တိုက်ပွဲ
Vol. 32 Ch. 441
ဝမ်...
တိုက်ပွဲစတင်ရန် အချက်ပေးသံ ပေါ်ထွက်လာသည်နှင့် လူငယ်လေးက မတုန့်မဆိုင်းပင် အကာအကွယ် ကျင့်စဥ်ကို အသက်သွင်းလိုက်၏။ ကြယ်တာရာ အင်အားများမှာ အကန့်အသတ်မဲ့စွာ စီးထွက်လာကာ သူ့ခန္ဓာကိုယ်ကို လိပ်အခွံ တစ်ခု သဖွယ် ဝန်းရံသွား၏။
ဤကဲ့သို့ တိုက်ပွဲမျိုးမှာ တစ်ကွက်နှစ်ကွက် အတွင်းမှာပင် လူတစ်ယောက်၏ ကံကြမ္မာနှင့် အသက်ကို ဆုံးဖြတ်ပေးနိုင်ကြောင်း သူ သိရှိပြီး ဖြစ်သည်။ ထို့ကြောင့်ပင် လျှို့ဝှက် ဆန်းကြယ်သည့် ပုဂ္ဂိုလ် တစ်ဦး သူ့အား လာရောက် သင်ကြားပေးခဲ့သည့် အကောင်းဆုံးသော အကာအကွယ် ကျင့်စဥ်ကို သူ အရင်ဆုံး ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။ ထိုအရာက သူ၏ အဖိုးအတန်ဆုံး ဝှက်ဖဲများထဲမှ တစ်ခုလည်း ဖြစ်ပေသည်။
ရွှင်း...
တစ်ချိန်တည်း၌ ဆေဘာသံက လူအားလုံး၏ နှလုံးသည်းပွတ်များကို လှီးဖြတ်ကာ ထွက်ပေါ်လာ၏။ ခြေတစ်လှမ်းရှေ့သို့ တိုးရုံဖြင့် အယ်ဗန်မျိုးနွယ်မှာ ဆေဘာ အင်အားအဖြစ် ပြောင်းလဲသွားကာ ဆေဘာ ရည်ရွယ်ချက်မှာ ရိုင်းစိုင်းစွာ တောက်လောင်လာ၏။ သူမ၏ အင်အား အလုံးစုံက ဆေဘာဓားသွားထိပ်တွင် စုစည်းသွားသည်။ ထို့နောက် သူမက ဓားကို ဒေါင်လိုက် ခုတ်ချလိုက်လေတော့၏။
လူငယ်လေးက အံကို တင်းတင်းကြိတ်ကာ ကြယ်တာရာ အကာအကွယ်ဖြင့် တောင့်ခံလိုက်၏။ သို့သော်လည်း သူ့လုပ်ရပ်များက အချည်းနှီးပင်။
ဝှစ်...
မျက်တောင်တစ်ခပ်စာ အတွင်းမှာပင် ထက်မြိသော ဓားသွားတစ်ခုမှာ သူ့ လိပ်ခွံအတွင်း တိုးဖောက် ဝင်ရောက်လာသည်။ စူးရှရှ သတ္တုခတ်သံနှင့် အတူ အလင်းတန်း တစ်ခုမှာ မျက်စိကျိန်းမတတ် ပေါက်ကွဲသွား၏။
ထို့နောက် အယ်ဗန်မျိုးနွယ်မှာ ဆေဘာဓားနှင့် အတူ လူငယ်လေး၏ နောက်ဘက် မီတာတစ်ရာခန့် အကွာတွင် ပြန်လည် ပေါ်လာခဲ့သည်။
"..."
