလိမ့်မည် မဟုတ်ချေ။ ပါရမီ၊ အခြေခံနှင့် တိုက်ခိုက်ရေး စွမ်းအားတို့ကိုသာ စစ်ဆေးလိမ့်မည် ဖြစ်သည်။ အကယ်၍ အသန်မာဆုံးသော မူလဒြပ်စင် ရည်ရွယ်ချက်ကို ပိုင်ဆိုင်ထားလျှင်ပင် ကျင့်ကြံခြင်း အခြေခံနှင့် တိုက်ခိုက်ရေး စွမ်းအင် နိမ့်ပါးပါက ပြိုင်ပွဲတွင် ကျဆုံးရလိမ့်မည် ဖြစ်သည်။ ထိုအချက်ကို ပြိုင်ပွဲဝင်များသာ မက ဒေသခံများပင်လျှင် ကြားဖူးနားဝ ရှိကြပေသည်။

သေမျိုး ကောင်းချီး ခံယူခြင်း ဖြစ်စဥ်မှာ အတော်လေး ရှည်လျားလှကာ ရွေးချယ်ခံ အားလုံး ပြီးဆုံးရန် အတွက် တစ်နာရီခန့်ပင် အချိန်ယူခဲ့ရသည်။ ထိုဖြစ်စဥ်က သူတို့၏ ခန္ဓာကိုယ်များထဲရှိ စွမ်းအင်များကို သန့်စင်ပေးကာ အညစ်အကြေးများကို အခိုးအငွေ့များ အဖြစ် ပြင်ပသို့ စီးထွက်စေခဲ့သည်။

ဝေ့ဝူယင်မှာ သူတို့ကို ကြည့်ကာ အနည်းငယ် အဆင်မပြေသလို ခံစားလိုက်ရ၏။ သူ ကိုယ်တိုင်လည်း “အကန့်အသတ်မဲ့ အမတေ မြူခိုး” များကို စုပ်ယူခဲ့သော်လည်း ဘာ အညစ်အကြေးမှ ခန္ဓာကိုယ်မှ ထွက်ပေါ် လာခဲ့ခြင်း မရှိခဲ့ချေ။  သူ့ခန္ဓာကိုယ်တွင် မည်သည့် မသန့်စင်မှုမှ မရှိရာ ဘာအညစ်အကြေးက ထွက်ပေါ်လာရမည်နည်း။

ထို့အပြင် ဝေ့ဝူယင် အကန့်အသတ်မဲ့ အမတေ မြူခိုးများကို ကျင့်ကြံခြင်း၌လည်း အသုံးမပြုခဲ့ချေ။ ပြောရလျှင် သူ ကြယ်တာရာ ဝိညာဥ်များကို မကျင့်ကြံခဲ့သည်မှာ နှစ်ပေါင်းများစွာပင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သူတို့က ကိုယ်ပိုင် အသိဉာဏ်များကို ပိုင်ဆိုင်ထားကာ ကျင့်ကြံခြင်း အမှုများကို ကိုယ်တိုင် ပြုလုပ်နိုင်ကြသည်။ ဝေ့ဝူယင် လုပ်ပေးဖို့ လိုအပ်သည်က အဂ္ဂိရတ် ထုတ်ကုန်များကို လုံလောက်အောင် ထောက်ပံ့ပေးဖို့ တစ်ခုသာ ဖြစ်သည်။

ဝေ့ဝူယင်သည် သူတို့ကို အကောင်းဆုံး အရည်အသွေး အမြင့်ဆုံးသော အဂ္ဂိရတ် ထုတ်ကုန်များကိုသာ စားသုံး ကျင့်ကြံစေခဲ့သည်။ အကယ်၍ အဆင့်နိမ့် ထုတ်ကုန် တစ်ခု ဖြစ်လျှင်ပင် သန့်စင်မှု အရာတွင်တော့ ထိပ်ဆုံးတွင် ရှိသည်။ ထို့ကြောင့် ရုပ်ခန္ဓာ ကဲ့သို့ပင် သူ၏ ကြယ်တာရာ ဝိညာဥ်များမှာလည်း လုံးဝ အညစ်အကြေး ကင်းစင်လှသည်။

သို့ဖြစ်လေရာ အကန့်အသတ်မဲ့ အမတေ မြူခိုးများမှာ သူ့အတွက် လုံးလုံး အသုံးမဝင်ခဲ့ချေ။ သို့သော်လည်း ထိုမြူခိုးများကို ကြည့်ကာ သူ အကြံတစ်ခု ရလာခဲ့သည်။ အကယ်၍ အကန့်အသတ်မဲ့ မြူခိုးများကို အများအပြား ဖော်စပ်၍ သူ့ လက်အောက်ငယ်သားများ၏ ခန္ဓာကိုယ်များကို သန့်စင်ပေးနိုင်ခဲ့ပါက သူတို့၏ ကျင့်ကြံခြင်း အခြေခံများမှာ ပိုမို သန့်စင်ကာ မြင့်မားလာလိမ့်မည် ဖြစ်သည်။ ထိုနည်းဖြင့် အာဏာရှင်များ အဖွဲ့မှာ အချိန်တိုအတွင်း တိုးတက် အင်အားကြီးလာလိမ့်မည် ဖြစ်သည်.

***

All Chapters