တတိယ စမ်းသပ်မှု
Vol. 32 Ch. 439
ဒုတိယမြောက် အမှတ်အသားကို လက်ခံ ရယူပြီးနောက် ဝေ့ဝူယင်က မိန်းမငယ်လေးကို လှည့်ကြည့်လိုက်၏။ ထိုအခိုက်၌ သူမ၏ မျက်လုံးများထဲရှိ ပြိုင်ဆိုင်လိုစိတ်များက ခမ်းခြောက်သွားခဲ့ပြီ ဖြစ်သည်။ ထို့အစား ဒဏ္ဍာရီထဲများမှ အလွန် ကြောက်မက်ဖွယ်ရာ ကောင်းသည့် မွန်းစတား တစ်ကောင်ကို တွေ့မြင်နေရသည့် အလား သူမက ဝေ့ဝူယင်ကို ထိတ်လန့် ချောက်ချားစွာ ငေးကြည့်နေခဲ့၏။
ဝေ့ဝူယင် နှာခေါင်းကို ပွတ်ရင်း အကြည့်လွှဲလိုက်၏။ ထိုအခြေကို သူလည်း ဘာလည်း မပြောတတ်တော့ချေ။
လူအိုကြီးက စွံပလွံသီးအိတ်ကို ပြန်လည် သိမ်းဆည်းလိုက်၏။ စားချင် သောက်ချင်စိတ် သူ့ထံတွင် မရှိတော့ချေ။ ဝေ့ဝူယင်၏ ဝိညာဥ်အင်အားက သူနှင့်ပင် သိပ်ဝေးကွာလှခြင်း မရှိတော့ချေ။ သူ့အသက် အရွယ်၊ သူ့ ကျင့်ကြံခြင်း အတွေ့အကြုံဖြင့်ပင် ထိုအရာက အလွန် ကြောက်မက်ဖွယ်ကောင်းလှသည့် ရှာဖွေ တွေ့ရှိမှုကြီး ဖြစ်သည်။
“တစ်တောင်ထက် ပိုမြင့်တဲ့ တောင်တစ်တောင်... တကယ်မှန်တဲ့ ရှေးစကားပဲ”
ထိုလူငယ် ကဲ့သို့ မွန်းစတားမျိုးကို ပြုစုပျိုးထောင်ပေးနိုင်ခဲ့သည့် နောက်ကွယ်မှ ဂိုဏ်း သို့မဟုတ် မိသားစု အကြောင်း တွေးလိုက်မိသော အခိုက်၌ ကြောက်ရွံ့မှု တစ်ခုက ကျောရိုးများထဲ အထိ စိမ့်ဝင်သွား၏။
သို့သော်လည်း ဝေ့ဝူယင်ကို တစ်ခါမှ မဆန့်ကျင်ခဲ့ဖူးကြောင်း ပြန်လည် တွေးမိသော အခိုက်၌ နွေရာသီတွင် အေးမြသည့် ခေါင်းအုံး တစ်ဖက်ခြမ်းကို ထိတွေ့လိုက်မိသည့် အလား သူ ပြန်လည် စိတ်သက်သာရာ ရသွားခဲ့သည်။ ပြောရလျှင် သူတို့ အကြားတွင် ခင်မင်ရင်းနှီးသည်ဟုပင် ဆိုနိုင်ပေသေးသည်။ ဝေ့ဝူယင်က သူကျွေးသည့် စွံပလွံသီးများကိုပင် ယုံယုံကြည်ကြည်နှင့် စားခဲ့သေးသည် မဟုတ်ပါလား။
အခြားတစ်ဖက်၌ ဝေ့ဝူယင်ကတော့ သူ့ ဝိညာဥ်အင်အား အပေါ် ဂုဏ်ယူမှု သိပ်မရှိပါချေ။ ဝိညာဥ်အင်အားမှာ အရေးပါသည် ဆိုသော်လည်း ကျင့်ကြံခြင်းတွင် ခွန်အားကို အဆုံးအဖြတ်ပေးသည့် အခြား ကဏ္ဍများစွာ ကျန်ရှိနေသေးဆဲ ဖြစ်သည်။ အဓိက အကျဆုံးနှင့် အရေး အကြီးဆုံးက ကျင့်ကြံခြင်း အဆင့်ပင် ဖြစ်၏။
