← Chapters

မိန်းကလေး၏ ‌တွေဝေမှု

Vol. 32 Ch. 442

မိန်းကလေး၏ ‌တွေဝေမှု

Vol. 32 Ch. 442

“တော်ဝင် ရွေးချယ်ခံ... ဆန်းကြယ် စင်မြင့်ဟာ မင်းကို ဒုတိယမြောက် တိုက်ပွဲဝင်ဖို့ ရွေးချယ်လိုက်ပြီ... ကိုယ့်ကိုယ်ကို ထိုက်တန်ကြောင်း သက်သေပြဖို့ အတွက် မင်း တိုက်ခိုက်မှာလား... ဒါမှမဟုတ် နှုတ်ထွက်မှာလား”

စီတက နောက်တစ်ကြိမ် ညင်သာစွာ မေးမြန်းလိုက်ပြန်၏။ သူမ၏ မျက်လုံးသေများက မိန်းမငယ်လေး၏ အပေါ်တွင် သိမ်မွေ့စွာ ရစ်ဝဲနေလေသည်။

မိန်းမငယ်လေးမှာ အနည်းငယ် စိတ်လှုပ်ရှားသွား၏။ သူမက ခါးကို မတ်မတ် ဆန့်တန်းရင်း ကိုယ့်ကိုယ်ကို တည်ငြိမ်‌အောင် ပြန်လည် ကြိုးစားလိုက်သည်။ ထို့နောက် ရှေ့သို့ တိုးကာ စိန်ခေါ်မှုကို လက်ခံရန် ဟန်ပြင်လိုက်စဥ်မှာပင် ဝိညာဥ် အသံ လွှဲပြောင်းမှု တစ်ခုမှာ သူမထံ တိုးဝင်လာ၏။ လူအိုကြီးထံမှပင်။

“မြေးလေး... ညည်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဖို့ ဆုံးဖြတ်ထားတဲ့ သေရေးရှင်ရေး ကိစ္စတွေမှာ ငါ့ကို ဝင်မစွက်ဖက်ဖို့ ညည်း အဘွားက မှာထားတယ်...  သူက ငါ့ကို ကောင်းကင်ကျိန်စာပါ အတင်းအကြပ် ကျိန်ဆိုခိုင်းထားတယ်... တကယ်လို့ ညည်းလက်ခံလိုက်မယ် ဆိုရင် ငါ ဝင်ပြီး စွက်ဖက်လို့ ရမှာ မဟုတ်ဘူး... သေသေချာချာ စဥ်းစားပါ”

“ ... “

မိန်းမငယ်လေး၏ အမူအရာက ပြောင်းလဲသွား၏။ နောက်ကွယ်တွင် အဘိုးရှိနေပါက လောကသခင် တစ်ပါးကို တိုက်ခိုက်ရန် သူမ ယုံကြည်ချက် ရှိသော်လည်း ယခုတွင်တော့ မသေချာတော့ချေ။

အဘွားဖြစ်သူမှာ မည်မျှ ရက်စက်ကြမ်းကြုတ်ကာ စည်းကမ်း တင်းကြပ်ကြောင်း သူမ ကိုယ်တိုင် အသိဆုံး ဖြစ်သည်။ ထို့အပြင် ကောင်းကင်ကျိန်စာ ဆိုသည့် စကားလုံးကြောင့် လူအိုကြီးမှာ ယခုတစ်ကြိမ်မှာတော့ မလိမ်ညာလောက်ချေ။ အမျိုးမျိုးသော အတွေးများနှင့် အတူ အေးစက်မှုတစ်ခုက မိန်းမငယ်လေး၏ နှလုံးသားတွင် တဖြည်းဖြည်း မွေးဖွားလာခဲ့၏။

အကယ်၍ အဆင့်တူ ကျင့်ကြံသူ တစ်ယောက် ဆိုပါက သူမ မကြောက်ချေ။ သို့သော်လည်း ယခု ရင်ဆိုင်ရမည်က လောကသခင် ဖြစ်သည်။ ဒဏ္ဍာရီ သမိုင်းများထဲတွင် အာကာသ ပဲ့တင်သံ အဆင့်ဖြင့် လောကသခင်ကို အနိုင်ယူခဲ့ဖူးသည့် ကျင့်ကြံသူများ ပေါ်ထွက်ခဲ့ဖူးသော်လည်း သူတို့အားလုံးက ကောင်းကင်ဘုံကိုပင် ဆန့်ကျင်နိုင်သည့် ပါရမီရှင်များ ဖြစ်သည်။  သူမက ထိုမျှလောက် ထူးချွန်သည့် ပုဂ္ဂိုလ် တစ်ယောက် မဟုတ်ချေ။

