တိုက်ခိုက်ရေး စမ်းသပ်မှု
Vol. 32 Ch. 440
မေးခွန်းများက ဝေ့ဝူယင်၏ စိတ်အတွင်း ဗိုင်းရပ်စ်ပိုး တစ်ခုလို ကူးစက် ပျံ့နှံ့သွားကာ စိတ်စွမ်းအင်ကို အရှိန်အဟုန်နှင့် စားသုံးတော့၏။
ထိုတော်ဝင် ရွေးချယ်ခံများမှာ မည်ကဲ့သို့ ဖြစ်လာကြသနည်း။ သရဲအိုကြီးမှာ ယခုပင်လျှင် ပြိုင်ပွဲကို စောင့်ကြည့်နေခဲ့ရာ လွန်ခဲ့သည့် နှစ်ပေါင်း ထောင်ချီအတွင်းက ပြိုင်ပွဲများကိုလည်း တွေ့မြင်ခဲ့မှာ သေချာပေသည်။ သို့ဖြစ်လေရာ များပြားလှသည့် မူလဒြပ်စင် ရည်ရွယ်ချက် ပိုင်ရှင်များကို သူ မတွေ့စရာ အကြောင်း မရှိချေ။
ဝေ့ဝူယင် မိန်းမငယ်လေး အပါအဝင် အခြား ပြိုင်ပွဲဝင်များကို နောက်တစ်ကြိမ် သေသေချာချာ အကဲခတ်လိုက်၏။ မမှားနိုင်ချေ။ သူတို့ အားလုံး ပိုင်ဆိုင်ထားသည့် မူလ ဒြပ်စင် ရည်ရွယ်ချက်များမှာ အစစ်အမှန်များပင်။ အတုအယောင် တစ်ခုတစ်လေမှ မပါဝင်ချေ။ လုပ်ဆောင်ချက်နှင့် စွမ်းရည်ပိုင်းတွင် ကွာခြားချက် သိသိသာသာ မရှိသည့် အပြင် အငွေ့အသက်ကလည်း သူ သိထားသည့် အတိုင်း အတိအကျပင်။
“ ... “
ဝေ့ဝူယင် ငြိမ်သက်စွာ တွေးတောရင်း သီလရှင် စီတ ကောင်းကင်နှင့် ဆက်သွယ်ပြီးစီးမည့် အချိန်ကို စောင့်နေလိုက်၏။ သိပ်မကြာခင်မှာပင် မိုးခြိမ်းသံများ ထွက်ပေါ်လာကာ ကောင်းကင်မှာ ကြောက်မက်ဖွယ် ကောင်းအောင် မှောင်မည်းလာသည်။ မြေကြီးမှာ ငလျင်လှုပ်ခတ်သည့် အလား စတင် တုန်ရီလာ၏။ အောက်ရှိ မရေမတွက်နိုင်သည့် ပရိသတ်များမှာ ကြောက်လန့်မည့် အစား စတင် စိတ်လှုပ်ရှားလာကာ သွေးများ ပွက်ပွက်ဆူ လာကြတော့၏။
ဝေ့ဝူယင် အပေါ်သို့ မော့ကြည့်လိုက်စဥ်မှာပင် ကောင်းကင်မှာ စတင် နှစ်ပိုင်းကွဲလာ၏။ ထိုမျဥ်းကြောင်းမှ နေ၍ ရောင်စုံအလင်းများက စတင် ဖြာကျလာကာ လောကကြီးကို နွေးထွေးမှုများနှင့် လွှမ်းခြုံလာ၏။ အစစ်အမှန် ပျက်သုဥ်းခြင်း နယ်မြေသားများမှာ ကောင်းကင်ကို မော့ကြည့်ကာ လက်အုပ်များကို ချီရင်း ဆုတောင်း လိုက်ကြသည်။
