ဟင်းလင်းပြင် စွမ်းအား
Vol. 32 Ch. 444
ဝေ့ဝူယင်က ညာဘက် လက်သီးကို ဆုပ်လိုက်သည်။ နဂါး ဟိန်းဟောက်သံ တစ်ခုနှင့် အတူ သူ့နောက်တွင် အရိပ်တစ်ခု ထွက်ပေါ်လာ၏။ ထိုအရိပ်မှာ ပုံပန်း သဏ္ဌာန်နှင့် အရွယ်အစား ခန့်မှန်းရန် ခက်ခဲလှကာ အစဥ်အမြဲ ပြောင်းလဲနေဟန် ရလေသည်။
တစ်ချိန်တည်း၌ အယ်ဗန်မျိုးနွယ် လူ့ဘီလူးကြီး၏ အရှိန်အဝါက ဒီရေလှိုင်းများ ကဲ့သို့ ပေါက်ကွဲ ထွက်ပေါ်လာ၏။ အကျိုးဆက် အနေဖြင့် လေထု၏ ပုံစံက စတင် ပျက်ရွင်းလာကာ တိုက်ခိုက်ရေး စင်မြင့် တစ်ခုလုံးပင် တဆတ်ဆတ် တုန်ရီသွားသည်။
အာကာသ ပဲ့တင်သံ အဆင့်နှင့် လောကသခင်ကြားမှ ထိပ်တိုက် တိုက်ပွဲကား စတင်ချေပြီ ဖြစ်သည်။
“သေစမ်း...”
အယ်ဗန်မျိုးနွယ်က အော်ဟစ်လိုက်ရင်း လက်နှစ်ဖက်ကို ရှေ့သို့ တွန်းထုတ်လိုက်ရာ ကြယ်တာရာ အင်အားလှိုင်းများမှာ ကြောက်မက်ဖွယ် ကောင်းအောင် အရှိန်အဟုန်နှင့် စီးထွက်လာ၏။ ထိုအရာက ကျင့်စဥ် တစ်ခု မဟုတ်သလို အစီအရင်လည်း မဟုတ်ပါချေ။ ကိုယ်ပိုင် စွမ်းအားကို နောက်ခံပြုထားသည့် အသန့်စင်ဆုံး ကြယ်တာရာ အင်အားများပင် ဖြစ်သည်။
ဘုန်း... ဘုန်း...
မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် စွမ်းအင်လှိုင်းများမှာ ဝေ့ဝူယင် တည်ရှိရာ စင်မြင့်တစ်ဝက်ခြမ်းလုံးကို ရိုင်းစိုင်းစွာ လွှမ်းခြုံသွားခဲ့ပြီ ဖြစ်သည်။
အယ်ဗန်မျိုးနွယ်၏ ရည်ရွယ်ချက်က ရိုးရှင်းပေသည်။ ဝေ့ဝူယင်၏ အမြန်နှုန်းကို သူ ရင်မဆိုင်နိုင်သလို လောကနယ်မြေ ထုတ်ဖော်ရသည်ကလည်း ဝိညာဥ်စွမ်းအင် ကုန်ခမ်းမှု အလွန်များပြားသော အလုပ် ဖြစ်သည်။ ပြောရလျှင် ၎င်းမှာ ဝိညာဥ် ဆင်းတုများထက်ပင် ဝိညာဥ်အင်အား စားသုံးမှု ပိုမို များပြားလှသည်။
ကြယ်တာရာ အမြုတေ အဆင့်ခုနစ်သို့ ရောက်ရှိပြီးနောက်တွင် ဝိညာဥ်ဆင်းတုများမှာ လောကနယ်မြေ အဖြစ် အသွင်ပြောင်းလဲသွားသည်။ လောကသခင်များတွင် ဝိညာဥ်ဆင်းတု မရှိချေ။
ထို့ကြောင့်ပင် သူက ကျင့်ကြံခြင်း အခြေခံ အားသာချက်ကို ဆုပ်ကိုင်ကာ ကြယ်တာရာ အင်အားများဖြင့် တိုက်ရိုက် တိုက်ခိုက်ရန် ကြိုးစားလိုက်ခြင်းပင် ဖြစ်ည်။
