ဝေ့ဝူယင်၏ ဝိညာဉ်အင်အား
Vol. 32 Ch. 438
“၂၇၃၃...”
သီလရှင် စီတက နောက်တစ်ကြိမ် ကြေညာလိုက်၏။ သို့သော်လည်း ထိုရလဒ်က ချောမောသည့် လူငယ်လေးနှင့် ယှဥ်လျှင်တော့ သိသိသာသာ အားနည်းလှပေသည်။ အိချွဲယုက မကျေနပ်သည့် ပုံစံဖြင့် အနည်းငယ် နှုတ်ခမ်းကို စူလိုက်၏။ သူမက ထိုလူငယ်လေးထက် အသက် ပိုကြီးကာ ကျင့်ကြံခြင်း အဆင့် အတူတူပင် ဖြစ်သည့်တိုင် ဝိညာဥ်အင်အားက သိသိသာသာကို အားနည်းနေပေသည်။ သူမက မည်ကဲ့သို့ မချင့်မရဲ မဖြစ်ပဲ နေနိုင်ပါမည်နည်း။
ပို၍ နာကျင်စရာ တစ်ခု ပြောရလျှင် သူမ ကျရှုံးခဲ့ပေသည်။ သူမထက် အသက် ထက်ဝက် နီးပါး ငယ်ရွယ်သည့် လူငယ်လေးက တစီ၏ ဆန္ဒကို လက်ခံ ရရှိကာ ဒုတိယမြောက် အမှတ်အသားကို စုစည်းနိုင်ခဲ့ချိန်တွင် သူမ မလုပ်နိုင်ခဲ့ချေ။ ရှင်းလင်းစွာပင် သူမက လိုအပ်ချက်များနှင့် မကိုက်ညီခဲ့ချေ။ ဝေ့ဝူယင်က လောခြင်း မပြုချေ။ ငြိမ်သက်စွာပင် အခြား လူများကို ဦးစားပေးကာ စောင့်ဆိုင်းနေလိုက်၏။
အံ့အားသင့်ဖွယ် ကောင်းစွာပင် သူတို့ အားလုံး ကျရှုံးခဲ့ကြသည်။ ဝင်ရောက် စမ်းသပ်မခံရသေးသည့် ဝေ့ဝူယင်နှင့် မိန်းမငယ်လေးတို့မှ လွဲ၍ အခြား ရွေးချယ်ခံ ငါးယောက်လုံးမှာ ဆန်းကြယ်အရှင် တစီ၏ ဆန္ဒနှင့် ကိုက်ညီခြင်း မရှိခဲ့ချေ။
လူအုပ်မှာ သူတို့ ရွေးချယ်ခံများ ထင်သလောက် ဖြစ်မလာခဲ့ခြင်း အပေါ် စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့ကြ၏။ သို့သော်လည်း မည်သူမှ အံ့အားသင့်ခြင်း မရှိပါချေ။ အကယ်၍ တော်ဝင် သားတော် သို့မဟုတ် သမီးတော် တစ်ပါး ဖြစ်လာရန် ထိုမျှ လွယ်ကူမည် ဆိုလျှင် ဤပြိုင်ပွဲမှာ နှစ်ပေါင်း ထောင်ချီအောင် တည်တံ့ခဲ့လိမ့်မည် မဟုတ်ပါချေ။ အတိတ်၌ အလွန် ထူးချွန်သည့် များစွာသော ပါရမီရှင်များ ပင်လျှင် ထိုအဆင့်ကို ဖြတ်ကျော်ရာ၌ ကျဆုံးခဲ့ဖူးပေသည်။
ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချလိုက်မိ၏။ ရွေးချယ်ခံများ အနက် အချို့မှာ လူငယ်လေးထက် ဝိညာဥ် အမှတ် ပိုများသည့်တိုင် သူတို့၏ အသက်များက ကြီးလွန်းနေရာ ကျဆုံးခဲ့ပေသည်။ ဝိညာဥ် စစ်ဆေးခြင်းမှာ အသက်နှင့် ဝိညာဥ် အင်အားတို့ အကြား တိုက်ရိုက် ဆက်စပ်မှုကို တိုင်းတာခြင်း ဖြစ်သည်။ အကယ်၍ အသက်ပမာဏနှင့် ပြည့်မှီရန် ဝိညာဥ်အမှတ် တစ်မှတ်လေး လိုလျှင်ပင် ချွင်းချက်မရှိ ကျဆုံးရလိမ့်မည် ဖြစ်သည်။