ထို့နောက်တွင် ကောင်းကင် အက်ကွဲကြောင်းမှ နွေးထွေးသော အလင်းနှင့် အတူ စင်မြင့်တစ်ခုမှာ မြေပြင်ကို ပြုတ်ကျလာ၏။ ထိုစင်မြင့်က အလွန်အမင်း ကြီးမားလှကာ အစစ်အမှန် ပျက်သုဥ်းခြင်း တစ်ဝက်ခန့်ကိုပင် ဖုံးလွှမ်း သွား၏။ အောက်ခြေကို မြင်ရုံဖြင့်ပင် ထိုစင်မြင့်မှာ တိုက်ခိုက်ရေး စင်မြင့်တစ်ခု ဖြစ်ကြောင်း ဝေ့ဝူယင် တန်းကာ သိရှိလိုက်သည်။ သေမျိုး အကန့်အသတ်ထက် ကျော်လွန်နေဟန် ရသည့် ဝင်္ကပါများနှင့် လွှမ်းခြုံထားဟန်ရသည့်တိုင် ထိုအရာကြီးမှာ သူ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် တွေ့မြင့်ခဲ့ဖူးသည့် တိုက်ခိုက်ရေး စင်မြင့်များနှင့် ပုံသဏ္ဌာန်ချင်း၊ တည်ဆောက်ပုံချင်း ဆင်တူပေသည်။
“ဆန်းကြယ် တိုက်ခိုက်ရေး စင်မြင့် ဆင်းသက်လာပြီ... ဆန်းကြယ် အရှင် တစီဟာ မင်းတို့ တော်ဝင် ရွေးချယ်ခံတွေရဲ့ သတ္တိကို လေ့လာလိမ့်မယ်... သူက မင်းတို့ ထိုက်တန်ကြောင်း သက်သေပြဖို့ မျှော်လင့် စောင့်စားနေတယ်”
စီတ စိတ်အား ထက်သန်စွာဖြင့် ကြေညာလိုက်စဥ်မှာပင် တောက်ပသော အလင်းများမှာ စင်မြင့်၏ အောက်ခြေမှ ထွက်ပေါ်လာကာ ဆလင်ဒါပုံသဏ္ဍာန်ဖြင့် ချောမောသည့် လူငယ်လေး၏ ခန္ဓာကိုယ်ကို ဝန်းရံသွား၏။ ထို့နောက် တစ်စုံတစ်ရာကို စောင့်ဆိုင်းနေသည့် အလား တုန်ခါမှု လှိုင်းများမှာ စင်မြင့်ထက်မှ ထွက်ပေါ်လာသည်။
“တော်ဝင် ရွေးချယ်ခံ... ဆန်းကြယ် စင်မြင့်ဟာ မင်းကို ပထမဆုံး တိုက်ပွဲဝင်ဖို့ ရွေးချယ်လိုက်ပြီ... ကိုယ့်ကိုယ်ကို ထိုက်တန်ကြောင်း သက်သေပြဖို့ အတွက် မင်း တိုက်ခိုက်မှာလား... ဒါမှမဟုတ် နှုတ်ထွက်မှာလား”
စီတက နူးညံ့စွာဖြင့် လူငယ်လေးကို ကြည့်ရင်း မေးလိုက်သည်။ ဖိအားများမှာ လူငယ်၏ ပခုံးထက်ကို တောင်တစ်လုံး အလား ပိကျလာ၏။ ဤသည်က သူ၏ နောက်ဆုံး အခွင့်အရေး ဖြစ်သည်။ အကယ်၍ နှုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ပါက သူ တစ်သက်လုံး ကြိုးစားလာခဲ့သမျှက အလဟသတ် ဖြစ်သွားလိမ့်မည် ဖြစ်သည်။
