← Chapters

ဝိညာဉ် စစ်ဆေးခြင်း

Vol. 32 Ch. 437

ဝိညာဉ် စစ်ဆေးခြင်း

Vol. 32 Ch. 437

မိန်းမငယ်လေးက ဝေ့ဝူယင်ကို ကြည့်လိုက်၏။ သူမ၏ အပြင်ပန်း အမူအရာက ပြန်လည် တည်ငြိမ်နေပြီ ဖြစ်သည့်တိုင် နှလုံးသားကတော့ အံ့သြမှုများနှင့် အတူ လှုပ်ခါနေဆဲ ဖြစ်သည်။

အသက် ဆယ်နှစ် မပြည့်ခင်မှာပင် ကြယ်တာရာ အမြုတေ အဆင့်လေးကို တက်လှမ်းနိုင်ခဲ့ခြင်း...

ထိုအကြောင်းသာ အပြင်လောကကို ပျံ့နှံ့သွားပါက ကြယ်တာရာ နယ်မြေ တစ်ခုလုံး အုံကြွကာ ထိုလူငယ်ကို ကြောက်မက်ဖွယ် အကောင်းဆုံး ပါရမီရှင် အဖြစ် တစ်ညီတစ်ညွှတ်တည်း သတ်မှတ်ကြလိမ့်မည် ဖြစ်သည်။

တစ်ချိန်တည်း၌ လူအိုကြီး၏ မျက်လုံးများမှာလည်း မသေချာ မရေရာမှုများနှင့် ပြည့်နှက်နေ၏။ ဝေ့ဝူယင်က မည်သူနည်း။ သူ့နောက်ခံကရော မည်ကဲ့သို့နည်း။ ဤမျှ တိုတောင်းသည့် အချိန်အတွင်း အာကာသ ပဲ့တင်သံ အဆင့်သို့ တက်လှမ်းနိုင်ခြင်းကို ထောက်ချင့်ပါက မရေမတွက်နိုင်သည့် ရင်းမြစ်များအား လိုအပ်မည်မှာ ကျိန်းသေလှသည်။ သူ့နောက်ခံက မည်သည့် ဂိုဏ်းအဖွဲ့ သို့မဟုတ် မိသားစုပင် ဖြစ်စေကာမူ အလွန် မြင့်မားသည့် အဆင့်အတန်းမျိုးကို ပိုင်ဆိုင်ထားမည်မှာ သေချာလှသည်။

“တစ်တောင်ထက် ပိုမြင့်တဲ့ အခြား တောင်တစ်တောင် ဆိုတာ အမြဲတမ်း ရှိစမြဲပဲလေ”

အဘိုးအို ခေါင်းကို ခါရင်း စွံပလွံ သီးများကို ပြန်လည် စားလိုက်၏။ ချိန်မြိန်လှသည့် အရသာကို ခံစားရင်း သူ့ မျက်နှာထက်ရှိ သုန်မှုန်မှုများက တဖြည်းဖြည်း လျော့ကျသွားသည်။ သူ့အသက်အရွယ်က ထိုကဲ့သို့ ကိစ္စများ အပေါ် စိတ်ဖိစီးနေရန် အိုမင်းလွန်းနေပြီ ဖြစ်သည်။ ထို့အပြင် သူ့တွင် ဝေ့ဝူယင် အပေါ် မကောင်း‌သော ရည်ရွယ်ချက်များ မရှိလေရာ ဘာကိုမှ စိုးရိမ်နေစရာ မလိုပါချေ။

ဝေ့ဝူယင် ပြီးနောက်တွင် အိချွဲယုမှာ အစစ်အမှန် အသက် စမ်းသပ်မှုကို ဒုတိယမြောက် အဖြစ် ဝင်ရောက် စမ်းသပ်၏။ တဝမ်ဝမ် အော်မြည်သံများနှင့် အတူ ကောင်းကင်တွင် သူမ၏ ကြယ်တာရာ ဝိညာဥ်နှင့် သက်ဆိုင်သည့် သင်္ကေတများ ပေါ်ထွက်လာခဲ့လေသည်။