စွမ်းအင်လှိုင်းများ၏ လွှမ်းခြုံမှု အလယ်တွင် ဝေ့ဝူယင်မှာ တည်ငြိမ်သည့် အမူအရာကို ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်သည်။ သို့သော်လည်း သူ့ခန္ဓာကိုယ်ကတော့ တဖြည်းဖြည်း ယိုယွင်းလာနေကာ နောက်ဆုံးတွင် မုန်တိုင်းကြားမှ သဲရုပ်တု တစ်ခုလို ဖုန်မှုန့်များ အဖြစ် ပြောင်းလဲသွားတော့၏။
အယ်ဗန်မျိုးနွယ်က မျက်မှောင်ကြုတ်လိုက်၏။ နောက်တစ်ကြိမ် ထိုလူငယ်၏ လှည့်စားခြင်း ခံရအောင် သူက အရူး တစ်ယောက် မဟုတ်ပါချေ။ သူက ကြယ်တာရာ အင်အားများကို ထပ်မံ ထုတ်လွှတ်ရင်းစင်မြင့်ထက်ရှိ တည်ရှိမှု မှန်သမျှကို အမှုန့်ကြိတ်ချေရန် ပြင်ဆင်လိုက်၏။
သို့သော်လည်း ထိုကဲ့သို့ မပြုလုပ်နိုင်ခင်မှာပင် သူ၏ မျက်လုံးများက ထိတ်လန့် ချောက်ချားမှုများနှင့် ပြည့်နှက်သွားကာ ညာဘက်ကို အသည်းအသန် လှည့်လိုက်၏။ ဆက်တိုက်ဆိုသလိုပင် သူက လျှပ်စီးလက်သလို လက်သီးချက် တစ်ချက်ကို ထုတ်ဖော်ကာ လေထုကို ထိုးနှက်လိုက်သည်။ ထိုအခိုက်၌ သူ၏ ခန္ဓာကိုယ်က အဆုံးမဲ့ ကြယ်တာရာ အလင်းတို့ဖြင့် တောက်ပနေလေ၏။
ဘုန်း...
အယ်ဗန်မျိုးနွယ်၏ လက်သီးက အခြား လက်သီးတစ်ခုနှင့် ထိပ်တိုက် တွေ့သွားကာ ပြင်းထန်စွာ ပေါက်ကွဲသွား၏။
ထိုအခိုက်၌ အောက်ရှိ ပရိသတ်များကား အသက်ပင် မရှူနိုင်ကြတော့ချေ။ မည်သည့် အရာများ ဖြစ်ပျက်နေသနည်း။ ချောမောသည့် လူငယ်လေးမှာ အဆုံးမဲ့စွာ ပြန်လည် မွေးဖွားနိုင်သည်လော။ မိနစ်ပိုင်း အတွင်းမှာပင် သူ သေဆုံးသွားသည်ကို သူတို့ နှစ်ကြိမ် တိတိ တွေ့မြင်ခဲ့ရသည်။ သို့သော်လည်း သူက ဘာမှ ထိခိုက်ပုံ မပေါ်ပဲ နှစ်ကြိမ်လုံး ပြန်လည် ပေါ်လာခဲ့သည်။
လက်သီးချက် အသုံးမဝင်သည်ကို မြင်သည်နှင့် ချက်ချင်းပင် အယ်ဗန်မျိုးနွယ်က လောကနယ်မြေကို ဖြန့်ကျက်ကာ ဝေ့ဝူယင်၏ ပုံရိပ်ကို လွှမ်းခြုံလိုက်၏။ သူက ဝိညာဥ်အင်အားဖြင့် ဝေ့ဝူယင်၏ ကျင့်ကြံခြင်းကို ကန့်သတ်ကာ ထောက်ချောက်ထဲ ဆွဲသွင်းဖို့ ရည်ရွယ်ထားသည်။
“တကယ် ပေါ့လျော့တာပဲ...”