သို့သော်လည်း... ဤသည်က သေခြင်းရှင်ခြင်း တိုက်ပွဲ ဖြစ်သည်။ သူတို့နှစ်ယောက်ထဲမှ တစ်ယောက်သာ အသက်ရှင် နိုင်ပေလိမ့်မည်။ ဝိညာဥ်ဆင်းတု တစ်ယောက် အနေဖြင့် ဝတ်လုံဝတ်များထက်မှ သူ့ထက် ကျင့်ကြံခြင်း အဆင့် သုံးဆင့် ပိုမြင့်မားသည့် ပုဂ္ဂိုလ် တစ်ယောက်နှင့် သူ ရင်ဆိုင်ရလိမ့်မည် ဖြစ်သည်။ အကယ်၍ လောကသခင်နှင့် ရင်ဆိုင်ရမည် ဆိုပါက သူ တစ်ချက်ပင် မစဥ်းစားပဲ နှုတ်ထွက်ပေလိမ့်မည်။ သို့သော်လည်း သူ၏ ရန်သူက မြေဆွဲအား လွတ်မြောက်ခြင်း အဆင့် တစ်ယောက်သာ ဖြစ်လေရာ ဘာပဲဖြစ်ဖြစ် သူ့ထံတွင် ယုံကြည်ချက် ရှိပေသည်။
ယောက်ျား တစ်ယောက် အနေဖြင့် သေရလျှင်ရော ဘာအရေးနည်း။ ရှင်သန်နေတုန်း ဘဝမှာတော့ သူ ရွှေထီးကို ဆောင်းလိုသည်။ သူ ခြေနှစ်လှမ်း လှမ်းပြီး ဖြစ်သည်။ နောက်တစ်လှမ်း လှမ်းရန်သာ သူ့ထံတွင် ကျန်ရှိပေတော့သည်။ ထိုခြေတစ်လှမ်းကို လှမ်းနိုင်သည်နှင့် သူ တော်ဝင် သားတော် ဖြစ်လာလိမ့်မည် ဖြစ်သည်။ အဆုံးမဲ့သော အာဏာနှင့် ဂုဏ်သရေတို့ကို ဆုပ်ကိုင်နိုင်လိမ့်မည် ဖြစ်သည်။ ဆုံးဖြတ်ချက် ချပြီးဟန်နှင့် လူငယ်လေးက လက်သီးကို တင်းတင်းဆုပ်လိုက်၏။
“ဆန်းကြယ်အရှင်ရဲ့ နောက်ဆုံး စမ်းသပ်မှုကို ကျုပ်လက်ခံတယ်”
ထိုစကားလုံးများ ထွက်ပေါ်လာသည်နှင့် လူအုပ်မှာ အုန်းခနဲ ဖြစ်သွား၏။ သူတို့က ပွက်ပွက်ဆူသော သွေးများဖြင့် လက်သီးလက်မောင်းတန်းကာ လူငယ်လေးကို အော်ဟစ် အားပေးလိုက်ကြသည်။ သူတို့အား ကြည့်ရသည်က အလွန် ပြင်းထန်သော ခံစားချက်များ၏ ချည်နှောင်မှုကို ခံထားရကာ အသိစိတ်ပင် ကင်းလွတ် နေကြဟန် ရလေသည်။
ဝမ်...
အလင်းတန်းများမှာ စင်မြင့် အောက်ခြေမှ နောက်တစ်ကြိမ် ထွက်ပေါ်လာကာ ဝတ်လုံဝတ် ပုဂ္ဂိုလ်များထဲမှ တစ်ယောက်ကို ရွေးချယ်ကာ ဝန်းရံသွား၏။ ထိုပုဂ္ဂိုလ်မှာ ရွေးချယ်ခံရမှု အပေါ် အလွန် စိတ်လှုပ်ရှားသွားဟန် ရကာ ကောင်းကင်ကို မော့ကြည့်၍ လက်နှစ်ဖက်ကို ဆန့်တန်းကာ ပူဇော် သက္ကာရ ပြုလိုက်သည်။
ဝှစ်...
