← Chapters

ကျင့်ကြံရန်အလို့ငှာ သာမန်ဘဝကို စွန့်လွှတ်ခြင်း

Vol. 5 Ch. 58

ကျင့်ကြံရန်အလို့ငှာ သာမန်ဘဝကို စွန့်လွှတ်ခြင်း

Vol. 5 Ch. 58

ရထားက ရုတ်​တရက်​ ရပ်​သွားသည်​။ မတ်မတ်ထိုင်နေသော လုချန်းဖျင်သည် လုံးဝ မလှုပ်ရှားပေ။

“ဂျူနီယာမောင်လေးဟန်... အံ့ဖွယ်ကိုးပါးဓားဂိုဏ်းဟာ ကီလိုမီတာ ၅၀၀၀၀ အတွင်းမှာ ဘုရင်တစ်ဆူပဲ။ ဓားစံအိမ်က ဓားထိန်းတစ်ယောက်ရဲ့ဂုဏ်သတင်းကိုတော့ မကြားဖူးဘူး”

သူမ သက်ပြင်းချလျှက် ပြောသည်။

“အစ်ကိုကျန်းရှုံးဟာ ‘အသက်ရှုကြိမ်တစ်ရာ’  အတွက် ဓားထိန်းဖြစ်လာခဲ့တယ် မလား”

လုချန်းဖျင်သည် ‘အသက်ရှုကြိမ်တစ်ရာ’  အကြောင်းကို သိသည်။

၎င်းမှာ သိပ်မထူးဆန်းပါ။ သန့်စင်ရေကျောင်းတော်၏ အတွင်းစည်းဂိုဏ်းဝင်တစ်ဦးအနေဖြင့် သူမသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနှင့် ပတ်သက်၍ အတော်များများသိသည်မှာ မထူးဆန်းပေ။

“အစ်ကိုဟာ ဓားစံအိမ်မှာ ခုနစ်နှစ်ကြာ ဓားထိန်းလုပ်ခဲ့တယ်။ နောက်သုံးနှစ်ကြာရင် သူဟာ ဓားစံအိမ်ရဲ့ စီမံခန့်ခွဲရေးမှူးဖြစ်လာမယ်”

ဟန်မူယဲ့က ဇက်ကြိုးကို ညင်သာစွာ လှုပ်လိုက်လျှင် ရထားသည် ရှေ့သို့ ဖြည်းညှင်းစွာ ရွေ့လျားသွားသည်။

“ဒါပေမယ့် စီမံခန့်ခွဲရေးမှူးဖြစ်လာတဲ့အချိန်အထိ သူ အသက်ရှည်ပါ့မလား”

လုချန်းဖျင် မျက်မှောင်ကြုတ်လိုက်သည်။

“အမှန်အတိုင်းပြောရရင် ငါ သူ့ကိုစတွေ့တုန်းက သိပ်မမှတ်မိဘူး”

“သူ့မျက်လုံးတွေကိုသာ မမြင်ခဲ့ရင် သူ့ကို မှတ်မိမှာ မဟုတ်ဘူး”

ဟွမ်လောင်လျှိုသည် ဓားစံအိမ်၏ စီမံခန့်ခွဲရေးမှူးဖြစ်လာသည့်အချိန်အထိ အသက်ရှင်မည်လား ဟန်မူယဲ့ မသေချာပါ။ သူသည် ဓားစံအိမ်အကြီးအကဲ သင်ကြားပေးသော ဓားစုစည်းခြင်းစနစ်ကို လေ့ကျင့်ရာ သူ အသက်ရှင်လောက်သည်။

“ဂျူနီယာမောင်လေးဟန်... မင်း ဓားစံအိမ် ရဲ့ ဓားထိန်း ဖြစ်ချင်ရတဲ့ အကြောင်းရင်း နောက်ကွယ်မှာ ဇာတ်လမ်းတစ်ခု ရှိရမယ်။”

လုချန်းဖျင်က ဟန်မူယဲ့၏နောက်ကျောကို ကြည့်ကာ တီးတိုးပြောသည်။

“ဒါပေမယ့် အစ်ကို ကျန်းရှုံးက တကယ့်ကို သာမန်လူတစ်ယောက်ပါပဲ။”

“မင်း သူ့ကို နားချနိုင်မလား”

“သူ့ကို ဒီအလုပ်ကနေ နှုတ်ထွက်ဖို့ တိုက်တွန်းပါ။ သူဟာ သာမန်လူတစ်ယောက်ဖြစ်သွားရင်တောင် နှစ်နည်းနည်း ထပ်ပြီး နေနိုင်လိမ့်မယ်”

