← Chapters

ဓားစံအိမ် အကြီးအကဲ၏ တုံ့ပြန်မှု

Vol. 5 Ch. 57

ဓားစံအိမ် အကြီးအကဲ၏ တုံ့ပြန်မှု

Vol. 5 Ch. 57

ဓားစံအိမ်၏ ဒုတိယထပ်သို့ ဖြည်းညှင်းစွာ လျှောက်လာရင်း ဟန်မူယဲ့သည် လက်တစ်ဖက်တွင် ဓားကိုကိုင်ကာ တာဝန်စာအုပ်ကို အခြားတစ်ဖက်တွင် ကိုင်ဆောင်ထားသည်။ သူက အော်လိုက်သည်။

“တပည့် ဟန်မူယဲ့က အကြီးအကဲကို တွေ့ခွင့်တောင်းပါတယ်”

တတိယထပ်မှ အသံတိုးတိုးတစ်ခုကို ကြားလိုက်ရသည်။

ဟန်မူယဲ့သည် တတိယထပ် သို့ လျှောက်လာလျှင် ဓားစံအိမ်အကြီးအကဲက သူထိုင်နေရာမှ သူ့ကို မော့ကြည့်လိုက်သည်။

“ဘာများလဲ...”

ဟန်မူယဲ့က ဦးညွှတ်ပြီး သူ့လက်ထဲက ဓားကို ကမ်းပေးလိုက်တယ်။

“အကြီးအကဲ၊ ဒီဓားဟာ မကောင်းဆိုးဝါး စွမ်းအင်တွေနဲ့ ပြည့်နေတယ်”

သူ့စကားကို ကြားသော်လည်း ဓားစံအိမ်အကြီးအကဲ၏အမူအရာက မပြောင်းလဲသွားပါ။ သူက လက်ကို မြှောက်ပြီး ဓားကို ယူလိုက်၏။ ဓားကို ဆန်းစစ်ခြင်းမပြုဘဲ သစ်သားစားပွဲပေါ်၌ အလျားလိုက်ချကာ အကြီးအကဲက ဟန်မူယဲ့အား ကြည့်သည်။

“ဓားမှာ မကောင်းဆိုးဝါး စွမ်းအင်တွေ ရှိနေတာကို မင်း ဘယ်လို သိတာလဲ ပြောပြပါ”

ဤဓားမှာကျိယွမ်၏ဓားဖြစ်ကြောင်း၊ နောက်ပိုင်း စုယန်က ယူဆောင်သွားခဲ့ကာ ပြန်ရောက်လာခဲ့ကြောင်း ဟန်မူယဲ့ ရှင်းပြသည်။ ထို့အပြင် ဤဓားသည် ဓားထိန်းတစ်ဦး၏ အခန်းထဲသို့ တိတ်တဆိတ် ဝင်ရောက်နိုင်ပုံရသည်။

“လော့ထျန်း ဓားကို ရွေးတုန်းက စုယန် နဲ့ အတူတူပါပဲ။ သူက ဓားကို တိုက်ရိုက်သွားယူခဲ့တယ်”

ဟန်မူယဲ့က သူ့လက်ထဲမှ တာဝန်စာအုပ်ကို ကမ်းပေး၏။

“ဒါ့အပြင် ဒီတာဝန်စာအုပ်က ထူးဆန်းတယ်။ လော့ထျန်းရဲ့ ကျင့််ကြံဆင့်နဲ့ဆို မီးတောက်မိစ္ဆာတောင်ကြားကို သွားဖို့ မပြောနဲ့... မိစ္ဆာမြေခွေးကိုတောင် သတ်နိုင်မှာ မဟုတ်ဘူး”

သားရိုင်းမိစ္ဆာများသည် အနည်းဆုံး ချီစုစည်းခြင်းအဆင့်တွင် ရှိသည်။

မိစ္ဆာမြေခွေးသည် မိစ္ဆာသားရဲများအကြားတွင် ထူးထူးခြားခြား ဉာဏ်ရည်ဉာဏ်သွေးရှိသော မျိုးစိတ်ဖြစ်သည်။ ထိုစဉ်က မီးတောက်မိစ္ဆာတောင်ကြား ၏ပထမအကြီးအကဲသည် မိစ္ဆာမြေခွေးမျိုးနွယ်မှဖြစ်သည်။

