လောကသခင်နှင့် ရင်ဆိုင်ခြင်း
Vol. 32 Ch. 443
အယ်ဗန်မျိုးနွယ် လူထွားကြီးမှာ ဝေ့ဝူယင်၏ အဓိပ္ပာယ်မဲ့သည့် မေးခွန်းကို မည်သို့မှ ပြန်မဖြေပဲ တည့်တိုးပင် လျစ်လျူထား၏။ သူ ဤနေရာသို့ ရောက်ရှိနေရသည့် အကြောင်းရင်းက သတ်ဖြတ်ရန် ဟူသော တာဝန် တစ်ခုတည်းကြောင့် ဖြစ်သည်။ ရှုပ်ထွေး ပွေလီသည့် ဗျူဟာများ အကြား နစ်မြောသွားရအောင် သူက သူငယ်နှပ်စား တစ်ယောက် မဟုတ်ပါချေ။
သူ့ရည်ရွယ်ချက်က ရှင်းပေသည်။ သူတို့ နှစ်ယောက်ထဲမှ တစ်ယောက်သာ အသက်ရှင်ရမည် ဖြစ်ပြီး တစ်ယောက်က သေဆုံးရပေမည်။ ထို့အပြင် ယနေ့၌ သေဆုံးရန် သူ့တွင် ဆန္ဒ မရှိချေ။
ဝေ့ဝူယင်က အယ်ဗန်မျိုးနွယ်၏ အပြုအမူကို စိတ်ထဲ မထားပါချေ။ သူက လက်တစ်ဖက်ဖြင့် ရင်ဘတ်ကို ထိကလိုက်ရင်း ခပ်ဖြေးဖြေး ပြုံးလိုက်၏။
“မင်း စိတ်လှုပ်ရှားနေတာလား...”
ဒိတ်...
ဒိတ်...
ဒိတ်...
ထိုအခိုက်၌ သူ့နှလုံးသားက အရှိန် ခပ်ပြင်းပြင်း ခုန်နေ၏။
“ဂါး...”
နဂါးဟိန်းဟောက်သံ တစ်ခုမှာ ထွက်ပေါ်လာကာ စင်မြင့်တစ်ခုလုံးကို တုန်ရီသွားစေသည်။ ဝေ့ဝူယင်မှာ ခရာတို၏ ခွန်အားကို ခံစားလိုက်မိ၏။ အယ်ဗန်မျိုးနွယ်မှာ မျက်လုံးများ အနည်းငယ် ကျဥ်းမြောင်းသွားကာ အမူအရာမှာ ပိုမို လေးနက်သွားသည်။
ထိုအခိုက်တွင် အချိန်နောက်ပြန် ရေတွက်မှုက စက္ကန့်သုံးဆယ်သို့ ရောက်ရှိလာခဲ့၏။
“အရင်တုန်းကဆိုရင် ငါ စိတ်ပူချင် ပူနေမိမှာ... ဒါပေမဲ့ အခုတော့...”
ဝေ့ဝူယင်က ကိုယ့်ကိုယ်ကို ပြောသလို ပြန်လည် ပြောလိုက်၏။ အကယ်၍ ဝိညာဥ်ဆင်းတု အဆင့်ဖြင့် လောကသခင်တစ်ပါးကို ရင်ဆိုင်ရမည် ဆိုပါက သူ၏ တစ်ခုတည်းသော ရွေးချယ်စရာမှာ ဆေဘာသာ ဖြစ်ပေလိမ့်မည်။
နှစ်ဆယ်စက္ကန့်...
သို့သော်လည်း ယခုတွင်တော့ အာကာသ ပဲ့တင်သံ ကျင့်ကြံခြင်း အခြေခံနှင့် အတူ သေမျိုး အမှတ်အသား သတ္တမ အဆင့်ကို သူ အောင်မြင်ခဲ့ပြီး ဖြစ်သည်။ ထို့အပြင် အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန်များ၏ အကူအညီဖြင့် ကြယ်တာရာ အမြုတေများကို အကန့်အသတ်ထိ ရောက်အောင် မြှင့်တင်ခဲ့ပြီး ဖြစ်သည်။
ဆယ့်ငါးစက္ကန့်...
လက်သီးများကို ဆုပ်လိုက်သော အခိုက်၌ ကိုယ်ရောင် ကိုယ်ဝါက ပေါက်ကွဲလာ၏။
ဆယ်စက္ကန့်...
“အဲဒီ မှင်စာကြီးက သူ့ကို သတ်ပစ်လိုက်ရင် ဘယ်လောက် ပျော်ဖို့ ကောင်းလိုက်မလဲ...”