ထို့နောက် သူတို့ နှစ်ယောက် ပျောက်ကွယ်သွား၏။ စင်မြင့်မှာ စတင် တောက်ပလာကာ အမျိုးမျိုးသော အလင်းများ အပေါ်သို့ ထိုးတက်သွားသည်။ ထိုအလင်းတို့က ကောင်းကင်နှင့် ပေါင်းစပ်ကာ ရောင်ပြန် ပုံရိပ်များ အဖြစ် ပြောင်းလဲ၍ အစစ်အမှန် ပျက်သုဥ်းခြင်း တစ်ခုလုံးကို ထောင့်ပေါင်းစုံမှ ပြသလေတော့၏။
တိုက်ခိုက်မည့် ပုဂ္ဂိုလ်နှစ်ယောက်၏ ပုံရိပ်များမှာလည်း ကောင်းကင်ထက်တွင် ပေါ်နေကာ ဝတ်လုံဝတ် ပုဂ္ဂိုလ်က သူ့ ခေါင်းစွပ်ကို ချွတ်လိုက်၏။ ၎င်းက အယ်ဗန် မျိုးနွယ်ဝင် အမျိုးသမီး တစ်ယောက်ပင် ဖြစ်ပြီး အသက်လတ် အရွယ်လောက် ရှိပေမည်။ သူမက ချောမောကာ နက်မှောင်သည့် ဆံပင်တိုများနှင့် အညိုရောင် မျက်လုံးတို့ကို ပိုင်ဆိုင်ထားပေသည်။
ချွန်ထက်သည့် နားရွက်များကို ကြည့်ရင်း မဟာ ဘုရင်များမှာ စိုးရိမ်သွားကာ လူငယ်လေးထံ ဝိညာဥ်အာရုံဖြင့် သတိစကားများ ပေးပို့လိုက်၏။ ထိုအယ်ဗန်မျိုးနွယ်မှာ လူသား တစ်ယောက် တော်ဝင် ကလေးငယ် ဖြစ်မလာစေရေး အတွက် အစွမ်းကုန် တိုက်ခိုက်မည်မှာ သေချာသည်။ သို့သော်လည်း ဤသည်က ဆန်းကြယ်အရှင် တစီ ကိုယ်တိုင် ရွေးချယ်ထားသော ပြိုင်ဘက် ဖြစ်ရာ သူတို့ လုပ်နိုင်သည့် အရာ များများစားစား မရှိချေ။ ပြိုင်ပွဲကို ဝင်ရောက် စွက်ဖက်၍လည်း ရလိမ့်မည် မဟုတ်ချေ။
အယ်ဗန်မျိုးနွယ်က မတုန့်မဆိုင်းပင် အရှည် နှစ်မီတာ နီးနီး ရှိမည့် ထက်ရှသည့် ဆေဘာဓား တစ်စင်းကို ထုတ်ယူလိုက်၏။ လခြမ်းကွေး သဏ္ဍာန် ဓားသွားနှင့် ထက်မြိသည့် အဖျားထိပ်တို့တွင် ရစ်သိုင်းကာ တောက်ပသည့် ဆေဘာ ရည်ရွယ်ချက်ကို ကြည့်ရင်း ဝေ့ဝူယင်၏ မျက်လုံးများက ထက်ရှသွားသည်။ ထိုအရာက ပျက်သုဥ်းခြင်း နယ်မြေကို ရောက်ရှိပြီးနောက်တွင် ဆေဘာရည်ရွယ်ချက် မွေးဖွားထားနိုင်သည့် ပုဂ္ဂိုလ် တစ်ယောက်ကို ပထမဆုံး အကြိမ် မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။
လူငယ်လေးကလည်း တိုက်ခိုက်ရန် အဆင်သင့် အနေအထားသို့ ပြင်လိုက်ရင်း မူလဒြပ်စင် ရည်ရွယ်ချက်တို့ စီးဆင်း တောက်ပနေသည့် ရုပ်တု တစ်ခုကို ထုတ်ယူလိုက်သည်။ သူက ၎င်းကို တင်းတင်းကြပ်ကြပ်ပင် ဆုပ်ကိုင်ကာ အယ်ဗန်မျိုးနွယ်ကို မျက်ခြေမပြတ် စောင့်ကြည့်နေ၏။
