← Chapters

ပါရမီ စစ်ဆေးခြင်း သို့မဟုတ် အသက် စစ်ဆေးခြင်း

Vol. 32 Ch. 436

ပါရမီ စစ်ဆေးခြင်း သို့မဟုတ် အသက် စစ်ဆေးခြင်း

Vol. 32 Ch. 436

ပြိုင်ပွဲဝင် ဆယ့်တစ်ယောက်စလုံး သေမျိုး ကောင်းချီးကို ခံယူကြပြီးနောက်တွင် မျက်မမြင် အမျိုးသမီးက စတင် စကားပြောလာ၏။

“ငါက သီလရှင် စီတပဲ... ဆန်းကြယ်အရှင်ရဲ့ တော်ဝင် ရွေးချယ်ခံတွေနဲ့ ခုလို ဆုံတွေ့ခွင့် ရတဲ့ အတွက် ဂုဏ်ယူမိပါတယ်... မကြာခင်မှာ ဘယ်သူက နတ်ဘုရား သင်္ကေတတွေကို ဆက်ခံပြီး တော်ဝင် သားတော် သမီးတော်တွေ ဖြစ်လာဖို့ ထိုက်တန်မလဲ ဆိုတာ ပြိုင်ပွဲတွေနဲ့ ဆုံးဖြတ်ပါမယ်”

ဝေ့ဝူယင်နှင့် မိန်းမငယ်လေးတို့၏ မျက်ခုံးများမှာ အပေါ်သို့ မြင့်တက်သွား၏။ စီတ... ထိုအရာက တစီ ဆိုသည့် အမည်ကို ပြောင်းပြန် စားလုံးပေါင်းထားခြင်း မဟုတ်ပါလား။ ဝေ့ဝူယင်တို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက်ကြည့်ကာာ ရယ်ချင်စိတ်ဖြင့် ပြုံးတုံ့တုံ့ ဖြစ်သွားကြ၏။ သည်ကမ္ဘာရှိ လူများက နတ်ဘုရားများ အပေါ်တွင် အတော်လေး ရူးသွပ်ကြကာ နာမည်ကိုပင် ပြောင်းပြန် ပြန်ပေးထားကြသေးသည်။

မိန်းမငယ်လေးမှာ သူမ မထင်မှတ်ပဲ ပြုလုပ်လိုက်မိသည့် အပြုအမူကြောင့် အံ့သြသွား၏။ ဤတစ်ခါနှင့် ဆိုလျှင် ဝေ့ဝူယင်နှင့် သူမ အကြား တိုက်ဆိုက်သည်မှာ နှစ်ခါ ဖြစ်သွားပြီ ဖြစ်သည်။ ထိုလူငယ်နှင့် သူမ အကြားတွင် စိတ်ချင်း ချိတ်ဆက်မှု ရှိနေသည်လား။ မိန်းမငယ်လေးမှာ ထိုအတွေးကြောင့် ရင်တုန်သလိုလို ဘာလိုလို ဖြစ်သွားရာ အခြားတစ်ဖက်သို့ လှည့်ကာ ဝေ့ဝူယင်ကို နောက်ခိုင်းလိုက်သည်။

ထိုလူငယ်က အလွန် ချောတော့ရော ဘာအရေးနည်း။ သူမကလည်း မြင့်မြတ် ထည်ဝါသည့် မျိုးနွယ်ကြီး တစ်ခုမှ ဆင်းသက်လာသည့် ထိပ်သီး ပါရမီရှင် တစ်ယောက် ဖြစ်သည်။ သူမ ပိုင်ဆိုင်ထားသည့် နောက်ခံမှာ ထိုလူငယ်၏ လျှို့ဝှက်ပါသည် ဆိုသည့် နောက်ခံထက်ပင် ကျော်လွန်နိုင်ချေ ရှိသည်။

ဝေ့ဝူယင်မှာ မိန်းမငယ်လေး၏ စူစူအောင့်အောင့် ကျောခိုင်းသွားမှုကို ကြည့်ရင်း ဖြူရော်စွာ ပြုံးလိုက်မိ၏။ မထင်မှတ်ပဲ ဖြစ်ပေါ်လာသည့် အတွေးချင်း၊ အပြုအမူချင်း တူညီနေသည်ကို သူက ဘာလုပ်နိုင်မည်နည်း။ အစွန်းလေးဖက် လောက နယ်မြေသားများနှင့် ခြားနားစွာပင် သူတို့ နှစ်ယောက်စလုံးမှာ မိုးကုပ်စက်ဝိုင်း အလွန်မှ လူများ ဖြစ်ကြသည်။ ထို့ကြောင့်ပင် သူတို့ ရည်ညွှန်းသည့် နတ်ဘုရား ဆိုသည့် ပုဂ္ဂိုလ်များမှာ အစစ်အမှန် နတ်ဘုရားများ မဟုတ်ကြောင်း သိကြပေသည်။