ဝေ့ဝူယင်က စိတ်ပျက်ဟန်နှင့် ရေရွတ်လိုက်၏။ သူ၏ အသံက ရေပြင်တစ်ခုလို လုံးဝ တည်ငြိမ်နေကာ လောကနယ်မြေ၏ ဝိညာဥ်ဖိအား အောက်တွင်ပင် လန်းဆန်းနေသည်။
အယ်ဗန်မျိုးနွယ်မှာ သူ့လောကနယ်မြေကို ယုံကြည်ချက် ရှိသည့်တိုင် ဝေ့ဝူယင်၏ အသံကို ကြားရသော အခိုက်၌ ပြင်းထန်သည့် အကျပ်အတည်း တစ်ခုကို ခံစားလိုက်ရ၏။ ထိုအခိုက်တွင်ပင် ဝေ့ဝူယင်၏ ဝိညာဥ်အင်အားမှာ အလွန် မြင့်မားကြောင်း သူ ပြန်လည် သတိရသွား၏။ ချက်ချင်းပင် သူ၏ အကြည့်များက ဝေ့ဝူယင်နှင့် ထိပ်တိုက် ရင်ဆိုင်ခဲ့သည့် သူ့ လက်သီးထံ ပြန်လည် ရွေ့လျားသွားသည်။
“ဘာလဲ...”
ရုတ်ချည်းပင် သူ၏ မျက်လုံးများက လပြည့်ဝန်း တစ်ခုလို ပြူးကျယ် သွား၏။ မတုန့်မဆိုင်းပင် သူက ကြယ်တာရာ အင်အားများကို ပခုံးရှိရာ နေရာသို့ ပို့လွှတ်လိုက်၏။
ချက်ချင်းပင် သူ၏ ညာဘက်လက်တစ်ခုလုံးမှာ ပူပေါင်းတစ်ခုလို ကျယ်ပြန့်လာကာ ပခုံးအဆစ် နေရာမှာ အရိုးနှင့် အသွေးအသားစများ အဖြစ် ပေါက်ကွဲသွားလေတော့၏။
ဝှစ်....
ထို့နောက် အယ်ဗန် လူ့ဘီလူးကြီးမှာ ခန္ဓာကိုယ်နှင့် မလိုက်အောင် အလွန် မြန်ဆန်စွာပင် နောက်သို့ ဆုတ်ခွာသွားသည်။
အခြားတစ်ဖက်၌ ဝေ့ဝူယင်ကတော့ လက်ပြတ်တစ်ခုကို ကိုင်၍ မူလနေရာတွင်ပင် ရပ်နေသေးဆဲ ဖြစ်သည်။ သူ၏ မျက်လုံးများက လောကသခင်၏ ဆုံးဖြတ်ချက် ပြတ်သားမှု အပေါ် အတော်လေး အံ့အားသင့်နေဟန် ရ၏။
“ဘာပဲဖြစ်ဖြစ်... နောက်ကျသွားပြီ...”