ထို့အပြင် လောကနယ်မြေများမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလွန်းကာ ကျော်ဖြတ်ရန် ခက်ခဲလွန်းသည်။ အစွန်းလေးဖက် လောကနယ်မြေသားများမှာ တတိယ တန်းစား ကျင့်ကြံသူများသာ ဖြစ်ကြသည့်တိုင် ထိုအချက်ကတော့ ပြောင်းလဲလိမ့်မည် မဟုတ်ပါချေ။

ခန္ဓာကိုယ် အမူအရာနှင့် မျက်လုံးတို့ကို ကြည့်ကာ မိန်းမငယ်လေးမှာ တွန့်ဆုတ် တွေဝေနေကြောင်း ဝေ့ဝူယင် သိရှိလိုက်၏။

“သူ လက်မခံတော့ဘူးလား...”

မိန်းမငယ်လေး အကြောက်အရွံ့ ကင်းမဲ့စွာ လက်ခံလိမ့်မည်ဟု သူ ပထမတွင် ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ မည်သို့ပင် ဆိုစေ... သူမနောက်တွင် လူအိုကြီး ရှိသည် မဟုတ်ပါလား။

အမှန်အတိုင်း ဝန်ခံရပါက သုံးလွှာ ကြယ်တာရာ နယ်မြေ ပြင်ပမှ ကျင့်ကြံသူ တစ်ယောက် မည်မျှ အစွမ်းထက်သည်ကို သူ မြင်တွေ့လိုသည်။

အစစ်အမှန် ပျက်သုဥ်းခြင်း တစ်ခုလုံးမှာ စိတ်ရှည်စွာ၊ လေးစားစွာဖြင့် မိန်းမငယ်လေး၏ အဖြေစကားကို စောင့်ဆိုင်း နေကြ၏။ ဤသည်က ပေါ့သေးသေး ကိစ္စမျိုး မဟုတ်ချေ။ အသက်နှင့် ရင်းရမည့် တိုက်ပွဲမျိုး ဖြစ်သည်။ ထို့ကြောင့်ပင် သူမ၏ တွန့်ဆုတ်မှုကို သူတို့ နားလည်ပေသည်။ မည်သို့ပင် ဆိုစေ... သူမ ရင်ဆိုင်ရမည်က လောကသခင် တစ်ပါး ဖြစ်သည် မဟုတ်ပါလား။

မိန်းမငယ်လေးမှာ နှုတ်ခမ်းများ ပိုမို ခြောက်သွေ့လာသလို ခံစားလိုက်ရ၏။ သူမ၏ နှလုံးသားက ခပ်မြန်မြန်ပင် လှုပ်ရှားလာသည်။ လူငယ်လေး၏ သေဆုံးမှုက သူမ၏ အမြင်အာရုံတွင် တဝဲလည်လည် ရစ်သိုင်းလာ၏။

ဝေ့ဝူယင်က မိန်းမငယ်လေး၏ စိတ်လွန်ဆွဲမှုများကို ရှင်းလင်းစွာပင် ခံစားနိုင်၏။ သူ အခြားလူများ ကဲ့သို့ပင် ငြိမ်သက်စွာ စဥ်းစားရင်း စောင့်ဆိုင်းနေလိုက်သည်။ သူ့စိတ်ထဲတွင်တော့ သံသယ တစ်ခုက တဖြည်းဖြည်း မြင့်တက်လျှက် ရှိသည်။ မိန်းမငယ်လေး၏ အဘိုးက မည်သည့် နေရာသို့ ရောက်နေသနည်း။ သူက သူမကို မကယ်နိုင်ဘူးလား။

ဝေ့ဝူယင် အောက်ရှိ လူအုပ်ဆီ အကြည့်ကို ပို့လွှတ်လိုက်ရင်း လူအိုကြီးကို ရှာဖွေလိုက်၏။ မကြာခင်မှာပင် လူအိုကြီး၏ ရီဝေဝေ မျက်လုံးများနှင့် အကြည့်ချင်း ဆုံသွား၏။ ထိုအခိုက်အတန့်တွင်ပင် သူ အားလုံးကို နားလည်သွားကာ ချက်ချင်း ပြန်လည် အကြည့်လွှဲလိုက်သည်။

“နင်ရော တိုက်ခိုက်မှာလား...”