ဝိညာဥ်ခွန်အားက ကြောက်မက်ဖွယ်ကောင်းအောင် မြင့်မားနေသည် ဆိုလျှင်ပင် လောကသခင် တစ်ပါး၏ နယ်မြေအောက်တွင် ဘာများ တတ်နိုင်မည်နည်း။
အချိန်သခင် တစ်ပါး၏ လောကီကွဲလွဲမှု၊ ကြယ်တာရာ သခင်တစ်ပါး၏ ကြယ် ပေါက်ကွဲခြင်း စွမ်းအားများနှင့် ရင်ဆိုင်ရပါက မည်ကဲ့သို့ လွတ်မြောက်နိုင်မည်နည်း။
ဤသို့ဆိုလျှင် ဝိညာဥ်အင်အားမှာ ဘာအသုံးကျသနည်း ဟု မေးစရာ ရှိပေသည်။ အရိုးရှင်းဆုံး ဖြေရလျှင် အလွန် အသုံးကျပေသည်။ ဝိညာဥ်အင်အားမှာ အစီအရင်များ၊ ဝင်္ကပါများကို ထိန်းချုပ်ရာ၌ အလွန် အသုံးကျသည်။ အဂ္ဂိရတ် ထုတ်ကုန်များ ဖော်စပ်ခြင်း၊ အဆောင်များ ဖန်တီးခြင်းတို့တွင် အလွန် အလွန် အသုံးကျသည်။ ပုံရိပ်ယောင် မျက်လုံးနှင့် ဝိညာဥ်ကျိန်စာတို့ ကဲ့သို့ စိတ်စွမ်းအင်ဆိုင်ရာ ကျင့်စဥ်များ ဖော်ထုတ်ရာတွင် အလွန် အသုံးကျပေသည်။
သို့သော်လည်း ကျင့်ကြံခြင်း၏ ကဏ္ဍတစ်ခုတည်းဖြင့် ကိုယ့်ကိုယ်ကို ပြိုင်ဘက်ကင်းနေပြီ ဟု ယူဆပါက ထိုသူမှာ ရူးနေ၍သာ ဖြစ်ပေလိမ့်မည်။ သန်းထောင်နှင့်ချီသည့် ပုရွက်ဆိတ်များမှာ ဆင်ကြီး တစ်ကောင်လုံးကိုပင် အရိုးရော အသားပါ မကျန်အောင် စက္ကန့်ပိုင်းအတွင်း စားသုံးခဲ့ဖူးသည့် သာဓကများ ရှိသည် မဟုတ်ပါလား။
သို့သော်လည်း ဝေ့ဝူယင်၏ အတွေးနှင့် ခံယူချက်များက မရေမတွက်နိုင်သည့် လူများ၏ အထင်ကြီးမှုနှင့် အံ့သြမှုတို့ကို ပျောက်ကွယ်သွားအောင် စွမ်းဆောင်နိုင်စွမ်း မရှိပါချေ။ အစစ်အမှန် ပျက်သုဥ်းခြင်း တစ်ခုလုံးမှာ ပဲ့တင်ထပ်သည့် အာမေဋိတ်သံ၊ ဆွေးနွေးသံများနှင့် ပြည့်နှက်နေ၏။
အချို့ လူများမှာ အစပိုင်းတွင် ဝေ့ဝူယင် လိမ်ညာသလော သို့မဟုတ် မှန်တွင် တစ်ခုခု ချို့ယွင်းနေသလော... သို့လောသို့လော ဖြစ်နေကြသေးသော်လည်း ဒုတိယမြောက် အမှတ်အသားကို ထွက်ပေါ်လာပြီး နောက်တွင်တော့ သံသယ အားလုံးကို လွှတ်ချလိုက်ကြသည်။ ဆန်းကြယ် အရှင် ကိုယ်တိုင်က ထိုလူငယ်ကို လက်ခံလေရာ မှားယွင်းစရာ အကြောင်း မရှိတော့ချေ။
“ဝိညာဥ်အမှတ် ၃၉၉၀၀... တော်ဝင် ရွေးချယ်ခံ လူငယ်လေး... ဆန်းကြယ်အရှင်က သင့်ကို နောက်တစ်ဆင့်ကို ဝင်ရောက်ဖို့ ခွင့်ပြုလိုက်ပါပြီ”