သူက အသာအယာပင် ခေါင်းခါလိုက်ရင်း လက်ပြတ်ကို လွှင့်ပစ်ကာ ဆက်လက် ပေါက်ကွဲစေလိုက်၏။ ထို့နောက် သူ၏ ပုံရိပ်က ရုတ်တရက် ပျောက်ကွယ်သွားလေသည်။
တစ်မိုင်ခန့် အကွာ၌... အယ်ဗန် မျိုးနွယ်မှာ ဝေ့ဝူယင်၏ စကားလုံးများကို ကြားလိုက်ရရာ စိတ်ရှုပ်ထွေးသွား၏။ နောက်ကျသွားပြီ ဆိုသည်က ဘာကို ဆိုလိုသနည်း။ ထိုအခိုက်တွင်ပင် ခန္ဓာကိုယ်ထဲမှ ကပ်ပါးဗုံး တစ်လုံးလို ပြင်ပ စွမ်းအားတစ်ခုကို သူ ခံစားလိုက်ရသည်။
အယ်ဗန်မျိုးနွယ်မှာ မျက်လုံးများ ကျဥ်းမြောင်းသွားကာ ချက်ချင်းပင် အရှေ့ မီတာ တစ်ရာခန့် အကွာကို တိုက်ရိုက် ခုန်ကျော်လိုက်၏။ တစ်ချိန်တည်း၌ သူ၏ မျက်လုံးများကတော့ အဆုံးမဲ့ တုန်လှုပ် ချောက်ချားခြင်းများနှင့် ပြည့်နှက်နေခဲ့ပြီ ဖြစ်လေသည်။
မှန်သည်။ သူ တကယ်ကို နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ သို့ပေမဲ့ မည်ကဲ့သို့နည်း။ ထိုအရာက သူ၏ နောက်ဆုံး အတွေးသာ ဖြစ်သည်။
ဝေ့ဝူယင်သည် ကျောရိုးနှင့် တွဲဆက်ထားဆဲ ဖြစ်သည့် ခေါင်းတစ်လုံးကို ကိုင်ကာ မတ်တပ်ရပ် နေခဲ့၏။ ရောင်စုံသွေးများနှင့် ပျစ်ချွဲချွဲ အရည်များမှာ သူ့လက်များမှ စီးကျနေခဲ့သည်။ သူ့အရှေ့ မီတာ တစ်ရာခန့် အကွာတွင်တော့ အယ်ဗန်မျိုးနွယ်၏ ခေါင်းနှင့် ကျောရိုး ကင်းမဲ့နေသည့် အလောင်း တစ်ခု တည်ရှိနေ၏။ ဆုံးရှုံးသွားခဲ့ပြီး ဖြစ်သည့် ဦးနှောက်၏ ကြိုတင် အမိန့် သတ်မှတ်ချက်များကို လိုက်နာသည့် အလား ထိုအလောင်းက နောက်သို့ လှည့်ကာ လက်ကျန် အင်အားဖြင့် ပြင်းထန်သည့် လက်သီးတစ်ချက်ကို ဖော်ထုတ်လိုက်သည်။
ဝေ့ဝူယင်မှာ ခေါင်းပြတ်ကို ကိုင်ကာ ထိုမြင်ကွင်းကို ငေးမောကြည့်နေခဲ့၏။ ထိုအခိုက်၌ တစ်လောကလုံးမှာ တိတ်ဆိတ် ငြိမ်သက်နေသည်။ မည်သည့် အရာများ ဖြစ်ပျက်နေကြောင်း နားမလည်နိုင်ပဲ သူတို့၏ စိတ်များက အဆုံးမဲ့ ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေသည်။
ဘုန်း...
ထို့နောက် လောကသခင်၏ အလောင်းမှာ လောင်စာ ကုန်ခမ်းသည့် မီးတောက် တစ်ခု အလား ဒူးထောက်ပြုတ်ကျသွား၏။ ထို့နောက် တအိအိဖြင့် ကြမ်းပြင်ထက်သို့ လဲပြို ပြုတ်ကျသွားကာ သွေးများမှာ အဆုံးမဲ့စွာ စီးထွက်လာခဲ့တော့သည်။
“ဟင်းလင်းပြင် တာအိုက တော်တော် ကြောက်ဖို့ ကောင်းတာပဲ...”