လော့ထျန်း၏ ကျင့်ကြံခြင်းအဆင့်သည် ချီစုစည်းခြင်းအဆင့်တွင်သာရှိသည်။ မိစ္ဆာတောင်ကြားကဲ့သို့ ကြမ်းတမ်းခက်ခဲသော နယ်မြေမှ မိစ္ဆာမြေခွေးကိုသတ်ပြီးနောက် တစ်လအတွင်း မိုင် ၈၀၀၀၀ အကွာ ခရီးမှ ပြန်ရောက်လာခြင်းသည် အဓိပ္ပါယ်မရှိပေ။

ဓားစံအိမ်အကြီးအကဲက ခေါင်းညိတ်ကာ ဟန်မူယဲ့ကို သဘောကျစွာ ကြည့်သည် ။

“မင်းက စေ့စပ်တာပဲ”

“ဒါ့အပြင် မင်းက ဓားကို ဓားစံအိမ်မှာ ဆက်ယူထားလိုက်တာ ကောင်းတဲ့စိတ်နေသဘောထားပဲ”

ဓားစံအိမ်အကြီးအကဲက သူ့လက်ကို မြှောက်ကာ ဓားကို ကိုင်လိုက်သည်။ ထို့နောက် သူက အေးအေးဆေးဆေးပြောသည်။

“ဒီအချိန်မှာ မင်းသိဖို့ မလိုအပ်တဲ့အရာတွေရှိတယ်”

“ဓားစံအိမ်မှာ ဆယ်နှစ်ကြာအောင် ဓားထိမ်းသိမ်းစောင့်ရှောက်နိုင်တဲ့အခါ မင်းသိသင့်တာတွေကို ငါပြောပြမယ်။”

ထို့နောက် သူက ဓားကို ကိုင်ကာ မျက်လုံးကို မှိတ်လိုက်သည်။

“ဓားစံအိမ်ဟာ ဓားကို ထိန်းသိမ်းပေးရုံပဲမဟုတ်ဘူးဆိုတာ မင်း သိထားရမယ်”

မတ်တပ်ရပ်ရင်း သူ့နောက်မှ သစ်သားစင်ပေါ်သို့ ဓားရှည်ကို တင်လိုက်သည်။

သစ်သားစင်ပေါ်တွင် အနက်ရောင်ဓားအိမ်ဖြင့် ဓားတစ်ချောင်းလည်း ရှိသည်။

“ဓားပျိုးထောင်စနစ်ကို ကောင်းကောင်းလေ့ကျင့်ပါ။ လုံလောက်တဲ့အဆင့်တစ်ခုအထိ ကျင့်ကြံပြီးမှသာ မင်းဟာ ဝေဝါးမှုတွေကို ဖယ်ရှားနိုင်လိမ့်မယ်”

ဓားစံအိမ်အကြီးအကဲက ဟန်မူယဲ့ကို လှည့်ကြည့်လျှင် သူ့မျက်လုံးများထဲ၌ အဆုံးမရှိ နက်ရှိုင်းမှုကို မြင်တွေ့ရ၏။

…

ဟန်မူယဲ့ အောက်ထပ်သို့ဆင်းသွားသောအခါ ဟွမ်လောင်လျှို ထွက်သွားပြီး ဖြစ်သည်။

စားပွဲရှည်ကြီးတွင်ထိုင်ပြီးနောက် ဟန်မူယဲ့က ဓားစံအိမ်အကြီးအကဲပြောသည့်စကားကို တွေးနေမိသည်။

ဤသည်မှာ ကျင့်ကြံခြင်းလောကဖြစ်သည်။ မည်သည့်ထူးဆန်းမှုမဆို ဖြစ်နိုင်ပေသည်။

အကြီးအကဲသည် ထိုဓား၏လျှို့ဝှက်ချက်ကို သိသော်လည်း မပြောခဲ့ပေ။

ထိုဓား၏ထူးဆန်းမှုသည် ဓားဂိုဏ်းမှ ကျွမ်းကျင်သူများနှင့် ဓားစံအိမ်အကြီးအကဲ၏ အမြင်တွင် ကြီးကြီးမားမား မဟုတ်ပါ။