ထိုရုပ်တုမှာ အဆင့်မြင့် ကြယ်တာရာ လက်နက် တစ်မျိုး ဖြစ်ကြောင်း ဝေ့ဝူယင် ချက်ချင်းပင် သဘောပေါက် လိုက်သည်။ ပြိုင်ပွဲဝင် နှစ်ယောက် တိုက်ခိုက်ရန် အဆင်သင့် ဖြစ်သည်နှင့် ပြိုင်ပွဲစတင်ရန် သတ်မှတ်ချိန် စက္ကန့်ခြောက်ဆယ်မှာ စတင်ခဲ့ပြီ ဖြစ်သည်။
ဝေ့ဝူယင်က သီလရှင် ဘက်သို့ လှည့်ကာ တိုက်ရိုက်ပင် မေးခွန်း အနည်းငယ်ကို မေးမြန်းလိုက်၏။
“တကယ်လို့ သူက စမ်းသပ်မှုကို အောင်မြင်သွားရင် ဘာဖြစ်မှာလဲ... ကျုပ်တို့ နှစ်ယောက် အခွင့်အရေး ရဦးမှာလား”
“ ... “
ဝတ်လုံဝတ် ပုဂ္ဂိုလ်ကြီးများမှာ ကြံကြံဖန်ဖန် တွေးတတ်ရန်ကော ဟူကြည့် အကြည့်မျိုးဖြင့် ဝေ့ဝူယင်ကို လှည့်ကြည့်လိုက်ကြ၏။
သို့သော်လည်း ဝေ့ဝူယင် နည်းတူပင် မိန်းမငယ်လေးမှာလည်း ထိုအချက်ကို စိတ်ဝင်စားနေခဲ့သည်။ အကယ်၍ လူငယ်လေးမှာ မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်ကို အနိုင်တိုက်နိုင်ခဲ့လျှင် သူတို့က ဘာလုပ်ရမည်နည်း။ နောက်ဆုတ် လှည့်ပြန် ရတော့မည်လော။
သီလရှင် စီတက ညင်သာစွာပင် အဖြေပေးလိုက်၏။
“အခြား စမ်းသပ်မှု နှစ်ခုကိုပါ အခြေခံပြီး ဆန်းကြယ် အရှင်က ဘယ်သူ ပိုထိုက်တန်လဲ ဆုံးဖြတ်လိမ့်မယ်... တော်ဝင် ကလေးငယ် တစ်ယောက်ကပဲ ကောင်းကင် သင်္ကေတကို ပိုင်ဆိုင်နိုင်လိမ့်မယ်”
ဝေ့ဝူယင် ခေါင်းကို ညိတ်ရင်း ကောင်းကင်တွင် ပေါ်နေသည့် ကြည်လင် ရှင်းလင်းသော ပုံရိပ်များကို ပြန်လည် ကြည့်ရှုလိုက်သည်။ လူငယ်လေးမှာ ကြယ်တာရာ အင်အားကို အမြင့်ဆုံးထိ မြှင့်တင်ထားကာ မူလဒြပ်စင် ရည်ရွယ်ချက်ကို အကန့်အသတ်ထိ ရောက်အောင် မြှင့်တင်ထား၏။ တစ်ချိန်တည်း၌ အယ်ဗန်မျိုးနွယ်ကတော့ ငြိမ်သက်နေ၏။ သူမက ဆေဘာရည်ရွယ်ချက် ခပ်ဖျော့ဖျော့ လင်းလက်နေသည့် ဆေဘာကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း ပြိုင်ပွဲစတင်မည့် အချိန်ကိုသာ စောင့်ဆိုင်းနေလိုက်၏။
မိန်းမငယ်လေးမှာ မျက်မှောင်ကြုတ် နေ၏။ လွန်ခဲ့သည့် တစ်နှစ်ခန့် အတွင်း၌ သူနှင့် လူအိုကြီးတို့မှာ ရွေးချယ်ခံ ကိုးယောက်လုံးကို စောင့်ကြည့်နေခဲ့ကြပြီး ထိုအထဲတွင် ဤလူငယ်လေးမှာ တော်ဝင် သားတော် ဖြစ်လာရန် အရည်အချင်း အမြင့်မားဆုံး ဖြစ်သည်။ ပြောရလျှင် နောက်ကွယ်မှ နေ၍ သူ့ကို မသိသာပင် ထောက်ပံ့ပေးခဲ့သေးသည်။
