မင်ရှုဖုန်း၏ သံသယ
Vol. 32 Ch. 446
ဘုန်း...
ထိုအခိုက်အတန့်တွင်ပင် ရောင်စုံအလင်းတန်းများမှာ ပေါက်ကွဲသွားကာ အလင်းမိုးများ အဖြစ် ကုန်းမြေတိုက်ကြီး တစ်ခုလုံးကို ပျံ့နှံ့သွား၏။ သိန်းသန်းပေါင်းများစွာသော ရောင်ပြန် ပုံရိပ်များမှာ အစွန်းလေးဖက် ကမ္ဘာတစ်ခုလုံး၏ ကောင်းကင်တွင် ပေါ်လာကာ အလင်း မျက်နှာပြင်များ အသွင် ဖွဲ့စည်းသွားကြသည်။
ထိုအလင်းမျက်နှာပြင်များထက်တွင်တော့ သန့်ရှင်း စင်ကြယ်သည့် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်လေး တစ်ယောက်၏ ပုံရိပ်ကို ပြသထား၏။ သူက အလွန် ချောမောသည်။ နတ်ဘုရား တစ်ပါးနှင့် နှိုင်းယှဥ်နိုင်သည် အထိ ချောမောသည်။
အမှောင်ကောင်းကင် နောက်ခံတွင် သူ၏ ရှည်လျားသော အနက်ရောင် ဆံပင်များမှာ လေ၏ အကူအညီ မပါပဲ တဖျပ်ဖျပ် လွင့်ခါနေ၏။ သူ၏ မျက်ဝန်းများကတော့ ငွေရောင်အဆင်းဖြင့် တလက်လက် တောက်ပနေကာ ယုံကြည်ချက် ရှိသော အပြုံးတစ်ခုမှာ သူ့နှုတ်ခမ်းထောင့်စွန်း၌ နေရာယူနေသည်။
ခန္ဓာကိုယ် ပတ်လည်တစ်ဝိုက် တောက်ပနေသည့် သန့်ရှင်းစင်ကြယ်သော အလင်းတန်းများနှင့် အတူ သူ၏ ပုံရိပ်ကား ကောင်းကင်မှ ရွေးချယ်ခံထားရသည့် တော်ဝင် ကလေးငယ် တစ်ယောက်အတိုင်း အတိအကျပင် ဖြစ်လေသည်။
...
အစွန်းလေးဖက် ကုန်းမြေတိုက်ကြီး၏ မီးတောက်ကောင်းကင် ဒေသ၌... ပုံရိပ်နှစ်ခုမှာ ကောင်းကင်တွင် ထူးပြားဆန်းကြယ်စွာ ဖွဲ့စည်းလာသည့် အလင်းမျက်နှာပြင်ကို မော့ကြည့်နေခဲ့ကြ၏။ တဖြည်းဖြည်း ထင်ရှားစွာ ပေါ်လွင်လာသည့် ပုံရိပ်ကို တွေ့မြင်ပြီးနောက်တွင် အာမေဋိတ်သံများမှာ သူတို့ နှစ်ယောက်စလုံးထံမှ ကိုယ်စီ ထွက်ပေါ်လာခဲ့၏။
ထိုနှစ်ယောက်ကား မင်ရှုဖုန်းနှင့် မျက်နှာဖုံးတပ် အမျိုးသမီးတို့ပင် ဖြစ်လေသည်။
မင်ရှုဖုန်း၏ ပင်လယ်ပြာ မျက်ဝန်းများက ကောင်းကင်ရှိ ဝေ့ဝူယင်၏ ပုံရိပ်ကို ငေးကြည့်ကာ မယုံကြည်နိုင်မှု၊ စိတ်ရှုပ်ထွေးမှုများနှင့် တဖျပ်ဖျပ် တောက်ပနေသည်။ ထိုမျက်ဝန်းတို့၏ အနက်ရှိုင်းဆုံး တစ်နေရာတွင်တော့ ကံကြမ္မာအလင်းတန်းတို့က ရောယှက်နေကာ တစ်စုံတစ်ရာကို အလေးအနက် ဆန်းစစ်နေဟန် ရလေသည်။
“အာဏာရှင် အင်ပါယာက ဘယ်လိုလုပ်ပြီး တော်ဝင် သားတော် ဖြစ်လာတာလဲ... ကံကြမ္မာက ပြောင်းလဲ သွားတာလား”
မျက်နှာဖုံးတပ် အမျိုးသမီးက နားမလည်ဟန်နှင့် မေးလိုက်၏။ မင်ရှုဖုန်းက မျက်မှောင်ကြုတ်ရင်း ခေါင်းခါလိုက်သည်။
“လွန်ခဲ့တဲ့ ရက်ပိုင်းက ကောင်းကင်ကံကြမ္မာကို ကျွန်မ ကြည့်ခဲ့တာ သေချာတယ်... ကောင်းကင်ရဲ့ ကမ္မ ရေစက်အရ နောက်နှစ်နှစ်ကြာရင် အစစ်အမှန် ဒြပ်စင် ဧကရာဇ်က ပထမဆုံးနဲ့ နောက်ဆုံး တော်ဝင် သားတော် ဖြစ်လာလိမ့်မယ်... ဒါပေမဲ့ ခုက...”