၎င်းသည် အမှန်တရားဖြစ်သည်။ ဓားက အများဆုံး အတွင်းစည်းတပည့်တချို့နှင့် အပြင်စည်းဂိုဏ်းသားတချို့ကိုသာ ထိခိုက်စေပေလိမ့်မည်။

အကြီးအကဲ၏အမြင်တွင် တိုက်ခိုက်ရေးခန်းဆောင်မှ ကျိုးရန်နှင့် တပည့် ၁၃ ယောက်ကို သတ်ဖြတ်ခဲ့သော ချင်ယွမ်ဟယ်ကိစ္စမှာ ထိုဓားထက် ပို၍ အရေးပါသည်။

ထို့အပြင် ၎င်းဓားသည် ဓားစံအိမ်၏လျှို့ဝှက်ချက်အချို့နှင့်ဆက်စပ်နေပုံရသည်။

ဓားထိန်းအဖြစ် ဆယ်နှစ်ကြာပြီး ဓားစံအိမ်၏ စီမံခန့်ခွဲရေးမှူး ဖြစ်လာသူများသာ ဤလျှို့ဝှက်ချက်များကို သိရှိရန် ထိုက်တန်သည်။။

ဟန်မူယဲ့ ခေါင်းယမ်းလိုက်သည်။

သူ ဓားစံအိမ်သို့ ရောက်သည်မှာ မည်မျှ ကြာပြီနည်း။

ကံကောင်းစွာဖြင့် ဟွမ်လောင်လျှိုသည် ဓားထိန်းအဖြစ် ခုနစ်နှစ် ကြာခဲ့ပြီ ဖြစ်သည်။ ဆယ်နှစ်ပြည့်သောအခါ ဓားစံအိမ်၏ လျှို့ဝှက်ချက်များကို သူသိခွင့်ရလိမ့်မည်။

ထိုအချိန်ကျလျှင် ဟန်မူယဲ့မေးပါက ဟွမ်လောင်လျှို ဖုံးကွယ်ထားမည် မဟုတ်ကြောင်း သူ ယုံကြည်သည်။

သူ့လက်ဖဝါးကိုဖွင့်ကြည့်လိုက်ပြီးနောက် ဟန်မူယဲ့က သုံးလက်မပင် မရှိသော ကြေးဓားငယ်ကို ကြည့်လိုက်သည်။

ဤဓားငယ်ကို ဓားစံအိမ်အကြီးအကဲက သူ့အား ပေးခဲ့ခြင်း ဖြစ်သည်။

ဓားစံအိမ်၏တရားဝင်တပည့်များသာ ဤသို့သော ဓားငယ်ကို လက်ခံနိုင်သော ဂုဏ်ကျက်သရေရှိသည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ အကြီးအကဲတစ်ဦး မဟုတ်ပါက ဟန်မူယဲ့ ဓားကို ထုတ်ပြခွင့် မရှိပေ။

ဓားသည် မည်သည့်ထူးခြားမှုမှ မရှိဘဲ ဓားချီများသည်လည်း ၎င်းအတွင်းသို့ ဝင်နိုင်စွမ်းမရှိချေ။ ဤသည်က အသိအမှတ်ပြု အမှတ်အသားတစ်ခုသာ ဖြစ်ဟန်ရသည်။

မျက်လုံးများကို ဖြည်းညှင်းစွာမှိတ်လိုက်သောအခါ ဟန်မူယဲ့၏ချီပင်လယ်မှ ဓားဆန္ဒတစ်ခု အနည်းငယ် တုန်ခါသွားသည်။

ပြင်းထန်အားကောင်းသော ဓားဆန္ဒကို ခံစားမိခြင်းက သူ့အား စိတ်သက်သာရာ ရစေ၏။

စွမ်းအား...