မိန်းမငယ်လေးက နှုတ်ခမ်းကို စူရင်း မကြည်မလင် ရေရွတ်လိုက်၏။ အကယ်၍ ဝေ့ဝူယင်သာ ထိုလူကြီး၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ပါက နောက်ဆုတ်ရန် ဆုံးဖြတ်ခဲ့သည့် သူမ၏ ရွေးချယ်မှုက မှန်ကန်သည်ဟု ဆိုနိုင်ပေလိမ့်မည်။ ထိုအခါကျလျှင် သူမ ခံစားနေရသည့် ရှက်ရွံ့မှုများမှာလည်း အတော်အတန် ပြေလျော့သွားပေလိမ့်မည်။
လူအိုကြီးမှာ မိန်းမငယ်လေး၏ စကားကြောင့် မျက်မှောင်ကြုတ်သွား၏။
“အမြင်မကျဥ်းနဲ့... အဲ့လို ဖြစ်လာမှာ မဟုတ်ဘူး”
သူက တိုက်ရိုက်ပင် ငြင်းဆန်လိုက်၏။ ဝေ့ဝူယင်ကဲ့သို့ လူတစ်ယောက်မှာ ဆိုးရွားလွန်းသည့် ကံကြမ္မာနှင့် ကြုံတွေ့ရလိမ့်မည်ဟု သူ မထင်ချေ။ ထို့အပြင် ဝေ့ဝူယင်က သူတို့နှင့် ရန်သူ မဟုတ်ပေ။ မဟာမိတ်ပင် ဖြစ်လာကောင်း ဖြစ်လာနိုင်ချေ ရှိသည်။ ထို့ကြောင့်ပင် သူတို့ အနေဖြင့် သူ့ကို အားပေးသင့်သည်။
ငါးစက္ကန့်...
ဝေ့ဝူယင်နှင့် အယ်ဗန်မျိုးနွယ်တို့မှာ တစ်ယောက်ကို တစ်ယောက် မျက်နှာချင်းဆိုင် ရပ်နေကြ၏။ သူတို့၏ အရောင်အဝါနှင့် အငွေ့အသက်များက ရိုင်းစိုင်းစွာပင် လွင့်ပျံနေသည်။
“သူက ဝိညာဥ်ဆင်းတုကို မသုံးဘူးလား...”
စီတက မျက်မှောင်ကြုတ်လိုက်၏။ ပြီးခဲ့သည့် တိုက်ပွဲတွင် လူငယ်လေးမှာ ဝိညာဥ်ဆင်းတုကို မထုတ်ဖော်ခဲ့၍ တိုက်ကွက်တစ်ကွက် အတွင်း အသတ်ခံခဲ့ရသည်။ သို့တိုင်အောင် သူ၏ ရန်သူက မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်တစ်ယောက်မျှသာ ဖြစ်သည်။ လောကသခင် မဟုတ်ပါချေ။
မိန်းမငယ်လေးက ခေါင်းကို မော့ရင်း အဘိုးဖြစ်သူကို မေးလိုက်၏။
“သူက ဘာလို့ ဝိညာဥ်ဆင်းတုကို မထုတ်ဖော်တာလဲ...”
အကယ်၍ ထိုအတိုင်းသာ ဆိုပါက ဝေ့ဝူယင်မှာလည်း လူငယ်လေး ကဲ့သို့ပင် သေဆုံးသွားရလိမ့်မည် ဖြစ်သည်။ စိတ်ထဲမှ ရှက်ရွံ့မှုများကို ဖယ်ဖျောက်ချင်သည် ဆိုသော်လည်း ဝေ့ဝူယင် အမှန်တကယ် သေဆုံးသွားမည်ကို သူမ မမြင်ချင်ပါချေ။
“ကြည့်နေပါ...”
လူအိုကြီးက သက်တောင့်သက်သာပင် ပြောလိုက်၏။
တစ်စက္ကန့်...
ဝမ်...