သူမက စကားကို တစ်ဝက်တစ်ပျက်ဖြင့် ရပ်လိုက်၏။ သို့သော်လည်း... အမျိုးသမီးကို မပြောပြပဲ ထိန်ချန်ထားသည့် လျှို့ဝှက်ချက် အချို့ကတော့ သူမထံတွင် ရှိနေသေးဆဲ ဖြစ်သည်။
ဝေ့ဝူယင်... ထိုလူငယ်ကို လွန်ခဲ့သည့် နှစ်ပေါင်းများစွာ၊ အနန္တ ကုန်းမြေတိုက်ကြီးတွင် ရှိတည်းက သူမ ကောင်းကောင်း သိသည်။ ထိုလူငယ်၏ ကံကြမ္မာကိုလည်း သူမ အကြိမ်ကြိမ် ဟောကိန်းထုတ်ဖူးသည်။ နောက်ပြီး ထူးဆန်းစွာပင် ထိုဟောကိန်းအားလုံး နီးပါးမှာ လွဲမှားခဲ့သည်။
မင်ရှုဖုန်း အတွက်တော့ ဝေ့ဝူယင်က ဖြေရှင်း၍ မရနိုင်သည့် ပဟေဠိ တစ်ခုလိုပင် ဖြစ်သည်။ ထို့ကြောင့်ပင် သူမ ထိုလူငယ်နှင့် အဝေးဆုံးကို ထွက်ပြေးရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ယခုတွင်တော့ ဆိုက်ဆိုက်မြိုက်မြိုက်ပင် သူတို့ ပြန်ဆုံခဲ့ချေပြီ ဖြစ်သည်။
မျက်နှာဖုံးတပ် အမျိုးသမီးမှာ မျက်မှောင်ကြုတ်ကာ စဥ်းစားနေ၏။ ဝေ့ဝူယင်ကို သူမ သိပေသည်။ ထိုလူငယ်မှာ အလွန် ထူးချွန်သည့် အဂ္ဂိရတ် အင်ပါယာ တစ်ယောက် ဖြစ်သည်။ ကောလဟာလများ အရ ဆိလျှင် မဟာ အင်ပါယာ သူတော်စင်ထို့ လောကသခင် အဆင့်သို့ ရောက်ရှိသွားခဲ့သည့် နောက်ကွယ်မှ ကြိုးကိုင်ရှင်မှာလည်း သူပင် ဖြစ်သည်။
သို့သော်လည်း သူမ သိရသလောက် ဆိုလျှင် သူက လင်းမင်တို့ ကဲ့သို့ ပြိုင်ဘက်ကင်း တိုက်ခိုက်ရေး သမား တစ်ယောက်တော့ မဟုတ်ချေ။ ထို့အပြင် မူလဒြပ်စင် ရည်ရွယ်ချက်ကို ပိုင်ဆိုင်သည်ဟုလည်း တစ်ခါမှ မကြားဖူးချေ။ တော်ဝင် အခမ်းအနား၏ စမ်းသပ်မှု သုံးခုကို သူက မည်ကဲ့သို့ ကျော်လွှားခဲ့သနည်း။
အမျိုးသမီးက ကောင်းကင်ရှိ ချောမောသော ပုံရိပ်ကို နောက်တစ်ကြိမ် ပြန်လည် ကြည့်လိုက်၏။ ထို့နောက် သူမက ပင့်သက်တစ်ချက် ရှိုက်လိုက်ရင်း...