လုံလောက်သော စွမ်းအားမရှိပါက သူတို့သည် အင်အားကြီးသူများအမြင်တွင် ပုရွက်ဆိတ်သာသာ ဖြစ်သည်။

ဟန်မူယဲ့သည် အံကြိတ်ကာ သူ့ပတ်ပတ်လည်ရှိ ဓားချီစွမ်းအားကို ခန္ဓာကိုယ်ထဲသို့ စီးဆင်းစေကာ ဓားအရိုးများကို စုစည်း၏။

သူသည် ထိုအဆင့်နိမ့်တပည့်များကဲ့သို့ မဖြစ်ချင်ဘဲ အကြီးအကဲများ၏အမြင်တွင် အရေးမပါသောတည်ရှိမှု ဖြစ်လိုသည်။

သူ့ထံမှ ပါးလျသော ဓားချီများ ပျံ့လွင့်သွားလျှင် ဓားစံအိမ်ပထမထပ်မှ ဓားများအား တုန်ခါသွားစေသည်။

…

ဟွမ်လောင်လျှို ဓားစံအိမ်သို့ ပြန်ရောက်သောအခါ တံခါးပိတ်ချိန်နီးနေပြီဖြစ်သည်။

သူသည် အိတ်သေးသေးလေးတစ်လုံးကို ကိုင်ဆောင်ထားပြီး အတော်လေး ခိုးကြောင်ခိုးဝှက်ပုံစံ ပြုမူနေသည်။

“ညီလေးဟန်...”

ဟွမ်လောင်လျှိုက အိတ်ကလေးကိုဖွင့်လိုက်သည်။ အတွင်း၌ ဝိညာဉ်ကျောက်တုံး ၁၅ တုံး ရှိနေသည်။

၎င်းသည် အရည်အသွေးမြင့် ဝိညာဉ်ကျောက်တုံးကဲ့သို့ တောက်ပခြင်းမရှိသော်လည်း အရည်အသွေးနိမ့်ဝိညာဉ်ကျောက်တုံးများထက် ချီစွမ်းအင်ပိုမိုကြွယ်ဝသည်။

သာမန် ဝိညာဉ်ကျောက်တုံး ၁ လုံးသည် အရည်အသွေးနိမ့်ဝိညာဉ်ကျောက်တုံး ၁၀၀ တန်ဖိုးရှိသည်။ ဤ သာမန်ဝိညာဉ်ကျောက်တုံး ၁၅ တုံးမှာ အရည်အသွေးနိမ့်ဝိညာဉ်ကျောက်တုံး ၁၅၀၀ တန်ဖိုးရှိသည်။

ဟွမ်လောင်လျှိုသည် ဓားစံအိမ်တွင် ခုနစ်နှစ်ကြာနေခဲ့သည်။ ဤသည်က သူပိုင်ဆိုင်သမျှ အားလုံး ဖြစ်နိုင်၏။

“မနက်ဖြန် ဓားကောင်းတစ်လက်ကို ညီမဖျင် အတွက် ရွေးပေးပါ”

ဟွမ်လောင်လျှိုက ဟန်မူယဲ့ရှေ့ကို ဝိညာဉ်ကျောက်တုံးများ တွန်းလိုက်ကာ အသံတိုးတိုးဖြင့် ပြောသည်။

“မလောက်သေးရင် ငါ့ကို ကူပြီး စိုက်ပေးထားပါ။ နောက်ပိုင်း ငါပြန်ပေးပါ့မယ်”

ဟန်မူယဲ့က ပြုံးလျှက် အိတ်ကလေးကို ပြန်တွန်းပေးလိုက်သည်။ ထို့နောက် သူက ပြောသည်။

“အစ်ကို...  ခင်ဗျားလက်ထပ်ဖို့ စုဆောင်းထားတာတွေ အကုန်သုံးပစ်တော့မလို့လား”

“ဟုတ်တယ်။ ငါ...”