“အသက် တစ်ရာနှစ်ဆယ့် နှစ်နှစ်... ဝိညာဥ်ဆင်းတု အဆင့်... ကြယ်တာရာ အမြုတေ အလွှာ”

ထိုအရာက နားလည်နိုင်မှု အတောအတွင်းတွင်သာ ရှိလေရာ လူများမှာ စိတ်သက်သာရာ ရသွားကာ သက်ပြင်းများ ချလိုက်မိကြ၏။ အကယ်၍ လူတိုင်းသာ ဝေ့ဝူယင်လို ဖြစ်နေပါက သူတို့ ဆက်လက် ကျင့်ကြံရန်ပင် ယုံကြည်မှုများ ပျောက်ဆုံးသွားကြလိမ့်မည် ဖြစ်သည်။ ကံကောင်းထောက်မစွာပင် အိချွဲယုမှာ တစီ၏ အမှတ်အသားကို လက်ခံရရှိခဲ့ပေသည်။

ထို့နောက်တွင် မိန်းမငယ်လေးမှာ ရှေ့သို့ တက်လာခဲ့၏။

“အသက် ငါးဆယ့်နှစ်နှစ်... အာကာသ ပဲ့တင်သံ အဆင့်... ကြယ်တာရာ အမြုတေ အလွှာ”

“ ... “

ဝေ့ဝူယင် ကဲ့သို့ မိုးလုံးကျွတ် တုန်လှုပ်မှုမျိုး ဖြစ်ပေါ်မလာခဲ့သည့်တိုင် လူများမှာ မိန်းမငယ်လေး၏ အစစ်အမှန် အသက်နှင့် ကျင့်ကြံခြင်း အခြေခံတို့ကြောင့် အံ့သြမိသွားကြသည်။  ဝေ့ဝူယင်မှာလည်း မိန်းမငယ်လေးကို ကြည့်ကာ သူ့ အစောပိုင်း ခန့်မှန်းမှုများက မှန်ကန်သည်ဟု တွေးလိုက်မိသည်။ သူမက အသက် ခြောက်ဆယ် မကျော်သေးချေ။ အလွန် ငယ်ရွယ်သည့် အချိန်ကတည်းက စတင် ကျင့်ကြံခဲ့သော‌ကြောင့် ကျင့်ကြံသက်က ငါးဆယ်ကျော်နေခြင်းသာ ဖြစ်သည်။

ဝေ့ဝူယင် ကိုယ်တိုင်လည်း အသက် ငါးနှစ်တွင် စတင် ကျင့်ကြံခဲ့သည်။ ပထမဆုံး ကြယ်တာရာ ဝိညာဥ် ဖြစ်သည့် အိုရီကို တိုင်းတာပါက သူ၏ ဝိညာဥ်သက်မှာ လေးဆယ်ကျော် စွန်းစွန်းလောက် အထိ ရှိနိုင်သည်။

မည်သို့ပင် ဆိုစေ... ကြယ်တာရာ အမြုတေ အဆင့်  ကျင့်ကြံသူများမှာ အနည်းဆုံး နှစ်နှစ်ထောင် နီးပါးလောက် ကြာအောင် အသက်ရှင်သန်နိုင်ကြသည်။ ထိုသက်တမ်းနှင့် နှိုင်းယှဥ်ပါက သူတို့က သူနှင့် မိန်းမငယ်လေးတို့မှာ ကလေးသာသာ အရွယ်တင်သာ ရှိပေသည်။

မကြာခင်မှာပင် ‌ရွေးချယ်ခံ ဆယ့်တစ်ယောက် စလုံးမှာ အသက် စစ်ဆေးခြင်းကို ခံယူပြီးစီးသွားကြ၏။ အများစုမှာ အောင်အောင်မြင်မြင်ပင် ဖြတ်ကျော်နိုင်ခဲ့ကာ အချို့သာလျှင် ဘုရားကျောင်း၏ တုန့်ပြန်မှုကို မရပဲ ပြိုင်ပွဲမှ ထွက်ခွာခဲ့ကြရသည်။