သီလရှင်က ပင့်သက် တစ်ချက် ရှိုက်လိုက်၏။ ထို့နောက် သူမက နောက်ဆုံး ကျန်ခဲ့သည့် တော်ဝင် ရွေးချယ်ခံ သုံးယောက်မှာ နောက်ဆုံးနှင့် အခက်ခဲဆုံး စမ်းသပ်မှု ဖြစ်သည့် တိုက်ခိုက်ရေး စွမ်းအား စမ်းသပ်မှုကို ဆက်လက် ရင်ဆိုင်ရမည် ဖြစ်ကြောင်း ကြေညာလိုက်သည်။
ပထမ စမ်းသပ်မှု နှစ်ခု ဖြစ်သည့် တော်ဝင် ပါရမီ စမ်းသပ်မှု၊ ဝိညာဥ်အင်အား စမ်းသပ်မှုတို့နှင့် လုံးဝ ခြားနားစွာပင် တိုက်ခိုက်ရေး စွမ်းအား စမ်းသပ်မှုမှာ သေခြင်းရှင်ခြင်း မျဥ်းပေါ်တွင် လျှောက်လှမ်းရမည့် စမ်းစပ်မှုမျိုး ဖြစ်သည်။ ထိုစမ်းသပ်မှုကို ဖြတ်ကျော်ရန် အတွက် ကျင့်ကြံသူမှာ ဘုရားကျောင်းမှ ရွေးချယ်ထားသည့် အဆင့်ကြီး သုံးဆင့် ပိုမြင့်သည့် ကျင့်ကြံသူ တစ်ယောက်ကို အနိုင်ယူရန် လိုအပ်သည်။
ဝေ့ဝူယင်နှင့် မိန်းမငယ်လေးတို့ နှစ်ယောက်မှာ အာကာသ ပဲ့တင်သံ အဆင့် ဖြစ်လေရာ လောကသခင် တစ်ပါးကို ရင်ဆိုင်ရမည် ဖြစ်သည်။ ပြိုင်ပွဲ၏ ဖျက်မြင်း အဖြစ် ယူဆခံထားရသည့် လူငယ်လေးကတော့ ကြယ်တာရာ အမြုတေ အဆင့်ခြောက် မြေဆွဲအား လွတ်မြောက်ခြင်း အဆင့် တစ်ယောက်ကို ရင်ဆိုင်ရမည် ဖြစ်သည်။
ထို့အပြင်... တိုက်ပွဲစတင်သည်နှင့် အရှုံးပေးခွင့် လက်နက်ချခွင့် မရှိချေ။ ရန်သူများမှာလည်း ဘယ်တော့မှ လက်နက်ချလိမ့်မည် မဟုတ်ချေ။ ယင်းက သေခြင်းရှင်ခြင်း တိုက်ပွဲ ဖြစ်ကာ ရန်သူဖြစ်သူ အသက်မဲ့စွာ လဲလျောင်းသွားမှသာ တိုက်ပွဲကို ရပ်ဆိုင်းခွင့် ရှိပေသည်။
အစစ်အမှန် ပျက်သုဥ်းခြင်း၏ အဖွဲ့ဝင်များမှာ ထိပ်သီး ပါရမီရှင် ဆိုပြီး အလျှော့ပေးလိမ့်မည် မဟုတ်သလို သူတို့ အသက်များနှင့် ရင်း၍လည်း ကြင်နာသနား ကြလိမ့်မည် မဟုတ်ချေ။ ထို့အပြင် သူတို့က ကိုယ်ပိုင် ခွန်အား သီးသန့် တစ်ခုတည်းဖြင့် ရင်ဆိုင်ကြလိမ့်မည် မဟုတ်ပဲ သူတို့ တစ်သက်တာ စုဆောင်းထားသည့် အစီအရင်များ၊ ကျင့်စဥ်များ၊ လက်နက်များ၊ ဝှက်ဖဲများကိုပါ ထုတ်ကာ အသုံးပြုကြလိမ့်မည် ဖြစ်သည်။ ဘာကိုမှ ထိန်ချန်ကြလိမ့်မည် မဟုတ်ချေ။