“သွားရအောင်... တော်ဝင်သားတော် ပေါ်ထွက်လာပြီ ဆိုတော့ အရမ်းကို စိတ်ဝင်စားစရာ ကောင်းတဲ့ အဖြစ်အပျက် အချို့ ဖြစ်ပွားလိမ့်မယ်... ငါတို့ အဲ့တာတွေကို လွဲချော်လို့ မဖြစ်ဘူး”
မင်ရှုဖုန်းက အံ့အားသင့်သွားကာ သူမကို လှည့်ကြည့်လိုက်၏။
“မီးတောက် ကျောက်စိမ်းကိုရော ဘယ်လိုလုပ်မှာလဲ...”
အမျိုးသမီးက တစ်ခဏမျှ တွေးတောလိုက်၏။
“ဆုတ်ယုတ်မှု ရာသီက နောက်ထပ် နှစ်နှစ်လောက် ကြာဦးမှာ... ငါတို့မှာ အချိန် ရှိပါသေးတယ်”
လင်းမင် တော်ဝင် သားတော် အဖြစ် တက်လှမ်းပြီး တစ်ပတ်ပြည့်သည့်နေ့တွင် ဆုတ်ယုတ်မှု ရာသီမှာ အဆုံးသတ် သွားလိမ့်မည် ဖြစ်သည်။ မည်သို့ပင် ဆိုစေ... ဆုတ်ယုတ်မှု ရာသီ၏ သက်ရောက်မှု မပါရှိပဲ လောကသခင် တစ်ပါးကို သတ်ဖြတ်ရန်မှာ အလွန် ခက်ခဲလှသော အလုပ် ဖြစ်သည်။ ဆုတ်ယုတ်မှု ရာသီမှာ ကုန်းမြေတိုက်ကြီးပေါ်ရှိ မည်သည့် ကျင့်ကြံသူအတွက် မဆို တိုက်ခိုက်ရေး စမ်းသပ်မှုများကို ကျော်လွှားရန် အကောင်းဆုံး အချိန် ဖြစ်ပေသည်။
မင်ရှုဖုန်းက ကောင်းကင်ကို ပြန်မော့ကြည့်ရင်း ပင့်သက်တစ်ချက် ရှို်ကလိုက်၏။ ဘာကြောင့်မှန်း မသိ... သူမ၏ စိတ်တစ်ခုလုံးကတော့ မကောင်းသော ခံစားချက်တို့ဖြင့် လေးလံနေခဲ့လေသည်။
...
အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးပေါ်ရှိ နေရာတိုင်း လိုလိုတွင် ဝေ့ဝူယင်၏ ပုံရိပ် ခန့်ညား ထင်ရှားစွာ ပေါ်လွင် လာခဲ့ချိန်တွင် မိန်းကလေး တစ်ယောက်မှာ ကြီးမားသော လောင်အိမ်တစ်ခု၏ ထောင့်စွန်းတွင် ငြိမ်သက်စွာ ထိုင်နေခဲ့၏။ ထိုလှောင်အိမ်မှာ အလွန် စည်ကားရာ မြို့လယ်တစ်ခု၏ ပလက်ဖောင်း တစ်ခုထက်တွင် ရှိနေခြင်း ဖြစ်ပြီး သည်အတိုင်း ကြည့်ရုံဖြင့်ပင် ကျွန်အဖြစ် ရောင်းချနေခြင်း ဖြစ်ကြောင်း သိရှိနိုင်ပေသည်။
မိန်းကလေးမှာ လုံးဝ အဝတ်ဗလာနှင့် ဖြစ်ကာ ဒဏ်ရာများမှာ သူမ၏ နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ် တစ်လျှောက် ပြည့်နှက်နေ၏။ သူမနှင့် အတူ ရှိနေသည့် လှောင်အိမ်ထဲရှိ အခြားလူများကတော့ ကြမ်းပြင်ထက်တွင် မျှော်လင့်ချက် ကင်းမဲ့စွာဖြင့် လှဲပြိုကျနေကြကာ အသက်မဲ့လုနီးပါးပင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