လူငယ်လေးမှာ ဝိညာဥ်ဆင်းတု ကျင့်ကြံခြင်း အခြေခံကြောင့် မြေဆွဲအား လွတ်မြောက်ခြင်း အဆင့် တစ်ယောက်ကိုသာ ရင်ဆိုင်ရမည် ဖြစ်ရာ များစွာသော အခွင့်အရေးများ ရှိပေသည်။
ကျင့်ကြံခြင်း အဆင့် သုံးဆင့်စီ ကွာခြားတာခြင်း တူညီသည့်တိုင် “ဝိညာဥ် ဆင်းတု အဆင့်”ဖြင့် “မြေဆွဲအား လွတ်မြောက်ခြင်း” အဆင့်ကို ရင်ဆိုင်ရသည်က “အာကာသ ပဲ့တင်သံ အဆင့်” တစ်ယောက် “လောကသခင် တစ်ပါး”ကို ရင်ဆိုင်ရသည်ထက် အများကြီး ပိုမို လွယ်ကူပေသည်။ ကျင့်ကြံခြင်း အဆင့် ပိုမို မြင့်မားလာလေလေ ရင်ဆိုင်ရ ပိုခက်လာလေလေပင်။ လောကသခင် တစ်ပါးဆိုလျှင် သူ့ထက် အဆင့် သုံးဆင့်မြင့်သည့် “လျှို့ဝှက် အာဏာရှင်” အဆင့် ကျင့်ကြံသူ တစ်ယောက်၏ ရှေ့မှောက်၌ မတ်တပ်ရပ်ရန်ပင် အခွင့်အရေး ရှိလိမ့်မည် ဖြစ်သည်။
အကယ်၍ လူငယ်လေးသာ ဒြပ်စင်တိုကင်ကို ရရှိသွားပါက ပြန်လည် ရယူရန် အစီအစဥ်များ သူမထံတွင် ရှိပြီး ဖြစ်သည်။ ဖျက်မြင်း ဆိုသော နာမည်နှင့် ထိုက်တန်စွာပင် ဤတိုက်ပွဲတွင် အံ့အားသင့်ဖွယ် စွမ်းဆောင်ရည်များ ထွက်ပေါ်လာရန် သူမ မျှော်လင့်နေမိပေသည်။ သို့သော်လည်း...
နောက်ပြန် ရေတွက်မှု စက္ကန့်သုံးဆယ်သို့ အရောက်၌ ဝေ့ဝူယင်က ဖြည်းညင်းစွာ ခေါင်းခါလိုက်၏။ ထို့နောက် သူက သက်ပြင်းတစ်ချက်ချရင်း ရေရွတ်လိုက်သည်။
“သူ သေတော့မယ်”
မိန်းမငယ်လေးမှာ ထိုအသံကို ပီပီသသပင် ကြားလိုက်ရရာ မျက်မှောင်ကြုတ်၍ ဝေ့ဝူယင်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ထို့နောက် သူမက တိုက်ခိုက်ရန် အဆင့်သင့် ဖြစ်နေသည့် လူငယ်လေးကို ပြန်ကြည့်လိုက်၏။ ထိုလူငယ်လေးမှာ သူ့ထက် ကျင့်ကြံခြင်း အဆင့် နှစ်ဆင့်ခန့် ပိုမို မြင့်မားသူကိုပင် အနိုင်တိုက်ခိုက်နိုင်သူ ဖြစ်သည်။ ထို့အပြင် သူ ဆုပ်ကိုင်ထားသည့် ရုပ်တုမှာ အဆင့်မြင့် ကြယ်တာရာ လက်နက် တစ်ခု ဖြစ်ကာ သူမ၏ ရင်းမြစ်များဖြင့် စေ့စေ့စပ်စပ် သန့်စင်ထားခြင်း ဖြစ်သည်။ ထိုလက်နက်နှင့် ဆိုပါက မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်ကို ရင်ဆိုင်ရန် များစွာသော အားသာချက်များ ရှိပေသည်။
သီလရှင် စီတက စိတ်ဝင်စားသွား၏။ သူမက ဝေ့ဝူယင်ဘက်ကို လှည့်ရင်း ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။