လုချန်းဖျင်၏ အသံမှာ ခံစားချက်ဖြင့် ဆို့နင့်လာသည်။

“လွန်ခဲ့တဲ့ သုံးနှစ်လောက်က ကျင်းယန်နယ်က လာပြီး ကျင့်ကြံတဲ့ ဂျူနီယာညီမလေးတစ်ယောက်ဟာ မိစ္ဆာသားရိုင်းတစ်ကောင်ကြောင့် လည်ပင်းကျိုးသွားတာကို ငါကိုယ်တိုင် မြင်ခဲ့ရတယ်။”

“သူဟာ အိမ်ကို သတိရတဲ့အကြောင်း ပြောရင်း ငါ့လက်မှာ သေသွားခဲ့တယ်”

“ကျင့်ကြံဖို့သာမလာခဲ့ရင် ခင်ပွန်းနဲ့လက်ထပ်ပြီး သားသမီးရှိနေလောက်ပြီ”

“ကျင့်ကြံခြင်းအတွက် သာမန်ဘဝကို စွန့်လွှတ်ဖို့ မထိုက်တန်ဘူးလို့ သူက ပြောခဲ့တယ်”

ရထားမှာ ဆက်လက်ရွှေ့လျားနေသည်။ တိတ်ဆိတ်သော လမ်းကလေး၌ ဘီးလိမ့်သံတစ်ခုကိုသာ ကြားရသည်။

ကျင့်ကြံခြင်းက မထိုက်တန်ဘူးလား။

ဟန်မူယဲ့သည် သူ့ဘေးနားမှ ပြတ်ကျန်ရစ်သော သစ်ပင်များအား ကြည့်ကာ အတွေးနက်နေသည်။

သူသာ မကျင့်ကြံပါက မည်သို့ ဖြစ်မည်နည်း။

သာမန်ဘဝကရော တန်ဖိုးရှိသလား။

“စီနီယာအစ်မလု... ခင်ဗျားကော ဘယ်လိုထင်လဲ”

“အစ်ကိုဟွမ်ရဲ့ရိုးသားမှုကို ခင်ဗျား ခံစားမိတယ်မလား”

“သူသာ သာမန်ဘဝကို ပြန်သွားရင် ခင်ဗျား လိုက်သွားမှာလား”

ဟန်မူယဲ့က တည်ငြိမ်စွာပြောလိုက်သည်။

ရထားလုံးထဲမှ မည်သည့်အသံမှ ထွက်မလာပါ။

တိတ်ဆိတ်နေခြင်းသည် ငြင်းပယ်ခြင်းနှင့်အတူတူဖြစ်သည်။

သန့်စင်ရေကျောင်းတော်၏ အတွင်းစည်းတပည့်သည် ချီစုစည်းခြင်းအဆင့် သို့ဝင်ရောက်ခဲ့ပြီးပါက အနည်းဆုံးနှစ်ပေါင်း 300 အသက်ရှင်နိုင်သည်။

ထိုသို့သော မသေနိုင်သော ကျင့်ကြံသူက ဟွမ်လောင်လျှိုနှင့်အတူ သာမန်ဘဝသို့ မည်သို့ ပြန်သွားနိုင်မည်နည်း။

အဆုံးသတ်၌ အရာအားလုံးသည် ဟွမ်လောင်လျှို၏ စိတ်ကူးယဉ်အတွေးမျှသာဖြစ်သည်။

ရထားက ရှေ့သို့ ရွေ့သွားကာ အခြေအနေမှာလည်း အနည်းငယ် ထိုင်းမှိုင်းနေခဲ့သည်။

ကံကောင်းထောက်မစွာပင် တောင်ပေါ်မှ မိုင်တစ်ရာကျော်အထိ လမ်းတစ်လျှောက်တွင် ကျင့်ကြံသူတချို့နှင့် တွေ့ဆုံခဲ့သည်။ အချို့က အုပ်စုလိုက် ခရီးသွားကြပြီး အချို့က ရထားများ မြင်းများဖြင့် ခရီးသွားကြ၏။ တချို့သည် ဓားကို စီးနင်းကာ သွားလာကြသည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ ကီလိုမီတာ ၅၀ နယ်နိမိတ်အတွင်း လူတစ်ဦးသည် ဓားတစ်လက်ကို စီးနင်းသင့်သည်။

ဟန်မူယဲ့သည် ဓားဂိုဏ်းတွင် ထိုသို့သော ဓားပျံကို တစ်ခါမျှ မမြင်ဖူးပေ။

ကောင်းကင်တခွင်မှ ဓားအလင်းတန်းကို ကြည့်လိုက်ကာ ဟန်မူယဲ့၏ မျက်လုံးများ တောက်ပလာသည်။