ဟွမ်လောင်လျှို စကားစဖြတ်ကာ ရှက်သွားဟန်ဖြင့် ပြောသည်။

“ဒါက အဆင်ပြေတယ်။ မင်းရဲ့မရီးအတွက်ပဲ မဟုတ်ဘူးလား။ ညီမဖျင်ဟာ ကျင့်ကြံတာ ဆယ်နှစ်တောင် မပြည့်သေးဘူး။ သူ့မှာ ဓားကောင်းတစ်လက်ရှိရင် ပြိုင်ပွဲမှာ အခွင့်အရေးပိုသာမှာပဲ”

“ညီမဖျင်သာ ဂိုဏ်းစုဝေးပွဲမှာ အဆင့်ကောင်းကောင်းရရင် အရင်းအမြစ်တွေ ပိုရပြီးတော့ အနာဂတ်အတွက် ပိုပြီး အောင်မြင်ဖို့ အခွင့်အလမ်းရှိတယ်”

ထို့နောက် သူက ဟန်မူယဲ့၏ ပုခုံးကို လှမ်းဖက်လိုက်ပြီး သက်ပြင်းချသည်။

“ညီလေး... မင်း မသိပေမဲ့ ငါ့နှလုံးသားက အရမ်းစိတ်အားထက်သန်နေပြီ”

ဟန်မူယဲ့က ရယ်မောကာ အိတ်ကလေးအား ယူလိုက်သည်။

“ကောင်းပြီ... ဒါနဲ့မလောက်ရင် ကျုပ် စိုက်ပေးထားမယ်။ အဲဒါကို တူလေးအတွက်လို့ သတ်မှတ်လိုက်ပေါ့”

ထို့နောက်​ ဟန်မူယဲ့ သူ၏အခန်းထဲသို့ ပြန်​လာခဲ့သည်​။

“ဘာတူလေးလဲ... သူက အခုထိ...”

ဟွမ်လောင်လျှို၏ မျက်နှာ နီမြန်းလာသည်။

....

ဟန်မူယဲ့သည် နောက်တစ်နေ့နံနက်တွင် အစောကြီးနိုးလာ၏။

သူ စောစောထလိုခြင်း မဟုတ်သော်လည်း ဟွမ်လောင်လျှိုသည် မနက်စာယူလာကာ သူ့အား အတင်းနှိုးသောကြောင့် ဖြစ်သည်။

ဟွမ်လောင်လျှိုက အဆောင်လက်ဖွဲ့နှစ်ခုကိုလည်း ပေးသည်။

၎င်းတို့အား ခြေထောက်တွင်ကပ်ထားလိုက်ပါက ပျံသန်းနိုင်သည့်အလား မြန်ဆန်စွာ ပြေးလွှားနိုင်သည်။

ဤလက်ဖွဲ့များမှာ သိပ်တန်ဖိုးမကြီးပါ။ မည်သို့ဆိုစေ ချီစုဆောင်းခြင်း အဆင့် ၅ နှင့် ၆ များသည်ပင် ခြေတစ်လှမ်းကို ပေတစ်ရာခန့် သွားနိုင်ကြသည်။

ဤလက်ဖွဲ့ကို လိုအပ်သူများသည် အဆင့်နိမ့် ကျင့်ကြံသူများသာ ဖြစ်သည်။

အဆောင်စာရွက်ကို သိမ်းဆည်းကာ ဓားစံအိမ်မှ ထွက်လာပြီးနောက် ဟန်မူယဲ့သည် တောင်ခြေဂိတ်တံခါးသို့ ရောက်ရှိလာသည်။ လုချန်းဖျင်သည် ရထားလုံးတစ်စီးဖြင့် ထိုနေရာတွင် ရောက်နှင့်ပြီး ဖြစ်သည်။

ကြည့်ရသည်မှာ အဆောင်လက်ဖွဲ့များ မလိုအပ်တော့ပါ။

“စီနီယာအစ်မလု... ကျုပ် မောင်းပါ့မယ်”

ဟန်မူယဲ့က သူမအား လှမ်းနှုတ်ဆက်ကာ ပြောသည်။

လုချန်းဖျင်က မငြင်းပေ။ သူမက ဇက်ကြိုးကိုချကာ ပြုံးလိုက်သည်။

“ကျေးဇူးတင်ပါတယ် ဂျူနီယာမောင်လေးဟန်”