“မင်း ဘာလို့ အဲဒီလို ပြောနိုင်တာလဲ”
ဝေ့ဝူယင်၏ စကားကို လျစ်လျူရန်မှာ ခက်ခဲလှသည်။ ထိုလူငယ်မှာ အစစ်အမှန် အသက် ဆယ်နှစ် မပြည့်သေးသည့်တိုင် ဝိညာဥ်အင်အား ၃၉၃၀၀ အထိ ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သူက ကြီးကျယ်ခမ်းနားမှုနှင့် သရဲသဘက် ဆန်မှုတို့၏ ပြရုဂ် ဖြစ်သည်။ အကယ်၍ ကြီးလေးသော တာဝန်နှင့် ဝတ္တရားများကြောင့်သာ မဟုတ်ပါက ဝေ့ဝူယင် အနားသို့ ပြေးကပ်ကာ မေးခွန်းများ ဗုံးကြဲပစ်မိလောက်ပြီး ဖြစ်သည်။
မဟာ ဘုရင်များနှင့် အယ်ဗန် ကလန် ခေါင်းဆောင်များမှာလည်း အလားတူပင် ဝေ့ဝူယင်ကို လှည့်ကြည့်လာကြ၏။ ချောမောလှသည့် ရုပ်ရည်နှင့် မွန်းစတား ဆန်လွန်းသည့် ပါရမီတို့ကို ပိုင်ဆိုင်ထားသည့် ထိုလူငယ်လေးမှာ မည်သူ မည်ဝါ ဖြစ်ကြောင်း အချက်အလက် အချို့ကို သူတို့ စုံစမ်းရန် ကြိုးစားလိုက်ကြသည်။
ဝေ့ဝူယင်က သီလရှင် စီတဘက်ကို လှည့်ကာ တည်ငြိမ်စွာပင် ပြုံးလိုက်သည်။ ထိုအခိုက်၌ ပြိုင်ပွဲစတင်ရန် သတ်မှတ်ချိန်ကား နောက်ဆုံး သုံးစက္ကန့်ကို ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ သူက အေးဆေးစွာပင် အဖြေပေးလိုက်၏။
“ဝိညာဥ်ဆင်းတုကို ဖော်ထုတ် မထားလို့...”
“ ... “
လူတိုင်း၏ အကြည့်များက ကောင်းကင်ရှိ ပုံရိပ်များထံ ပြန်လည် ရောက်ရှိသွား၏။ ဟုတ်သည်... လူငယ်လေးမှာ ဝိညာဥ်ဆင်းတုကို ထုတ်ဖော် မထားချေ။
အားလုံး၏ မျက်လုံးများက ကျဥ်းမြောင်းသွား၏။ ဝိညာဥ်ဆင်းတုများမှာ စွမ်းအင် ကုန်ခမ်းမှု များပြားလွန်းလှသည် ဆိုသော်လည်း ကျင့်ကြံသူ၏ ခွန်အားကို နောက်တစ်ဆင့် ခုန်တက်သွားအောင် မြှင့်တင်ပေးနိုင်စွမ်း ရှိကာ အစီအရင်နှင့် အကာအကွယ်များကို ကြောက်မက်ဖွယ် ကောင်းအောင် ပြုလုပ်ပေးနိုင်သည်။ ပြောရလျှင် ၎င်းက ကြယ်တာရာ အင်အားကိုပင် ချဲ့ထွင်ပေးနိုင်စွမ်း ရှိသည်။
လူငယ်လေးကို ကြည့်ရင်း မိန်းမငယ်လေးမှာ အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်သွား၏။ လူအုပ်ကြားထဲရှိ လူအိုကြီးကတော့ ခေါင်းကို ခါယမ်းလိုက်သည်။
“တကယ် ဘဝင်မြင့်နေတဲ့ ကလေးပဲ”
ထိုအခိုက်တွင်ပင် တိုက်ပွဲစတင်ရန် သတ်မှတ်ချိန်ကား “၀” စက္ကန့်သို့ လျော့ကျသွားခဲ့ပြီ ဖြစ်လေတော့၏။
***