“ဒီလိုမြင်ကွင်းမျိုး မြင်ပြီးရင် သာမန်လောကရဲ့သာယာမှုကို ဘယ်လောက်ထိ တမ်းတဦးမှာလဲ”

ဟန်မူယဲ့က တိုးတိုးလေးပြောသည်။

သူ့နောက်တွင် လုချန်းဖျင် သက်ပြင်းချ၏။

ဈေးသည် ရွာလေးတစ်ရွာမျှသာ။ ရထားရပ်လိုက်သောအခါ ဈေးထဲမှ အလုပ်သမားများက လာရောက်ထိန်းပေးသည်။

ဟန်မူယဲ့နှင့် လုချန်းဖျင်တို့သည် ဈေးထဲသို့ လျှောက်သွားကာ လူများဖြင့် စည်ကားနေသော ဆိုင်ခန်းများအား ကြည့်သည်။ သူတို့အားလုံးမှာ ကျင့်ကြံသူများ ဖြစ်သည်။

တချို့က စျေးဆိုင်များရှေ့တွင်ရပ်ကာ အစွမ်းကုန် အော်ဟစ်ရောင်းချနေကြကာ တချို့က စျေးနှုန်းများ ညှိနှိုင်းနေကြသည်။

ဤကျင့်ကြံသူများ၏အရောင်အဝါများမှာ ရောထွေးနေပြီး ၎င်းတို့၏ ၀တ်စားဆင်ယင်မှုပုံစံမှာလည်း ကွဲပြားသည်။ သူတို့သည် အံ့ဖွယ်ကိုးပါးတောင်ကုန်းပေါ်မှ အင်မော်တယ်များကဲ့သို့ မဟုတ်ပါ။

ဟန်မူယဲ့ အနည်းငယ် ဝမ်းသာမိသည်။ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းထဲကို ဝင်ခွင့်မရခဲ့ပါက သူသည် ဤလူများကဲ့သို့ ကျင့်ကြံရန် ကိုယ်တိုင်ရုန်းကန်နေရပေမည်။

စီးပွားရေးလုပ်ရုံမျှဖြင့် မည်သို့ ကောင်းမွန်စွာ ကျင့်ကြံနိုင်မည်နည်း။ ကျင့်ကြံသူတစ်ဦးဖြစ်ရန် ကောင်းမွန်သော ရေခံမြေခံနှင့် ပတ်ဝန်းကျင်လိုအပ်၏။

“စီနီယာအစ်မလု...  ခင်ဗျားက ဘယ်လိုဓားမျိုးကို ရွေးချင်လဲ”

ဟန်မူယဲ့ လှည့်ကြည့်လိုက်ကာ လုချန်းဖျင်ကို မေးသည်။

လုချန်းဖျင်က ခေါင်းခါလိုက်ကာ ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ သူမရှေ့က ဆိုင်ခန်းလေးကို ညွှန်ပြလိုက်၏။

“အဲဒီဆေးဆိုင်ကို သွားကြည့်ရအောင်”

‘ဆေးဆိုင်လား’

ဓားကိုရှာမယ့်အစား ဆေးဆိုင်ကိုသွားနေသလား။

ဟန်မူယဲ့ က ဘာမှပြန်မပြောဘဲ လုချန်းဖျင်နှင့်အတူ ဆေးဆိုင်ထဲသို့ လိုက်သွားခဲ့သည်။

ဆေးဆိုင်ပိုင်ရှင်က သူတို့ကို နှုတ်ဆက်သည်။

ဟန်မူယဲ့နှင့် လုချန်းဖျင်တို့၏အဝတ်အစားများအရ သူတို့၏နောက်ခံမှာ ကောင်းမွန်ကြောင်း ထင်ရှား၏။

ဆိုင်ရှင်၏ မျက်လုံးများ တောက်ပလာသည်။

“ရှင့်မှာ သက်တမ်းတိုးပေးနိုင်တဲ့ ဆေးတွေရှိလား။”

လုချန်းဖျင်က ဆိုင်ရှင်ကို ဦးစွာ မေးလိုက်သည်။

သက်တမ်းတိုးစေသောဆေး...