ဟန်မူယဲ့သည် ရထားပေါ်သို့တက်ကာ တောင်ပေါ်မှ မောင်းလာခဲ့သည်။

ဟွမ်လောင်လျှိုသည် ဈေး၏တည်နေရာကို အကြိမ်ကြိမ်ရှင်းပြပြီးဖြစ်သည်။

“ဂျူနီယာမောင်လေးဟန်... နင် ဓားစံအိမ်မှာ ဘယ်လောက်ကြာပြီလဲ”

ရထားပေါ်တွင်ထိုင်နေသော လုချန်းဖျင်က ရထားနံရံကိုမှီကာ မေးသည်။

“သိပ်မကြာသေးဘူး။”

ဟန်မူယဲ့က ကြာပွတ်ကို ဖွဖွရိုက်ရင်း ကျယ်လောင်စွာ ပြောသည်။

“ကျွန်တော်က အစ်ကိုရဲ့ဂရုစိုက်မှုကြောင့် အတော်လေး ကံကောင်းတယ်”

လုချန်းဖျင်က ခေါင်းညိတ်ပြီး ပြောသည်။

“တကယ်တော့ အစ်ကိုကျန်းရှုံးဟာ နွေးထွေးပြီး ပေါင်းသင်းရလွယ်တယ်”

လုချန်းဖျင်သည် သန့်စင်ရေကျောင်းတော်၏ အတွင်းစည်းတပည့်ဖြစ်သော်လည်း သူမတွင် မောက်မာမှု တစ်စုံတစ်ရာမရှိပေ။

သူတို့က လမ်းတစ်လျှောက် ဟွမ်လောင်လျှိုအကြောင်း အများဆုံး ပြောဖြစ်သည်။

လုချန်းဖျင်က သူမ၊ ဟွမ်လောင်လျှို နှင့် အခြားလူများက ကျင့်ကြံခြင်းဂိုဏ်းများသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြပုံကို ပြောပြပြီးသောအခါ သူမ သက်ပြင်းချလိုက်သည်။

“အစ်ကို ကျန်းရှုံးက ဆုံးဖြတ်ချက်ခိုင်မာသူပဲ”

“အဲဒီတုန်းက သူဟာ သန့်စင်ရေကျောင်းတော်မှာ အစေခံတပည့်အဖြစ် မနေချင်တာဟာ ငါ့ထက် မနိမ့်ကျချင်လို့ပဲ”

“သူ သန့်စင်ရေကျောင်းတော်က ထွက်သွားတဲ့အခါ တစ်နေ့မှာ ကောင်းကင်ဘုံအဆင့် တန်ခိုးရှင်တစ်ယောက်ဖြစ်လာမယ်လို့ ပြောခဲ့တယ်”

“အဲဒီတုန်းကတော့ ကောင်းကင်ဘုံအဆင့် ဆိုတာ ဘာလဲ မသိသေးဘူး”

ကောင်းကင်ဘုံအဆင့်သည် လေထဲပျံနိုင်ကာ စွမ်းအားကြီးကြောင်းကိုသာ သိနားလည်ခဲ့သည်။

၎င်းကို ဟန်မူယဲ့ နားလည်၏။

ဖီးနစ်သရဖူ၀တ်ရုံကို ၀တ်ဆင်ထားရင်း ချစ်သူနှင့်အတူ တိမ်များကို ကြည့်ချင်သည့် အိပ်မက်တစ်ခု လူငယ်များတွင် ရှိတတ်သည်။

ရထားနံရံကို မှီ၍ လုချန်းဖျင်သည် ကောင်းကင်ယံရှိ တိမ်တိုက်များကို မျှော်ကြည့်သည်။

“မောင်လေးဟန်... အစ်ကိုကျန်းရှုံး ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်မှာလဲ”

ဟန်မူယဲ့က သူ့လက်ထဲက ဇက်ကြိုးကို ဆွဲလိုက်လျှင် ပြေးလွှားနေသော ရထားမှာ လမ်းတွင် ရပ်တန့်သွား၏။

All Chapters