ထူးခြားချက် တစ်ခု အနေဖြင့် ကြယ်တာရာ အမြုတေ အဆင့်တစ် လောကပင်လယ် အဆင့် ကျင့်ကြံသူ လူငယ်မှာလည်း အသက် စမ်းသပ်ချက်ကို အောင်မြင်ခဲ့ပေသည်။ သူက အသက် နှစ်ဆယ့်နှစ်နှစ်တွင် ရှိကာ များစွာသော လူများကို အံ့အားသင့်စေခဲ့သည်။ ကြည့်ရသည်က ထိုလူငယ်မှာ ဤပြိုင်ပွဲ အတွက် ရည်စူးကာ စတင် ကျင့်ကြံသည့် နေ့ရက်ကိုပင် ကန့်သတ်၍ ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပုံ ရသည်။

ယခုဆိုလျှင် ပြိုင်ပွဲဝင် ဆယ့်တစ်ယောက် အနက် ရှစ်ယောက်သာ ကျန်ရှိပေတော့သည်။

သီလရှင် စီတက ဝေ့ဝူယင်ကို တစ်ချက် လှမ်းကြည့်လိုက်၏။ ထို့နောက် သူမက လည်ဆွဲများကို ပြန်လည် သိမ်းဆည်းရင်း လူအုပ်ဘက်သို့ လှည့်ကာ ကြေညာလိုက်လေသည်။

“အစစ်အမှန် အသက် စမ်းသပ်ချက်က အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားခဲ့ပါပြီ... တော်ဝင် ရွေးချယ်ခံတွေထဲက ရှစ်ယောက်ဟာ ဆန်းကြယ်အရှင်ရဲ့ အသိအမှတ် ပြုမှုနဲ့ အတူ ရှေ့ဆက်ဖို့ အခွင့်အရေး ကိုယ်စီ ရှိနေကြပါပြီ... ခုဆက်လက်ပြီးတော့ ဝိညာဥ်စမ်းသပ်ချက်ကို စတင်ပါတော့မယ်... အရှင် တစီရဲ့ ဆန္ဒကို လက်ခံရရှိဖို့ လိုလားကြတဲ့ သူတွေဟာ သူတို့ရဲ့ ဝိညာဥ်က လုံလုံလောက်လောက် သန်မာကြောင်း သက်သေပြရပါမယ်... ထိုက်တန်ကြောင်း သက်သေပြရပါမယ်”

စီတ၏ စကားအဆုံး၌ ဝတ်လုံဝတ် ပုဂ္ဂိုလ် လေးယောက်မှာ ‌ရှေ့သို့ ထွက်လာကာ သူတို့၏ အင်္ကျီလက်အိုးစကြီးများကို ဝှေ့ယမ်းလိုက်၏။ သလင်းကျောက် ကဲ့သို့ အပိုင်းအစများစွာမှာ ကောင်းကင်တွင် တလက်လက် ထွက်ပေါ်လာကာ မီရှူးမီးပန်းများ ကဲ့သို့ လူများကို အံ့အားသင့်သွားစေခဲ့သည်။ ၎င်းတို့မှာ လေထုထဲတွင်ပင် တစ်ခုနှင့် တစ်ခု ထိပ်တိုက် တွေ့ဆုံသွားကာ အဖြူရောင် မီးတောက်များ တောက်ပနေသည့် ဘဲဥ ပုံသဏ္ဌာန် မှန်တစ်ချပ် အဖြစ် ပြောင်းလဲသွား၏။

ဟူး... ဟူး...

ထိုမှန်ကြီးမှာ ဖြည်းညင်းစွာပင် နှစ်ဖက်ကို ထူးဆန်သည့် မုဒြာ တစ်ခု ပုံသဏ္ဌာန် ဖန်ဆင်းထားသည့် စီတ၏ အရှေ့ကို ဆင်းသက်လာက်၏။ ဝတ်လုံဝတ် ပုဂ္ဂိုလ်လေးယောက်မှာ ထိုမှန်ကြီး၏ နံဘေးတွင် ခြံရံနေကာ မဟာ ဘုရင်နှင့် အယ်ဗန် ခေါင်းဆောင် ဆယ့်ကိုးယောက်မှာ သူတို့ကို ထပ်ဆင့် ဝန်းရံထားကြသည်။ ထိုအခိုက်၌ လေထု၏ အခြေအနေက သန့်ရှင်း ထည်ဝါနေကာ ကောင်းချီးပေး ခံထားရသလိုပင်။