မိန်းမငယ်လေးက ဝေ့ဝူယင်ကို လှည့်ကြည့်ရင်း ညင်သာစွာ မေးလိုက်၏။ သူမ၏ မျက်ဝန်းတို့က ရုန်းကန်မှုများနှင့် အတူ မသေချာ မရေရာခြင်းတို့နှင့် ပြည့်နှက်နေသည်။

ဝေ့ဝူယင် မိန်းမငယ်လေးကို ပြန်လည် ကြည့်လိုက်၏။ ကြည့်ရသည်က သူမ၏ နောက်ဆုံး ဆုံးဖြတ်ချက်မှာ သူ့ အဖြေစကား အပေါ်တွင် မူတည်နေပေလိမ့်မည်။ အကယ်၍ သူသာ မခံချင်အောင် ဆွပေးလိုက်ပါက သူမမှာ စိန်ခေါ်မှုကို ကျိန်းသေပင် လက်ခံလိမ့်မည် ဖြစ်သည်။ လူအိုကြီးကို တစ်ချက် လှမ်းကြည့်ပြီးနောက် ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချလိုက်၏။ ထို့နောက် သူက ခေါင်းညိတ်လိုက်သည်။

“အင်း... ငါကတော့ တိုက်ခိုက်ရမှာပေါ့... ဒါပေမဲ့ နင်ကတော့ တိုက်ခိုက်ဖို့ မလိုဘူး... တကယ်လို့ ငါတို့ နှစ်ယောက်စလုံး တိုက်ပွဲတွေကို နိုင်ရင်တောင်မှ ပထမ စမ်းသပ်မှု နှစ်ခုကြောင့် ဆန်းကြယ်အရှင်က ငါ့ကိုပဲ ရွေးလိမ့်မယ်... နောက်ဆုတ်ပြီး ငါတိုက်ခိုက်တာကိုပဲ ကြည့်နေပါ”

ဝေ့ဝူယင်၏ စကားလုံးများက မိန်းမငယ်လေး၏ စိတ်ထဲရှိ လွန်ဆွဲနေမှုများကို တဖြည်းဖြည်း အားနည်းသွား‌စေ၏။ ဝေ့ဝူယင် ပြောတာ မှန်သည်။ အကယ်၍ လောကသခင်ကို သူမ အနိုင်တိုက်နိုင်လျှင် ဝေ့ဝူယင်လည်း အနိုင်တိုက်နိုင်မှာ ကျိန်းသေသည်။ ထိုလူငယ်မှာ ဝိညာဥ်ဆင်းတု အဆင့်မှာကတည်းက လောကသခင် တစ်ပါးကို လှောင်ပိတ်ကာ မြို့တစ်မြို့လုံးကို ပြန်ပေးဆွဲခဲ့သူ ဖြစ်သည်။

အကယ်၍ သူတို့ နှစ်ယောက်စလုံး နိုင်ပါက ဘာအကျိုးထူးမည်နည်း။ ပထမနှင့် ဒုတိယ စမ်းသပ်မှုများကြောင့် တစီဆိုသည့် ပုဂ္ဂိုလ်က သူ့ကိုသာ ရွေးမှာ သေချာသည်။ ရှုံးရှုံးနိုင်နိုင် ဤတိုက်ပွဲက သူမ အတွက် ဘာအကျိုးအမြတ်မှ မရှိနိုင်သည့် တိုက်ပွဲ ဖြစ်သည်။

သို့သော်လည်း တိုက်ခိုက်ရန် ငြင်းဆိုလိုက်သည်နှင့် သူမက သူရဲဘောကြောင်သည့် လူတစ်ဦး ဖြစ်သွားလိမ့်မည် ဖြစ်သည်။ လူအများ၏ အထင်သေးခြင်းကိုပင် ခံရနိုင်သ်ည။ သူမကဲ့သို့ လူတစ်ယောက် အတွက် ဤမထင်မရှား လောကနယ်မြေတွင် နောက်ဆုတ်ရခြင်းမှာ အလွန် ရှက်စရာ ကောင်းသည်။

မိန်းမငယ်လေး၏ မျက်နှာက ဖြူရော်နေ၏။ သူမ နှုတ်ခမ်းကို တင်းတင်းကိုက်ရင်း မျက်လုံးကို မှိတ်လိုက်သည်။ ကျစ်ကျစ်ပါအောင် ဆုပ်ထားသည့် သူမ၏ လက်သီးလေးများက တုန်ရီ၍ပင် နေ၏။ အတန်ကြာပြီးနောက်၌ မိန်းမငယ်လေးမှာက စိတ်ကို လျှော့ချလိုက်ဟန်နှင့် အသက်ပြင်းပြင်း ရှူထုတ်လိုက်သည်။