ဝိညာဥ် စစ်ဆေးခြင်း ပြိုင်ပွဲတွင် သူ့နှင့် မိန်းမငယ်လေးသာ စစ်ဆေးရန် ကျန်ရှိပေတော့သည်။ ထိုအခိုက်၌ အစစ်အမှန် ပျက်သုဥ်းခြင်း တစ်ခုလုံးရှိ သန်းပေါင်းများစွာသော မျက်လုံးများမှာ သူတို့ နှစ်ယောက် အပေါ် စုပြုံကျရောက်နေ၏။ သို့သော်လည်း အများစုက ဝေ့ဝူယင်နှင့် မိန်းမငယ်လေးတို့မှာ ထိုစမ်းသပ်မှုကို ချွင်းချက် မရှိ ကျော်ဖြတ်နိုင်လိမ့်မည် ဟု ယုံကြည်နေကြပြီး ဖြစ်သည်။
သူတို့ နှစ်ယောက်မှာ ကျင့်ကြံသက် အလွန် ငယ်ရွယ်ကြသည့် အပြင် အလွန် သန်မာသည့် ရည်ရွယ်ချက်များကို ပိုင်ဆိုင်ထားသူများ ဖြစ်သည်။ ထိုထက် ပိုအရေးကြီးသည့် အချက်က သူတို့ နှစ်ယောက်စလုံးမှာ အာကာသ ပဲ့တင်သံ အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ ထိုအဆင့် ကျင့်ကြံသူ တစ်ယောက် အနေဖြင့် သူတို့၏ ဝိညာဥ်အင်အားက လုံးဝ အားနည်းလိမ့်မည် မဟုတ်ချေ။
အကယ်၍ သူတို့ နှစ်ယောက်စလုံး၏ ဝိညာဥ်အင်အားက ပုံမှန် စံနှုန်များထက် အားနည်းလျှင်ပင် ကျင့်ကြံသက်နှင့် အချိုးကျ တွက်ချက်ပါက အောင်မြင်ရန် မဖြစ်နိုင်စရာ အကြောင်း မရှိပါချေ။
မိန်းမငယ်လေးက ခေါင်းကို စောင်းရင်း ဝေ့ဝူယင်ကို တစ်ချက် လှမ်းကြည့်လိုက်၏။ ထို့နောက် သူမက မှန်ဆီသို့ လျှောက်သွားကာ မျက်နှာပြင်ကို ထိတွေ့လိုက်သည်။
ဝမ်... ဝမ်...
တူညီသည့် ဖြစ်စဥ် တစ်ခု ပေါ်လာကာ သူမ၏ ပုံရိပ်မှာ မှန်ထဲတွင် ထင်ထင်ရှားရှားပင် ပေါ်လွင် လာခဲ့၏။ သို့သော်လည်း မျက်နှာကတော့ အနည်းငယ် ဝေဝေဝါးဝါး ဖြစ်နေကာ တစ်စုံတစ်ရာမှာ သူမ၏ အစစ်အမှန် အသွင်အပြင်ကို ဖုံးကွယ်ထားပုံ ပေါ်သည်။ သေမျိုး အကန့်အသတ်ထက် ကျော်လွန်နေသည့် မှန်ပင်လျှင် သူမ၏ အစစ်အမှန် မျက်နှာအား မဖော်ထုတ်နိုင်သည် ကြည့်ရင်း ဝေ့ဝူယင် အနည်းငယ် အံ့သြမိသွား၏။
“သူ့ ရုပ်ရည်က ဘယ်လိုမျိုး ရှိမလဲ...”