ဝေ့ဝူယင်က ခေါင်းကို ခါလိုက်၏။ ဆေဘာရည်ရွယ်ချက်မှာ ဓားရည်ရွယ်ချက် မဟုတ်ချေ။ သတ်ဖြတ်ရန် တစ်ခုတည်း အတွက် မွေးဖွားလာသည့် လက်နက်မျိုး ဖြစ်သည်။ ဓားများတွင် အဆုံးမဲ့သည့် တုန်ခါမှုများနှင့် အပြောင်းအလဲများ ပါရှိသော်လည်း ဆေဘာကတော့ ထိုမျှလောက် မရှုပ်ထွေးချေ။ သူ ကျင့်ကြံသည့် နည်းလမ်း၏ နာမည်ပင်လျှင် “ဆေဘာ” တစ်လုံးတည်း ဖြစ်သည်။
အဆုံးစွန်သော တိတ်ဆိတ်မှုနှင့် အတူ လူငယ်လေး၏ မျက်လုံးများမှာ မယုံကြည်နိုင်ခြင်း၊ လက်မခံလိုခြင်းများနှင့် ပြည့်နှက်နေ၏။ မည်ကဲ့သို့ လက်ခံနိုင်မည်နည်း။ အစွမ်း အထက်ဆုံး တိုက်ကွက်ကိုပင် သူ မဖော်ထုတ်ရသေးချေ။
လူငယ်လေး၏ လည်ပင်းတွင် သွေးစင်းကြောင်း တစ်ခု ပေါ်လာကာ အနီရောင် သွေးများမှာ ရေပန်းတစ်ခုနှယ် ပန်းထွက်လာ၏။ နောက်ဆုံးစကား မပြောနိုင်ခင်မှာပင် သူ၏ မျက်လုံးများက တဖြည်းဖြည်း မှေးမှိန်ကာ ရီဝေသွားသည်။ မကြာခင်မှာပင် ခေါင်းပြတ်နှင့် မြေကြီပေါ် လဲပြိုကျသွားသည့် ပုံရိပ်တစ်ခု ကောင်းကင်တွင် ပေါ်လာခဲ့၏။
အယ်ဗန်မျိုးနွယ်မှာ ဆေဘာကို ကျစ်ကျစ်ပါအောင် ဆက်လက် ဆုပ်ကိုင်ထားဆဲ ဖြစ်သည့်တိုင် လက်များက အနည်းငယ် တုန်ရီနေသည်။ သူမ၏ ခြေထောက်များကတော့ လဲပြိုလုနီးပါး အထိ ဖြစ်နေခဲ့ပြီ ဖြစ်၏။ ထိုတိုက်ခိုက်မှု တစ်ခုတည်း အတွက် သူမ ကြယ်တာရာ အင်အား အားလုံးနီးပါးကို အသုံးပြုခဲ့ရပေသည်။ သူမ အလွန် မောပန်းနေချေပြီ ဖြစ်လေသည်။
အစစ်အမှန် ပျက်သုဥ်းခြင်း တစ်ခုလုံးမှာ တိတ်ဆိတ်နေ၏။ လူငယ် ပါရမီရှင်လေး တစ်ဦး၏ အဖိုးတန် အသက်က ယခုကဲ့သို့ စောစီးစွာ အဆုံးသတ်သွားသည်မှာ ဝမ်းနည်း ကြေကွဲဖွယ်ရာ ကောင်းသော ဖြစ်ရပ် တစ်ခု ဖြစ်သည်။ ဘဝသည် စွန့်စားမှုများနှင့် ပြည့်နှက်နေကာ ဆုလာတ်နှင့် သေခြင်းတရားမှာလည်း အမြဲ ဒွန်တွဲနေတတ်သည်။ လူငယ်လေးသည် ခေါက်ချိုး ပြောင်းလဲစေမည့် အနာဂတ် အတွက် သူ့အသက်ကို လောင်းကြေးထပ်ခဲ့ရသည်။ ကံဆိုးစွာပင် သူ ရှုံးနိမ့်ခဲ့သည်။
မိန်းမငယ်လေးက မကျေမနပ်ဖြင့် နှာခေါင်းရှုံ့လိုက်၏။
“အရူးကောင်...”
လူငယ်လေး၏ ပေါ့ဆမှု အပေါ် သူမ အတော်လေး ဒေါသထွက်နေခဲ့မိသည်။ အကယ်၍ သူသာ အစောကတည်းက ဝိညာဥ်ဆင်းတုကို ထုတ်ဖော်ထားခဲ့ပါက ဤတိုက်ခိုက်မှုမှ နေ၍ အသက်ရှင်နိုင်မှာ သေချာသည်။ ထို့နောက်တွင် အဆင့်မြင့် ကြယ်တာရာ လက်နက်ကို သုံးကာ မောပန်းနေသည့် အယ်ဗန်မျိုးနွယ်ကို အထက်စီးမှ ပြန်လည်၍ တိုက်ခိုက်နိုင်လိမ့်မည် ဖြစ်သည်။
ယခုတွင်တော့ အလကား ဘဝင်ရူးမှုကြောင့် သူမ၏ တစ်နှစ်တာ ရင်းနှီး မြှုပ်နှံမှုများမှာ အလဟသတ် ဖြစ်သွားခဲ့ရပြီ ဖြစ်သည်။
သို့သော်လည်း ဝေ့ဝူယင်ကတော့ မိန်းမငယ်လေးတို့၏ ရင်းနှီးမြှုပ်နှံထားမှုများကို မသိပါချေ။ သူက သက်ပြင်းတစ်ချက် ချရင်း စိတ်မကောင်းစွာဖြင့် ရေရွတ်လိုက်၏။
“ဘာပဲဖြစ်ဖြစ်... ဆေဘာရည်ရွယ်ချက်ကို ပိုင်ဆိုင်ထားတဲ့ မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်တစ်ယောက်ရဲ့ လက်မှာ သေရတာ သူ့အတွက် ရှက်စရာတော့လည်း မဟုတ်ပါဘူးလေ...”