ဝေ့ဝူယင်က မှတ်ချက် ချလိုက်သည်။ သို့သော်လည်း... သူ၏ အမူအရာက အတော်လေး နွမ်းနယ်နေကာ ကြယ်တာရာ အင်အားနှင့် ရုပ်ပိုင်း ဆိုင်ရာ စွမ်းအင် များစွာ ကုန်ခမ်း သွားခဲ့ကြောင်း ညွှန်ပြနေသည်။ သူ၏ လက်ချောင်းများကတော့ အယ်ဗန်မျိုးနွယ်၏ ဦးခေါင်းခွံ အတွင်း သံမှိုစွဲကပ်ထားသလို စွဲမြဲစွာ နစ်ဝင်နေ၏။
လောကသခင် တစ်ယောက်၏ ဦးခေါင်းကို ဖြတ်ယူရသည်က အမှန်တကယ်ပင် လွယ်ကူသော အလုပ် မဟုတ်ချေ။
တိုက်ပွဲစတင်ချိန်ကတည်းက ဝေ့ဝူယင် စကားများစွာ ပြောခဲ့သည်။ သို့သော်လည်း အလဟသတ် ပြောခဲ့ခြင်း မဟုတ်ပဲ ရန်သူကို ထောက်ချောက် အတွင်း တဖြည်းဖြည်းချင်း ဆွဲသွင်းနေခြင်းသာ ဖြစ်သည်။
အယ်ဗန်မျိုးနွယ်၏ နားစည်အတွင်း ဝင်ရောက်သွားခဲ့သည့် သူ၏ စကားလုံး တစ်ခုချင်းစီတိုင်းတွင် ဟင်းလင်းပြင် အင်အားနှင့် ရောနှောနေသည့် လျှို့ဝှက် စိတ်စွမ်းအင်များ ပါဝင်နေသည်။ ထို့အပြင် လက်သီးချင်း တိုက်ရိုက် ရင်ဆိုင်သည့် အခိုက်၌ သူ ပိုမို များပြားသည့် ဟင်းလင်းပြင် အင်အားများကို အယ်ဗန်မျိုးနွယ်၏ ခန္ဓာကိုယ် အတွင်း ပို့လွှတ်နိုင်ခဲ့သည်။
ထိုအင်အားများကပင် နောက်ဆုံး အခိုက်အတန့်တွင် လောကသခင်ကို နှောင့်နှေး သွားစေခဲ့ခြင်း ဖြစ်သည်။ ဝေ့ဝူယင် တိုက်ခိုက်လာချိန်၌ သူ ခုခံရန် အချိန်ပင် မရလိုက်ချေ။
ဝေ့ဝူယင် ပြောသည့်အတိုင်းပင် အယ်ဗန်မျိုးနွယ်မှာ အမှန်တကယ် ပေါ့ဆခဲ့သည်။ သူက လောကနယ်မြေကို ရုတ်သိမ်းကာ ဝေ့ဝူယင်ကို တိုက်ရိုက် တိုက်ခိုက်ဖို့ ခွင့်ပြုခဲ့သည်။ ယုံကြည်ချက် လွန်ကဲမှုနှင့် မှားယွင်းသည့် ထိုဆုံးဖြတ်ချက်တို့ကပင် နောက်ဆုံးတွင် သူ့ကို သေလမ်းကို ဆွဲခေါ်သွားခဲ့ခြင်း ဖြစ်သည်။
ဝေ့ဝူယင်သည် ထိုနည်းလမ်းအား အချိန်သခင်တို့၏ တိုက်ခိုက်ပုံကို အတုယူကာ တီထွင်ထားခြင်း ဖြစ်သည်။ အချိန်သခင်များမှာ အချိန်စီးဆင်းမှုကို ထိန်းချုပ်နိုင်ကြကာ အစစ်အမှန်ထက် ပိုမို မြန်ဆန်အောင် သို့မဟုတ် နှေးကွေးအောင် ပြုလုပ်နိုင်စွမ်း ရှိကြသည်။ သေရေးရှင်ရေး တိုက်ပွဲတစ်ခုတွင် အချိန်ကွဲလွဲမှု တစ်ခုတစ်လေကပင်လျှင် တိုက်ခိုက်မှုနှင့် ခုခံမှု နှစ်ခုစလုံးကို အမှားအယွင်း များစွာ ဖြစ်ပေါ် စေနိုင်စွမ်း ရှိသည်။