ပြင်းပြသည့် ဆန္ဒတစ်စုံက ဝေ့ဝူယင်၏ နှလုံးသား အတွင်း ပေါက်ဖွားလာ၏။ ထိုအခိုက်တွင်ပင် ဝိညာဥ် အလင်းစက်များမှာ စတင် ပေါ်လောက်လာကာ ကွန်ယက်များ အသွင်ဖြင့် တစ်ခုနှင့် တစ်ခု ချိတ်ဆက်သွား၏။ ဝေ့ဝူယင် ကြည့်နေစဥ်မှာပင် ဝိညာဥ်အမှတ်များမှာ ၃၀၀၀ ကျော်ကို ကျော်လွန်ကာ တစ်ခဏအတွင်း ၄၀၀၀ ကို ရောက်ရှိသွား၏။
အခြားလူများ ကဲ့သို့ပင် မိန်းမငယ်လေးမှာလည်း စိတ်ဝင်တစားဖြင့် မှန်ကို ကြည့်နေခဲ့သည်။ သူမ ဝိညာဥ်အင်အားကို မစစ်ဆေးခဲ့သည်မှာ ဝိညာဥ်ဆင်းတု အဆင့်ကို တက်လှမ်းပြီးချိန်တည်းက ဖြစ်သည်။ ယခု သူမက အာကာသ ပဲ့တင်သံ အဆင့်ကိုပင် ရောက်ရှိနေခဲ့ပြီး ဖြစ်သည်။ ထိုနှစ်များ အတွင်း ဝိညာဥ်အင်အားက မည်မျှ အထိ တိုးတက်လာမည်ကို သူမလည်း စိတ်ဝင်စားနေမိသည်။
၅၀၀၀...
၆၀၀၀....
ဝေ့ဝူယင်မှာ လူသန်းထောင်ပေါင်းမျာစွာ၏ နှလုံးခုန်သံများကို ခံစား၍ ရနေခဲ့၏။ မြေကြီးအလွှာအောက်တွင် ငလျင် လှုပ်ခတ်သွားသလို သိသိသာသာ ထင်ရှားမှုများမှာ အစစ်အမှန် ပျက်သုဥ်းခြင်းတွင် စတင် ဖြစ်ပေါ် လာခဲ့လေသည်။
၇၀၀၀....
၈၀၀၀....
မိန်းမငယ်လေး၏ မျက်လုံးများက တောက်ပသွားကာ ကျေနပ်သည့် ခံစားချက် တစ်မျိုး ထွက်ပေါ်လာ၏။ သူမက ဝေ့ဝူယင်ကို ပြုံးရင်း လှည့်ကြည့်လိုက်၏။ သို့တိုင်အောင် စိမ်းပြာရောင် အစက်များမှာ ယခုအထိ ရပ်တန့်သွားဆဲ မရှိသေးချေ။ ဆက်လက် မြင့်တက်နေဆဲ ဖြစ်သည်။ ၎င်းက ဝေ့ဝူယင်ကို အံ့အားသင့်စေလိမ့်မည်ဟု သူမ ယုံကြည်ချက် ရှိပေသည်။
ဝေ့ဝူယင်မှာ မျက်မှောင်ကြုတ် နေခဲ့၏။ ၎င်းက သတ္တမမြောက် ဝိညာဥ်ကွင်းထံမှ ဝိညာဥ်အင်အား လောက်ပင် သန်မာခြင်း မရှိချေ။ သူမက ထိုမျှလောက်နှင့် ကျေနပ် ဂုဏ်ယူနေသည်လား။
ထို့နောက် သိပ်မကြာခင်မှာပင် အလင်းစက်များမှာ ၉၀၀၀ ကို ကျော်လွန်သွားကာ ၉၀၁၇ အရောက်တွင် တဖြည်းဖြည်း ရပ်တန့်သွားလေ၏။
လူအိုကြီးမှာ ထိုမြင်ကွင်းကို လူအုပ်ကြားထဲမှ စောင့်ကြည့်နေခဲ့၏။ ဝေ့ဝူယင်နှင့် ခြားနားစွာပင် သူသည် ဝိညာဥ် ခွန်အား၊ အသက်နှင့် ကျင့်ကြံခြင်း အဆင့်တို့ကြားမှ ဆက်စပ်မှု စံချိန်စံနှုန်းများကို အလွန် ဂရုစိုက်ပုံ ရလေသည်။ သူက မှန်ကို ကြည့်ကာ ဂုဏ်ယူစွာ ပြုံးလိုက်ရင်း ကျေနပ်စွာဖြင့် ခေါင်းတစ်ချက် ညိတ်လိုက်၏။
“ကိုးထောင်တောင် ကျော်သွားတာလား...”