သို့သော်လည်း အခြားလူများမှာမူ အလွန်တရာ လေးနက်နေကြကာ တိုက်ပွဲဝင် စိတ်ဓာတ်များနှင့် တက်ကြွနေကြသည်။ အိချွဲယု၏ မျက်လုံးများပင်လျှင် တဖျပ်ဖျပ် တောက်ပနေ၏။

“လောကရှိ လူများ... ငါတို့ ဒီပြိုင်ပွဲမှာ တော်ဝင် ရွေးချယ်ခံ တစ်ယောက်ချင်းစီရဲ့ အစစ်အမှန် အသက်ကို စစ်ဆေးမယ်... အဆုံးမဲ့တဲ့ ကျင့်ကြံခြင်း လမ်းစဥ် တစ်လျှောက် သူတို့ ဘယ်လောက် ဝေးဝေးသွားနိုင်မလဲ ဆိုတာ စစ်ဆေးမယ်...  ကျင့်ကြံခြင်း ဝိညာဥ်ရဲ့ ခွန်အားကို စစ်ဆေးမယ်... လက်သီးတွေရဲ့ ခွန်အားကို စစ်ဆေးမယ်... အဲဒီ အချက်တွေကို အခြေခံပြီး ဆန်းကြယ် အရှင်ဟာ သူ့ရဲ့ အမွေအနှစ်ကို ဆက်ခံဖို့ သင့်တော်တဲ့လူကို ရှာဖွေလိမ့်မယ်”

"တကယ်လို့ ဆန်းကြယ် အရှင်ရဲ့ ဆန္ဒနဲ့ ကိုက်ညီမယ် ဆိုရင် တော်ဝင် ကလေးငယ်ဟာ မွေးဖွားလာပြီး လောကရဲ့ အကြီးကျယ်ဆုံး နတ်ဘုရား အရှင်ရဲ့ အစစ်အမှန် ကောင်းချီးကို လက်ခံ ရယူနိုင်လိမ့်မယ်”

သီလရှင် စီတ၏ စကားသံမှာ အဆုံးမဲ့ စိတ်လှုပ်ရှားခြင်းများနှင့် ပြည့်နှက် နေ၏။ တစ်ချိန်တည်း၌ အောက်ရှိ လူအုပ်မှာလည်း တော်ဝင် ကလေးငယ် တစ်ယောက် ထွက်ပေါ်လာနိုင်ချေကို တွေးရင်း ပိုမို အုံကြွ လာနေကြသည်။

ဝတ်ရုံပွပွလောက်မှ ရုန်းကြွနေသည့် အကွေ့အကောက်များကို ကြည့်ရင်း စီတမှာ ရုပ်ရည် ချောမောရုံသာ မက အခြား နေရာများတွင်လည်း အလွန် ဆွဲဆောင်မှု ရှိကြောင်း ဝေ့ဝူယင် တွေးလိုက်မိသည်။ မကြာခင်မှာပင် သူ့ စိတ်ဝင်စားမှုများက ပြိုင်ပွဲ အပေါ်တွင် ရှိမနေကြောင်း သတိထားမိသွားရာ ဝေ့ဝူယင် စိတ်ထဲမှ မရှုနိုင် မကယ်နိုင် ပြုံးလိုက်မိ၏။

“ကဲ... စလိုက်ကြမယ်”

စီတက လက်နှစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ အဖြူရောင် အလင်းများ တောက်ပနေသည့် ရွှေလည်ဆွဲ နှစ်ခုမှာ ကောင်းကင်သို့ မြင့်တက်သွား၏။ ၎င်းတို့က လျှင်မြန်စွာပင် လှည့်ပတ်ရင်း ရောင်စုံ အလင်းတန်းများနှင့် အတူ ယောက်ျား နှစ်ဖက်စာ ကွင်းကြီးများ အသွင် ဖွဲ့စည်းသွားကြ၏။ ထို့နောက် အရှိန်ပြင်းစွာဖြင့် မြေပြင်ပေါ် ပြန်လည် ကျဆင်း လာကြကာ တစ်ခုနှင့် တစ်ခု အကွာအဝေး တစ်ခု ခြားနားလျှက် မြူမှုန် ကန့်လန့်ကာ သဖွယ် နေရာယူလိုက်ကြသည်။

“ဖြတ်လျှောက်ပြီး ဆန်းကြယ် အရှင်ထံမှ ထိုက်တန်ကြောင်း သက်သေပြလေကြ...”