ဝေ့ဝူယင် ငြိမ်သက်စွာပင် မှန်ကို အကဲခတ်လိုက်၏။ ၎င်းက လူတစ်ယောက်၏ အရွယ်အစားမျှ ရှိလိမ့်မည်ဟု အကြမ်းဖျဥ်း ခန့်မှန်း၍ ရပေသည်။ ၎င်းမှာ အလွန် ကြည်လင်နေသည့်တိုင် ထူးဆန်စွာပင် မည်သည့် လူသား၊ အယ်ဗန်၊ တိမ်တောင်နှင့် မြေပြင်တို့၏ ပုံရိပ်ကိုမှ ရောင်ပြန် မဟပ်ပါချေ။ လူသားနှင့် ဝိညာဥ် အလင်းအကြား ဆက်သွယ်ချက် တစ်စုံတစ်ရာကိုသာ ညွှန်ပြနေဟန် ရလေသည်။

“ဝိညာဥ် ရောင်ပြန် ကြေးမုံ... သူတို့ ဘယ်လိုရတာလဲ”

မိန်းမငယ်လေးက မှန်ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်၏။ သူမ၏ မျက်လုံး အတွင်း၌ အံ့သြမှု အငွေ့အသက် အချို့က နေရာယူနေသည်။

ဝေ့ဝူယင်မှာ နဂါးသွေးမျိုးဆက်၏ ထူးခြားသော အာရုံခံနိုင်စွမ်းနှင့် အတူ သူမ၏ အသံကို ကြားလိုက်ရ၏။ ဝိညာဥ်ရောင်ပြန် ကြေးမုံ... ထိုအရာကို သူ တစ်ခါမှ မကြားဖူးသော်လည်း မိန်းမငယ်လေး၏ တုန့်ပြန်မှုကို ကြည့်ခြင်းဖြင့် အလွန် ဆန်းကြယ်လောက်ကြောင်း မှတ်ချက် ချလိုက်မိသည်။

ထိုအခိုက်တွင်ပင် သီလရှင် စီတက ‌ကောင်းကင်ကို ‌မော့ကြည့်၍ လက်များကို ဦးခေါင်းထက် မြှောက်လိုက်၏။ ထို့နောက် သူမက ဂါထာ မန္တယားများကို ရွတ်ဆိုလိုက်ရာ အမျိုးမျိုးသော အလင်းများမှာ မှန်၏ မျက်နှာပြင်ထက်တွင် စတင် တောက်ပလာသည်။ ထိုအလင်းတန်းများမှာ အလွန် လှပလှရာ မည်သူမှ အကြည့် မလွှဲနိုင်အောင် ဖြစ်နေကြ၏။

“ဆန်းကြယ် အရှင်ရဲ့ တော်ဝင် ရွေးချယ်ခံတို့... အဆုံးမဲ့ ရောင်ပြန် ဝိညာဥ်မှန်ကို ထိတွေ့ကြပါ... မင်းတို့ရဲ့ ဝိညာဥ်ဟာ ဆန်းကြယ် အရှင် ကိုယ်တိုင် တွေ့မြင်နိုင်အောင် စုံစမ်းနိုင်အောင် လောကကြီးကို ရောင်ပြန်ဟပ်လိမ့်မယ်... မင်းတို့ အားလုံး သူ့ရဲ့ ဆန္ဒနဲ့ ထိုက်တန်ကြဖို့ ငါ ဆုတောင်းပေးပါတယ်”

သီလရှင် စီတက တုန်ရီစွာဖြင့် ကြေညာလိုက်၏။ သူမ၏ မျက်နှာက စိတ်လှုပ်ရှားမှုများကြောင့် အနည်းငယ်ပင် နီရဲနေခဲ့သည်။