ဝတ်လုံရှည် ဝတ်ဆင်ထားသည့် အယ်ဗန် ကလန် ခေါင်းဆောင်ကြီး တစ်ယောက်က လက်သီးများကို တင်းတင်းဆုပ်ရင်း ဖြူရော်စွာ ရေရွတ်လိုက်၏။ သူတို့နှင့် မျိုးနွယ်တူ အယ်ဗန်အားလုံးမှာ ပြိုင်ပွဲမှ အသီးသီး နှုတ်ထွက်သွားခဲ့ရပြီ ဖြစ်သည်။ ကျန်ရှိသည့် ပြိုင်ပွဲဝင် သုံးယောက်လုံးမှာ လူသားများ ဖြစ်သည်။ ထို့အပြင်... ဤမိန်းကလေးက အရမ်း ကြောက်စရာ ကောင်းလွန်းသည်။ သူမ ပိုင်ဆိုင်ထားသည့် ဝိညာဥ်အင်အားက သူ့ထက်ပင် ကျော်လွန်နေသေးသည်။
တစ်ချိန်တည်း၌ အခြား အယ်ဗန် ကလန် ခေါင်းဆောင်ကြီးမှာလည်း ပခုံးထက်သို့ တောင်တစ်လုံး ပိကျလာသလို ဖိအားများကို ခံစားနေရ၏။ အစကတည်းကပင် အယ်ဗန် အင်အားမှာ ကျဆင်းစပြုလာနေခဲ့ခြင်း ဖြစ်သည်။ အကယ်၍ နောက်ထပ် လူသား မျိုးနွယ် တစ်ယောက်သာ တော်ဝင် ကလေးငယ် ဖြစ်သွားခဲ့ပါက သူတို့၏ အခြေအနေက ပိုမို ဆိုးရွားသွားလိမ့်မည် ဖြစ်သည်။ အကယ်၍ အဆိုးဆုံး အခြေအနေများနှင့် ရင်ဆိုင်ရမည် ဆိုလျှင် သူတို့ အိမ်များကိုပါ ဆုံးရှုံးသွားနိုင်ချေ ရှိသည်။
ဒုတိယမြောက် အမှတ်အသားကို လက်ခံ ရရှိပြီးနောက် မိန်းမငယ်လေးက ဝေ့ဝူယင်ကို ပြိုင်ဆိုင်သည့် အကြည့်ဖြင့် တစ်ချက် လှမ်းကြည့်လိုက်၏။ ထိုနောက် သူမက နောက်သို့ ပြန်ဆုတ်ကာ မူလ နေရာတွင်ပင် ရပ်ရင်း လက်နှစ်ဖက်ကို ပိုက်လိုက်သည်။ ဝေ့ဝူယင် မည်မျှ လုပ်ပြနိုင်မည်ကို သူမ စောင့်ကြည့်နေမည် ဆိုသည့် သဘောပင်။
သူမ၏ ချစ်စဖွယ် အပြုအမူကြောင့် ဝေ့ဝူယင် မျက်ခုံးပင့် လိုက်မိ၏။ ထို့နောက် သူက အချိန်မဖြုန်းတော့ပဲ မှန်ရှေ့သို့ သွားကာ လက်ကို တင်လိုက်လေတော့သည်။ ခဏအတွင်းမှာပင် တောက်ပသည့် အလင်းများ ထွက်ပေါ်လာကာ သူ့ခန္ဓာကိုယ် တစ်ခုလုံးကို ဝန်းရံသွားလေတော့၏။
အခြားလူများနှင့် ခြားနားစွာပင် ဝေ့ဝူယင်တွင် ကြယ်တာရာ ဝိညာဥ်လေးခု ရှိသော်လည်း ၎င်းတို့မှာ သီးခြား ဝိညာဥ် အင်အားကို ပိုင်ဆိုင်ထားကြခြင်း မရှိချေ။ ဝိညာဥ်ခွန်အား ဆိုသည်မှာ စိတ်၊ ရုပ်၊ ဝိညာဥ်၊ အမတေ စသည်တို့ ပေါင်းစပ် ဖွဲ့စည်းထားသည့် နာမ်သက်သက် တုနှိုင်းမဲ့ ခွန်အားတစ်ခု ဖြစ်သည်။ ဆိုလိုသည်က လူတစ်ယောက်တွင် ကြယ်တာရာ ဝိညာဥ် အခု တစ်ရာ ရှိလျှင်ပင် တူညီသည့် ဝိညာဥ်အင်အား ပမာဏ တစ်ခုကိုသာ ပိုင်ဆိုင်နိုင်ကြလိမ့်မည် ဖြစ်သည်။
ဟူး... ဟူး...