အတိတ်၌ အစွန်းလေးဖက် ကုန်းမြေတိုက်ကြီး၏ များစွာသော ပါရမီရှင်များမှာ ထိုစမ်းသပ်မှုကို ဖြတ်ကျော်ရင်း အသက် ဆုံးရှုံးခဲ့ရဖူးပေသည်။
ဝေ့ဝူယင်မှာ မျက်မှောင်ကြုတ်နေကာ မိန်းမငယ်လေးကတော့ သုန်မှုန်နေ၏။ သူမမှာ အဆပေါင်းများစွာ အဆင့်အတန်း ပိုမို မြင့်မားသည့် ကြယ်တာရာ နယ်မြေတစ်ခုမှ လာရောက်ခဲ့သည့် လူတစ်ယောက် ဖြစ်သည့်တိုင် ထိုစမ်းသပ်မှု၏ အခက်အခဲများကို နားလည်ပေသည်။ လူအုပ်ကြားတွင် လူအိုကြီး ရှိနေသဖြင့် အသက် ဆုံးရှုံးမည်ကို မထိတ်လန့်သည့်တိုင် ထိုအရာက သူမ တစ်ခါမှ ရင်မဆိုင်ခဲ့ဖူးသည့် ဖိအားကြီး ဖြစ်ပေသည်။
မည်မျှပင် ကျင့်ကြံခြင်း အခြေခံ ခိုင်မာပြီး ကြွယ်ဝသည့် အမွေအနှစ်များကို ပိုင်ဆိုင် ထားစေကာမူ ကျင့်ကြံခြင်း အဆင့် သုံးဆင့် အကြားရှိ ကွာခြားမှုက ဘယ်လိုမှ လျှော့တွက်၍ မရနိုင်သော အရာ ဖြစ်သည်။
“စိတ်လှုပ်ရှားနေတလား..”
ဝေ့ဝူယင် အနည်းငယ် ပြုံးရင်း မိန်းမငယ်လေး၏ အနားကို ခပ်ဖြည်းဖြည်းချင်း လျှောက်လာခဲ့၏။ သူမနှင့် ပေအနည်းခန့် အကွာသို့ အရောက်၌ မွေးပျံ့သည့် ကိုယ်သင်းရနံ့ တစ်ခုက သူ့ နှာသီးဝထံ တိုးဝင်လာသည်။ ဝေ့ဝူယင်၏ မျက်လုံးများက မသိမသာ အရောင် ပြောင်းလဲသွား၏။ ထိုမျှ မွှေးပျံ့သည့် ရနံ့မျိုးကို သူ ယခုမှ ပထမဆုံး အကြိမ် တွေ့ကြုံဖူးခြင်း ဖြစ်သည်။
ကြည့်ရသည်က မိန်းကလေးမှာ ကိုယ်လိမ်းဆေးရည် တစ်မျိုးကို လိမ်းကြံထားခြင်း ဖြစ်ရမည်။ သူ့ ခန့်မှန်းချက်သာ မမှားလျှင် ထိုဆေးရည်က အလွန် စျေးကြီးကာ ခန့်မှန်းချေအားဖြင့် အဆင့်ရှစ် အထွတ်အထိပ် အဆင့် အဂ္ဂိရတ် ဆေးတစ်လုံးလောက်ပင် ထိုက်တန်ပေလိမ့်မည်။ ထိုဆေးရည် ဖော်စပ်သည့် ဖော်မြူလာကို ဝေ့ဝူယင် စိတ်ဝင်စားသွားမိ၏။
ဝေ့ဝူယင် မိန်းမငယ်လေး၏ ကိုယ်လိမ်းဆေးရည်ကို အံ့အားသင့်နေချိန်တွင် မိန်းမငယ်လေးမှာလည်း ဝေ့ဝူယင်၏ ချည်းကပ်လာမှုနှင့် ရင်းနှီး ဖော်ရွေသည့် သဘောထားတို့ကြောင့် အနည်းငယ် အံ့အားသင့်နေခဲ့၏။ သူမက ဝေ့ဝူယင်ကို လှည့်ကြည့်ရင်း ခေါင်းကို ညိတ်ပြလိုက်သည်။
“လောကသခင် တစ်ပါးကို ရင်ဆိုင်ရမှာ မင်း အဆင်ပြေပါ့ မလား...”