စီတက ရောင်စုံ အခိုးအငွေ့များ ထွက်‌ပေါ်နေသည့် ကွင်းကြီး နှစ်ခုကို ညွှန်ပြရင်း ‌ပြိုင်ပွဲဝင်များကို ပြောလိုက်လေ၏။

ဝှစ်...

ဝေ့ဝူယင် ကောင်းကင်ဘုံ နတ်မျက်လုံးကို ထုတ်လွှတ်ရင်း ထိုကွင်းကြီးများ၏ အခြေခံ လုပ်ဆောင်ချက်များကို စစ်ဆေးကြည့်လိုက်သည်။ ၎င်းတို့က အလွန်အမင်း အဆင့်မြင့်မားကာ အငွေ့အသက်ကို အာရုံခံနိုင်ကြပုံ ပေါ်သည်။ ၎င်းတို့တွင် အန္တရာယ် လုံးဝ မရှိကြောင်း သေချာသွားရာ အနီးဆုံး၌ ရှိနေသည့် ကွင်းကြီးထဲကို သူ မတုန့်မဆိုင်းပင် လမ်းလျှောက်ကာ ဝင်ရောက်လိုက်လေတော့၏။

အခြား ပြိုင်ပွဲဝင်များမှာ စိတ်ဝင်တစားပင် စောင့်ကြည့်နေကြ၏။ ကျောခိုင်းနေသည့် မိန်းမငယ်လေးပင် တဖိတ်ဖိတ် တောက်ပနေသည့် မျက်လုံးများဖြင့် ဝေ့ဝူယင်ဘက်ကို ပြန်လည် လှည့်လာခဲ့သည်။

ထိုလူငယ်က မည်မျှ ကြာကြာ ကျင့်ကြံထားသနည်း။ ဝေ့ဝူယင်၏ အသက်က ငါးဆယ် မကျော်သေးကြောင်း အဘိုးဖြစ်သူထံမှ သူမ သိရှိထားပြီး ဖြစ်သလို စောစောက လှေကားထစ်များတွင်လည်း ထိုအချက်ကို ထပ်မံ အတည်ပြုနိုင်ခဲ့သည်။ လူတစ်ယောက်၏ အစစ်အမှန် အသက်နှင့် ဝိညာဥ် အသက်ကြားမှ ကွာခြားချက်မှာ များစွာသော အရာများကို ရှင်းပြနိုင်စွမ်း ရှိသည်။ အလွန် အစွမ်းထက်သည့် မိဘများမှ ဆင်းသက်လာသည့် ကလေးများဆိုလျှင် ကိုယ်ဝန်ဆောင်စဥ် ကာလကပင် ဝိညာဥ်များကို ဖွဲ့စည်းနိုင်ကြသည်ဟု ဆိုသည်။ ဝေ့ဝူယင် ကိုယ်တိုင်မှာလည်း ထိုကဲ့သို့ နောက်ခံမျိုးမှ ဆင်းသက်လာသည်လော။

ကွင်းအတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် ဝေ့ဝူယင်မှာ ရောင်စုံအလင်းတန်းများ၏ စစ်ဆေးနေမှုကို သတိထားလိုက် မိ၏။ သူ ခန့်မှန်းထားသည့် အတိုင်းပင် ၎င်းမှာ အရိုး၊ သွေးသားနှင့် အရေပြားတို့ကို စစ်ဆေးခြင်း မဟုတ်ချေ။ ကျင့်ကြံခြင်း ဝိညာဥ်၏ အော်ရာကိုသာ စစ်ဆေးခြင်း ဖြစ်ပေသည်။ ခန္ဓာကိုယ်ထဲတွင် ကျင့်ကြံခြင်း ဝိညာဥ် လေးခု အထိ ရှိလေရာ ဝေ့ဝူယင် စိုးရိမ်မိနေသေးသော်လည်း ခရာတိုမှာ ကျည်ဆန်ကို ခံယူရန် ဆုံးဖြတ်လိုက်ဟန် ရသည်။