ဝေ့ဝူယင်တွင် အချိန်သခင်တို့ ကဲ့သို့ အချိန် စီးဆင်းမှုကို ထိန်းချုပ်နိုင်သည့် စွမ်းအား မရှိချေ။ သို့သော်လည်း အချိန်အယူအဆတို့နှင့် ချိတ်ဆက်နေသည့် ဟင်းလင်းပြင် စွမ်းအင် ရှိပေသည်။
သို့သော်လည်း ထိုဖြစ်စဥ်က အလွန်ပင် ခက်ခဲလှကာ လောကသခင်အား တစ်စက္ကန့်စာမျှ နှောင့်နှေးစေခဲ့မှုကပင် ခရာတို၏ ဟင်းလင်းပြင် ကြယ်တာရာ အင်အားကို ကိုးဆယ် ရာခိုင်နှုန်း အထိ အသုံးပြုခဲ့ရသည်။ အကယ်၍ အလွန် ကြီးမားလှသည့် ကြယ်တာရာ အမြုတေကြောင့်သာ မဟုတ်ပါက သူ ထိုကဲ့သို့ ဘယ်တော့မှ ပြုလုပ်နိုင်လိမ့်မည် မဟုတ်ပါချေ။
တိုက်ပွဲ အတွင်း သူ၏ ခန္ဓာကိုယ် နှစ်ကြိမ်တိတိ ပေါက်ကွဲသွားမှုကတော့ ဟင်းလင်းပြင် ပုံတူပွားခြင်း သက်သက်မျှသာ ဖြစ်သည်။ ထိုအရာက သေမျိုး ဒဏ္ဍာရီ အမှတ်အသား ပဥ္စမ အဆင့်ကို ရောက်ရှိပြီးနောက် ရရှိလာခဲ့သည့် သွေးမျိုးဆက် စွမ်းအင် အသစ် တစ်ခုပင် ဖြစ်လေ၏။
ထိုသွေးမျိုးဆက် စွမ်းအင်မှာ အစစ်အမှန် ခန္ဓာကိုယ် အရောင်အဝါ၊ အသွေးအသားက အစ လုံးဝ ချွတ်စွပ်တူညီသည့် အခြား ခန္ဓာ တစ်ခုကို ပွားယူနိုင်အောင် ကူညီပေးနိုင်စွမ်း ရှိသည်။ သို့သော်လည်း ထိုခန္ဓာက အလွန် ပျော့ညံ့ကာ ရိုးရိုး ကိုယ်ပွားများလောက်ပင် သန်မာခြင်း မရှိချေ။ ထို့ကြောင့်ပင် အယ်ဗန်မျိုးနွယ်၏ တိုက်ခိုက်မှု နှစ်ကြိမ်စလုံးတွင် ပေါက်ကွဲသေဆုံးသွားခဲ့ခြင်း ဖြစ်သည်။
သွေးမျိုးဆက် စွမ်းအင်တိုင်းက အစစ်အမှန် တိုက်ပွဲများတွင် တိုက်ရိုက်ကြီး အသုံးဝင်သည်တော့ မဟုတ်ချေ။ ထို့ကြောင့်ပင် ကိုယ်ပိုင် တီထွင်ဖန်တီးနိုင်စွမ်းဖြင့် ၎င်းတို့ကို ကြောက်မက်ဖွယ် ကောင်းသည့် လက်နက်များ အဖြစ် ပြောင်းလဲပစ်ရသည်။ သို့သော်လည်း တစ်နေ့တွင်တော့ ဟင်းလင်းပြင် ပုံတူပွားခြင်းမှာ အခြား သွေးမျိုးဆက် စွမ်းအင်များနှင့် ချိတ်ဆက်သွားကာ မှော်ဆန်သည့် အပြောင်းအလဲများ ဖြစ်ပေါ်လာလိမ့်မည်ဟု ဝေ့ဝူယင် ခံစားရပေသည်။
နောက်ဆုံးအခိုက်အတန့်တွင် ရုတ်တရက် ပျောက်ကွယ်သွားသည်လား... ထိုအရာကတော့ သူ အလွန်အမင်း လျှင်မြန်လှသောကြောင့်ပင် ဖြစ်သည်။
***