“ ... “
မိန်းမငယ်လေးက သံမဏိ မျက်လုံးများနှင့် ဝေ့ဝူယင်ကို စူးစူးရဲရဲ လှည့်ကြည့်လိုက်သည်။ သူက သူမကို လှောင်ပြောင်ဖို့ ကြိုးစားနေသည်လား။
“ ... “
ဝေ့ဝူယင်မှာ မိန်းမငယ်လေး၏ ဒေါသကြောင့် အနည်းငယ် လန့်ဖျန့်သွား၏။ သူ့စကားက ဘာမှားနေလို့နည်း။ လူငယ်လေးမှာ ဝိညာဥ်ဆင်းတု အဆင့် ကျင့်ကြံသူ တစ်ယောက်မျှသာ ဖြစ်သည်။ မြေဆွဲအား လွတ်မြောက်ခြင်း အဆင့် တစ်ယောက်၏ ဓားချက်အောက်တွင် အမှုန်အမွှားများ အဖြစ် ပြောင်းလဲမသွားခဲ့သည်ကပင် အတော်လေး ချီးကျူးစရာ ကောင်းနေခဲ့ပြီ ဖြစ်သည်။
အောက်ရှိ လူအုပ်ကြီးမှာ လက်များကို ခေါင်းထက်သို့ တင်ကာ ကျမ်းစာတစ်ပိုဒ်ကို ရွတ်ဖတ်လိုက်ကြ၏။ ထို့နောက် လေးနက်သော အမူအရာများဖြင့် ခေါင်းများကို ငုံ့လိုက်ကြရင်း တော်ဝင် ရွေးချယ်ခံ ကောင်းရာမွန်ရာ ရောက်စေရန် ဆုတောင်းလိုက်ကြသည်။
ဝေ့ဝူယင်ကလည်း ခေါင်းကို ငုံ့လိုက်ရင်း လူငယ်လေး အတွက် ဆုတောင်းပေးလိုက်သည်။ ထိုလူငယ်လေးမှာ ရဲရင့် တည်ကြည်ကာ အသက်ကို ရင်း၍ စွန့်စားရဲသည်။ ပိုမို ကောင်းမွန်သော အနာဂတ် အတွက် တိုက်ခိုက်ရဲသည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးက လေးစားမှုနှင့် ထိုက်တန်ပေသည်။
သီလရှင် စီတက ဆုတောင်းစာများ ရွတ်ဖတ်ကာ လူငယ်လေး၏ ဝိညာဥ်ကို တမလွန် ဘဝဆီ ပို့လွှတ်လိုက်သည်။ ဝေ့ဝူယင်မှာလည်း အခြားလူများ ကဲ့သို့ပင် ဆုတောင်းနေသည်ကို စီတ အနီးကပ် မြင်နေရ၏။ သို့သော်လည်း ဘာကြောင့်မှန်း မသိ... မိန်းမငယ်လေးကတော့ ဒေါသထွက်နေပုံ ပေါ်လေသည်။ သူမက ဘာသာရေးနှင့် ဓလေ့ ထုံးတမ်းများကို ယုံကြည်ပုံ မရရ ပြင်ပလောကသား တစ်ယောက် ဖြစ်ရမည်ဟု စီတ မှတ်ချက်ချလိုက်မိ၏။
“ဒီလူငယ်လေးကရော ပြင်ပလောကသားလား...”