မိန်းကလေးက လက်နှစ်ဖက်နှင့် အတူ သူမ၏ အဓိက နေရာများကို အခြားလူများ မမြင်နိုင်စေရန် ဖုံးကွယ်ထားကာ လှောင်အိမ်ကြားမှ နေ၍ ကောင်းကင်ရှိ ပုံရိပ်ကို ငေးမောကြည့်နေခဲ့၏။ သူမ၏ နှုတ်ခမ်းများထက်တွင်တော့ တောက်ပသည့် အပြုံးတစ်ခုက နေရာယူနေသည်။
အကယ်၍ ဝေ့ဝူယင်သာ ထိုမိန်းကလေး၏ လက်ရှိ အခြေအနေနှင့် အပြုအမူတို့ကို မြင်တွေ့ပါက အလွန်ပင် အံ့အားသင့်သွားလိမ့်မည် ဖြစ်သည်။ သန်မာသည့် ကျင့်ကြံခြင်း အခြေခံ မရှိပဲ ထူးပြားဆန်းကြယ်သည့် ကမ္ဘာတစ်ခုတွင် ကျွန်အဖြစ် ဖမ်းဆီးခံထားရသည့်တိုင် သူမ၏ ဆန္ဒက အလွန် သန်မာနေခဲ့သည် မဟုတ်ပါလား။
သူမကား လျဲ့ယုပင် ဖြစ်လေသည်။
“သူက ဘယ်နေရာကို သွားသွား အမြဲတမ်း ထူးချွန်နေတာပဲ”
လျဲ့ယုက ခပ်တိုးတိုး ရေရွတ်လိုက်၏။ ထိုအခိုက်တွင်ပင် လမ်းမထက်ရှိ ဖြတ်သွားဖြတ်လာ တစ်ယောက်က လှောင်အိမ် အနားသို့ ချည်းကပ်လာကာ သူမကို မေးလိုက်သည်။
“အရှင်ဝေ့ကို မင်း သိတာလား...”
“ ... “
လျဲ့ယုမှာ အံ့အားသင့်သွားကာအသံလာရာကို လှည့်ကြည့်လိုက်၏။ သူမ တွေ့လိုက်ရသည်က လှပသော မိန်းကလေး တစ်ယောက်ပင် ဖြစ်သည်။
မိန်းကလေးမှာ လျဲ့ယုကို ကြည့်ကာ အံ့အားသင့်သွားဟန် ရ၏။
“မင်းကိုး...”
သို့သော်လည်း လျဲ့ယုကတော့ ထိုမိန်းကလေးကို မြင်တွေ့ဖူးခြင်း မရှိပါချေ။ သူမ၏ နီညိုရောင် ဆံပင်များက အတော်လေး လှပသည်ဟုသာ တွေးလိုက်မိ၏။
ထို့နောက်... မိန်းကလေးမှာ တစ်ခဏမျှ တိတ်ဆိတ်သွားကာ ပုရပိုက် တစ်ခုကို ဖတ်နေသည့် လှောင်အိမ် အပြင်ဘက်မှ ကျွန်ကုန်သည်ဘက်သို့ လှည့်လိုက်သည်။
“ဒီမယ်... ငါ ဒီတစ်ယောက်ကို ဝယ်မယ်”
သူမက အော်ဟစ်လိုက်ရင်း သိုလှောင် လက်စွပ်တစ်ခုကို ပစ်ပေးလိုက်သည်။ ကျွန်ကုန်သည်မှာ ပထမ၌ အနှောက်အယှက် ဖြစ်သွားပုံ ပေါ်သော်လည်း လက်စွပ်ထဲရှိ ငွေပမာဏကို စစ်ဆေးပြီးနောက်၌ သူ၏ အမူအရာက ပြောင်းလဲသွား၏။ သူက ဖော်ရွေစွာ ပြုံးလိုက်ရင်း လှောင်အိမ်တံခါးကို ဖွင့်ကာ အထဲရှိ လျဲ့ယုကို ထုတ်ပေးဖို့ ပြင်ဆင်လိုက်သည်။
ကျွန်ကုန်သည် ချည်းကပ်လာည်ကို မြင်သည်နှင့် လျဲ့ယု၏ အမူအရာက ဖြူရော်သွား၏။ သူမ၏ ခန္ဓာကိုယ်အား ထိုလူ နောက်တစ်ကြိမ် ထိတွေ့ကိုင်တွယ်မည်ကို လုံးဝ မလိုလားသည့်ပုံပင်။
“သူ့ကို မထိနဲ့...”