ရောင်စုံ အလင်းတန်းများ တဖြည်းဖြည်း ပြန်လည် ကျဲပါးသွားပြီးနောက်တွင် ဝေ့ဝူယင်၏ ပုံရိပ်မှာ မှန်ထဲတွင် ပေါ်လာခဲ့၏။ ထို့နောက် စိမ်းပြာရောင် အလင်းစက်များက လျှင်မြန်စွာပင် တောက်ပလာခဲ့ကာ တစ်စက္ကန့်မျှ မပြည့်ခင် အချိန်ကလေး အတွင်းမှာပင် ၁၀၀၀၀ ကို ရောက်ရှိသွား၏။
ထို့နောက် မျက်တောင် တစ်ခပ်စာမျှ အတွင်းမှာပင် ၂၀၀၀၀ ကို ခုန်တက်သွား၏။
“ ... “
တုနှိုင်းမဲ့စွာ တလက်လက် တောက်ပြောင်နေသည့် စိမ်းပြာရောင် အစက်အပျောက်များကို ကြည့်ရင်း ထိတ်လန့်ဖို့ ကောင်းသည့် တိတ်ဆိတ်မှုတစ်ခုမှာ ကမ္ဘာလောကကို လွှမ်းခြုံထား၏။ အချို့လူများ ဆိုလျှင် မှန်ထံမှ ထွက်ပေါ်နေသည့် စူးရှလွန်းလှသည့် အလင်းရောင်ကြောင့် မျက်လုံးများပင် စတင် ပြာဝေ လာကြသည်။
ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများမှာ တောက်ပသွား၏။ ထိုမှန်မှာ အမှန်တကယ်ပင် သေမျိုးတို့၏ အကန့်အသတ်ကို ကျော်လွန်နေပုံ ရသည်။ သူ ကြည့်နေစဥ်မှာပင် စိမ်းပြာရောင် အလင်းစက်များမှာ တရိပ်ရိပ် ဆက်လက် မြင့်တက်နေ၏။
၂၄၀၀၀....
၂၇၀၀၀....
အချိန်ကြာလာသည်နှင့် အမျှ အလင်းစက်များ၏ တိုးတက်နှုန်းမှာ စတင် နှေးကွေးလာ၏။
၂၉၀၀၀...
၃၀၀၀၀...
လူတိုင်းမှာ မှန်မျက်နှာပြင်ထက်ရှိ အစက်အပျောက်များကို လိုက်မှတ်ရင်း အသက်ရှူရန်ပင် မေ့မြောနေကြ၏။
၃၈၀၀၀...
ဝေ့ဝူယင် ဖြူရော်စွာ ပြုံးလိုက်မိ၏။ သူ၏ ဝိညာဥ်အင်အား ထိုမျှ အထိ များပြားလာနေရခြင်းမှာ အိုရီ ဆယ်ခုမြောက် ဝိညာဥ်ကွင်းကို ဖော်ထုတ်နေခြင်းကြောင့် ဖြစ်ကြောင်း သဘောပေါက်ပေသည်။ ကြွားဝါတတ်သည့် ထိုဆန်းကြယ် ဒြပ်စင် ကြယ်တာရာ ဝိညာဥ်မှာ လက်သည်းဖွက်နည်းကို နည်းနည်းမျှ သိထားပုံ မရချေ။
၃၉၀၀၀...
နောက်ဆုံး ၃၉၉၀၀ သို့ အရောက်တွင် အလင်းစက်များမှာ တဖြည်းဖြည်း ရပ်တန့်သွားခဲ့တော့၏။
"..."
"..."
“၃၉၉၀၀...”
သန်းထောင်နှင့်ချီသည့် ဆွံ့အ နေကြသူများ အကြားတွင် သီလရှင် စီတမှာ ပထမဆုံး သတိပြန်ဝင်လာကာ ကြေညာလိုက်၏။ သို့သော်လည်း သူမ၏ အသံကတော့ တည်ငြိမ်မှုများ အစား တုန်ရီမှုများနှင့်သာ ပြည့်နှက် နေခဲ့တော့သည်။
***