“စိန်ခေါ်မှုကို ငါ ငြင်းဆန်တယ်”

သူမက ရှင်းလင်းစွာပင် ကြေညာလိုက်သည်။ ဆလင်ဒါ သဏ္ဌာန် အလင်းမှာ နောက်သို့ ပြန်လည် ဆုတ်ကာ စင်မြင့်အောက်ခြေသို့ ပြန်လည် ဝင်ရောက်သွားသည်။

မိန်းမငယ်လေးမှာ တောင်ပေါ်တွင် ဆက်လက် ရပ်နေရန် စိတ်မပါတော့ရာ အောက်သို့ ပျံဆင်းကာ လူအိုကြီးဆီသို့ ဦးတည်လိုက်တော့၏။ ဖြစ်နိုင်လျှင် ဤအစွန်းလေးဖက် လောကနယ်မြေမှပင် သူမ ထွက်သွားချင်နေပြီ ဖြစ်သည်။

လူအိုကြီးက မိန်းမငယ်လေးကို ကြည့်ကာ သက်ပြင်းတစ်ချက် ချလိုက်၏။ သူက ညင်သာစွာပင် စကားလုံး အနည်းငယ်ဖြင့် သူမကို နှစ်သိမ့်ပေးလိုက်တော့သည်။ သူမနှင့် နှလုံးသားတွင် ဘာအစွန်းအထင်း ရှိနေမည်ကိုမှ သူ မလိုလားပါချေ။

ဝမ်...

မိန်းမငယ်လေး ထွက်ခွာသွားသည်ကို ငေးကြည့်နေစဥ်မှာပင် ဆလင်ဒါ ပုံသဏ္ဍာန် အလင်းတန်းမှာ ဝေ့ဝူယင် အပေါ် ကျဆင်းလာ၏။

လူအုပ်ကြီးမှာ မိန်းမငယ်လေး လက်မြှောက် အရှုံးပေးသွားမှု အပေါ် အထူးတလှယ် တုန့်ပြန်ခြင်း မပြုကြပါချေ။ သူတို့ အတွက် ထိုမိန်းကလေးမှာ လက်နက်ချခဲ့သည့် ပထမဆုံး ရွေးချယ်ခံ မဟုတ်သလို နောက်ဆုံး ရွေးချယ်ခံလည်း ဖြစ်လာလိမ့်မည် မဟုတ်ပါချေ။ မထီမဲ့မြင်ပြုမှု၊ စိတ်ပျက်မှုနှင့် အထင်သေးမှု တစ်စုံတစ်ရာပင် မရှိသည့်  လူများ၏ အပြုအမူကို ကြည့်ကာ ဝေ့ဝူယင် အနည်းငယ် အံ့သြသွားမိ၏။

ထိုလူများမှာ သူ တွေ့ဖူးမြင်ဖူးသည့် အပြင်လောကရှိ လူများနှင့် လုံးဝကို ကွာခြားကြပေသည်။ မွေးရာပါ သွေးသား သဘာဝ အရ လူသား အများစုမှာ သွေးကို မြင်ချင်ကြသည်။ ရက်စက်မှုကို စွဲစွဲလမ်းလမ်း တပ်မက်ကြသည်။ အခြားလူများ အရှက်ရသည်ကို လှောင်ပြောင်ကာ စိတ်နှလုံးသားထဲမှ သိမ်ငယ်မှုကို ဖြေဖျောက်လိုကြသည်။

“အံ့သြစရာပဲ...”

ဝေ့ဝူယင် တိတ်တဆိတ် ရေရွတ်လိုက်စဥ်မှာပင် စီတက သူ့ဘက်သို့ လှည့်လာခဲ့၏။

“တော်ဝင် ရွေးချယ်ခံ... ဆန်းကြယ် စင်မြင့်ဟာ မင်းကို ဒုတိယမြောက် တိုက်ပွဲဝင်ဖို့ ရွေးချယ်လိုက်ပြီ... ကိုယ့်ကိုယ်ကို ထိုက်တန်ကြောင်း သက်သေပြဖို့ အတွက် မင်း တိုက်ခိုက်မှာလား... ဒါမှမဟုတ် နှုတ်ထွက်မှာလား”

ဝေ့ဝူယင် သူမကို ပြန်လှန် ကြည့်ရင်း တောက်ပစွာ ပြုံးပြလိုက်သည်။

“ကျုပ် တိုက်ခိုက်မယ်...”