တိုက်ပွဲစတင်ရန် အချက်ပြမီး ပေါ်ထွက်လာသည်နှင့် အယ်ဗန်မျိုးနွယ်မှာ နှေးကွေး လေးလံခြင်း မရှိတော့ချေ။ သူက ချက်ချင်းပင် လောကနယ်မြေကို ထုတ်ဖော်ကာ ပြိုင်ဘက်ကို သူ့ကိုယ်ပိုင် နယ်မြေအတွင်း ဆွဲသွင်းရန် ရည်ရွယ်ချက်ဖြင့် လျှပ်စီးလက်သည့် အလား ပြေးဝင်လာ၏။ အရွယ်အစား အလွန် ကြီးမားသည့်တိုင် သူက အလွန် လျှင်မြန်ကာ မျက်တောက်တစ်ခပ်စာ အတွင်းမှာပင် ဝေ့ဝူယင်နှင့် ဆယ်ပေခန့် အကွာသို့ ရောက်ရှိလာသည်။
တိုက်ပွဲစတင်သည့် အချိန်မှာပင် ဝေ့ဝူယင်မှာ သူ့လောကနယ်မြေအတွင်း နက်ရှိုင်းစွာ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ အောက်ရှိ မရေမတွက်နိုင်သည့် ပရိသတ်များ၏ နှလုံးသားများမှာ တောင့်တင်း သွားကြ၏။
အယ်ဗန်မျိုးနွယ်မှာ မပြုံးသလို ပျော်ရွှင်ခြင်းလည်း မရှိချေ။ သူက လောကနယ်မြေကို အကန့်အသတ်ထိ ထုတ်ဖော်ရင်း ကြောက်မက်ဖွယ် ဖိအားဖြင့် ဝေ့ဝူယင်ကိုသာ ချိုးဖဲ့ရန် ကြိုးစားလိုက်၏။
ဘုန်း...
ဝေ့ဝူယင်၏ ခန္ဓာကိုယ်က ပုံပျက်ပန်းပျက် ဖြစ်လာကာ ပေါက်ကွဲသွားသည်။
“ဟင်... “
အာမေဋိတ်သံများမှာ အစစ်အမှန် ပျက်သုဥ်းခြင်း တစ်လျှောက် ထွက်ပေါ်လာ၏။ ချောမောသည့် လူငယ်လေးမှာ ယခုကဲ့သို့ သေဆုံးသွားသည်လား။ မဖြစ်နိုင်ချေ။ အကြောင်းပြချက် ရေရေရာရာ မရှိသည့်တိုင် လူငယ်လေးမှာ ထိုမျှ မရိုးရှင်းနိုင်ကြောင်း သူတို့ သိကြပေသည်။
အယ်ဗန်မျိုးနွယ်၏ အမူအရာက ပြောင်းလဲသွား၏။ ဝေ့ဝူယင်မှာ အသွေးအသားနှင့် အရိုးများ ပြန့်ကြဲကာ ပေါက်ကွဲသွားခြင်းမျိုး မဟုတ်ချေ။ တည်နေရာတစ်ခုမှ တစ်ခုသို့ ခုန်ကူးသွားသလို ပျောက်ကွယ်သွားခြင်းသာ ဖြစ်ပေသည်။ ထိုအရာက အလွန် ထူးဆန်းသည်ဟု သူ ခံစားရသည်။
ရုတ်တရက်... သူ့ခေါင်းတစ်ခုလုံးက အချက်သေးသံများနှင့် ပြည့်နှက်သွားကာ လက်သီးကို ဆုပ်၍ ဘယ်ဘက်ကို ထိုးနှက်လိုက်၏။ အလွန် ကြီးမားကာ မီတာ တစ်ရာခန့် ရှိမည့် လက်သီးကြီး တစ်ခု ထွက်ပေါ်လာကာ လျှပ်စီး လက်သလို အရှိန်အဟုန်နှင့် ပြေးထွက်သွားသည်။ ထိုလက်သီးက လေထုကို တိုက်မိကာ ရှေ့သို့ ဆက်လက် ရွေ့လျား သွား၏။
ဘုန်း...
လောကနယ်မြေ၏ အစွန်း တစ်နေရာသို့ အရောက်၌ လက်သီးမှာ တစ်စုံတစ်ရာကို ထိကာ ပေါက်ကွဲသွားသည်။ ထိုအခိုက်၌ နဂါးဟိန်းသံ ခပ်ဖျော့ဖျော့ကို ကြားလိုက်ရသည်။
“မင်းက အားမနည်းတော့ဘူးပဲ...”
ဝေ့ဝူယင် သူ့ လက်သီးကို ငုံ့ကြည့်ရင်း ချီးကျူးဟန်နှင့် ရေရွတ်လိုက်၏။ သူ့မျက်နှာထက်၌ ပျော်ရွှင်မှု အငွေ့အသက်များက နေရာယူနေသည်။
ဤသည်က နဂါးသွေးမျိုးဆက် ရင်းမြစ်ကို ပြန်လည် ဖြည့်တင်းပြီးနောက်တွင် ခရာတို၏ ပထမဆုံး တိုက်ပွဲ ဖြစ်သည်။ လွန်ခဲ့သည့် တစ်နှစ်ကျော်လောက်ကဆိုလျှင် ခရာတိုမှာ အတော်လေး အားနည်းနေခဲ့ကာ မြေဆွဲအား လွတ်မြောက်ခြင်း အဆင့် အိရှန်းယွမ်နှင့် ရင်ဆိုင်ရုံဖြင့်ပင် အရိုးများ ငေါထွက်သည် အထိ ဖြစ်ခဲ့ရသည်။ သို့သော်လည်း ယခုတွင်တော့ လောကသခင် တစ်ယောက်၏ လက်သီးချက်ကိုပင် မတုန်မလှုပ် ဖျက်ဆီးပစ်နိုင်နေပြီ ဖြစ်သည်။
ဘုန်း... ဘုန်း... ဘုန်း...