ဆိုင်ရှင်၏မျက်နှာ ပျက်သွားသည်။

“မိန်းကလေး... ကျုပ်ဆိုင်မှာ ဒီလိုမျိုး ရှားပါးပစ္စည်း ဘယ်လိုရနိုင်မှာလဲ”

ဆိုင်ရှင်က အသာအယာ ပြုံးလျှက် ပြောသည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ဂိုဏ်းကြီးကိုးဂိုဏ်းအနက်မှ တစ်ခုဖြစ်သည်။ ဂိုဏ်းထဲတွင်ပင် လူတစ်ယောက်၏ သက်တမ်းကို တိုးပေးနိုင်သောဆေးများ မရှိပါ။ အပြင်မှ ဆေးဆိုင်ငယ်လေးတွင် မည်သို့ ရှိမည်နည်း။

လုချန်းဖျင်က ခေါင်းညိတ်ပြီး ထပ်မေးသည်။

“ဒါဆို သက်တမ်းတိုးပေးနိုင်တဲ့ ဆေးတွေကို ဖော်စပ်နိုင်တဲ့ ဆေးအမယ်တွေရှိလား”

ဆိုင်ရှင်က ခဏမျှ စဉ်းစားပြီး အသံကို လျှော့လိုက်သည်။

“မိန်းကလေး...  ကျုပ်ဆိုင်မှာ ကျောက်စိမ်းကြာပန်း နှစ်ခက်ရှိတယ်”

ဤဆေးဖက်ဝင်အပင်သည် သက်တမ်းတိုးဆေးများကို ဖော်စပ်ရာတွင် အရေးကြီးသော ပါဝင်ပစ္စည်းများထဲမှ တစ်ခုဖြစ်သည်။

…

ဆေးဆိုင်မှ ထွက်လာသောအခါ လုချန်းဖျင် သည် သူမ၏ လက်ထဲတွင် သစ်သားသေတ္တာတစ်ခု ရှိသည်။

သူမသည် ဝိညာဉ်ကျောက်တုံး ၃၀၀ ဖြင့် ဤကျောက်စိမ်းကြာပန်းအခက်နှစ်ခုကို ဝယ်ယူခဲ့သည်။

ထို့နောက် ၎င်းတို့နှစ်ဦးသည် အခြားဆေးဆိုင်များတွင် ရှာဖွေတွေ့ရှိခဲ့ပြီး သက်တမ်းတိုးစေမည့် ဆေးကို ဖော်စပ်ရန်အတွက် လိုအပ်သော ဆေးဖက်ဝင်အပင် သုံးမျိုးအား ဝယ်ယူခဲ့သည်။

လုချန်းဖျင်သည် ဝိညာဉ်ကျောက်တုံး ၂၁၀၀ ခန့် အသုံးပြုခဲ့သည်။

သူမ မည်မျှ ချမ်းသာသည်ကို ဟန်မူယဲ့ မသိသော်လည်း ဟွမ်လောင်လျှိုအတွက် ရက်ရက်ရောရော သုံးစွဲလိုစိတ် ရှိနေသေးသည်။

“ဓားသွားကြည့်ရအောင်”

နောက်ဆုံးတွင် ဆေးဆိုင်မှ ထွက်လာပြီးနောက် လုချန်းဖျင်သည် သက်ပြင်းတစ်ချက်ချကာ စကားစလိုက်သည်။

ဟန်မူယဲ့ ခေါင်းညိတ်လိုက်သည်။

ဤမတိုင်ခင်က လုချန်းဖျင်သည် ဟွမ်လောင်လျှို ဓားထိန်း ဆက်မလုပ်စေရန် ဟန်မူယဲ့အား စည်းရုံးခိုင်းခဲ့သော်လည်း သူမကိုယ်တိုင်က ဟွမ်လောင်လျှိုနှင့်အတူ လိုက်မသွားလိုခြင်းကို သူ သဘောမကျခဲ့ပါ။

ယခု လုချန်းဖျင်သည် သက်တမ်းကို တိုးမြင့်ပေးနိုင်သော ဆေးဖက်ဝင်အပင်များကို ဝယ်ခဲ့ခြင်းက သူ၏အမြင်ကို အနည်းငယ်ပြောင်းလဲသွားစေသည်။

လုချန်းဖျင်သည် သူမ၏ကျင့်ကြံခြင်းကို လက်မလျှော့လိုသော်လည်း ဟွမ်လောင်လျှို အတွက် ဆေးဖက်ဝင်အပင်များ ဝယ်ရန် ငွေကြေးသုံးစွဲခဲ့သည်။ ကြည့်ရသည်မှာ သူမက ဟွမ်လောင်လျှိုအတွက် ခံစားချက်များ ရှိနေသေးဟန်ရသည်။

“ဟိုက ဆိုင်တွေ သွားကြည့်ရအောင်”