ဝေ့ဝူယင် လက်ခံလိုက်သည်နှင့် တောက်ပသည့် အလင်းရောင် တစ်ခုမှာ စင်မြင့်ထံမှ ထွက်ပေါ်လာကာ စီတ၏ နောက်ရှိ ပုံရိပ်တစ်ခုကို လွှမ်းခြုံသွား၏။ ထိုပုဂ္ဂိုလ်မှာ အရပ်ရှည်ရှည် ဗလတောင့်တောင့် ယောက်ျားကြီး တစ်ယောက် ဖြစ်ပြီး တိတ်ဆိတ် ငြိမ်သက်ဟန် ရသည်။

ထို့အပြင် သူက ကြယ်တာရာ အမြုတေ အဆင့်ခုနစ်တွင် ရှိနေပေသည်။

ဝှစ်...

သူတို့ နှစ်ယောက်၏ ပုံရိပ်များက ပျောက်ကွယ်သွားကာ စင်မြင့်ထက်သို့ ရောက်ရှိသွား၏။ ထို့နောက် ပထမ တစ်ကြိမ်ကလိုပင် ပုံရိပ်များမှာ ကောင်းကင်ထက်တွင် ထင်ရှားစွာ ပေါ်လာခဲ့သည်။

ဝှစ်...

ယောက်ျားကြီးက သူ၏ ခေါင်းစွပ်နှင့် ဝတ်လုံရှည်ကြီးတို့ကို ချွတ်လိုက်ကာ သန်မာသည့် ကြွက်သားများကို ထုတ်ဖော်ပြသလိုက်သည်။ သူ့ကို အနီးကပ်ကြည့်ရင်း ဝေ့ဝူယင် အနည်းငယ် ထိတ်လန့်သွားသည်။

ထိုလူကြီးက အရပ်ရှစ်ပေကျော်ခန့် ရှိကာ လူ့ဘီလူးကြီး တစ်ယောက်လိုပင် ဖြစ်သည်။ သူသည်လည်းပဲ အယ်ဗန်မျိုးနွယ်ဝင် တစ်ယောက်ပင် ဖြစ်ကာ ခေါင်းတစ်ဖက် တစ်ချက်ရှိ နားရွက်များက ဓားသွားများလို ချွန်ထက်နေသည်။ သူ၏ မျက်လုံးများကတော့ ရန်လိုမှုတို့ဖြင့် ကျွမ်းလောင်နေသည်။

တစ်ချိန်တည်း၌ ယောက်ျားကြီး၏ အသက်ရှူသံတိုင်းက မီးတောင် တစ်ခု ပေါက်ကွဲသလို ကြမ်းတမ်း ခက်ထန်မှုများနှင့် ပြည့်နှက်နေသည်။ တိုက်ခိုက်ရေး စင်မြင့်ထက်ရှိ လေထုတစ်ခုလုံးမှာ ကြောက်မက်ဖွယ် ကောင်းသည့် ဖိအားများနှင့် ပြည့်နှက်နေကာ ဝေ့ဝူယင်၏ ဆံပင်နှင့် အနက်ရောင် ဝတ်ရုံတို့ပင် တဖျပ်ဖျပ် လှုပ်ခါနေလေည်။

လူများမှာ အောက်မှပင် ပြင်းထန်သည့် ဖိအားများကို ခံစားနေ၏။ စင်မြင့်ထက်ရှိ ဖိအားများက အောက်ကထက် အဆပေါင်းများစွာ ပိုမို ပြင်းထန်လိမ့်မည်ဟု သူတို့ တွေးလိုက်မိကြသော်လည်း ဝေ့ဝူယင်ကတော့ အသာအယာပင် ပြုံးနေခဲ့ပေသည်။ ထိုအပြုံးက အလွန် ပျော်ရွှင်နေပုံ ရကာ ကြောက်ရွံ့ခြင်းနှင့် ဖိအားတို့ တစ်အောင်စမျှ မရှိပဲ ကင်းစင်နေပေသည်။

“ခင်ဗျား ကြားရလား...”

ရုတ်တရက် ဝေ့ဝူယင်က အယ်ဗန်မျိုးနွယ်ကို ကြည့်ကာ အစမရှိ အဆုံးမရှိ မေးလိုက်လေ၏။

***

All Chapters