ဝေ့ဝူယင် မှန်ကို တစ်ချက် ကြည့်ကာ ရှေ့သို့ တိုးရန် ဟန်ပြင်လိုက်၏။ သို့သော်လည်း ချောမောသော လူငယ် တစ်ယောက်က သူ့ထက် အရင်ဦးစွာ ထွက်ပေါ်လာသည်။ ထိုလူငယ်မှာ သူ မူလက “ဖျက်မြင်း” အဖြစ် ယူဆ ထားခဲ့သည့် လူငယ်လေးပင် ဖြစ်သည်။

လူငယ်လေးက တည်ငြိမ်စွာပင် မှန်ရှေ့သို့ သွားရပ်ကာ ရဲရင့် ပြတ်သွားစွာပင် လက်ဖြင့် ထိတွေ့လိုက်၏။

ဝမ်...

ကျယ်လောင်သည့် အသံတစ်ခုနှင့် အတူ အလင်းတန်းများ ထွက်ပေါ်လာကာ လူငယ်၏ ခန္ဓာကိုယ်ကို ဝန်းရံ သွား၏။ ထိုအခိုက်တွင်ပင် မှန်ထဲရှိ ဝေဝေဝါးဝါး ပုံရိပ်က ကြည်လင်လာကာ လူငယ်လေး၏ ပုံရိပ်ကို အစစ်အမှန် မှန်တစ်ချပ်လို ပြီးပြည့်စုံစွာ ရောင်ပြန် ဟပ်လာခဲ့သည်။ နောက်ခံ ပုံရိပ်များက ဝေဝါးနေဆဲ ဖြစ်သည့်တိုင် သူ့ ပုံရိပ်ကတော့ အလွန်ပင် ထင်ရှားလှ၏။

ဝေ့ဝူယင် မှန်ကို ကောင်းကင်ဘုံ နတ်မျက်လုံးများနှင့် အတူ စမ်းသပ်ကြည့်လိုက်သည်။ သို့သော်လည်း အထဲတွင် ထည့်သွင်းထားသည့် ဝင်္ကပါများကို သူ နားမလည်လေရာ မျက်မှောင်ကြုတ် လိုက်မိ၏။ ကြည့်ရသည်က ထိုမှန်မှာ နားလည်နိုင်စွမ်း၏ နယ်နိမိတ် အပြင်ဘက် ဖြစ်သည့် သေမျိုး အကန့်အသတ်များကို ကျော်လွန်နေပုံ ရလေသည်။

ပထမ စမ်းသပ်မှုနှင့် ကွာခြားစွာပင် မှန်မှာ ဂဏန်းတစ်ခုကိုမှ ရောင်ပြန်ဟပ် ပြသခြင်း မပြုချေ။ ထို့အစား ပိုးစုန်းကြူးကဲ့သို့ စိမ်းပြာရောင် အလင်းစက်လေးများသာလျှင် မျက်နှာပြင်ထက်၌ တလက်လက် တောက်ပလာ၏။

ထိုအလင်းစက်လေးများကို ကြည့်ရင်း ဝိညာဥ်ကွင်းများကို ဖြတ်ကျော်ခဲ့စဥ်က ဧဒင် ပြောပြခဲ့သည့် ဝိညာဥ် အင်အား အတိုင်းအတာကို ဝေ့ဝူယင် ပြန်လည် သတိရလိုက်မိသည်။ ဧဒင်၏ အဆိုအရဆိုလျှင် စိမ်းပြာရောင် အလင်းစက် တစ်ခုချင်းစီမှာ ဝိညာဥ် အမှတ် တစ်မှတ်ကို ရည်ညွှန်းပေသည်။ ဝေ့ဝူယင် ငြိမ်သက်စွာ စောင့်ကြည့်နေစဥ်မှာပင် အလင်းစက်လေးများမှာ သုံးထောင်ခန့် အထိ တဖြည်းဖြည်း မြင့်တက်လာခဲ့ကာ တစ်ခုနှင့် တစ်ခု စတင် ချိတ်ဆက်လာခဲ့၏။ စိမ်းပြာရောင် အလင်းစက်များ လုံးဝ ပေါင်းစည်းသွားချိန်တွင် နောက်ဆုံး ရလဒ်မှာ ထွက်ပေါ်လာခဲ့တော့သည်။

“၃၁၂၁...”