အယ်ဗန်မျိုးနွယ်မှာ လေးပင်သော ခြေလှမ်းများနှင့် အတူ မီတာတစ်ရာကို မျက်တောင် တစ်ခပ်စာ အတွင်း ရောက်ရှိလာ၏။ သူက ဝေ့ဝူယင်ကို လောကနယ်မြေအတွင်း နောက်တစ်ကြိမ် ဆွဲသွင်းရန် ကြိုးစား နေခြင်းပင် ဖြစ်သည်။
သို့သော်လည်း ဝေ့ဝူယင်မှာ ထောက်ချောက်အတွင်း ထပ်မံ ဆင်းသက်ရန် စိတ်ကူးမရှိတော့ချေ။ မီတာတစ်ရာ့ နှစ်ဆယ်ခန့် ရှိမည့် လောကနယ်မြေစွန်း တစ်လျှောက်တွင် သူက သရဲတစ္ဆေ တစ်ကောင်လိုမျိုး တရိပ်ရိပ် ရွေ့လျားနေသည်။
အောက်ရှိ လူများမှာ ဝေ့ဝူယင် အမြန်နှုန်းကို ကြည့်ကာ အံ့သြနေကြ၏။ ထိုအရာက စွန့်စားခန်း တစ်ခုနှင့် တူကာ တစ်ချက်မှားသည်နှင့် ဝိညာဥ်နှုတ်ခံရမည့် ပွဲမျိုး ဖြစ်သည်။
“ဆုတ်ယုတ်မှု ရာသီမှာ ခင်ဗျား ကျုပ်ကို ရင်ဆိုင်ရတာ ဆိုးတာပဲ...”
ဝေ့ဝူယင်က အနည်းငယ် ရယ်မောရင်း ပြောလိုက်၏။ သူ၏ အသံက ကြည်လင်နေကာ မောပန်း နွမ်းနယ်မှု အငွေ့အသက် တစ်စုံတစ်ရာပင် ရှိမနေခဲ့ချေ။
အယ်ဗန်မျိုးနွယ်က မျက်မှောင်ကြုတ်ကာ လောကနယ်မြေကို ပြန်လည် ရုတ်သိမ်းလိုက်သည်။ ကျင့်ကြံခြင်း အဆင့် သုံးဆင့် သာသည့်တိုင် ထိုလူငယ်၏ အမြန်နှုန်းကို လုံးဝ မယှဥ်နိုင်ကြောင်း သူ သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။ သို့ဖြစ်လေရာ လောကနယ်မြေဖြင့် လွှမ်းခြုံရန် တည်းဟူသော သူ၏ ပထမ နည်းဗျူဟာက အသုံးဝင်တော့မည် မဟုတ်ပါချေ။
ယခုလိုမျိုး ဆုတ်ယုတ်မှု ရာသီတွင် တိုက်ခိုက်ရသည်က ကျင့်ကြံသူတို့ အတွက် အလွန် ခက်ခဲသော အလုပ် ဖြစ်သည်။ မန်နာနှင့် အမတေများ ကန့်သတ်ခံထားရမှုကြောင့် လှုပ်ရှားမှုတိုင်းတွင် သူတို့မှာ ကိုယ်ပိုင် ခွန်အားကိုသာ အသုံးပြုကြရသည်။ ကံကောင်းထောက်မစွာပင် ဝေ့ဝူယင်ကတော့ ထိုကန့်သတ်ချက်များကို အပြည့်အဝ ခံစားရခြင်း မရှိပါချေ။
“မြန်မြန် အဆုံးသတ်လိုက်တာ အကောင်းဆုံးပဲ...”
ဝေ့ဝူယင် ကိုယ့်ကိုယ်ကို ပြောသလို နောက်တစ်ကြိမ် ပြောလိုက်ပြန်၏။ ယနေ့၌ မမျှော်လင့်စွာပင် ထိုအာဏာရှင် အင်ပါယာမှာ အတော်လေး စကားများ နေခဲ့သည်။ အကယ်၍ စုမေ့သာ ဤနေရာတွင် ရှိနေပါက ထိုအရာမှာ ဝေ့ဝူယင်၏ ပင်ကိုယ် ပုံစံမျိုး မဟုတ်ကြောင်း တန်းကာ သိရှိလိမ့်မည် ဖြစ်သည်။
***