စီတ၏ မျက်လုံးများက ဝေ့ဝူယင်ထံ ပြန်လည် ရွေ့လျားသွား၏။ အကယ်၍ သူသာ ဤလောကနယ်မြေသား ဆိုပါက ချောမောသော ရုပ်ရည်၊ ထူးချွန်သည့် ပါရမီတို့ကြောင့် မထင်မရှား နေထိုင်ရန် ဘယ်လိုနည်းမှ ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။ ပြိုင်ပွဲနေ့သို့ ရောက်မှ ရုတ်တရက် ပေါ်လာခဲ့ခြင်းကို ထောက်ချင့်ပါက သူ့အား ပြင်ပလောကသား တစ်ယောက် အဖြစ် ကောက်ချက် ချနိုင်ပေသည်။
သို့သော်လည်း... ယခု သူက အစွန်းလေးဖက် လောက၏ ဓလေ့ ထုံးတမ်းများကို တလေးတစားပင် လိုက်လံ လုပ်ဆောင်နေပြန်သည်။ ထိုလူငယ်လေးမှာ ချောမောကာ ပါရမီ မြင့်မားရုံသာမက စိတ်ဝင်စားစရာလည်း ကောင်းလွန်းသည်ဟု သူမ တွေးလိုက်မိ၏။
ဆုတောင်းပြီးနောက် ဝေ့ဝူယင်က ခေါင်းကို ပြန်လည် မော့လိုက်၏။ ထိုအခါ သီလရှင် စီတမှာ သူ့ကို လှမ်းကြည့်နေကြောင်း သတိထားမိသွားသည်။ သူ အနည်းငယ် အံ့သြသွားသော်လည်း သူမကို နွေးထွေးစွာပင် ပြုံးပြလိုက်၏။
စီတမှာ မျက်နှာ မသိမသာ ရဲသွားကာ ချက်ချင်းပင် အကြည့်လွှဲလိုက်၏။ အလျှင်မြန်ပင် သူမ ကိုယ့်ကိုယ်ကို ပြန်လည် ထိန်းချုပ်လိုက်သည်။ ထိုလူငယ်လေးက မည်မျှပင် ချောမောကာ ထူးချွန်စေကာမူ သူမ၏ အသက်က နှလုံးသားနောက်သို့ လိုက်ရန် အိုမင်းလွန်းနေပြီ ဖြစ်သည်။
ဝေ့ဝူယင် စိတ်ထဲမှ ရယ်မောလိုက်မိ၏။ ထိုသီလရှင်က ချစ်စရာ တော်တော်ကောင်းသည်ဟု သူ တွေးလိုက်မိသည်။ ထို့အပြင်... ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် မူလယင် အငွေ့အသက်များ အရ စီတမှာ ယောက်ျားနှင့် မိန်းမအကြား စပ်ယှက်မှုများကို မပြုလုပ်ရသေးကြောင်း ရှင်းလင်းလှသည်။ ဤပြိုင်ပွဲပြီးလျှင် သူမကို ရအောင် သိမ်းပိုက်မည်ဟု ဝေ့ဝူယင် ဆုံးဖြတ်လိုက်၏။ တော်ဝင်သားတော် ဆိုသည့် ဂုဏ်ပုဒ်နှင့် ဆိုလျှင် ထိုအရာက အတော်လေး လွယ်ကူနိုင်ပေသည်။
ဟူး... ဟူး...
တိုက်ခိုက်ရေး စင်မြင့်ထက်တွင် သန့်စင်သည့် မီးတောက်တစ်ခု ပေါ်လာကာ လူငယ်လေး၏ အလောင်းကို လောင်ကျွမ်းသွား၏။ ရဲစွမ်းသတ္တိနှင့် ပါရမီတို့ကို လေးစားသည့် အနေဖြင့် သူ့ အကြွင်းအကျန်များကို ဤအထွတ်အမြတ်မြေပေါ်တွင် မြှပ်နှံလိမ့်မည် ဖြစ်သည်။
ဝမ်...
တစ်ခဏကြာပြီးနောက်တွင် စင်မြင့်၏ အောက်ခြေမှ နေ၍ အလင်းတန်းများ နောက်တစ်ကြိမ် ထွက်ပေါ်လာကာ မိန်းမငယ်လေး၏ ခန္ဓာကိုယ်ကို ဆလင်ဒါပုံသဏ္ဌာန် ဝန်းရံသွားပြန်၏။ ယခု သူမ၏ အလှည့်ကို ရောက်ရှိ လာခဲ့ပြီ ဖြစ်သည်။ ကြည့်ရသည်က စင်မြင့်မှာ အသက် ပိုမို ကြီးသူများကို အရင်ဆုံး တိုက်ခိုက်ဟန် ရွေးချယ်ဟန် ရသည်။ သို့မဟုတ်... ဝိညာဥ်အင်အား အနိမ့်ဆုံးမှ စတင်၍ ရွေးချယ်ခြင်းလည်း ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။
ဝေ့ဝူယင် တွေးတောနေစဥ်မှာပင် စီတ၏ အသံက ထွက်ပေါ်လာ၏။
“တော်ဝင် ရွေးချယ်ခံ... ဆန်းကြယ် စင်မြင့်ဟာ မင်းကို ဒုတိယမြောက် တိုက်ပွဲဝင်ဖို့ ရွေးချယ်လိုက်ပြီ... ကိုယ့်ကိုယ်ကို ထိုက်တန်ကြောင်း သက်သေပြဖို့ အတွက် မင်း တိုက်ခိုက်မှာလား... ဒါမှမဟုတ် နှုတ်ထွက်မှာလား”
***