ထိုနဂါးသွေး ကြယ်တာရာ ဝိညာဥ်မှာ အမြဲတမ်း လိုလို အပြင် အင်အားများကို ဒိုင်းသဖွယ် ကာဆီးပေးသူ ဖြစ်သည်။ ထို့အပြင် ကြယ်တာရာ ဝိညာဥ် လေးခုကြားတွင် ပထမဆုံး အကာအကွယ်စည်းလည်း ဖြစ်သည်။ မကြာခင်မှာပင် ကွင်းကြီးမှာ တောက်ပလာကာ ‌‌ကောင်းကင်တွင် သင်္ကေတ စကားလုံးများ လင်းလက်လာခဲ့၏။   ထိုသင်္ကေတများကို မော့ကြည့်လိုက်မိသော အခိုက်၌ ခါးသီးသော အပြုံးတစ်ခုက ဝေ့ဝူယင်၏ နှုတ်ခမ်းထက်တွင် ပေါ်ထွက်လာခဲ့တော့၏။

“ ... “

ရုတ်ချည်းပင် အေးစက် လေးလံသည့် အသက်ရှူသံများက တစ်လောကလုံးကို ဖုံးလွှမ်းသွားသည်။ ထိုအသက်ရှူသံများမှာ အစစ်အမှန် ပျက်သုဥ်းခြင်း၏ လေထုသိပ်သည်းဆကို သိသိသာသာ ပြောင်းလဲသွားစေလောက်အောင် လုံလောက်ပါသည်။ အကယ်၍ နတ်ဘုရား ပူဇော်ပွဲ အခမ်းအနားသာ မဟုတ်ပါက ဇာတ်တိုက်ထားသည့် လုပ်ဇာတ်ကြီး တစ်ခုဟု သူတို့ ထင်မိကောင်း ထင်မိကြလိမ့်မည် ဖြစ်သည်။

တစ်ချိန်တည်း၌ ဝတ်လုံဝတ် ပုဂ္ဂိုလ်ကြီးများ၊ သီလရှင် စီတနှင့် အခြား ပြိုင်ပွဲဝင်များမှာ ကောင်းကင်ရှိ သင်္ကေတများကို ငေးကြောင်ကာ ကြည့်နေခဲ့ကြ၏။ သူတို့၏ မျက်လုံးများက တုန်လှုပ် ချောက်ချားမှုများနှင့် ပြည့်နှက်နေကာ အသိစိတ် လွတ်လုနီးပါး ဖြစ်နေခဲ့သည်။ မိန်းမငယ်လေးပင်လျှင် အံ့သြမှုကြောင့် ပါးစပ် အဟောင်းသား ဖြစ်နေခဲ့၏။

လူအုပ်အကြားရှိ တစ်နေရာတွင်တော့ လူအိုကြီးမှာ စွံပလွံသီးများကို စားကာ ပြိုင်ပွဲကို ဇိမ်ပြေနပြေ ကြည့်နေခဲ့လေသည်။ သို့သော်လည်း သင်္ကေတများ ပေါ်ထွက်လာသည်နှင့် သူ့မျက်လုံးများမှာ ဦးခေါင်းမှ ပေါက်ထွက်လုနီးပါး ဖြစ်သွားခဲ့၏။ သူ မြင်တွေ့နေရသည့် အရာက အမှန်လား အမှားလားပင် မခွဲခြား နိုင်တော့ချေ။ ထိုအခိုက်၌ သူ့ ပါးစပ်က ယင်ကောင် ဝင်အောင်းနိုင်လောက်အောင် အဟောင်းသား ဖြစ်နေလေရာ စွံပလွံသီးများမှာ အောက်သို့ပင် ထွက်ကျသွားလေတော့၏။

တစ်ချိန်တည်း၌ ဝေ့ဝူယင်မှာလည်း ကောင်းကင်ကို မော့ကြည့်ရင်း အံ့အားသင့်နေခဲ့၏။ ဤလောကတွင် အစစ်အမှန် အသက်ကို ကျင့်ကြံသူ တစ်ယောက်၏ ဝိညာဥ် မွေးဖွားလာသည့် ရက်စွဲဖြင့် တိုင်းတာပုံ ရသည်။ ထိုအရာက မှန်ကန်သလိုလို ရှိပေသည်။ မည်သို့ပင် ဆိုစေ... ကျင့်ကြံသူ တစ်ယောက် ဖြစ်လာရန် အခွင့်မကြုံခင် နေ့ရက်များမှာ လူတစ်ယောက်၏ ပါရမီကို ဖော်ပြနိုင်စွမ် မရှိသည် မဟုတ်ပါလား။ သုံးလွှာ ကြယ်တာရာ နယ်မြေတွင်ရော အဘယ်ကြောင့် ထိုကဲ့သို့ စံနှုန်းမျိုး မသုံးသည်ကို ဝေ့ဝူယင် ပြန်လည် စဥ်းစားလိုက်မိ၏။