ဝေ့ဝူယင်က သူမ၏ မျက်လုံးလေးများကို စိုက်ကြည့်ရင်း မေးလိုက်သည်။ စိုးရိမ်စိတ် အချို့က သူ့အသံနှင့် ငွေရောင် မျက်ဝန်းတို့တွင် ရစ်သိုင်းနေ၏။ သို့သော်လည်း... ယခု သူ စိုးရိမ်နေသည့် အရာက သူမ၏ လုံခြုံရေး မဟုတ်ပါချေ။ လူအိုကြီး နောက်ကွယ်မှ တစ်နည်းနည်းဖြင့် ဝင်ရောက် ကူညီမှာ၊ သူ့အစီအစဥ်များအား ပြောင်းလဲပစ်မှာကိုပင် ဖြစ်သည်။
မိန်းမငယ်လေးမှာ ဝေ့ဝူယင်၏ အသံထဲမှ စိုးရိမ်စိတ် အငွေ့အသက်များကို ခံစားလိုက်မိရာ မျက်လုံးပင့်ကာ ကြည့်လိုက်မိသည်။ ဝေ့ဝူယင်မှာ အလွန် ခန့်ညား ချောမောကာ မယုံကြည်နိုင်စရာ ဝိညာဥ်ခွန်အားကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ထို့အပြင် သူက အလွန် ငယ်ရွယ်ကာ ပါရမီလည်း မြင့်မားလွန်းလှသည်။
“နေဦး... ငါ ဘာတွေ လျှောက်တွေးနေတာလဲ”
ရှုပ်ယှက်ခတ်နေသည့် တဒင်္ဂ နစ်မြောမှု အပြီးတွင် မိန်းမငယ်လေးမှာ အတွေးရထားကို တိခနဲ ရပ်တန့်ပစ်လိုက်၏။
ဟုတ်သည်လော...။ ထိုလူငယ် ပြီးပြည့်စုံနေတော့ရော ဘာဆန်းလို့နည်း။ သူမအား လိုက်လံ ပိုးသည့် လူများထဲတွင် အမြင့်မားဆုံး နောက်ခံနှင့် ထိပ်ဆုံးဆိုသည့် ပါရမီရှင်များ တန်းစီနေသည်။ တစ်ကွက် နှစ်ကွက်လောက်ဖြင့် ဘယ်နေရာကလာမှန်း မသိသည့် လူငယ် တစ်ယောက်ကို ကြွေကျသွားရလောက်အောင် သူမက ထိုမျှ ပေါပေါပဲပဲ မဟုတ်ပါချေ။
မိန်းမငယ်လေးက မျက်လုံးကို ပင့်တင်လိုက်ရင်း ဝေ့ဝူယင်ထံ ဝိညာဥ်အာရုံဖြင့် ဆက်သွယ်လိုက်၏။
“ကျင့်ကြံခြင်း အဆင့် သုံးဆင့်ကို ကျော်ပြီး တိုက်ခိုက်ရတာက အမြဲတမ်း ခက်ခဲတာထက် ပိုတယ်... ဒီလောကနယ်မြေမှာ ရှိတဲ့ ကျင့်ကြံသူက တတိယ တန်းစားတွေချည်းပဲ ဆိုပေမဲ့ ခက်ခဲမှုကတော့ နည်းနည်းမှ လျော့သွားမှာ မဟုတ်ဘူး”
“တတိယတန်းစား ကျင့်ကြံသူ...”
ထိုအသုံးအနှုန်းက ဝေ့ဝူယင်၏ မျက်လုံးများကို အရောင်ပြောင်းလဲသွားစေ၏။ ဤနေရာရှိ ကျင့်ကြံသူများက တတိယ တန်းစား ဆိုလျှင် သုံးလွှာ ကြွယ်တာရာ နယ်မြေသားများကိုရော မည်ကဲ့သို့ သတ်မှတ်မည်နည်း။ စတုတ္ထ တန်းစားလော သို့မဟုတ် ပဥ္စမတန်းစားလော။
ဝေ့ဝူယင် ဖြူရော်စွာ ပြုံးလိုက်ရင်း အမျိုးမျိုးသော လက်ဟန် ချိပ်စည်းများကို ဖော်ထုတ်နေသည့် စီတကို လှမ်းကြည့် လိုက်၏။ ထိုအခိုက်၌ သူမက ဟင်းလင်းပြင်ကို ဖြတ်သန်း၍ စိတ်စွမ်းအင်များ ပို့လွှတ်နေကာ ကောင်းကင်ရှိ လျှို့ဝှက် ဝင်္ကပါ တစ်ခုနှင့် အပြန်အလှန် ချိတ်ဆက်နေပုံ ပေါ်သည်။
ထိုအချင်းအရာကို ကြည့်ရင်း ဝေ့ဝူယင်၏ ကောင်းကင်ဘုံ နတ်မျက်လုံးများမှာ တောက်ပ အသက်ဝင် သွားလေ၏။
“သရဲအိုကြီးက ဒီရွေးချယ်ပွဲကို စောင့်ကြည့်နေတာပဲ...”