စီတက ကြေညာလိုက်သည်နှင့် ထိုဂဏန်းများမှာ ကောင်းကင်တွင် အလင်းတန်းများ အသွင် တဖြည်းဖြည်း ဖွဲ့တည်လာခဲ့၏။ လူအုပ်မှာ စိတ်လှုပ်ရှားမှုနှင့် အတူ တုန်ရီသွားကြကာများစွာသော အဆင့်မြင့် ပညာရှင်များမှာ တစ်ယောက်နှင့် တစ်ယောက် ဆွေးနွေးခန်း ဖွင့်လေတော့သည်။

ထိုလူငယ်က ကျင့်ကြံသက် ရှစ်ဆယ့် သုံးနှစ် ရှိကာ ဝိညာဥ် ဆင်းတု အဆင့်တွင်သာ ရှိနေသေးသည့်တိုင် အလွန် အစွမ်းထက်သည့် ဝိညာဥ်အခြေခံ အုတ်မြစ်ကို ပိုင်ဆိုင်နေခဲ့ပြီ ဖြစ်သည်။ ထိုအရာက အလွန် အံ့အားသင့်ဖွယ် ကောင်းလွန်းလှသည်။

တစ်ချိန်တည်း၌ ဝေ့ဝူယင်မှာ လူများ၏ တုန့်ပြန်ပုံကို ကြည့်ကာ နားမလည်နိုင်အောင် ဖြစ်သွားခဲ့၏။ ထိုအရာက ဘာအဓိပ္ပာယ်နည်း။ စီတ ပြောသည့် ၃၁၂၁ မှာ ဝိညာဥ်အမှတ်များကို ရည်ညွှန်းကြောင်း သူ သိသော်လည်း နှိုင်းယှဥ်စရာ စံချိန်စံနှုန်းများ သူ့တွင် မရှိချေ။ ၎င်းက ဝိညာဥ်ဆင်းတု အဆင့် ကျင့်ကြံသူ တစ်ယောက် အတွက် များပြားနေသလော။ ရှစ်ဆယ့်သုံးနှစ် ကျင့်ကြံခဲ့သည့် ကျင့်ကြံသူ တစ်ယောက် အတွက် မြင့်မားလွန်းနေသလော။

ဤသို့ဆိုလျှင် ပုံမှန် စံနှုန်းက မည်မျှ ဖြစ်သနည်း။ အဖြေတစ်ခု ရလို ရငြား ဝေ့ဝူယင် မိန်းမငယ်လေးကို လှမ်းကြည့်လိုက်၏။ သို့သော်လည်း သူမက ဘာကိုမှ စိတ်မဝင်စားဟန်ဖြင့် မှန်ကို တစ်ချက်ပင် မကြည့်ချေ။ ပျင်းရိစွာဖြင့် မြေကြီးကိုသာ ကန်ကျောက်ကာ ဆော့စကား နေခဲ့၏။  သူမကို ကြည့်ရင်း ဝေ့ဝူယင် ဘာပြောရမှန်း မသိဖြစ်သွား၏။

“ငါ ဝိညာဥ်ဆင်းတု ကပ်ဘေးကို ဖြတ်ကျော်တုန်းက အဆင့်ငါး ဝိညာဥ်ကွင်းတောင် ဝိညာဥ်အမှတ် ၃၆၀၀ အထိ ရှိတယ် မလား... ဘာပဲဖြစ်ဖြစ် ထားလိုက်ပါလေ... ဝိညာဥ်အမှတ် ၃၁၂၁ ကများတယ်ပဲ”

ဝေ့ဝူယင် မသေချာ မရေရာစွာဖြင့် မှတ်ချက် ချလိုက်၏။ မကြာခင်မှာပင် လူငယ်မှာ နောက်သို့ ပြန်လည် ဆုတ်သွားကာ အိချွဲယု ရှေ့ကို တိုးလာလေတော့သည်။

***

All Chapters