ကောင်းကင်ရှိ သင်္ကေတ စားလုံးမှာ ခရာတို၏ အစစ်အမှန် အသက်နှင့် ကျင့်ကြံခြင်း အခြေခံတို့ကို ဖော်ပြထားခြင်း ဖြစ်သည်။ ဝေ့ဝူယင် နှာခေါင်းကို ပွတ်သပ်လိုက်မိ၏။ ခရာတိုမှာ သူ့ ကြယ်တာရာ ဝိညာဥ်များထဲတွင် အငယ်ဆုံး ဖြစ်သည်။ နောက်ဆုံးမှ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်ပေသည်။ ၎င်းအား ရောင်ပြန်ဟန် နေသည့် သင်္ကေတများမှာ ယခုကဲ့သို့ အဓိပ္ပာယ် ရလေ၏။

“အသက် ရှစ်နှစ် ခုနစ်လ ဆယ့်သုံးရက်... အာကာသ ပဲ့တင်သံ အဆင့်... ကြယ်တာရာ အမြုတေ အလွှာ”

တိတ်ဆိတ်မှုက အစစ်အမှန် ပျက်သုဥ်းခြင်းကို ဆက်လက် မင်းမူနေဆဲ ဖြစ်သည်။ လူတိုင်းမှာ မယုံကြည်နိုင်စွာဖြင့် ကောင်းကင်ရှိ သင်္ကေတများကို တစ်လှည့် ဝေ့ဝူယင်ကို တစ်လှည့် ကြည့်နေခဲ့ကြသည်။ ဝေ့ဝူယင်၏ အစစ်အမှန် အသက်မှာ အလွန်အမင်း သူတို့ကို အံ့အားသင့်စေခဲ့သည်။

သို့သော်လည်း အံ့အားသင့်နေရုံဖြင့် အခမ်းအနားက ပြီးဆုံးသွားလိမ့်မည် မဟုတ်ချေ။ ထိုအခိုက်တွင်ပင် လေထု၏ အငွေ့အသက်များက ရုတ်ချည်း ပြောင်းလဲသွား၏။ ဝေ့ဝူယင် ဘုရားကျောင်း ရှိရာသို့ လှည့်ကြည့်လိုက်ရာ ထူးဆန်းသော စွမ်းအား တစ်ခု မွေးဖွားလာသည်ကို သတိထားမိလိုက်၏။ သူ မတုန့်ပြန်နိုင်ခင်မှာပင် ကြောက်မက်ဖွယ် အလင်းတန်းများမှာ ဘုရားကျောင်း၏ ထိပ်ဖျားမှ ပေါက်ကွဲ ထွက်ပေါ်လာကာ သူ့ခန္ဓာကိုယ် ပတ်လည်ကို ဝန်းရံသွား၏။

ပထမ၌ ဝေ့ဝူယင် ခုခံရန် စဥ်းစားလိုက်သေးသော်လည်း အလင်းတန်းထံမှ နွေးထွေးသည့် အငွေ့အသက်များကြောင့် ပြန်လည် ရပ်တန့်လိုက်ကာ စိတ်ရှည်လက်ရှည် စောင့်ဆိုင်း နေလိုက်၏။ အလင်းတန်းများက ယာယီမျှသာ ဖြစ်ပြီး လျှင်မြန်စွာပင် ပြန်လည် ပျောက်ကွယ်သွားသည်။ ထိုဖြစ်စဥ် ပြီးဆုံးပြီးနောက်တွင် ဝေ့ဝူယင်၏ ဘယ်ဘက် လက်ခုံ၌ တြိဂံ ကဲ့သို့ အမှတ်တစ်ခု ပေါ်လာခဲ့၏။ ၎င်းမှာ ရွှန်းလဲ့သော အမှတ်အသားများနှင့် အတူ တောက်ပနေ၏။