ထိုအရာက အနန္တ တာအို နန်းတော်အားလုံးကို ထိန်းချုပ်နေသည့် လူအိုကြီး ဝမ်ယုထျန်း၏ အရောင်အဝါ ဖြစ်သည်။ မမှားနိုင်ချေ။ ရုတ်တရက် ဝေ့ဝူယင် တစ်စုံတစ်ရာကို သတိရသွား၏။ သူ၏ မျက်လုံးများက မိန်းမငယ်လေး၊ အိချွဲယုနှင့် အခြား ရွေးချယ်ခံ ရှစ်ယောက်ထံ ရွေ့လျားသွားကာ ကျဥ်းမြောင်း သွားသည်။
“သရဲအိုကြီးပြောတော့ ကမ္ဘာဦး အမတေ မရှိပဲ မူလဒြပ်စင် ရည်ရွယ်ချက်ကို ဖွဲ့စည်းဖို့ မဖြစ်နိုင်ဘူးဆို... ခုကျ ဘာလို့ ဒီလောက်တောင် မူလ ဒြပ်စင် ရည်ရွယ်ချက် ပိုင်ရှင်တွေ များနေကြတာလဲ... နောက်ပြီး သူတို့က ဘာကြောင့် ဒြပ်စင် တိုကင် တစ်ခုရဖို့ အသည်းအသန် တိုက်ခိုက်နေရတာလဲ”
မေးခွန်းများက ဝေ့ဝူယင်၏ ခေါင်းအတွင်း စုပြုံ တိုးဝင်လာ၏။ ကမ္ဘာဦး အမတေ ဆိုသည့် ရင်းမြစ် မပါပဲ မူလဒြပ်စင် ရည်ရွယ်ချက်ကို ဖွဲ့စည်းရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း ဝမ်ယုထျန်းက သူ့ကို ပြောခဲ့ဖူးသည်။ ဝေ့ဝူယင်မှာ ချွင်းချက် ဖြစ်ကာ သေမျိုး ကြယ်တာရာ ဝင်္ကပါ ကပ်ဘေးထံမှ မူလဒြပ်စင် ရည်ရွယ်ချက် အတွက် ပြီးပြည့်စုံသည့် အသေးစိတ် အချက်အလက်များကို ရရှိခဲ့သည်။ သရဲအိုကြီး၏ အဆိုအရဆိုလျှင် ကမ္ဘာဦး အမတေကို ထိန်းသိမ်းထားသည့် ဒြပ်စင်တိုကင် တစ်ခု လိုအပ်သည်။ ထို့အပြင် ဒြပ်စင်တိုကင်မှာ ကမ္ဘာပေါ်တွင် စုစုပေါင်း ကိုးခုသာ ရှိသည်ဟု ဆိုသည်။ ထိုအထဲမှ သုံးခုက လင်းမင်ထံတွင် ဖြစ်သည်။
သို့သော်လည်း ယခုတွင်တော့ မူလဒြပ်စင် ရည်ရွယ်ချက် ပိုင်ရှင် ဆယ်ယောက် အထိ ရှိနေခဲ့ပြီ ဖြစ်သည်။ မိန်းမငယ်လေးမှာ သူမ၏ ဒဏ္ဍာရီဆန်သည့် နောက်ခံကြောင့် ကမ္ဘာဦး အမတေကို သူ့နည်းသူ့ဟန်ဖြင့် ရရှိနိုင်သည် ထားဦး။ အခြားလူများမှာ လုံးဝ မရနိုင်ချေ။
“အဲဒါကို ဘယ်လိုလုပ်ပြီး အခုမှ သတိထားမိရတာလဲ”
ဝေ့ဝူယင်၏ မျက်လုံးများက သာ၍ပင် ကျဥ်းမြောင်းသွားလေတော့၏။
***