နီညိုရောင် ဆံပင်ပိုင်ရှင် မိန်းကလေးက အမိန့်ပေးလိုက်၏။ ကျွန်ကုန်သည်မှာ သူမ၏ အထက်စီးဆန်သော လေသံကြောင့် မျက်မှောင်ကြုတ် သွားသည်။
ထိုမိန်းမက သူ့ကို မလေးမစား ဆက်ဆံနိုင်သည်ဟု ထင်နေသည်လား။ သူ၏ ကျင့်ကြံခြင်း အခြေခံက သူမထက် အားနည်းခြင်း မရှိချေ။ သူ နှိမ့်ချနေသည်က အလုပ်သဘော အရသာ ဖြစ်သည်။ အကယ်၍ သူမ မကျေနပ်လျှင် ထွက်သွားနိုင်သည်။ သို့သော်လည်း... လက်ထဲသို့ ရောက်ရှိပြီး ဖြစ်သည့် ပိုက်ဆံကိုတော့ ပြန်ပေးရိုး ထုံးစံ သူ့တွင် မရှိချေ။
သူက မိန်းကလေးကို လျစ်လျူလိုက်ရင်း လျဲ့ယု၏ လှပသည့် ခန္ဓာကိုယ်ကို နောက်ဆုံး တစ်ကြိမ် ထိတွေ့ အရသာခံရန် ကြိုးစားလိုက်၏။ သို့သော်လည်း ထိုအရာက တစ်သက်တာ အမှား ဖြစ်လာလိမ့်မည်ဟု သူ လုံးဝ မတွေးခဲ့မိချေ။
ကလန့်...
ရုတ်တရက် ဓားမြည်သံ တစ်ခု ပေါ်ထွက်လာ၏။ ကျွန်ကုန်သည်မှာ သူ့ခန္ဓာကိုယ်က ပေါ့ပါသွားကာ အပေါ်သို့ မြင့်တက်သွားသလို ခံစားလိုက်ရသည်။ သို့သော်လည်း မကြာခင်မှာပင် တောင့်တောင့်ကြီး ရပ်နေသည့် ရင်းနှီးနေသော ခန္ဓာကိုယ် တစ်ခုကို သူ မြင်တွေ့လိုက်ရသည်။
“နေဦး... ဒါက ငါ ဝတ်ထားတဲ့ အဝတ်အစားတွေမလား...”
ထိုအရာက သူ၏ နောက်ဆုံး အတွေး ဖြစ်ပေသည်။ ထို့နောက်တွင် သူ့ကမ္ဘာတစ်ခုလုံးမှာ ရုတ်ချည်း အမှောင်ကျ သွားတော့၏။
“အမှိုက်ကောင်...”
နီညိုရောင် ဆံပင်ပိုင်ရှင် မိန်းကလေးက လျဲ့ယု၏ လှောင်အိမ်အနားသို့ ကပ်လာကာ အဝတ်အစား တစ်စုံကို ပစ်ပေးလိုက်၏။
“ဝတ်ထားလိုက်ပါ... အရှင်ဝေ့က မင်းကို တစ်ကြိမ် ကယ်ခဲ့ဖူးတယ်... သူ ပေးခဲ့တဲ့ အသက်က ခုလို အမှိုက်တွေကြား နစ်မြုပ်နေတာ တွေ့ရင် သူ စိတ်အနှောက်အယှက် ဖြစ်ရလိမ့်မယ်”
သူမ၏ အသံက အနည်းငယ် အေးစက်စက် နိုင်နေ၏။
“ရှင်... ရှင်က ဘယ်သူလဲ...”
လျဲ့ယုက မိန်းကလေးကို ကြည့်ရင်း မေးလိုက်၏။ အဆိုးရွားဆုံး ကံကြမ္မာများကို ရင်ဆိုင်ပြီးနောက်တွင် သူမ မည်သူ့ကိုမှ မယုံကြည်ရဲတော့ချေ။
နီညိုရောင် ဆံပင်ပိုင်ရှင် မိန်းကလေးက ဓားကို ဓားအိမ်ထဲ ပြန်ထည့်လိုက်၏။ ထို့နောက် သူမက အရိုးရှင်းဆုံး အဖြေပေးလိုက်လေသည်။
“အာဏာရှင် အဖွဲ့ရဲ့ ပထမ ဗိုလ်ချုပ်... ဟုန်ချွင်းဟွာ...”
***