စီတက အမြင်အာရုံ ဆုံးရှုံးနေသည့်တိုင် သုန်မှုန်နေသည့် အကြည့်များဖြင့် ဝေ့ဝူယင်ကို ကြည့်လိုက်၏။ ထို့နောက် သူမက အသက်ကို ပြင်းပြင်းရှူရင်း ကြေညာလိုက်လေသည်။

“ငါတို့ရဲ့ ပထမဆုံး ရွေးချယ်ခံဟာ တစီရဲ့ ဆန္ဒကို လက်ခံရရှိခဲ့ပါပြီ... ဒီချီးမြှင့်ပေးမှု အတွက် ဆန်းကြယ်အရှင်ကို ချီးမွမ်းကြလော့”

“ဆန်းကြယ်အရှင်ကို ချီးမွမ်းပါတယ်...”

တိတ်ဆိတ်နေသည့် လူအုပ်ကြီးက တစ်ပြိုင်နက်တည်း ‌မိုးလုံးကျွတ် အော်ဟစ်လိုက်ကြ၏။ တြိဂံ ပုံသဏ္ဌာန် အမှတ်အသားက ပထမဆုံး စမ်းသပ်မှုကို အောင်မြင်ကာ အစစ်အမှန် အသက်နှင့် ကျင့်ကြံခြင်း အခြေခံတို့ အကြား ညီညွှတ်မျှတစွာဖြင့် တော်ဝင် ကလေးငယ် တစ်ယောက် ဖြစ်လာရန် သင့်တော်ကြောင်း ရည်ညွှန်းပေသည်။

တြိဂံ ပုံသဏ္ဌာန် အမှတ်အသားကို ကြည့်ရင်း ၎င်းမှာ ပြီးပြည့်စုံသည့် စက်ဝိုင်းတစ်ခု ဖြစ်လာရန် အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်ကြောင်း ဝေ့ဝူယင် သိရှိလိုက်သည်။ အစိတ်အပိုင်း သုံးခု ပေါင်းဆုံသည့် အခါမှသာ စက်ဝိုင်းမှာ ပြီးပြည့်စုံစွာ ဖွဲ့စည်းသွားလိမ့်မည် ဖြစ်သည်။ ရွှန်းရွှန်းလဲ့လဲ့ သင်္ကေတများ အပြင် စက်ဝိုင်းပေါ်တွင် သန့်စင်သည့် မြေကြီး အော်ရာများ ရှိနေကြောင်း ဝေ့ဝူယင် ခံစားလိုက်ရသည်။ ထို‌အော်ရာ၏ သန့်စင်မှုက ဧဒင် အမှတ်အသားပေါ်ရှိ သစ်သား အော်ရာနှင့်ပင် နှိုင်းယှဥ်နိုင်ရာ သူ ပိုမို စိတ်ဝင်စားလာခဲ့၏။

သို့သော်လည်း ကျယ်ပြန့်မှုခြင်း နှိုင်းယှဥ်ရပါက ဧဒင် အမှတ်အသားမှာ ဂြိုဟ်ကြီးတစ်ခုလို ဖြစ်သည်။ သို့သော်လည်း သူ့လက်ပေါ်ရှိ အမှတ်အသားကတော့ ကျောက်စရစ်ခဲ တစ်ခုစာမျှသာ ရှိပေသည်။

ဝေ့ဝူယင် တွေးတော နေစဥ်မှာပင် သီလရှင် စီတက အစစ်အမှန် အသက် စစ်ဆေးခြင်းမှာ တော်ဝင် ကလေးငယ် ဖြစ်လာရန် စမ်းသပ်မှု သုံးခုထဲမှ တစ်ခုမျှသာ ဖြစ်ကြောင်း သတိပေးလိုက်၏။ သို့သော်လည်း အခြား ပြိုင်ပွဲဝင်များမှာ သူတို့ကိုယ်ကို ဝေ့ဝူယင်နှင့် နှိုင်းယှဥ်ကာ မည်ကဲ့သို့ စိတ်ဓာတ် မကျပဲ နေနိုင်ပါမည်နည်း။

ထိုလူငယ်က ဆယ်နှစ် မပြည့်ခင်မှာပင် အာကာသ ပဲ့တင်သံ အဆင့်ကို တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့ အမြန်နှုန်းမျိုးကို သူတို့ ဆယ်သက်စာ မှတ်ဉာဏ်များနှင့် ကျင့်ကြံလျှင်ပင် လိုက်မှီနိုင်လိမ့်မည် မထင်ပါချေ။

***

All Chapters