ဟန်မူယဲ့က ဈေးအကြီးဆုံး လက်နက်အရောင်းဆိုင်ကို ညွှန်ပြသည်။

လုချန်းဖျင် မော့ကြည့်လိုက်ပြီး ခဏမျှ အံ့အားသင့်သွားသည်။ ထို့နောက် ခေါင်းယမ်းကာ ပြောသည်။

“ထားလိုက်တော့။ ဓားတစ်ချောင်းက ဈေးကြီးနေစရာ မလိုပါဘူး။ အခုဓားကလည်း ကိုင်ရ အဆင်ပြေနေတာပဲ”

“အရင်က လမ်းထောင့်တွေမှာ ဓားရောင်းတဲ့ဆိုင်တွေရှိတယ်။ သွားကြည့်ရအောင်။ ဓားကောင်းတစ်လက်ကို ငါတို့ ရှာတွေ့နိုင်လိမ့်မယ်”

လုချန်းဖျင်က ထိုစကားကို ပြောသော်လည်း သူမ၏မျက်လုံးများသည် ဆိုင်ဆိုင်းဘုတ်မှ ခွာမသွားပေ။

လုချန်းဖျင်တွင် ဝိညာဉ်ကျောက်တုံးများ သိပ်မကျန်တော့သည်ကို ဟန်မူယဲ့ သိသည်။

သန့်စင်ရေကျောင်းတော်၏ အတွင်းစည်းဂိုဏ်းတပည့်တစ်ဦးသည် မည်မျှ ချမ်းသာနိုင်မည်နည်း။

သူမ၏မိသားစု ချမ်းသာပါက ဓားကောင်းတစ်လက်ကို ယခုမှ လိုက်ရှာနေစရာ မလိုချေ။

“စီနီယာအစ်မလု... လမ်းဘေးဈေးဆိုင်မှာ ဘယ်လိုဓားကောင်းတွေ ရှိနိုင်လဲ”

ဟန်မူယဲ့ ခေါင်းယမ်းကာ သူ့ရှေ့က ဆိုင်ကို လှမ်းကြည့်သည်။

“သင်ပေးတဲ့တန်ဖိုးအလျောက် ထိုက်သင့်တဲ့အရည်အသွေးကို ရမယ်။ ဒီစကားဟာ အင်မော်တယ်တွေအကြား ပြောနေကျ စကားပဲ”

လုချန်းဖျင်က ငြင်းပယ်လိုသော်လည်း ဟန်မူယဲ့ကား ရှေ့မှ လှမ်းသွားခဲ့ပြီး ဖြစ်သည်။

“စီနီယာအစ်မလု... စိတ်မပူပါနဲ့။ ကျုပ်တို့ ထွက်မလာခင်က အစ်ကိုဟွမ် ကျုပ်ကို ဝိညာဉ်ကျောက်တုံးတွေ အလုံအလောက် ပေးလိုက်တယ်”

“ဒီနေ့ ခင်ဗျားအတွက် ဓားကောင်းတစ်လက် ရွေးရမယ်”

ဟန်မူယဲ့၏ စကားကြောင့် လုချန်းဖျင်သည် သူမ၏ ခေါင်းကို အနည်းငယ် ယမ်းလိုက်သည်။

အစ်ကိုကျန်းရှုံးသည် ဓားထိန်းတစ်ဦးမျှသာဖြစ်သည်။ ဝိညာဉ်ကျောက်တုံး မည်မျှရှိနိုင်သနည်း။

ထိုဝိညာဉ်ကျောက်တုံးများဖြင့် သူမသည် မည်သည့်ဓားမျိုးဝယ်နိုင်သနည်း။

သို့မဟုတ်လျှင် ဂျူနီယာမောင်လေးဟန်က သူမ၏စကားတချို့ကြောင့် စိတ်မချမ်းသာဖြစ်ကာ ဓားထိန်းများအတွက် သိက္ခာထိန်းရန် ဓားကောင်းတစ်လက် ဝယ်ပေးလိုသည်များလား။

ဂျူနီယာမောင်လေးဟန်သည် အတွေ့အကြုံနည်းသေးဟန်ရသည်။

ကျင့်ကြံသူတစ်ဦးသည် အရာခပ်သိမ်း၌ သတိထားရန် လိုသည်။

ဟန်မူယဲ့သည် ခမ်းနားကာ ကျက်သရေရှိသော ဆိုင်တွင်းသို့ ဝင်ကာ အော်ဟစ်လိုက်၏။

“ခင်ဗျားတို့ရဲ့အကောင်းဆုံးဓားတွေကို ထုတ်ပြပါ”

“ဒီနေ့ စီနီယာအစ်မလုအတွက် ဓားကောင်းတစ်လက် ရွေးရမယ်”

All Chapters